← Chapters

လက်စားချေခြင်း

Vol. 53 Ch. 525

လက်စားချေခြင်း

Vol. 53 Ch. 525

ကျူးရှန်းယောင်သည် ပြတင်းပေါက်မှ အဝေးဆီသို့ ငေးမျှော်ကြည့်ရှုနေ၏။ ထိုစဥ် အပြင်ဘက်ဆီမှ တံခါးခေါက်သံ ပေါ်လာသည်။

ကျူးရှန်းယောင် ပြောလိုက်သည်။

"ဘယ်သူလဲ ဝင်ခဲ့ပါ"

အခန်းတံခါးကို တွန်းဖွင့်ပြီး ဆေးပုလင်းငယ်ကို ကိုင်လျက် စုချန်း ဝင်လာ၏။

"ဒါလေးကို ကျုပ် ပြန်လာပေးတာပါ"

ထို့နောက် သူက ဆေးပုလင်းကို စားပွဲပေါ်တွင် ဂရုတစိုက်နှင့် ချထားလိုက်ပြီး တဖြည်းဖြည်း နောက်ဆုတ်သွားလိုက်သည်။

"ရှင် ရပ်ထားစမ်း"

ကျူးရှန်းယောင်၏ အမိန့်သံကြောင့် စုချန်း၏ ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွား၏။

ကျူးရှန်းယောင်က စုချန်းကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

"ရှင် သွားလို့ရပြီလို့ ကျွန်မ ပြောသေးလို့လား"

ဘာပြောရမှန်း မသိသည့်ပုံစံနှင့် စုချန်း ခေါင်းကုတ်လိုက်သည်။

ကျူးရှန်းယောင်က စုချန်းအား စူးစိုက်ကြည့်ရင်း ပြောလိုက်ပြန်သည်။

"အရင်တုန်းကဆိုရင် ရှင် ဒီကိုလာတိုင်း အခန်းထဲမှာ ကြာနေသမျှ ကြာအောင်နေဖို့ ကြိုးစားလေ့ရှိတယ် ဒီရက်ပိုင်းကျမှ ရှင် တမျိုးပြောင်းသွားတယ် ကျွန်မနဲ့ ခပ်ခွာခွာနေဖို့ ကြိုးစားလာတာ တွေ့ရတယ် ရှင် ပြောင်းလဲဖို့ကြိုးစားနေတယ်ဆိုတာ ဒါလား ကျွန်မကို ဒီလိုပုံစံနဲ့ သက်သေပြဖို့ ကြိုးစားနေတာလား"

စုချန်းက ပြန်ဖြေလိုက်၏။

"ဟုတ်တယ် ကျုပ် သက်သေပြဖို့ ကြိုးစားနေတာ အရင်တုန်းက ကျုပ်ရဲ့ပုံစံကို မင်း သဘောမကျမှန်း ကျုပ် သိတယ်လေ နောက်တော့ ကျုပ် တွေးမိတာ မင်း သဘောကျတဲ့ပုံစံဟာ သူရဲကောင်းဆန်တဲ့လူမျိုး ကောင်းကင်ဘုံကို လက်တဖက်တည်းနဲ့ ဖမ်းဆုပ်ထားနိုင်တဲ့လူမျိုး ကျုပ်ပုံစံနဲ့ဆိုရင် ဒါကြီးက အလှမ်းဝေးသေးတယ် မင်းရဲ့ ချစ်ခြင်းမေတ္တာကို ကျုပ်ရချင်ရင် ကျုပ်အနေနဲ့လဲ တစုံတခုကို အောင်မြင်အောင်လုပ်ပြမှရမယ်ဆိုတာ ကျုပ် သဘောပေါက်လာတယ် ဒါ ကျုပ် ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ပုံစံပဲ"

ကျူးရှန်းယောင်က စုရှန်းအား အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။

"ရှင် ပြောတာလဲ မှန်ပါတယ် ဒါပေမဲ့ ရှင့်ရဲ့အပြောင်းအလဲက မြန်လွန်းတော့ ကျွန်မ အသားမကျဘူး ဖြစ်နေတယ် ပြီးတော့ ရှင် ပြောင်းလဲလာတဲ့ပုံစံ...အဲဒီပုံစံက တမျိုးကြီးပဲ ကျွန်မ ဒါကို ရင်းနှီးသလို ဖြစ်နေတယ်"

ရင်းနှီးတယ် ဟုတ်လား...

စုချန်းနဲ့ပတ်သက်တဲ့ မင်းရဲ့မှတ်ညဏ်တွေက ပယ်ဖျက်ခံလိုက်ရပြီလေကွာ...ရင်းနှီးတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...

စုချန်း နားမလည်နိုင်ပဲ ဖြစ်နေ၏။

တကယ်တော့ အမှတ်တရများဟူသည်မှာ ရှင်းပြရခက်လှသောအရာ ဖြစ်သည်။ စုချန်းတွင် လူတယောက်၏ မှတ်ညဏ်ကို ပယ်ဖျက်ပစ်နိုင်သည့် နည်းလမ်း ရှိနေသော်လည်း ထိုနည်းလမ်းရှိရုံနှင့် လူ့မှတ်ညဏ်ကို အပြည့်အဝ နားလည်ထားပြီဟု မဆိုနိုင်ပေ။ ဥပမာ သင်သည် လူတယောက်၏ ဦးခေါင်းကို ပြင်းထန်စွာ ရိုက်ချလိုက်ခြင်းဖြင့် ၎င်း၏ မှတ်ညဏ် ပျောက်ဆုံးသွားအောင် ဆောင်ရွက်နိုင်ပေသည်။ သို့သော် ထိုသို့ လုပ်တတ်ရုံနှင့် လူတယောက်၏ မှတ်ညဏ်နောက်ကွယ်မှ စနစ်များ မည်သို့မည်ပုံ အလုပ်လုပ်နေသည်ကို နားလည်ပြီဟု ပြော၍မရပေ။

ထို့ကြောင့် ကျူးရှန်းယောင်၏ စကားကို ကြားလိုက်သောအခါ စုချန်း ထိတ်လန့်သွား၏။ သို့သော် သူက အမူအရာ မပျက်စေပဲ ပြောလိုက်သည်။

"ကျုပ် အပြောင်းအလဲက မြန်လွန်းတယ်မဟုတ်ပါဘူး ကျုပ်က မင်းနဲ့ ခပ်ဝေးဝေးမှာ နေဖို့ကြိုးစားနေတာကိုသာ မင်း အသားမကျပဲ ဖြစ်နေတာပါကွာ"

"ရှင် ကျွန်မနဲ့ ဝေးဝေးနေဖို့ ကြိုးစားတယ်သာပြော​နေတာ အန္တရာယ်ကြုံလို့ လာကယ်တာကလဲ ရှင်ပဲ ဖြစ်နေပါလား"

"ကျုပ်ဟာ ကျုပ်ကိုကျုပ် သန်မာအောင် လုပ်နေတယ် ဒါကလဲ မင်းနဲ့ နီးဖို့ပဲလေ ပြီးတော့ မင်းအပေါ် ကျုပ်ရဲ့ ခံစားချက်ကလဲ ဘယ်တုန်းကမှ ပြောင်းမသွားခဲ့ဘူး ဒီတော့ မင်းကို ကျုပ်ကယ်တာ ဘာဆန်းသလဲ"

သူ၏ အကြောင်းပြချက်မှာ ပိရိသေသပ်လွန်းသဖြင့် စုချန်းတယောက် ကိုယ့်ကိုယ်ကိုပင် နဝေတိမ်တောင် ဖြစ်သွား၏။

ကျူးရှန်းယောင် ရယ်မောလိုက်သည်။

"ရှင် တကယ်တိုးတက်လာတယ် စကားပြောတာကိုက အရင်ကနဲ့ မတူတော့ဘူး"

"မင်းက ဒီလိုချီးကျူးတော့ ကျုပ် ဝမ်းသာရမှာပေါ့ကွာ ကျုပ်ရဲ့ ကြိုးစားမှုတွေ အရာထင်လာတဲ့သဘောပေါ့"

စုချန်းက ပြုံးရင်း ပြောလိုက်၏။

"ဒါပေါ့ရှင် အရာထင်လာတာပေါ့"

ကျူးရှန်းယောင် ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ဒါပေမဲ့ ကျုပ်အပေါ် မင်း သဘောထားပြောင်းလာဖို့ ဒီလောက်နဲ့ မလုံလောက်သေးဘူးမလား"

စုချန်းက ရည်ရွယ်ချက်ရှိရှိနှင့် မေးလိုက်၏။

ကျူးရှန်းယောင် ခေါင်းခါပြလိုက်သည်။ စိတ်ပျက်သွားသော အမူအရာနှင့် စုချန်း သက်ပြင်းချလိုက်၏။

"ဒါဆိုလဲ ကျုပ် သွားလိုက်အုံးမယ်"

ကျူးရှန်းယောင် နှစ်သိမ့်လိုက်၏။

"ရှင့်အပေါ် ကျွန်မ မချစ်နိုင်ပေမဲ့ ရှင်ဟာ မိတ်ဆွေကောင်း ကျွန်မ ယုံကြည်ရတဲ့သူပါပဲ နောင်မှာ ရှင် ဘာပဲလိုလို ကျွန်မကို ပြောပါ"

ယူထျန်းယန်အစစ်သာ ထိုစကားကို ကြားရပါက ထခုန်မိသည်အထိ ဝမ်းသာသွားဖွယ်ရာ ရှိနေ၏။

စုချန်းလည်း ယူထျန်းယန်အစစ်ကဲ့သို့ ဟန်ဆောင်ကာ စိတ်လှုပ်ရှားဟန် ပြလိုက်သည်။ အတန်ကြာသော် သူက တစုံတခု စဥ်းစားဟန်ပြုပြီး မေးလိုက်ပြန်၏။

"ကျုပ်တို့က တယောက်ကိုတယောက် ယုံကြည်ရတဲ့ သူငယ်ချင်းတွေ ဖြစ်ကုန်ပြီဆိုတော့ ကျုပ်မှာ မင်းကို မေးချင်တာ တခုရှိတယ် မေးသင့်မမေးသင့်မှန်း ကျုပ် ဝေခွဲမရဖြစ်နေလို့"

"ရှင် မေးချင်တာ မေးပါလေ ကျွန်မ ဖြေနိုင်တာဆိုရင် ဖြေပါ့မယ်"

"မင်း ဘာကြောင့် ကက်ပီးယပ်စ်ရတနာတွေကို ဒီလောက်ထိ စိတ်ဝင်စားနေတာလဲ ငွေကြောင့်သက်သက်ပဲလား"

"ငွေကြေးကြောင့် ဟုတ်လား"

ကျူးရှန်းယောင်၏ မျက်နှာပေါ်တွင် မနှစ်မြို့ဟန် ပေါ်လာ၏။

"ကက်ပီးယပ်စ် ဘာတွေထားခဲ့မှန်း ဘယ်သူမှ မသိဘူး ဘယ်လောက်တန်ကြေးရှိမှန်းလဲ ဘယ်သူမှ မပြောနိုင်ဘူး စီးပွားရေးတွက် တွက်မယ်ဆိုရင် အကျိုးအမြတ် မရေရာတဲ့ အလုပ်မျိုးအတွက် လိုအပ်တာထက် အားထည့်ပြီး ဆောင်ရွက်တာမျိုးဟာ ရူးမိုက်တာသက်သက်ပဲရှင့်"

"ကျုပ်လဲ အဲဒီအတိုင်း တွေးမ်ိတာပဲ"

ငွေကြေးကြောင့်သာဆိုပါက ကျူးရှန်းယောင်အနေနှင့် ဤမျှ အားထည့်ရန်မလိုချေ။

ကျူးရှန်းယောင် သက်ပြင်းချလိုက်သည်။

"ကျွန်မ ဒီကိစ္စမှာ ဒီလောက်အထိ အရဲစွန့်တယ်ဆိုတာ ကက်ပီးယပ်စ်ကြောင့်ပဲရှင့် ဒီပုဂ္ဂိုလ်ဟာ ဝိညာဥ်မျိုးစိတ်ဝင်တွေရဲ့ ခေါင်းဆောင်ဖြစ်သလို စိတ်ဝိညာဥ်အမျိုးအစားနည်းစနစ်တွေမှာလဲ တဖက်ကမ်းခတ်နေသူပဲ ဒါကြောင့် သူ ချန်ထားရစ်တဲ့ ပစ္စည်းတွေဟာ မုချ စိတ်ဝိညာဥ်ဆိုင်ရာနည်းပညာရပ်တွေနဲ့ သက်ဆိုင်နေရမယ်လို့ ကျွန်မ ယူဆထားတယ်"

"ယောင်ယောင် ဒီတော့ မင်းက စိတ်ဝိညာဥ်ဆိုင်ရာ မူလစွမ်းရည်တွေ ပိုပြီး လိုချင်နေတဲ့ သဘောပေါ့ ဘာလဲ ဒါက မင်းရဲ့သွေးဗီဇကို ပိုပြီး သန်မာလာစေမှာမို့လို့လား"

ကျူးရှန်းယောင် ခေါင်းခါလိုက်သည်။

"ကက်ပီးယပ်စ်ချန်ထားတဲ့ ပစ္စည်းတွေဟာ ကျွန်မရဲ့ သွေးဗီဇကို သန်မာလာအောင် ကူညီပေးကောင်းပေးနိုင်မှာပါ တထစ်ချတော့ မပြောနိုင်ဘူးပေါ့လေ ဒါပေမဲ့ ဒါက ကျွန်မရဲ့ အဓိက ရည်ရွယ်ချက် မဟုတ်ဘူး ကျွန်မရဲ့ အဓိက ရည်ရွယ်ချက်က ပျောက်ဆုံးသွားတဲ့ မှတ်ညဏ်တွေကို ပြန်ရှာပေးနိုင်မဲ့ နည်းစနစ် တခုတလေလောက် ရနိုင်ဖို့ပဲ"

စုချန်း ရင်တုန်သွား၏။

ကျူးရှန်းယောင်၏ မျက်လုံးအစုံမှာ အရောင်တောက်လာသည်။

"ဦးလေးဆယ့်တစ် ကျူးချန်း နောက် တခြားလူတွေ ...သူတို့အကုန်လုံး သေကုန်ကြတယ် ဒါ ကျွန်မဘဝမှာ အခါးသီးဆုံး ရှုံးနိမ့်မှုပဲ ပိုဆိုးတာက ဘယ်လိုရှုံးနိမ့်ခဲ့ရမှန်း ကျွန်မ မသိရတာပဲ ဘာတခုမှ ကျွန်မ မမှတ်မိဘူးလေ စုချန်းဟာ ကျွန်မတို့ ကျူးမျိုးနွယ်စုရဲ့ လျှို့ဝှက်နည်းစနစ်တခုကို သုံးပြီး ကျွန်မ မှတ်ညဏ်တွေကို ဖျက်ပစ်လိုက်တယ်"

ဤအတိုင်းဆိုလျင် သူမ၏ မှတ်ညဏ်များကို ဖျက်ဆီးပစ်သူမှာ စုချန်းမှန်း ကျူးရှန်းယောင် သိနေကြောင်း ထင်ရှားနေ၏။ ဘာတွေဖြစ်ခဲ့မှန်းတော့ သူမ သိသေးပုံမရ။

"ကျူးမျိုးနွယ် လျှို့ဝှက်နည်းစနစ် ဟုတ်လား"

စုချန်းက ထိတ်လန့်သွားဟန်ဆောင်လိုက်သည်။

"ဟုတ်တယ် ကျွန်မ မှတ်ညဏ်တွေ ပျောက်ဆုံးကုန်တာ ဒဏ်ရာကြောင့်မဟုတ်ဘူး ကျွန်မတို့ မျိုးနွယ်စုရဲ့ နည်းစနစ်တခုကြောင့်ပဲ"

ကျူးရှန်းယောင် ဒေါသတကြီးနှင့် ပြောလိုက်သည်။

"ဒါကို ကျွန်မ ဘယ်သူ့ကိုမှ မပြောရသေးဘူး"

"ဘာကြောင့် မပြောတာလဲ"

မေးလိုက်ပြီးမှ သူ့မေးခွန်းမှာ ဘယ်လောက်ထိ ရူးမိုက်ရာကျနေမှန်း စုချန်း နားလည်သွား၏။

ကျူးရှန်းယောင်က ပြန်ဖြေလိုက်သည်။

"ဒီအကြောင်း တယောက်ယောက်ကို ပြောမိခဲ့ရင် ကျွန်မဟာ ရန်သူ့လက်ထဲ ကျရောက်သွားပြီး ရန်သူနဲ့ ပူးပေါင်းခဲ့တယ်လို့ ဝန်ခံလိုက်ရကျသွားမှာပေါ့ရှင် ပြီးတော့ ကျွန်မဟာ မျိုးနွယ်စုရဲ့ လျို့ဝှက်နည်းစနစ်ကို ရန်သူ့လက်ထဲ ထည့်ပေးမိတာကို ဖော်ပြရာရောက်သွားမယ် ရှင်သန်ခြင်းကျောင်းတော်နဲ့ ကျွန်မတို့ မျိုးနွယ်စုအကြား တိုက်ပွဲတွေဟာလဲ ကျွန်မကြောင့် ဖြစ်လာရတယ်ဆိုတာကို....."

ကျူးရှန်းယောင်က ထိုနေရာအရောက်တွင် စကားကိုဖြတ်ပြီး စုချန်းအား လှည့်မေးလိုက်သည်။

"ဒါ ဘာကိုဆိုလိုတာလဲဆိုတာ ရှင်သဘောပေါက်တယ်မလား"

"ကျုပ် သဘောပေါက်ပါတယ် အမှားကြီးကျူးလွန်မိတဲ့အတွက် ခင်ဗျား ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ် မျိုးနွယ်စုရဲ့ အမွေဆက်ခံသူအဖြစ်ကတောင် ရုတ်သိမ်းခြင်း ခံသွားရနိင်တယ်"

စုချန်း စိတ်မသက်မသာ ဖြစ်နေသော လေသံနှင့် ပြောလိုက်သည်။

တကယ်တော့ ကျူးရှန်းယောင် ထိုအနေအထားမျိုးနှင့် ရင်ဆိုင်ရမည်ကို စုချန်း ရှေးယခင်ကတည်းက ကြိုတင်တွေးထားပြီးသားပင်။

ကျူးရှန်းယောင်၏ မျက်လုံးအစုံတွင် မျက်ရည်များ ရစ်ဝဲလာ၏။

"ဟုတ်တယ် အဲဒီအတိုင်းပဲ"

"ဒါဆိုရင်လဲ ဒီမှတ်ညဏ်တွေကို ဘာကြောင့် ပြန်ရှာနေအုံးမလဲ အဖြေကို မင်း တွေးထားပြီးသားပဲလေ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကြိုတွေးထားပြီးမှတော့ ဒါကို စုံစမ်းနေလို့ ဘာများ အကျိုးထူးနေတော့မှာတုန်း"

စုချန်းက သွေးတိုးစမ်းလိုက်၏။

တကယ်တွင်လည်း အမှန်တရားသည် ကျူးရှန်းယောင် ကြိုတွေးထားသည်နှင့် အထူးတလည် ကွဲပြားနေခြင်းမရှိ။

သို့သော် ကျူးရှန်းယောင်က အက်ကွဲသော လေသံနှင့် ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ဒီကိစ္စကို ဆက်ပြီး စုံစမ်းရမှာပဲ ဒါဟာ ကျွန်မ ဘဝတသက်တာမှာ အကြီးအကျယ် အရှက်ကွဲခဲ့ရတာ ကျွန်မအနေနဲ့ မှတ်ညဏ်တွေ ပြန်ရမှကို ဖြစ်လိမ့်မယ် ဒီမှတ်ညဏ်တွေ ပြန်ရမှ သူ ကျွန်မကို ဘာလုပ်ခဲ့သလဲ သူ့မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေသလဲ သူ့ရဲ့ အားနည်းချက်တွေက ဘာတွေလဲ သူ့ ဘာတွေ စီစဥ်ထားသလဲ ဒါတွေကို သိနိုင်မယ်...ဒါတွေကို သိမှ ကျွန်မ သူ့ကို လက်စားပြန်ချေနိုင်မယ်"

***

All Chapters