← Chapters

ဒေါသ

Vol. 53 Ch. 526

ဒေါသ

Vol. 53 Ch. 526

တကယ်တော့ ကျူးရှန်းယောင်၏ အတွေးက မှန်ကန်သည်ဟု ဆိုရပေလိမ့်မည်။

အကြောင်းမှာ တချိန်ကျလျင် သူမ၏ မှတ်ညဏ်များအား ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားသောကြောင့် စုချန်းသည် ကျူးရှန်းယောင်အား ဖမ်းဆီးထားခဲ့စဥ်က အစစအရာရာ ပွင့်ပွင့်လင်းလင်းသာ ဆက်ဆံခဲ့၏။ မည်သည့် လျှို့ဝှက်ချက်မှ မထားခဲ့။

ထို့ကြောင့် သူ့အိမ်ယာ၊ သူချစ်ခင်ရသူများ၊ သူ့စိတ်ကူးစိတ်သန်းများ၊ အိပ်မက်များ၊ အနာဂတ်အစီအစဥ်များ...စသည် စသည်တို့အားလုံးကို ကျူးရှန်းယောင် မြင်တွေ့ခွင့်ရခဲ့၏။

တမင်တကာ လိုက်ပြထားသည်မျိုး မဟုတ်သော်လည်း တကူးတကလည်း ဖုံးကွယ်ထားခြင်းမရှိခဲ့လေရာ ကျူးရှန်းယောင်တယောက် စုချန်း၏ ကိုယ်ရေးကိုယ်တာများအား အတော်လေး အတွင်းကျကျ သိမြင်နိုင်ခဲ့သည်မှာ သိပ်တော့မဆန်း။

ထို့ကြောင့် မှတ်ညဏ်သာ ပြန်ရသွားပါက လက်ရှိ ကျူးရှန်းယောင်၏ ပုံစံ၊ စိတ်နေစိတ်ထားအရ သူမသည် စုချန်းအတွက် ခြိမ်းခြောက်မှုတရပ် ဖြစ်လာမည်မှာ သေချာနေ၏။

စုချန်းအား လက်တုံ့ပြန်နိုင်ရန် ရည်ရွယ်ချက်နှင့် မှတ်ညဏ်ပြန်ရနိုင်မည့်နည်းလမ်းအား ကျူးရှန်းယောင် ရှာဖွေနေခဲ့သည်မှာ ဆယ်နှစ်ပင် ရှိသွားလေပြီ။ သို့သော် သူမ ကံမကောင်းသေး။ ထိရောက်သည့်နည်းလမ်းတစုံတရာကိုမှ ယခုထိ သူမ ရှာမတွေ့နိုင်ပဲ ဖြစ်နေ၏။

ယခုလည်း ကက်ပီးယပ်စ်၏ ရတနာများအကြောင်း ကြားလိုက်သည်နှင့် နောက်ထပ် မျှော်လင့်ချက်တခုအဖြစ် သဘောထားကာ အနောက်လိုင်နာရဲတိုက်သို့ သူမ ရောက်လာခြင်းပင်။

ယခုတော့ ကျူးရှန်းယောင်၏ အစီအစဥ်နှင့် စိတ်ကူးစိတ်သန်းအားလုံးကို စုချန်း နားလည်သွားခဲ့ပေပြီ။

ထိုအခါ သူက ပြောလိုက်၏။

"လက်စသတ်တော့ အဲဒီလိုကိုး ကောင်းပြီလေ ဒါပေမဲ့ ဒီကိစ္စကြီးတခုလုံးကကော စုချန်းရဲ့ အစီအစဥ် မဟုတ်မှန်း မင်း ဘယ်လိုလုပ် သိနိုင်မလဲ"

တဆက်တည်းမှာပင် သူက ဒေါသထွက်လာဟန် ပုံစံဖမ်းကာ ဒေါနှင့်မောနှင့် ပြောလိုက်သည်။

"ယောင်ယောင် မင်း ဘာမှ စိတ်မပူနဲ့ ကျုပ် မင်းကို အတတ်နိုင်ဆုံး ကူညီမယ် ဒီကောင့်ကို တစစီဖြစ်အောင် ဆုတ်ဖြဲပစ်မယ်"

ကိုယ့်ကိုယ်ကို ပြန်လည်ကျိန်ဆဲနေရသည့် အဖြစ်ပေတကား။ စုချန်း တခါမှ မကြုံဖူးသေးသည့် အတွေ့အကြုံမျိုးပင်။

ကျူးရှန်းယောင်က ပြောလိုက်ပြန်သည်။

"ထျန်းယန် ကျွန်မ ရှင့်ကို အကုန်လုံး ပြောပြလိုက်ပြီ ဒါ ဘာအဓိပ္ပာယ်လဲဆိုတာ သိတယ်မလား"

စုချန်း ခေါင်းညိတ်လိုက်သည်။

"ယောင်ယောင်က ကျုပ်ကို ယုံကြည်တယ်ဆိုတဲ့သဘောပေါ့"

ကျူးရှန်းယောင် မသိမသာ ပြုံးလိုက်သည်။

"ရှင် ဒီလို နားလည်ထားတော့ ကောင်းတာပေါ့ရှင် ကျွန်မတို့ရဲ့ ခုရည်ရွယ်ချက်က ကက်ပီးယပ်စ်ရဲ့ ရတနာတွေကို ရှာတွေ့ဖို့နဲ့ ကျွန်မရဲ့ မှတ်ညဏ်တွေ ပြန်ရဖို့ပဲ ခု ဒီတာဝန်က ရှင့်အပေါ် အများကြီး မူတည်သွားပြီ"

"ဟုတ်တာပေါ့ဗျာ"

"ဒါဆိုရင် ရှင် သွားနိုင်ပါပြီရှင်"

စုချန်းလည်း အခန်းထဲမှ ထွက်လာခဲ့လေသည်။

ကျူးရှန်းယောင်သည် စုချန်း၏ နောက်ကျောကို ငေးကြည့်ရင်း ကျန်နေခဲ့၏။ သူမ ဘာတွေ တွေးနေမှန်းကိုတော့ သူမ ကိုယ်တိုင်သာ သိပေလိမ့်မည်။

________×××________×××_________

အခန်းထဲသို့ ပြန်ရောက်သည်နှင့် စုချန်း၏ အမူအရာမှာ ပြန်လည်တည်ငြိမ်လာ၏။

ထို့နောက် သူက ဆက်သွယ်ရေးကိရိယာကို ဖွင့်ပြီး ချီမင်းဖန်အား ခေါ်လိုက်သည်။

"မိုးသခင်ကြီးချီ"

"ကျုပ် ရှိတယ်"

"ကျူးရှန်းယောင်ကတော့ ကျုပ်ကို စပြီး သံသယဝင်နေပြီဗျ"

"ဘယ်လိုဖြစ်တာလဲ"

ချီမင်းဖန်၏ အသံမှာ သိသိသာသာပင် ကျယ်လောင်လာ၏။

"တစုံတယောက်က ကျူးရှန်းယောင်ကို လုပ်ကြံဖို့ ကြိုးစားတယ်ဗျ"

ထို့နောက် စုချန်းသည် လတ်တလော ဖြစ်ပျက်ခဲ့သည်များကို ချီမင်းဖန်အား အကြမ်းဖျင်း ရှင်းပြလိုက်၏။ သို့သော် ကျူးရှန်းယောင် မှတ်ညဏ်ပြန်လည်ရရှိရန် ကြိုးစားနေသည့်အကြောင်းကိုတော့ စုချန်းက ချန်လှပ်ထားလိုက်၏။ အနောက်လိုင်နာရဲတိုက်သို့ ကျူးမျိုးနွယ်စုများ ရောက်လာရခြင်းမှာ သူ့ကြောင့်ပင် ဖြစ်နေကြောင်းကို ရှင်သန်ခြင်းကျောင်းတော်အား စုချန်းက မသိစေချင်သေးပေ။

မည်သို့ပင်ဖြစ်စေ ကျူးရှန်းယောက်တယောက် သူ့အား သံသယဝင်နေကြောင်းကိုတော့ စုချန်း ကောင်းကောင်းကြီး သိနေ၏။ ကျူးရှန်းယောင်အနေနှင့် မည်မျှပင် ရိုးသားယောင်ဆောင်ထားစေကာမူ တခုခု မှားယွင်းနေ​သည်ကို စုချန်း ခံစားနေရ၏။

စုချန်းတယောက် ကျူးရှန်းယောင်အား ကယ်ဆယ်လိုက်ကြောင်း ကြားလိုက်သည့်အခါ ချီမင်းဖန် ထအော်လိုက်၏။

"ဘာလို့ကယ်လိုက်တာတုန်း မင်း ဦးနှောက်များ ချောင်နေပြီလား"

ချီမင်းဖန် စိတ်တိုမည်ဆိုပါကလည်း တိုစရာပင်။ ကျူးရှန်းယောင်သာ သေသွားပါက ကိစ္စကြီးတခုလုံးကို ကိုယ်တွယ်ရန် ပို၍ လွယ်ကူသွားမည် မဟုတ်ပါလား။

ယခုတော့ စုချန်းက ကျူးရှန်းယောင်၏ အသက်ကိုပါ ကယ်ပေးလိုက်သေး၏။ ၎င်းကြောင့်ပင် သူမက သူ့အား သံသယဝင်သွားခဲ့ပေပြီ။ ထိုအချက်က သူတို့လူစုအတွက် နစ်နာလှပေသည် မဟုတ်ပါလား။

ထိုအခါ စုချန်းက ပြန်ရှင်းပြလိုက်သည်။

"ခင်ဗျား နားမလည်သေးပါဘူး ခု အနောက်လိုင်နာရဲတိုက်ထဲမှာ ဖြစ်နေတဲ့ ကိစ္စက ကျုပ်တို့ ထင်ထားတာထက် ရှုပ်ထွေးနေတယ် ကျုပ် တချိန်လုံး သူတို့နဲ့ နေပြီး ရဲတိုက်အနှံ့ ရှာဖွေတာတောင် ကက်ပီးယပ်စ် ရတနာရဲ့ ပတ်သက်လို့ ဘာသဲလွန်စမှ မတွေ့ရသေးဘူး"

"ဒါကတော့ သူတို့ လုံလုံလောက်လောက် မပြင်ဆင်လာလို့ ဖြစ်မှာပေါ့ကွာ"

"မဟုတ်သေးဘူးဗျ ခင်ဗျားမှာ ဝိညာဥ်တည်ငြိမ်ခြင်းဆေးရှိရင်တောင် ဘာမှထူးလာမယ်မထင်ဘူး ဒါကို ကျုပ် စမ်းကြည့်ပြီးပြီ ဘာဝိညာဥ်တုံ့ပြန်မှုမျိုးမှ ကျုပ် မတွေ့ရဘူး ဆေးဝါးတချို့ ပြင်ဆင်လာတာနဲ့ အရာအားလုံးကို ဖြေရှင်းနိုင်မယ်ထင်နေရင် ခင်ဗျား မှားသွားလိမ့်မယ် ကျုပ်တို့ အခု လုပ်နိုင်တာဆိုလို့ စိတ်ဝိညာဥ်စွမ်းအား တိုးပွားလာစေတဲ့ ကိရိယာမျိုး ယူပြီး ကျူးပိုင်ယု ပြန်အလာကို စောင့်နေဖို့ပဲ စိတ်ဝိညာဥ်စွမ်းအင်နဲ့သာ ကက်ပီးယပ်စ်ရဲ့ ရတနာတွေကို ရှာဖွေနိုင်လိမ့်မယ်လို့ ကျုပ် ယူဆထားတယ် ဒီမတိုင်ခင်မှာတော့ ကျူးရှန်းယောင်ကို ဘယ်နည်းနဲ့မှ အသေမခံနိုင်သေးဘူး"

"မင်းက သူ့ကို ကယ်ချင်လို့ အကြောင်းပြချက် ရှာနေတာပါကွာ"

ချီမင်းဖန်က ခနဲ့လိုက်သည်။

စုချန်း စဥ်းစားလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။

"ကျုပ် နည်းနည်းတော့ တကိုယ်ကောင်းဆန်သွားတယ်လို့ ပြောလို့ရတယ် ကျုပ် အရင်တုန်းက ကျူးရှန်းယောင်ကို ဒုက္ခပေးဖူးတယ် ဒါကြောင့် ခုလိုအနေအထားမှာ ဒီအကြွေးကို ပြန်ဆပ်တဲ့အနေနဲ့ သူ့အသက်ကို ပြန်ကယ်လိုက်တာပဲ ဒါပေမဲ့ အစ်ကိုကြီးချီ ခင်ဗျားသိထားဖို့က ကျုပ် ဘာလုပ်နေတယ်ဆိုတာ ကျုပ်ကောင်းကောင်းသိတယ်ဆိုတာပဲ ကျုပ် ပြောတာကို ယုံစမ်းပါ ကျူးရှန်းယောင် အသက်ရှင်နေတာဟာ သေသွားတာထက် ကျုပ်တို့အတွက် အများကြီး ပိုကောင်းတယ်ဗျ"

"ဒါပေမဲ့ သူက မင်းကို သံသယဝင်နေပြီလေ"

"ဒါက ပါးပါးလေးပါဗျာ"

"တော်ပြီ စုချန်း ကျုပ်နဲ့ မကစားစမ်းပါနဲ့ကွာ မင်းလဲ လိမ်တဲ့ညာတဲ့နေရာမှာ ဆရာတဆူပဲ သံသယမှာ ပါးတယ် ထူတယ် မရှိဘူးဆိုတာ မင်း ကောင်းကောင်းသိပါတယ်"

ချီမင်းဖန်၏ စကားမှာ မှန်ကန်လှ၏။ သံသယဟူသည်မှာ အလွန်လျင်မြန်စွာ ကြီးထွားလာတတ်သော အရာ ဖြစ်သည်။ သင်သည် တစုံတယောက်ကို ယုံကြည်နေပါက ထိုလူ လုပ်သမျှ အကောင်းထင်နေမည် ဖြစ်သည်။ သို့သော် ထိုလူအပေါ် စတင် သံသယဝင်မိပါက သင်သည် ထိုလူ လုပ်သမျှ သံသယမျက်လုံးနှင့်သာ ကြည့်မိနေပေတော့မည်။

ကျူးရှန်းယောင်သည် စုချန်းကို သံသယဝင်ရန် ဆယ်ရက်မျှ အချိန်ယူခဲ့ရ၏။ ထိုသံသယကို အတည်ပြုရန်တော့ နှစ်ရက်ခန့်သာ အချိန်ယူရမည် ဖြစ်သည်။

"ဒါကို ကိုင်တွယ်နိုင်မဲ့ နည်းလမ်းတခုခု ကျုပ် စဥ်းစားလိုက်ပါအုံးမယ်"

"ကောင်းရောကွာ မင်း လုပ်ချင်တာသာ လုပ်ပေတော့"

ချီမင်းဖန် ဒေါသတကြီးနှင့် ပြောလိုက်၏။

ဆက်သွယ်မှု ပြတ်တောက်သွားသည်နှင့် ခေါင်းတခုလုံး ကိုက်ခဲလာသလို ချီမင်းဖန် ခံစားလိုက်ရ၏။

မည်မျှကြာအောင် အတွေးနယ်ချဲ့မိနေသည်မသိ၊ ကောင်းချန်း၏ စကားသံ ထွက်ပေါ်လာမှ ချီမင်းဖန် အသိပြန်ဝင်လာ၏။

"တွေ့လား ဒီကောင်လုပ်တာ အကုန်လုံး ဒုက္ခများကုန်တော့မယ်"

ကောင်းချန်း၏ လေသံမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေဟန် ပေါ်နေသည်။

"မင်းပါးစပ်ကို ပိတ်ထားစမ်း"

ချီမင်းဖန် ဒေါသတကြီးနှင့် ငေါက်လိုက်သည်။

"မင်းဟာ ဘယ်နေရာမှာမှ အကူအညီမဖြစ်တဲ့ ဘေးထိုင်ဘုပြောပဲ စုချန်းကမှ လာရင်းကိစ္စ အောင်မြင်အောင် အတတ်နိုင်ဆုံး ကြိုးစားနေသေးတယ်ကွ"

"ကျုပ်က စိတ်အနှောင့်အယှက် ဖြစ်စရာလို့ ခင်ဗျား ဆိုလိုတာလား"

ကောင်းချန်း ဒေါသထွက်လာ၏။

ထိုအချိန်မှာပင် ချီမင်းဖန်က ကောင်းချန်း၏ လည်မြိုကို ရုတ်တရက် ထညှစ်လိုက်၏။ ချီမင်းဖန်၏ သန်မာလှသော လက်ချောင်းများကြားတွင် ကောင်းချန်းတယောက် ယက်ကန်ယက်ကန် ဖြစ်နေရှာသည်။

ချီမင်းဖန်၏ နှုတ်ဖျားမှလည်း တင်းမာလှသော စကားသံများ ထွက်ပေါ်လာ၏။

"မင်းက အလကားကောင်ပဲဟာ ဘယ်နေရာမှာများ မင်း အသုံးကျတာ ရှိလို့လဲ မင်းယောက်ဖကြောင့် ကျုပ် မင်းကို သည်းခံပေးခဲ့တယ် ဒါ​နဲ့ပဲ မင်းကိုကျုပ် ကြောက်နေရမှာလား ဒီထက်ပိုလွန်လာရင်တော့ တကယ့်နာကျင်မှုဆိုတာ ဘယ်လိုမျိုးလဲ မင်း မြည်းကြည့်ရလိမ့်မယ်"

စကားဆုံးသည်နှင့် ချီမင်းဖန်က ကောင်းချန်အား နံရံဆီသို့ ကိုင်ပေါက်လိုက်လေသည်။

ပြင်းထန်သော တွန်းအားကြောင့် ကောင်းချန်းတကိုယ်လုံး အရုပ်တရုပ်ပမာ နံရံထဲသို့ မြုပ်ဝင်သွား၏။

_________×××________×××_________

နာရီဝက်ခန့်အကြာတွင် ဖြစ်သည်။

"သူ ကျုပ်ကို ဒီလို လုပ်ရဲတယ် တယ်လဲ သတ္တိကောင်းနေပါလားဗျ"

သူ့လည်ပင်းကို သူ ပွတ်သပ်ရင်း ကောင်းချန်း ဒေါသတကြီးနှင့် ပြောလိုက်သည်။

ချီမင်းဖန်၏ လက်ချက်နှင့် ကောင်းချန်း ခါးရိုးကျိုးသွား၏။ ဒဏ်ရာမှာ အတော်ပင် ပြင်းထန်လှ၍ မသေသည့်တိုင် ရက်အတော်ကြာ အနားယူရဖွယ် ရှိလေသည်။

ချိရှန်းယွမ်သည် စကားတခွန်းမှ မပြောပဲ ကောင်းချန်း၏ ဘေးနားတွင် ငြိမ်သက်စွာ မတ်တပ်ရပ်နေ၏။

"ခင်ဗျားတယောက်လုံး ဘေးမှာရှိနေတာတောင် သူ ဒီလိုလုပ်တာကို လက်ပိုက်ကြည့်နေရသလားဗျ"

ကောင်းချန်းက အပြစ်တင်လိုက်သည်။

"သူမှ မင်းကို တကယ် မသတ်ရဲတာပဲကွာ"

ပါးစပ်ကသာ ကောင်းချန်း စိတ်ကျေနပ်အောင် ပြောလိုက်သော်လည်း ချိရှန်းယွမ်၏ စိတ်ထဲတွင်တော့ တမျိုး တွေးနေ၏။

သူသည် အင်စလေအပေါ် သစ္စာခံထားသူသာ ဖြစ်သည်။

ကောင်းချန်းအပေါ် သစ္စာခံထားသူ မဟုတ်။

ပြသနာမှာ အင်စလေကား အိုမင်းလှပြီ ဖြစ်သည်။

သြဇာအာဏာကြီးမားလှသည့်တိုင် အင်စလေကား အိုမင်းလှပြီ။

လူတယောက်သည် အလွန်အိုမင်းလာပါက ၎င်း၏ စိတ်ကူးစိတ်သန်းတို့မှာလည်း ကချော်ကချွတ် ဖြစ်လာတတ်၏။ အဆုံးအဖြတ် မှားလာတတ်၏။

သာမာန်ကိစ္စများတွင် အဆုံးအဖြတ်မှားခြင်းသည် အထူးတလည် ပြသနာမဟုတ်။ ပြသနာမှာ အင်စလေက သူ့ယောက်ဖဖြစ်သူအား ပွဲထုတ်လာခြင်းပင်။ မိမိ၏ မိသားစုဝင်တဦးကို ကြီးလေးသော ရာထူးပေးအပ်ခြင်းမှာ သာမာန်အားဖြင့် ပြသနာမဟုတ်ဟု ထင်စရာ ရှိသော်လည်း ထိုရာထူးတာဝန်ကို ပေးအပ်ခံရသူက အရည်အချင်းမရှိသောအခါ ပြသနာဖြစ်လာနိုင်၏။

ယခုလည်း ဒီအတိုင်းပင်။ ကောင်းချန်းသည် ဦးနှောက်မရှိသလို အရည်အချင်းလည်း မရှိ။ စိန်နားကပ်အရောင်နှင့် ပါးပြောင်နေသူသာ ဖြစ်သည်။ သို့သော် ကောင်းချန်းက ကိုယ့်ကိုယ်ကို အလွန်တရာ အထင်ကြီးလွန်းနေ၏။

ချီမင်းဖန်၏ ပညာပေးမှုကြောင့် ကောင်းချန်းတယောက် သင်ခန်းစာ ရသွားကောင်းလောက်သည်ဟု ချိရှန်းယွမ် မျှော်လင့်ထားခဲ့၏။

သို့သော် သူ ထင်သလို ဖြစ်မလာခဲ့။

ကောင်းချန်းကား ပို၍ပင် ဒေါသထွက်လာ၏။

ထိုအချိန်မှာပင် အသံတသံ ထွက်ပေါ်လာသည်။

"ဖန်းစီဟွာ အမိန့်အတိုင်း ရောက်လာပါပြီခင်ဗျာ!

ကောင်းချန်း၏ မျက်လုံးအစုံ အရောင်တောက်သွား၏။

"နောက်ဆုံးတော့ မင်း ရောက်လာပြီကိုး"

***

All Chapters