သူငယ်ချင်းများ
Vol. 53 Ch. 527
စုချန်းသည် ချီမင်းဖန်နှင့် ဆက်သွယ်မှုကို ရပ်တန့်ပြီး သူ့ခေါင်းကိုသူ တဗြင်းဗြင်းနှင့် ကုတ်လိုက်၏။ သူ ခေါင်းကိုက်လာပြီ ဖြစ်သည်။
ထို့နောက် သူသည် ဖြစ်ရပ်တခုလုံးကို အနုလုံပဋိလုံ စဥ်းစားကြည့်ပြန်၏။
ထိုအခါ သူ လက်ရှိ ရင်ဆိုင်နေရသော ပြသနာများအနက် အကြီးမားဆုံး ပြသနာမှာ ဟေးစုပင် ဖြစ်ကြောင်း စုချန်း သတိထားမိလာ၏။
ဟေးစု၏ ဖြစ်တည်မှုသည် ကြီးမားသော ပြသနာနှစ်ရပ်ကို ယူဆောင်လာနိုင်၏။
ပထမဆုံးပြသနာမှာ ဟေးစု၏ မျက်နှာတထောင်သားရဲသွေးဗီဇပင် ဖြစ်သည်။ မျက်နှာတထောင်သားရဲသွေးဗီဇကြောင့် သူမ၏ ရန်သူများသည် ရုပ်ပြောင်းရုပ်လွှဲလုပ်နိုင်ကြောင်း ကျူးရှန်းယောင် သတိထားမ်ိသွား၏။ ၎င်းသည်ပင် စုချန်းအပေါ် သူမ သံသယပွားလာရခြင်း၏ အဓိကအကြောင်းရင်းလည်း ဖြစ်ပေသည်။
ဒုတိယပြသနာမှာ ဟေးစုသည် လက်ရှိတွင် အကျဥ်းသားဖြစ်နေပြီး အားအနည်းဆုံးသူလည်း ဖြစ်နေ၏။ စုချန်းက ၎င်းအား ကာကွယ်ပေးထား၍သာ ယခုအချိန်ထိ ဟေးစု အသက်ရှင်နေခြင်းပင်။ ယခုတွင် ကျူးရှန်းယောင်ဘက်မှ စတင်သံသယဝင်နေပြီဖြစ်၍ စုချန်းအနေနှင့် ၎င်း၏ အသက်ကို ရေရှည်ကာကွယ်ပေးထားနိုင်ရန် မလွယ်လှတော့။
ကံကောင်းသည်မှာ ကျူးရှန်းယောင်ဘက်တွင် ရုပ်ပြောင်းရုပ်လွှဲ လုပ်ထားသည်ကို မျက်မြင် ခွဲခြမ်းစိတ်ဖြာနိုင်သည့် နည်းစနစ်မျိုး မရှိသေးခြင်းပင်။
ထို့ကြောင့် ကျူးရှန်းယောင်ဘက်မှ လုပ်ဆောင်နိုင်သော တခုတည်းသောအရာမှာ စုချန်းအား ဖိအားပေးရန်၊ အတင်းအကျပ် စေခိုင်းရန်ပင် ဖြစ်သည်။
ထို့ကြောင့် ကျူးရှန်းယောင်သည် စုချန်းအား ယူထျန်းယန်တွင် မရှိသည့် တိုက်ခိုက်ရေးစွမ်းရည်မျိုးကို ဖော်ထုတ်ပြသမ်ိမည့် အခြေအနေမျိုး ပေါ်လာသည်အထိ တွန်းအားပေးကောင်းပေးမည်။ သို့တည်းမဟုတ် ဟန်ဆောင်ပန်ဆောင် မလုပ်နိုင်တော့လောက်အောင် အားအင်ကုန်ခန်းသွားသည်အထိ ခိုင်းစေမည်။ မည်သို့ပင်ဖြစ်စေ အဆိုပါ နည်းလမ်းနှစ်ရပ်လုံးသည် အတော်ပင် အသုံးတည့်မည့် နည်းလမ်းများပင်။
သို့သော် ထိုနည်းလမ်းနှစ်ရပ်ကို သူမ၏ သံသယ အတည်ပြုနိုင်သည်အထိ ကျူးရှန်းယောင် တသတ်မတ်တည်းသုံးစွဲသွားမည်ဟု ယူဆ၍မရ။
အကြောင်းမှာ သူမတွင် နောက်ထပ် ရွေးချယ်စရာတခု ရှိနေသေးသောကြောင့်ပင်။ ၎င်းမှာ စုချန်းနှင့် စကားစစ်ထိုးပြီး မှားကွက်ရှာဖွေရန်ပင် ဖြစ်သည်။
ထိုအကြောင်းကို တွေးမိသည်နှင့် စုချန်း၏ မျက်လုံးအစုံမှာ အရောင်များ ဝင်းလက်လာ၏။
ထိုအခိုက်မှာပင် အပြင်ဘက်ဆီမှ ခြေသံများ ထွက်ပေါ်လာ၏။ ထိုအခါ စုချန်းက အခန်းတံခါးကို တွန်းဖွင့်ပြီး အပြင်သို့ လှမ်းထွက်လိုက်ရာ သူ့ဆီသို့ ဦးတည်လာသော ကျောက်ကျင်းဝင်ကို မြင်တွေ့လိုက်ရသည်။
စုချန်းကို မြင်သည်နှင့် ကျောက်ကျင်းဝင်က ပြုံးပြပြီး တစုံတခု ပြောဆိုရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် စုချန်းက ၎င်းအား လက်ပြပြီး စကားစလိုက်၏။
"ကျင်းဝင် မင်းရောက်လာတာ အတော်ပဲ မင်းဆီမှာ မူလကျောက်တုံး နည်းနည်းပါးပါးများ မရှိဘူးလား ကျုပ်ကို ချေးထားစမ်းပါ"
"မူလကျောက်တုံး ချေးစမ်းပါ ဟုတ်လား ဘာလုပ်မလို့တုန်း"
ကျောက်ကျင်းဝင် အံ့သြသင့်သွား၏။
"လိုအပ်တဲ့ ပစ္စည်းတချို့ ဝယ်ရအောင်လို့ပေါ့ယောင်ယောင်က ကျုပ်ကို ရဲတိုက်ထဲမှာ မူလပုံစံတွေ တည်ဆောက်ခိုင်းထားတယ်လေ ဒါပေမဲ့ မင်းသိတဲ့အတိုင်း ကျုပ် ဘာမှ မလုပ်ရသေးဘူး လူသတ်သမားတွေ ရောက်လာတယ် ဒီကောင်တွေ အကုန်မသေသေးဘူး အပြင်မှာကျန်နေအုံးမယ် အခွင့်အရေးရတာနဲ့ ဒီကောင်တွေ ထပ်ပြီး ဝင်လာအုံးမှာပဲ ဒါကြောင့် မူလပုံစံတည်ဆောက်ရာမှာ လိုအပ်တဲ့ ပစ္စည်းတချို့ ထပ်ပြီးဝယ်ဖို့ လိုလာတာပေါ့"
"ဒါပေမဲ့ အပြင်မှာ လူသတ်သမားတွေ ရှိနေတယ်ဆိုတော့ မင်း အပြင်သွားတာ အန္တရာယ်မများဘူးလား"
"ဒီကောင်တွေ ဒီတခေါက် မရှုမလှ ရှုံးနိမ့်သွားတယ်လေကွာ ဒါကြောင့် ချက်ချင်း လှုပ်ရှားရဲအုံးမှာမဟုတ်ဘူး အချိန်ယူကြအုံးမှာပါ ပြီးတော့ ဒီကောင်တွေ ကျုပ်ကို ဘာကြောင့် ရန်ရှာမှာလဲ သူတို့ရဲ့ ပစ်မှတ်က ယောင်ယောင်လေ ကျုပ်အနေနဲ့လဲ ယောင်ယောင်အတွက် ဒီလောက်တော့ စွန့်စားရမှာပေါ့ ဒါမှ သူ ကျုပ်အပေါ် စိတ်ပြောင်းလာမယ် သဘောကျလာမယ် ဒါမှ ကျုပ်တို့ မြန်မြန်......"
"အိုး အဲဒီလိုလား"
ကျောက်ကျင်းဝင်လည်း ဘာမှမတတ်နိုင်တော့ပဲ မူလကျောက်တုံးတချို့ကို စုချန်း လက်ထဲသို့ ထည့်ပေးလိုက်၏။
စုချန်းလည်း မူလကျောက်တုံးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ကျောက်ကျင်းဝင်၏ ရှေ့မှ သုတ်ခြေတင်လိုက်၏။ ထိုအခါကျမှ သခင်မလေး တာဝန်ပေးလိုက်သည့်အလုပ်ကို သူ မလုပ်ရသေးမှန်း ကျောက်ကျင်းဝင် သတိရလာသည်။
သူက ချက်ချင်းပင် စုချန်းအား ပြန်ခေါ်ရန် ပါးစပ်ပြင်လိုက်သည်။ သို့သော် သူ့သခင်မလေးအား ကာကွယ်ရန် အလျင်လိုနေသော စုချန်းအား အရည်မရ အဖတ်မရ စကားခေါ်ပြောရသည်ထက် ခေတ္တ စောင့်ဆိုင်းလိုက်ခြင်းက ပို၍ သင့်တော်ကြောင်း တွေးမိသောအခါ သူ ရေငုံနှုတ်ပိတ်၍သာ နေလိုက်တော့၏။
စုချန်းကိုယ်တိုင်လည်း ရဲတိုက်အပြင်သို့ ရောက်သွားမှသာ သက်ပြင်းချနိုင်တော့သည်။
ထို့နောက် စုချန်းသည် ချီမင်းဖန်နှင့် တခြားလူများ ပုန်းအောင်းနေသော နေရာဆီသို့ ဦးတည်လိုက်၏။ ထိုအချိန်မှာပင် လူရိပ်တရိပ် လှစ်ခနဲ ခုန်ထွက်လာပြီး စုချန်းအား လမ်းကြားလေးအတွင်းသို့ ဆွဲခေါ်သွားလေသည်။
လူရိပ်မှာ ယွဲ့လောင်ရှပေတည်း။
"မင်းက ဘယ်လိုလုပ် ဒီရောက်လာတာတုန်း"
စုချန်း အံ့သြဟန်ပြုကာ မေးလိုက်သည်။
"ဟန်ဆောင်မနေစမ်းပါနဲ့ရှင် ခုထိ ကျွန်မ အကူအညီတောင်းထားတာ ရှင် မလုပ်ရသေးဘူးနော်"
ယွဲ့လောင်ရှက နှုတ်ခမ်းစူကာ ပြောလိုက်၏။
စုချန်း သက်ပြင်းချလိုက်သည်။
"အခြေအနေတွေက နည်းနည်း ရှုပ်ထွေးနေတယ်ဗျ"
"ကျွန်မ သိပါတယ် ကျူးရှန်းယောင် ဒီရောက်နေတယ်မလား"
"မင်း သတင်းရတာ မြန်သားပဲ"
"လျှို့ဝှက်အဖွဲ့က ထိုင်နေတာမှမဟုတ်တာပဲရှင် မဟုတ်ရင် ရှင့်ကို ကျွန်မ ဒီလောက် လွယ်လွယ်နဲ့ ဘယ်ရှာတွေ့ပါ့မလဲ"
ယွဲ့လောင်ရှက စုချန်းကို စိုက်ကြည့်ကာ ကိုယ့်ကိုယ်ကို စိတ်ကျေနပ်သော ဟန်ပန်နှင့် ပြောလိုက်သည်။
ချီမင်းဖန်၏ လက်အောက်ငယ်သားများထဲမှ တချို့သည် ယွဲ့လောင်ရှ၏ သူလျှိုများ ဖြစ်နေမှန်း စုချန်း သိလိုက်၏။ သို့သော် ၎င်းကို မသိဟန်ဆောင်ကာ စုချန်းက ပြောလိုက်သည်။
"ဟေးစု အဖမ်းခံထားရတယ်ကွ ကျုပ်က လာရင်းကိစ္စကို မပျက်စီးစေချင်ဘူး ဒါကြောင့် ကျုပ် အလုပ်ရှုပ်နေတာ ဒါပေမဲ့ မင်း ပြောထားတဲ့ ကိစ္စကို ကျုပ် မမေ့ပါဘူးကွာ မင်း ပြောတဲ့ နာမည်စာရင်း ဘယ်မှာရှိသလဲဆိုတာ ကျုပ် သိပြီးပါပြီ"
"ဘယ်မှာရှိတာလဲ"
"အဲဒါ ကောင်းချန်း ကိုယ်တိုင် သိမ်းထားတဲ့ ပုတီးစေ့တမျိုးပဲ ကြည့်ရတာ လက်စွပ်ထဲထည့်သိမ်းထားတဲ့ပုံတော့ မပေါ်ဘူး ပြီးတော့ သူ့မှာ လေဟာနယ်အမျိုးအစား စွမ်းရည်တမျိုး ပေါင်းစပ်ထားပုံရတယ်"
"လေဟာနယ်အမျိုးအစားစွမ်းရည် ဟုတ်လား"
ယွဲ့လောင်ရှက စိတ်ဝင်စားဟန်ဖြင့် မေးလိုက်သည်။
"ဟုတ်တယ်ဗျ"
"ရှင်က ဘယ်လိုလုပ်သိနေတာတုန်း"
"ဘယ်လိုသိလဲဆိုတော့ ဒီကောင် ကောင်းချန်း အဲဒီ ပုတီးစေ့ပေါ်က နာမည်စာရင်းကို ဖွင့်ပြီး ကျုပ်ကို သတ်ဖို့ ဖန်းစီဟွာဆိုတဲ့ လူတယောက်ကို ခေါ်နေလို့ပေါ့"
"ဖန်းစီဟွာ ဟုတ်လား"
ယွဲ့လောင်ရှ အံ့သြသင့်သွား၏။
"ဒါဆို ဒီမှာ သူ့ကို တွေ့လိုက်တာ ဘာမှ အံ့သြစရာ မရှိတော့ဘူးပေါ့"
"မင်း သူ့ကို တွေ့လိုက်လို့လား"
စုချန်း ကြောင်သွား၏။ ယွဲ့လောင်ရှက ပြန်ဖြေလိုက်သည်။
"ညနေကပဲ တွေ့လိုက်တာ အတိအကျ ပြောရရင် ကျူးရှန်းယောင် အတိုက်ခိုက်မခံရခင်လေးပေါ့ ဒီလူက ရှင်သန်ခြင်းကျောင်းတော်အဖွဲ့ဝင်တွေထဲမှာ နာမည်ကြီးပဲရှင့် လျှို့ဝှက်အဖွဲ့မှာလဲ သူ့ကို မသိသူ မရှိဘူး ဒီလူဟာ ယန်ဖွင့်လှစ်ခြင်းပညာရှင်သာ ဖြစ်ပေမဲ့ အင်အားကောင်းပြီး ရန်သူကို တချက်တည်းနဲ့ အသေသတ်ပစ်နိုင်တဲ့ နည်းစနစ်မျိုးကို ကျွမ်းကျင်တယ် ဒီလူဟာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တွေကိုတောင် သတ်ပစ်ခဲ့ဖူးတယ်လို့ နာမည်ကြီးတယ် နာမည်စာရင်းကြောင့်သာ မဟုတ်ရင် ဒီလူကို ဒီနေ့ပဲ ကျွန်မတို့ အရ ဖမ်းပါတယ်"
"ဒီလူ ဘယ်လိုပုံစံရှိသလဲ ကျုပ်ကို ပြောစမ်းပါ"
"သက်လတ်ပိုင်းအရွယ်ရှိတယ် မျက်နှာမှာ အရေးအကြောင်းတွေနဲ့ ပြည့်နေတယ် အသားမဲတယ် ဒီလူကို ရုတ်တရက်ကြည့်ရင် အဖိုးကြီးနဲ့တူတယ် အရပ်ပုတယ် နားရွက်ချွန်တယ် သူ့မျက်နှာကို ကောက်ရိုးဦးထုပ်တလုံးနဲ့ အမြဲ ဖုံးအုပ်ထားတတ်တယ် မြက်ဖိနပ်စီးရတာ နှစ်သက်တယ် သူ့ရဲ့ သွေးဗီဇဟာ ဖောက်ခွဲရေးသားရဲသွေးဗီဇ ဖြစ်တာကြောင့် တချက်လွှတ်တိုက်ခိုက်ရာမှာ အလွန်ပြင်းထန်တယ် အရင်သေသွားတဲ့ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ဟာ သူ့ရဲ့ တချက်လွှတ်တိုက်ခိုက်မှုကြောင့် သေသွားတာပဲ ကြိုတင်ပြင်ဆင်ထားတာမျိုးသာ မရှိရင် ဒီလူက ရင်ဆိုင်ဖို့ အလွန်ခက်ခဲတယ်ရှင့်"
ယွဲ့လောင်ရှက မရပ်မနားပင် ရှင်းပြလိုက်သည်။
လျှို့ဝှက်အဖွဲ့တွင် ဖန်းစီဟွာနှင့် ပတ်သက်၍ သတင်းအတော်ပင်စုံကြောင်း စုချန်း ဝန်ခံရပေလိမ့်မည်။
စုချန်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ မင်းကို ဘယ်လိုကူညီနိုင်မလဲ ကျုပ် စဥ်းစားလိုက်အုံးမယ်"
ယွဲ့လောင်ရှ ရယ်မောလိုက်၏။
"မလိုပါဘူးရှင် နာမည်စာရင်းပဲ အရေးကြီးတယ် ဒါရရင် ကျန်တဲ့ကိစ္စ ကျွန်မတို့ ကိုင်တွယ်လို့ရတယ်"
ယွဲ့လောင်ရှ ခေါင်းကိုက်နေရခြင်းမှာ နာမည်စာရင်း ဘယ်နေရာတွင် ရှိနေကြောင်း မသိရသေး၍သာ ဖြစ်သည်။ နာမည်စာရင်း ဘယ်နေရာတွင် ရှိကြောင်း သိသွားသည့်နောက်တွင်တော့ စုချန်း၏ အကူအညီ မရလျင်ပင် ယွဲ့လောင်ရှအနေနဲ့ ကျန်ကိစ္စများကို ကိုင်တွယ်နိုင်၏။
ထိုအခါ စုချန်းက ပြောလိုက်၏။
"နေအုံး ယွဲ့လောင်ရှ မင်းတို့မှာ လူအင်အား ဘယ်လောက်ပါလာသလဲ"
"ချီမင်းဖန်နဲ့ သူ့လူတွေကို ရင်ဆိုင်ဖို့တော့ လုံလောက်ပါတယ်"
"မင်း ခနလေး စောင့်နေလို့ မရဘူးလား ကက်ပီးယပ်စ်ရဲ့ ရတနာတွေ ရှာမတွေ့သေးခင် ပြသနာတွေ ရှုပ်လာမှာကို ကျုပ် မလိုလားဘူး"
"ကျွန်မက ဘာလို့ သဘောတူရမှာလဲ"
ယွဲ့လောင်ရှ၏ မထင်မှတ်သော တုံ့ပြန်မှုကြောင့် စုချန်း ကြောင်သွား၏။
"နာမည်စာရင်း ဘယ်မှာရှိသလဲ ကျုပ် ပြောပြထားတယ်လေကွာ"
"ကျွန်မကလဲ ဖန်းစီဟွာအကြောင်း ရှင့်ကို ပြောပြထားရတယ်လေ"
ယွဲ့လောင်ရှက ခပ်ပြတ်ပြတ်ပင် တုံ့ပြန်လိုက်သည်။
စုချန်း ဘာပြောရမှန်းပင် မသိပဲ ဖြစ်သွား၏။ သူ့ပေါ် ယွဲ့လောင်ရှ ဤမျှ အေးစက်စွာ တုံ့ပြန်နိင်လိမ့်မည်ဟု စုချန်း လုံးဝ မျှော်လင့်မထား။
နောက်ဆုံးတွင် သူက ပြောလိုက်သည်။
"ကျုပ်က မင်းကို အကူအညီတောင်းတယ်ဆိုရင်ကောကွာ ကျုပ်တို့ဟာ သူငယ်ချင်းတွေပဲလေ ဒီလောက်တော့ ကျုပ်ကို မင်း ကူညီနိုင်တယ်မလား"
ယွဲ့လောင်ရှ ပြုံးလိုက်၏။
"ကောင်းပြီလေ သဘောတူတယ်"
စုချန်း အံ့သြသည်ထက် အံ့သြလာ၏။ မိန်းမများ၏ သဘောထားကို သူ နားမလည်နိုင်တော့။
ယွဲ့လောင်ရှက စကားဆက်လိုက်ပြန်သည်။
"ပထမ ရှင် ပြောတာကို ကျွန်မ ငြင်းရတယ်ဆိုတာ အပေးအယူ ဆန်နေလို့ အမိန့်ပေးသံ ဆန်နေလို့ပဲ ဒီလို အကြောင်းပြချက်ကို ကျွန်မ မကြိုက်ဘူးရှင့်"
စကားဆုံးသည်နှင့် ယွဲ့လောင်ရှက နေရာမှာ ချာခနဲ လှည့်ထွက်လိုက်၏။
သူမ၏ စကားသံမှာကား စုချန်းထံသို့ ထက်မံ ပျံ့လွင့်လာလေသည်။
"မှတ်ထားနော် စုချန်း ရှင်နဲ့ကျွန်မဟာ သူငယ်ချင်းတွေ...သူငယ်ချင်းတွေဖြစ်နေလို့ ရှင့်ကို ကျွန်မ ကူညီတာ"
***