နိုးထလာခြင်း
Vol. 53 Ch. 528
ယွဲ့လောင်ရှ ထွက်ခွာသွားပြီးနောက် စုချန်းသည် ရှေ့သို့ ဆက်လျှောက်လာခဲ့၏။
အတန်ကြာ လမ်းလျှောက်လာပြီးနောက် စုချန်းသည် ကြေးနီရောင် တံခါးတခု၏ ရှေ့သို့ ရောက်ရှိလာသည်။
ထိုအခါ သူက တံခါးရှိ လူခေါ်ခေါင်းလောင်းကို တီးလိုက်ပြီး တံခါးကို သုံးကြိမ်တိတိ ခေါက်လိုက်၏။ တဖန် ခေတ္တ နားကာ နောက်ထပ် သုံးကြိမ်ခေါက်လိုက်ပြန်သည်။ တံခါးပွင့်လာပြီး တံခါးဝမှ ညတစ္ဆေ၏ ချောမောလှပသော မျက်နှာပေါ်လာသည်။
စုချန်း ကြောင်အန်းအန်း ဖြစ်သွား၏။
"ကျုပ် အချက်ပြတာ မပြီးသေးဘူးလေဗျာ"
"ဘာအချက်ပြတာလဲ ရှင် ရောက်လာတာ ကျွန်မ မြင်သားပဲ မြန်မြန် အထဲဝင် အချက်ပြတာနဲ့ အချိန်ကုန်ခံမနေနဲ့"
ထို့နောက် သူမက စုချန်းကို အတင်းဆွဲပြီး အခန်းတခန်းထဲသို့ ဦးဆောင် ခေါ်ယူသွားလေသည်။
အခန်းထဲတွင် ချီမင်းဖန်နှင့် တခြားလူများက အစီအစဥ်နှင့် ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးတိုင်ပင်နေကြ၏။
စုချန်း ရောက်လာသည်ကို မြင်သောအခါ ချီမင်းဖန်က မေးလိုက်သည်။
"မင်းက ဘယ်လိုလုပ် ဒီရောက်လာပြန်တာတုန်း"
"ခန ရှောင်ထွက်လာတာ ဒါမှ ကျူးရှန်းယောင် ကျုပ်ကို လတ်တလော အာရုံစိုက်နေတာ နည်းနည်းပါးပါး လျော့သွားလိမ့်မယ်"
စုချန်းက ရှင်းပြလိုက်သည်။
"ပြသနာက အဲဒါပဲကွ မင်း တခါပဲ ရှောင်လို့ရမယ် ဆယ့်ငါးခါ ရှောင်လို့မရဘူး"
"အများကြီး စိတ်ပူနေလို့ ဘာမှမထူးဘူးဗျ ကျုပ် ပြန်ရောက်တာနဲ့ မူလပုံစံတွေ တည်ဆောက်နေတာ အကြောင်းပြပြီး အလုပ်ရှုပ်ချင်ယောင် ဆောင်ထားရတော့မှာပဲ"
စုချန်း ဘာလိုချင်မှန်း ချီမင်းဖန် ကောင်းကောင်း သိနေ၏။ လုပ်ကြံသတ်ဖြတ်မှုမတိုင်မီကတည်းက ယူထျန်းယန်ထံမှ မူလပုံစံတည်ဆောက်နည်းတချို့ လိုချင်ကြောင်း စုချန်းက သူ့အား အကြောင်းကြားထားသည် မဟုတ်ပါလား။
ထိုအခါ ချီမင်းဖန်က မူလပုံစံတည်ဆောက်နည်းများအား ရေးသားထားသည့် စာရွက်စာတမ်းများကို စုချန်းလက်ထဲ ထည့်ပေးရင်း ပြောလိုက်သည်။
"ဒါလဲ ရေရှည်ဖြေရှင်းနည်းမဟုတ်မှန်းတော့ မင်း သိပါတယ်နော်"
စုချန်းက စာရွက်များအား သိမ်းဆည်းရင်း ပြောလိုက်သည်။
"တနာရီပဲ အချိန်ဆွဲဆွဲ တရက်ပဲ အချိန်ဆွဲဆွဲ အချိန်ဆွဲနိုင်သမျှ ကျုပ်တို့အတွက် အကျိုးရှိတာပဲဗျ ခုချိန်မှာ အရေးအကြီးဆုံးအလုပ်က ဟေးစုကို ကယ်ထုတ်ဖို့ပဲ နောက်ရက်တချို့မှာ နောက်ထပ် လုပ်ကြံသတ်ဖြတ်မှုတချို့ ဖန်တီးဖို့ ကျုပ် စဥ်းစားထားတယ် အဲဒီရက်ကျရင် ခင်ဗျားလူတွေက လုပ်ကြံသတ်ဖြတ်ရေးသမားတွေအဖြစ် ဟန်ဆောင်ပေးရမယ် အဲဒါကို အခွင့်အရေးယူပြီး ကျုပ် ဟေးစုကို ကယ်ထုတ်မယ် ဒီနည်းအားဖြင့် ကျုပ်တို့ လာရင်းကိစ္စ မအောင်မြင်ရင်တောင် ဟေးစုကို ကယ်ထုတ်နိုင်လိမ့်မယ်"
ချီမင်းဖန် ခေတ္တ စဥ်းစားလိုက်သည်။ ထို့နောက် သူ ခေါင်းညိတ်လိုက်၏။
"ဘာမှလုပ်စရာမရှိရင်တော့ ဒီအတိုင်းပဲ လုပ်ရတော့မှာပေါ့"
ထို့နောက် သူတို့နှစ်ယောက်သည် အချိန်အတော်ကြာအောင် ဆက်လက်ဆွေးနွေးနေကြ၏။
တကြိမ်တွင် စုချန်းက ရုတ်တရက် အတွေးပေါက်လာဟန်ဖြင့် မေးလိုက်သည်။
"ဒါနဲ့ ဒီနောက်ပိုင်း ယူထျန်းယန်ရဲ့ အခြေအနေ ဘယ်လိုလဲ"
"သိပ်ကောင်းတယ်ကွ ဒီကောင်ဟာ တနေကုန်စားလိုက် အိပ်လိုက်ပဲ အပူအပင်ကို မရှိတာကွ"
တဟားဟား ရယ်မောရင်း ချီမင်းဖန်က ပြောလိုက်သည်။ ထို့နောက် သူက အနီးရှိ ခလုတ်တခုကို နှိပ်လိုက်ရာ ဘေးနားရှိ တံခါးတချပ်ပွင့်သွားပြီး အခန်းတခန်း ပေါ်လာ၏။ အခန်းထဲတွင် ယူထျန်းယန်သည် တခေါခေါ ဟောက်ကာ နှစ်ခြိုက်စွာ အိပ်ပျော်နေ၏။ ၎င်းကို ကြည့်ရသည်မှာ အတော်ပင် ခွန်အားပြည့်ဝနေဟန် ရှိသည်။
"ဒီလူ ဒီလိုနေရာမှာတောင် အိပ်ပျော်နိုင်သတဲ့လား"
စုချန်း ရယ်မောရင်း မေးလိုက်၏။
"တရက်မှမဟုတ်ဘူး နေ့တိုင်း ဒီလိုပဲကွ ဒီကောင် တရက်ကို ဆယ်နာရီလောက် အိပ်တယ် အိပ်ယာက နိုးလာတာနဲ့ တပြွတ်ပြွတ် စားတော့တာပဲ တကယ့် ဝက်ကြီးတကောင်လိုပါပဲကွာ"
ရှင်သန်ခြင်းကျောင်းတော်အဖွဲ့ဝင်တဦးက ပြောလိုက်သည်။
"ဒီလောက်တောင် အိပ်တာလား"
စုချန်း အနည်းငယ် အံ့သြသွား၏။
"ဒါနဲ့ အစတုန်းက ဒီကောင် ဒီလောက်ထိ မအိပ်ဘူးလားလို့"
"ဟုတိတယ် ခုကျမှ ဘာဖြစ်လောက် ဒီလောက်ထိ အိပ်နေတာလဲဆိုတာ ဘယ်သူသိနိုင်မှာကွာ"
နောက်တယောက်က ဝင်ပြောလိုက်ပြန်သည်။
"အင်း"
စုချန်း ခေတ္တစဥ်းစားလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"ဒီကောင့် အမူအကျင့်တွေ ပြောင်းလဲလာတယ်ဆိုတာ တခုခု ထူးခြားနေတယ်လို့ အဓိပ္ပာယ်ရတယ် ခင်ဗျားတို့လူတွေ နည်းနည်း သတိထားကြဗျိူ့ ဒီကောင် လွတ်သွားလို့မရဘူးနော်"
"ဒီကိစ္စကို စိတ်မပူနဲ့ စုချန်း ဒီကောင် ဘယ်မှ ထွက်သွားလို့မရပါဘူးကွာ"
"မင်းက ဒီလိုပြောလာပြီဆိုတော့ ဒီကောင့်ကို သတ်ပစ်တာ ပိုမကောင်းဘူးလား ကျုပ်တို့ အလုပ်မရှုပ်တော့ဘူးပေါ့"
"ဟုတ်တယ်ဟေ့ ဟုတ်တယ် ကျုပ်တို့အားလုံး သူ့ဆီကနေ လိုအပ်တာ အကုန်ရပြီးသွားပြီပဲ"
ရှင်သန်ခြင်းကျောင်းတော်အဖွဲ့ဝင်များအားလုံး တယောက်တပေါက်နှင့် ဝင်ပြောနေကြလေသည်။
ချီမင်းဖန်တို့အဖွဲ့သည် အလယ်အလတ်ကျသည်ဟု ဆိုနိုင်သော်လည်း အကြမ်းဖက်အဖွဲ့အစည်း၏ တစိတ်တပိုင်းပင် ဖြစ်လေရာ လူသတ်ရမည်ကို အနည်းငယ်မှ လက်တွန့်ခြင်း မရှိ။
အချိန်အတော်ကြာအောင် တိုင်ပင်ဆွေးနွေးပြီးပြီဖြစ်၍ စုချန်းက ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ သို့သော် အနောက်လိုင်နာရဲတိုက်သို့ သူ မပြန်နိုင်သေး။ မူလပုံစံကွက်များ တည်ဆောက်ရန် ပါဝင်ပစ္စည်းတချို့ ဝယ်ယူရန် လိုအပ်နေသေး၏။
"ကျုပ် မင်းကို လိုက်ပို့ပေးမယ်"
ချီမင်းဖန်က ပြောလိုက်သည်။
"ဒီလောက်ထိ ယဥ်ကျေးနေစရာ မလိုပါဘူးဗျာ"
စုချန်းက ရယ်မောရင်း ပြောလိုက်၏။
"ယဥ်ကျေးတာမဟုတ်ဘူးကွ နေရာထိုင်ခင်းတချို့ လိုက်ကြည့်ချင်လို့ ဒုတိယအကြိမ် တိုက်ခိုက်မှု ပေါ်ပေါက်လာတာနဲ့ သဲမျိုးစိတ်တွေ ဒေါသအိုးပေါက်ကွဲကုန်လိမ့်မယ် ဒါကြောင့် ကျုပ်တို့ ပုန်းအောင်းဖို့ နေရာထိုင်ခင်းအသစ်တွေ လိုက်ကြည့်ထားမှ ဖြစ်လိမ့်မယ်"
"ဒါဆိုလဲ သွားကြတာပေါ့ဗျာ"
ထို့နောက် သူတို့နှစ်ယောက်သည် ထိုနေရာမှ အတူတကွ ထွက်ခွာလာခဲ့ကြ၏။
စုချန်းတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ကောင်းချန်း၏ မျက်လုံးအစုံမှာ အေးစက်သော အလင်းရောင်များ ဝင်းလက်လာ၏။
"ကဲ ဦးလေးချိ စီဟွာကို သွားပြောချေ သူ လုပ်ရမဲ့ တာဝန်အတွက် ကြိုတင်ပြင်ဆင်ထားလိုက်တော့လို့"
"ခုလိုအချိန်ကြီးလား"
ချိရှန်းဟွမ် ချီတုံချတုံ ဖြစ်သွား၏။
"စုချန်းဟာ အနောက်လိုင်နာရဲတိုက်မှာပဲ ရှိနေသေးတယ် တာဝန်ကလဲ တန်းလန်းကြီး ဒီလိုအချိန် သူ့ကို တိုက်ခိုက်ရင် ကျုပ်တို့ အစီအစဥ် ပျက်ကုန်မှာပေါ့"
ကောင်းချန်း အေးစက်သော လေသံနှင့် ရယ်မောလိုက်သည်။
"ဒါက ချီမင်းဖန်ရဲ့ ကိစ္စ ကျုပ် ကိစ္စမဟုတ်ဘူး ဒီတာဝန် မအောင်မြင်လို့လဲ ကျုပ်ယောက်ဖအနေနဲ့ ဒေါသထွက်စရာအကြောင်းမရှိဘူး ပြီးတော့ ဒီရဲတိုက်မှာ ကက်ပီးယပ်စ်ရဲ့ ရတနာတွေ ရှိနေတယ်ဆိုတာ ကျုပ်တို့က ကြားဖူးနားဝပဲ ရှိတာ ကျူးမျိုးနွယ်တွေတောင် ဒါကို ရှာမတွေ့ရင် ချီမင်းဖန် ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ မသေချာမရေရာတဲ့ အကျိုးအမြတ်ကို မျှော်လင့်နေတာနဲ့ ကျုပ်က လက်စားချေရမဲ့ အခွင့်အရေးကို လက်လွှတ်လိုက်ရမှာလား"
ချိရှန်းဟွမ် ဘာမှ မတတ်နိုင်တော့။ ခေါင်းသာ ညိတ်ပြလိုက်ရလေသည်။
ထို့နောက် သူသည် ဖန်းစီဟွာအား ရှာဖွေရန် ထွက်ခွာသွား၏။
ထိုအချိန်၌ ယူထျန်းယန်အား ဖမ်းဆီးထားသည့် အခန်းထဲတွင် ဖြစ်သည်။
ယူထျန်းယန်၏ ကိုယ်ခန္ဓာသည် တဖြည်းဖြည်း တုန်ခါလာ၏။
သူ၏ ဖြူဖွေးသော ကိုယ်ခန္ဓာသည် နီရဲလာ၏။ ချွေးများဖြင့် ရွှဲစိုလာ၏။ သူ့နဖူးကို စမ်းကြည့်ပါက ကြောက်စရာကောင်းလောက်အောင် ပူလောင်နေကြောင်း တွေ့ရပေလိမ့်မည်။
တချိန်တည်းမှာပင် ယူထျန်းယန်၏ ကိုယ်မှ ထူးဆန်းသော ပုံပန်းသွင်ပြင်ရှိသည့် အခိုးအငွေ့များ ထွက်ပေါ်လာ၏။ အဆိုပါ အခိုးအငွေ့များဆီမှ ခပ်တိုးတိုး အသံဗလံများ၊ အော်သံများ ထွက်ပေါ်လာလေသည်။
အသံများမှာ အပြင်သို့တိုင် တိုးထွက်လာလေရာ ရှင်သန်ခြင်းကျောင်းတော်အဖွဲ့ဝင်တယောက်က အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။ ယူထျန်းယန်၏ ပုံစံကိုမြင်သောအခါ ၎င်း အံ့သြသွား၏။
"မင်း ဘာတွေ ဖြစ်နေတာတုန်းဟ"
ထို့နောက် သူက အိပ်ယာအနီးသို့ တိုးကပ်ပြီး ယူထျန်းယန်ကို လှုပ်နှိုးလိုက်သည်။
ထိုအချိန်မှာပင် ယူထျန်းယန်၏ မျက်လုံးအစုံက ဖြတ်ခနဲ ပွင့်လာ၏။ ထို့နောက် သူက အိပ်ယာမှ ခုန်ထကာ ရှင်သန်ခြင်းကျောင်းတော်အဖွဲ့ဝင်၏ လည်မြိုကို ဖမ်းညှစ်လိုက်လေသည်။
"အား"
ထိုလူမှာ အသံသဲ့သဲ့မျှသာ ထွက်နိုင်ပြီး အသက်ပျောက်သွားလေသည်။
ရုန်းရင်းဆန်ခတ် အသံများကြောင့် အပြင်ဘက်မှလူများ ပြေးဝင်လာ၏။ မြင်ကွင်းကြောင့် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။
ယူထျန်းယန်က ခေါင်းကို ဖြေညှင်းစွာ မော့လိုက်၏။ ၎င်း၏ မျက်နှာနှင့် နှုတ်ခမ်းများမှာ ရဲရဲနီနေလေသည်။
"ဒုက္ခတော့များပြီဟေ့"
လူတိုင်း ထိတ်လန့်တကြားနှင့် အော်ဟစ်လိုက်ကြသည်။
ယူထျန်းယန် မသဲမကွဲ ငြီးငြူလိုက်သည်။ သူ့နောက်ကျောဆီမှလည်း ထူးဆန်းသောသတ္တဝါပုံရိပ်တခု ထွက်ပေါ်လာကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။
ကြောက်စရာဖိအားတခု အခန်းတွင်းသို့ ချက်ချင်းပင် သက်ရောက်လာပြီး အားလှိုင်းတခုက တခန်းလုံးအား လှည့်ပတ်မွှေနှောက်သွား၏။ အခန်းထဲရှိ ရှင်သန်ခြင်းကျောင်းတော်အဖွဲ့ဝင်များမှာ ရှောင်တိမ်းနိုင်စွမ်းမရှိတော့ပဲ အားလှိုင်း၏ ရိုက်ခတ်မှုကို ခံလိုက်ရလေသည်။
တချိန်တည်းမှာပင် ယူထျန်းယန်သည် လေထဲသို့ ခုန်ထွက်ကာ ဘေးနားရှိ လူတယောက်ကို လက်သီးနှင့် လှမ်းထိုးလိုက်သည်။
၎င်း၏ တိုက်ခိုက်မှုမှာ ရိုးရှင်း၏။ တဲ့တိုးဆန်၏။ သို့သော် ကြောက်စရာကောင်းလှသည်။ လက်သီးချက် ထိမှန်ခံလိုက်ရသောလူမှာ တခါတည်း အသက်ပျောက်သွားလေသည်။
ယူထျန်းယန်မှာ ရပ်တန့်နေခြင်းမရှိ။ ရှေ့သို့ဆက်လက်ခုန်ထွက်လိုက်ပြန်၏။ သူ့လှုပ်ရှားမှုမှာ မြန်ဆန်လှသည်။
ယူထျန်းယန်ကား သူ့အခြေအနေကိုသူ ရှင်းလင်းစွာ နားလည်ထားလေရာ ထွက်ပြေးရန် ကြိုးစားလိုက်ခြင်းပင်။
"ဒီကောင် လွတ်မသွားစေနဲ့ဟေ့"
ရှင်သန်ခြင်းကျောင်းတော်အဖွဲ့ဝင်များကလည်း ယူထျန်းယန် လွတ်သွား၍ မဖြစ်မှန်း နားလည်ထားကြလေရာ အသည်းအသန်ပင် ပိတ်ဆို့ရန် ကြိုးစားလိုက်ကြသည်။ အပြင်ဘက်ရှိ အစောင့်နှစ်ယောက်ကလည်း တံခါးအား ပိတ်ဆို့ထားရန် ကြိုးစားလိုက်ကြ၏။
သို့သော် သူတို့အားလုံး ခြေတလှမ်းစာမျှ နောက်ကျသွားကြလေပြီ။
ယူထျန်းယန်သည် ဒေါသထွက်နေသော ကျွဲရိုင်းကြီးပမာ တံခါးကို ဖြတ်သန်းပြေးလွှားသွား၏။ ပေါက်ကွဲသံနှစ်ချက်နှင့်အတူ ၎င်းအား ပိတ်ဆို့ရန် ကြိုးစားသော အစောင့်နှစ်ဦး နောက်သို့ လွင့်စင်သွားလေသည်။ ၎င်း၏ နောက်ကျောရှိ ဝက်နဂါးသွေးပုံရိပ်မှာလည်း တဖြည်းဖြည်း ကြီးထွားလာ၏။
ယူထျန်းယန်သည် သတ္တိနည်းကောင်းနည်းပေလိမ့်မည်။ သို့သော် လူမိုက်တော့မဟုတ်။
ထို့ကြောင့် ထွက်ပြေးနေရင်းနှင့်ပင် အုတ်အော်သောင်းနင်းဖြစ်စေရန် ဖန်တီးသွားခဲ့၏။ သို့မှသာ ၎င်းကို မြင်သောအခါ တစုံတခု ဖြစ်နေကြောင်း ကျူးရှန်းယောင် သဘောပေါက်ပေလိမ့်မည်။ စုချန်းသည်လည်း ဆက်လက်ဟန်ဆောင်နိုင်ရန် ခဲယဥ်းသွားပေလိမ့်မည်။
***