← Chapters

မမျှော်လင့်သော မုန်တိုင်း

Vol. 53 Ch. 529

မမျှော်လင့်သော မုန်တိုင်း

Vol. 53 Ch. 529

အာဝူး!!!!

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အော်သံကြီး ထွက်ပေါ်လာ၏။

အနောက်လိုင်နာရဲတိုက်ထဲတွင် ဖြစ်သည်။

ကျူးရှန်းယောင်သည် ထိုအသံကိုကြားသည်နှင့် ရင်တုန်သွား၏။

ထို့နောက် သူမသည် ပြတင်းပေါက်မှ လှစ်ခနဲ ခုန်ထွက်လိုက်သည်။ သူမ၏ ကိုယ်ခန္ဓာသည် လေထဲတွင် ဝေ့ဝိုက်ပျံသန်းသွားပြီး ရဲတိုက်အုတ်တံတိုင်းပေါ်အရောက်တွင်မှ ရပ်တန့်သွား၏။ သူမ၏ အုတ်တံတိုင်းပေါ်တွင် ခြေစုံရပ်ပြီး အသံထွက်ပေါ်လာရာ နေရာဆီသို့ လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်လုံးအစုံမှာ ထူးခြားသော အလင်းရောင်များ တောက်ပနေ၏။

ဖုန်မှုန့်များအကြားဝယ် အလွန်ရက်စက်ကြမ်းကြုတ်ဟန်ရှိသော သားရဲသတ္တဝါပုံရိပ်ကို ကျူးရှန်းယောင် သဲကွဲစွာ မြင်တွေ့နေရ၏။

"ဝက်နဂါး တကယ့် ဝက်နဂါးပဲကိုး နောက်ဆုံးတော့ သူ သွေးဗီဇ နိုးထလာပြီ"

ကျူးရှန်းယောင် တအံ့တသြနှင့် ရေရွတ်လိုက်သည်။

"သခင်မလေး"

ကျောက်ကျင်းဝင် ပြေးထွက်လာ၏။ သူနှင့်အတူ ပါ့လီယွမ်၊ ကူလာ၊ သဲမျိုးစိတ်ဝင်တချို့နှင့် ကျူးမျိုးနွယ်ဝင်များ လိုက်ပါလာ၏။ သူတို့အားလုံး ယူထျန်းယန်ကြောင့် ဖြစ်ပေါ်လာသော ရုတ်ရင်းဆန်ခတ်ဖြစ်ရပ်များကို မြင်တွေ့လိုက်ရသည်။

"အဲဒါ ထျန်းယန်ပဲရှင့် သူ တခုခု ဖြစ်နေပြီ"

ကျူးရှန်းယောင် ထအော်လိုက်သည်။

တလိမ်းလိမ်းထနေသော ဖုန်မှုန့်များ၊ နတ်ဆိုးဧကရာဇ်သွေးပုံရိပ်ယောင်၏ ကျယ်လောင်စွာ အော်ဟစ်သံများ။

ဆိုလိုသည်မှာ ယူထျန်းယန်သည် အင်အားကို အစွမ်းကုန်ထုတ်ကာ ပြေးလွှားနေခြင်းပင်။

"သွား ထျန်းယန်ကို အမြန်ဆုံးကယ်"

ကျူးရှန်းယောင်က အော်ဟစ်အမိန့်ပေးလိုက်၏။

"ဟုတ်ကဲ့ သခင်မလေး"

ကျူးရှန်းယောင်၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် လူတိုင်းလိုလိုသည် ရဲတိုက်တံခါး ပွင့်လာသည်အထိ မစောင့်တော့ပဲ တံတိုင်းပေါ်မှ ကျော်လွှားကား မြို့ဆီသို့ တဟုန်ထိုး ပြေးသွားလိုက်ကြသည်။

တချိန်တည်းမှာပင် စုချန်းနှင့် ချီမင်းဖန်တို့သည်လည်း အုတ်အော်သောင်းနင်း အသံဗလံများကို ကြားလိုက်ရ၏။

သူတို့နှစ်ယောက် အသံထွက်ပေါ်လာရာဆီသို့ ချာခနဲ လှည့်ကြည့်လိုက်ကြသည်။

ဖုန်မှုန့်များ တလူလူ ထွက်ပေါ်နေ၏။ ဖုန်မှုန့်များကား သူတို့ စခန်းချရာနေရာမှ ထွက်ပေါ်လာဟန်တူသည်။ ထို့နောက် ကြောက်စရာကောင်းလှသည့် ဟိန်းဟောက်သံကြီး။

လူတိုင်းလိုလိုသည် အသံကြောင့် ရင်တုန်ပန်းတုန် ဖြစ်ကုန်ကြ၏။ ယုတ်စွအဆုံး ချီမင်းဖန်သည်ပင် ရင်တုန်သွားလေသည်။

"တခုခုတော့ မှားနေပြီကွ"

ချီမင်းဖန်က ပြောလိုက်သည်။

သူတို့ စခန်းတွင် ပြသနာသေချာပေါက်တက်နေပြီဟုတော့ ချီမင်းဖန် မပြောနိုင်။ သို့သော် ကြီးမားသော ခြိမ်းခြောက်မှုတခုကိုတော့ သူ ခံစားနေရ၏။

"ခင်ဗျားက အဲဒီမှာ ဘာတွေဖြစ်နေလဲ သွားကြည့် ကျုပ်က အနောက်လိုင်နာရဲတိုက်ကိုသွားမယ်"

စုချန်းက ခပ်မြန်မြန်ပင် ဆုံးဖြတ်ပေးလိုက်၏။

ထို့နောက် သူတို့နှစ်ယောက်သည် ငြင်းခုန်ရင်း အချိန်ဖြုန်းမနေတော့။ ချီမင်းဖန်သည် အသံထွက်ပေါ်လာရာနေရာဆီသို့ ပြေးထွက်သွား၏။ စုချန်းလည်း အနောက်လိုင်နာရဲတိုက်ဆီသို့ အမြန်ပင် ပြန်လာခဲ့လေသည်။

ထူထည်းသိပ်သည်းလှသည့် ဖုန်လုံးကြီးသည် အနောက်လိုင်နာရဲတိုက်ဆီသို့ အရှိန်ပြင်းပြင်းနှင့် ဦးတည်နေ၏။ ဖုန်လုံးများထဲတွင် ထူးဆန်းသော ပုံသဏ္ဍာန်တခုကို စုချန်း မြင်တွေ့နေရသည်။

ဖုန်လုံးကြီးနီးကပ်လာသည်နှင့်အမျှ အထဲမှ ပုံရိပ်ကို စုချန်း မှုန်ဝါးဝါး ပုံဖော်နိုင်လာ၏။

"ဒါ...ဒါ..."

စုချန်း၏ မျက်လုံးအစုံမှာ ပြူးကျယ်ဝိုင်းစက်သွားလေသည်။

ထိုအချိန်မှာပင် ဆက်သွယ်ရေးကိရိယာမှ ချီမင်းဖန်၏ အသံက စုချန်း နားထဲသို့ တိုးဝင်လာ၏။

"စုချန်း အဲဒါ ယူထျန်းယန်ပဲကွ ဒီကောင် သွေးဗီဇ နိုးသွားပြီ"

"ကျုပ် တွေ့တယ်"

စုချန်းက အသံတိုးတိုးနှင့် ပြန်ပြောလိုက်သည်။

အမှန်တကယ်လည်း သူ တွေ့နေရသည် မဟုတ်ပါလား။

တကယ်တော့ စုချန်းအနေနှင့် ဝက်နဂါးနတ်ဆိုးဧကရာဇ်ကို မမြင်ဖူး။ သို့သော် ကြီးမားလှသော ဝက်ခန္ဓာ၊ နဂါးခေါင်းနှင့် ကြောက်စရာ အရှိန်အဝါတို့ကြောင့် ၎င်းသည် အလွန်အင်အားကြီးမားမှန်းတော့ အတိုင်းသား မြင်သာနေ၏။

၎င်း၏ ပုံပန်းသွင်ပြင်အရ လှုပ်ရှားရာတွင် ကန့်သတ်ချက်တော့ ရှိနေဟန်တူ၏။ သို့သော် ကြောက်စရာကောင်းလှသော အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်ကိုတော့ အဝေးမှကြည့်ရုံနှင့် မြင်သာပေသည်။

မည်သို့ဆိုစေ နောက်ဆုံးတွင် ယူထျန်းယန်တယောက် သွေးဗီဇ နိုးထလာခဲ့ချေပြီ။

"ခွေးမသားတွေ အသုံးမကျလို့ ဒီကောင် လွတ်သွားပြီ ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို ရဲတိုက်ကလဲ သတိထားမိမှာပဲ စုချန်း မင်း ဟိုကို ပြန်သွားလို့ မဖြစ်တော့ဘူး ကျုပ်တို့ အစီအစဥ် ပျက်စီးသွားပြီကွ ကျုပ်တို့ ဒီက အမြန်ဆုံး ဆုတ်ခွာမှ ဖြစ်တော့မယ်"

ချီမင်းဖန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ခင်ဗျား ဒီအတိုင်း လွယ်လွယ်နဲ့ အရှုံးပေးတော့မှာလား"

စုချန်းက ပြန်မေးလိုက်သည်။

"မင်းမှာ ဒီထက်ကောင်းတဲ့ စိတ်ကူးရှိသေးလို့လား"

စုချန်းကြောင့် ချီမင်းဖန် ရူးချင်စိတ်ပေါက်လာ၏။ ဤအခြေအနေ ရောက်နေသည့်တိုင် စုချန်းမှာ လက်မလျှော့နိုင်သေးပေတကား။

"လောလောဆယ်တော့ ကျုပ်မှာ စိတ်ကူးမရှိသေးဘူး ဒါပေမဲ့ ကျုပ် စဥ်းစားနေတယ် နောက်ဆုံးအခြေအနေထိ ကျုပ်က အရှုံးမပေးတတ်ဘူးဗျ"

စုချန်းက ယူထျန်းယန်ကြောင့် ဖြစ်ပေါ်လာသည့် ဖုန်လုံးကြီးကို စိုက်ကြည့်ရင်း ပြန်ဖြေလိုက်သည်။

ပြောသာပြောလိုက်ရသည်။ အချိန်လွန်ကုန်ပြီမှန်းတော့ စုချန်း သဘောပေါက်ထား၏။ သူ မည်မျှပင် လက်မလျှော့စေကာမူ သူတို့၏ စီမံကိန်းမှာ ပျက်စီးသွားပုံပေါ်နေခဲ့လေပြီ။

သနားစရာ ဟေးစု။ အတော်ပင် ခါးသီးနာကျင်စွာ ခံစားခဲ့ရသော်လည်း နောက်ဆုံးတွင် စုချန်းအနေနှင့် ဘာမှမတတ်နိုင်ခဲ့။

ထို့နောက် စုချန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ဆုတ်ခွာရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် လူတယောက်ကို သူ မြင်တွေ့လိုက်၏။

ထိုလူမှာ တခြားလူမဟုတ်။ ဖန်းစီဟွာပင် ဖြစ်သည်။

ကြီးမားလှသော ကောက်ရိုးဦးထုပ်နှင့် မြက်ဖိနပ်ကြောင့်သာ ဖန်းစီဟွာဟု သညာပြုလိုက်ရသည်။ ကျန်သော ဘယ်အရာကိုမှ စုချန်း သတိမထားမိလိုက်။ စုချန်း၏ ရင်ထဲတွင်တော့ မသိမသာ လှုပ်ရှားစပြုနေခဲ့လေပြီ။

ဖန်းစီဟွာသည် သူ့အတွက် လာခြင်းဖြစ်ကြောင်းကို စုချန်း ကောင်းကောင်းသဘောပေါက်ထား၏။

ထိုအခိုက်အတန့်မှာပင် စိတ်ကူးစိတ်သန်းတခုက စုချန်း၏ ခေါင်းထဲတွင် လှစ်ခနဲ ပေါ်ပေါက်လာသည်။ ထိုစိတ်ကူးမှာ စက္ကန့်ပိုင်းအတွင်းမှာပင် ပြန်လည်ပျောက်ကွယ်သွားလေသည်။

ထို့နောက် သူသည် ရှေ့သို့ ဆက်လျှောက်သွားလိုက်၏။ ဖန်းစီဟွာလည်း သူ့နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာလေသည်။

စုချန်း၏ ခြေလှမ်းများမှာ တဖြည်းဖြည်း မြန်ဆန်လာ၏။

ထိုအချိန်တွင် ဖုန်လုံးကြီးသည် သူတို့နှင့် အလွန်နီးကပ်နေပြီ ဖြစ်သည်။ ဖုန်လုံးကြီး လမ်းကြားလေးတခုအတွင်းသို့ တိုးဝင်သွားချိန်တွင်တော့ စုချန်းသည် ရုတ်တရက် အမြန်နှုန်းကို တိုးမြှင့်ကာ လမ်း၏ အခြားတဖက်မှနေ၍ ထိုလမ်းကြားအတွင်းသို့ ခုန်ဝင်သွားလေသည်။

လမ်းကြားထဲ အရောက်မှာပင် စုချန်းသည် ယူထျန်းယန်အဖြစ် ပုံစံပြောင်းလိုက်ပြီး ဘေးနားရှိ အိမ်တလုံးအတွင်းသို့ လှိမ့်ဝင်လိုက်၏။

စုချန်း ပျောက်ကွယ်သွားသည်နှင့် အခြေအနေ မကောင်းတော့မှန်း ဖန်းစီဟွာ ချက်ချင်း သဘောပေါက်လိုက်သည်။

သူ့ပစ်မှတ်ကား သူလိုက်လာမှန်း သိသွားသည်နှင့် ထွက်ပြေးရန် ကြိုးစားချေပြီ။

အကယ်၍ သူ့ပစ်မှတ်သာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ဖြစ်နေပါက ထွက်ပြေးရန် ကြိုးစားမည့်သူမှာ ဖန်းစီဟွာကိုယ်တိုင်ပင် ဖြစ်နေပေလိမ့်မည်။ သို့သော် ဤတကြိမ် သူ့ပစ်မှတ်ဖြစ်သည့် စုချန်းမှာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်မျှသာ ဖြစ်သည်။ ထို့ကြောင့် ဖန်းစီဟွာ၏ စိတ်ထဲတွင် စုချန်းကိုတော့ သူ နိုင်လောက်သည်ဟု ယူဆထား၏။

ပို၍ အရေးကြီးသည်မှာ ဖန်းစီဟွာသည် သူ့အမြန်နှုန်းကို သူ ယုံကြည်စိတ်ချမှု ရှိနေခြင်းပင်။ လက်ရှိအချိန်ထိ မည်သူမှ သူ့လက်အောက်က လွတ်အောင် ထွက်မပြေးနိုင်သေး။

ထိုအခါ ဖန်းစီဟွာသည် အလင်းတမျှ မြန်ဆန်လှသော နှုန်းထားနှင့် လမ်းကြားလေးအတွင်းသို့ ပြေးဝင်လိုက်လေသည်။

သို့သော် လမ်းကြာလေးတခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်နေ၏။

ဖန်းစီဟွာ ကြောင်အန်းအန်း ဖြစ်သွားလေသည်။

ဒီကောင် ဘယ်ရောက်သွားတာတုန်း....

ထိုအချိန်မှာပင် ကျွဲရိုင်းကြီးတကောင်ကဲ့သို့ သူ့ဆီသို့ ပြေးဝင်လာသည့် ကြီးမားသော လူတယောက်ကို ဖန်းစီဟွာ မြင်လိုက်ရသည်။

"စုချန်း"

ဝတုတ်ပြဲနေသော မျက်နှာကို မြင်လိုက်သည်နှင့် ဖန်းစီဟွာ ရယ်မောလိုက်၏။

အကယ်၍ သူ့တွင်သာ အချိန်လုံလောက်စွာ ရှိပါက စုချန်းနှင့်ပတ်သက်၍ အခြေအနေမှာ တစုံတခု ထူးခြားနေကြောင်း ဖန်းစီဟွာ စဥ်းစားနိုင်ဖွယ်ရာ ရှိသည်။ ပထမဆုံးတချက်မှာ စုချန်း၏ တည်နေရာ ဖြစ်သည်။ အချိန်တိုအတွင်း စုချန်းအနေနှင့် ဤမျှ ဝေးကွာလှသော နေရာကို ရောက်နေနိုင်စရာ အကြောင်းမရှိ။ ဒုတိယတချက်မှာ စုချန်း၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါနှင့် ၎င်း၏ နောက်ကျောရှိ သွေးဗီဇပုံရိပ်ယောင် ဖြစ်သည်။ တတိယတချက်မှာ စုချန်း၏ ဦးတည်ရာလမ်းကြောင်းသည် ပြောင်းပြန်ဖြစ်နေခြင်းပင်။

စုချန်း၏ ပတ်သက်၍ တခြားမှားယွင်းနေသည့် အသေးစိတ်အချက်အလက်များလည်း များစွာ ရှိနေသေး၏။

သို့သော် ဖန်းစီဟွာအနေနှင့် ထိုအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာနိုင်ရန် အချိန်မရှိ။

အကြောင်းမှာ ဒေါသတကြီးနှင့် ပြေးဝင်လာသော ယူထျန်းယန်သည် စက္ကန့်ပိုင်းအတွင်းမှာပင် ဖန်းစီဟွာသည် နင်းခြေပစ်တော့မည့်အခြေအနေတွင် ဆိုက်နေသောကြောင့်ပင်။ ဖန်းစီဟွာအနေနှင့် ပြန်လည်တိုက်ခိုက်ရန်မှအပ တခြား ရွေးချယ်စရာ မရှိတော့။ မဟုတ်လျင် တဖက်လူ၏ နင်းခြေမှုကြောင့် သူ ပြားချပ်သွားပေလိမ့်မည်။

ထိုအခါ ဖန်းစီဟွာက တဖက်လူအသုံးပြုနေသည့် နည်းစနစ်မှာ အကွာအဝေးကို မှီခိုအသုံးပြုရသော နည်းစနစ်တမျိုးသာ ဖြစ်လိမ့်မည်ဟု ယူဆလိုက်၏။

မည်သို့ဆိုစေ သူ့အနေနှင့် ပြန်လည်တိုက်ခိုက်ရပေတော့မည်။

ထို့နောက် ဖန်းစီဟွာသည် လက်သုံးတော်ဓားကို ဆွဲထုတ်လိုက်၏။

ဓားသွားဆီမှ အလင်းရောင်တချက် ဝင်းလက်သွားလေသည်။

လရောင်အက်ကွဲဓားပေတည်း!!!

***

All Chapters