← Chapters

အစားထိုးခြင်း

Vol. 53 Ch. 530

အစားထိုးခြင်း

Vol. 53 Ch. 530

ယူထျန်းယန်သည် အလွန် ပျော်ရွှင်နေ၏။ တဆက်တည်းမှာပင် အလွန် စိတ်လှုပ်ရှားနေ၏။

အဆိုပါ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုသည် သူ အသစ်ပိုင်ဆိုင်ထားသည့် အင်အားမှ ဆင်းသက်လာခြင်းပင်။

တဖက်တွင် အသက်အန္တရာယ်ကြောင့် ​ထွက်ပြေးနေရသည်မှန်သော်လည်း တဖက်တွင် မိမိကိုယ်တွင်းရှိ အင်အားကို ဖော်ထုတ်နိုင်လာသောကြောင့် သူ အလွန်ပျော်ရွှင်နေလေသည်။

တချိန်တည်းမှာပင် သူသည် ထွက်ပြေးရန် စွမ်းအင်အမြောက်အများကို သုံးစွဲနေရ၏။

ဒါသည် သူ့လွတ်လပ်ခွင့်အတွက် ဖြစ်သည်။ သူ၏ ရှင်သန်ခွင့်အတွက်ဟုလည်း ဆိုနိုင်သည်။

အလွန်အမင်း ပျော်ရွှင်နေခြင်းကြောင့် သူ့လမ်းကို လူတယောက် ပိတ်ဆို့နေမှန်း ယူထျန်းယန် လုံးဝ သတိမထားမိလိုက်ချေ။

တဖက်လူ၏ ဓားရောင်ဝင်းလက်သွားတော့မှ ဘာဖြစ်နေမှန်း ယူထျန်းယန် သတိထားမိလိုက်၏။ သို့သော် သူ အရှိန်သတ်ရန် များစွာ နောက်ကျသွားခဲ့လေပြီ။

တဖက်လူ၏ ဓားသည် ကြောက်စရာအရှိန်အဝါတမျိုးကို သယ်ဆောင်လျက် ယူထျန်းယန်ထံသို့ ပြေးဝင်လာ၏။

ထိုအချိန်တွင် ယူထျန်းယန်၏ ခေါင်းထဲ၌ အတွေးတခု ပေါ်ပေါက်လာ၏။

ငါ သေတော့မှာလား...

ရယ်စရာကောင်းလိုက်တာ...ငါ့ရဲသွေးဗီဇက ခုပဲ နိုးလာတယ်...ခုပဲ ငါ သေရတော့မှာတဲ့လား...

အတွေးမဆုံးခင်မှာပင် သူ့ထံသို့ တိုးဝင်လာသော ဓားသည် လေထဲတွင် တုံ့ခနဲ ဖြစ်သွားသည်ကို ယူထျန်းယန် မြင်တွေ့လိုက်ရသည်။ တစုံတခုက ဓားအား ဟန့်တားထားလိုက်သည့်ပုံပင်။

၎င်းသည်ပင် ယူထျန်းယန်အတွက် အခွင့်အရေးတရပ် ဖြစ်လာ၏။

ယူထျန်းယန် သတိဝင်လာခဲ့လေပြီ။

ဓားသည် ဆက်လက်တိုးဝင်လာ၏။ ထိုအချိန်မှာပင် ယူထျန်းယန်၏ ကိုယ်တွင်းမှ အင်အားပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာ၏။ သူ့ကြွက်သားတိုင်းလိုလိုသည်လည်း သံမဏိကဲ့သို့ မာကျောသွားလေသည်။

ထိုအခိုက်မှာပင် ဓားဦးသည် ယူထျန်းယန်၏ ကိုယ်ကို ထိုးစိုက်မိသွား၏။

ချွင်!!!

သတ္တုချင်းထိခတ်သံတချက် ပေါ်လာပြီး ယူထျန်းယန်၏ ကိုယ်တွင်းမှ နောက်တကြိမ် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာ၏။

အုန်း!!!

ပေါက်ကွဲသံနှင့်အတူ ယူထျန်းယန် လွင့်စင်သွား၏။

လေထဲတွင် ဒလိန့်ကောက်ကွေး ဖြစ်နေချိန်မှာပင် ယူထျန်းယန်က ပါးစပ်ကို ဟပြီး ကျယ်လောင်စွာ အော်လိုက်သည်။ သူ့ပါးစပ်အတွင်းမှလည်း အားလှိုင်းတခု တိုးထွက်လာပြီး ဖန်းစီဟွာအား ထိမှန်သွား၏။

ဖန်းစီဟွာ နာကျင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူပါးစပ်အတွင်းမှ သွေးများ ပွက်ခနဲ အန်ထုတ်ပြီး နောက်သို့ ဆုတ်သွား၏။

ထိုသို့ နောက်ဆုတ်လိုက်ချိန်မှာပင် အနီးအနားရှိ အိမ်တလုံး၏ တံခါးတချပ်သည် လှစ်ခနဲ ပွင့်လာ၏။ ထို့နောက် ချွန်မြနေသော ဓားတချောင်းသည် လေထုကို ဖြတ်သန်းကာ ဖန်းစီဟွာ၏ ရင်ဝဆီသို့ ပြေးဝင်လာ၏။

အနှီတိုက်ခိုက်မှုသည် ရက်စက်ကြမ်းကြုတ်သည်နှင့်အမျှ မြန်ဆန်လှ၏။ ဖန်းစီဟွာအနေနှင့် ရှောင်တိမ်းနိုင်စရာ အကြောင်းမရှိတော့ဟု ထင်မှတ်ရသည်။ သို့သော် ဖန်းစီဟွာသည် ထူးဆန်းစွာ အော်ဟစ်လိုက်ပြီး ကိုယ်ခန္ဓာကို တွန့်လိမ်ကွေး​ကောက်ပါ ကောင်းကင်ပေါ်သို့ ခုန်တက်သွား၏။

တောင်ခွဲဓားသည်လည်း ဖန်းစီဟွာ၏ နောက်မှ ထပ်ချမကွာ လိုက်ပါသွား၏။

ဖန်းစီဟွာလည်း ထပ်မံ ရှောင်တိမ်းရပြန်သည်။ သူသည် လေထဲတွင် ခြေလှမ်းအနည်းငယ်ခန့် ရွေ့လျားကာ သူ့အား ထက်ခြမ်းခွဲပစ်တော့မည့်ဟန်ဖြင့် တိုးဝင်လာသည့် တောင်ခွဲဓားကို ပွတ်ကာသီကာနှင့် ရှောင်တိမ်းပေးလိုက်၏။ ထိုအချိန်တွင် အနက်ရောင်မီးတောက်များက ဖန်းစီဟွာအား ဝန်းရံလာပြန်သည်။

ဖန်းစီဟွာလည်း တတိယအကြိမ်မြောက် ရှောင်တိမ်းပေးလိုက်ရပြန်၏။ သူသည် အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် မြေပြင်သို့ ချက်ချင်းပင် ခုန်ဆင်းလိုက်လေသည်။ ဤတကြိမ်တွင်လည်း ဖန်းစီဟွာတယောက် ဘေးမသီရန်မခလိုက်။

မြေပြင်ပေါ်သို့ ရောက်သည်နှင့် ဖန်းစီဟွာသည် ဘေးသို့ ချက်ချင်းလှိမ့်ထွက်လိုက်ပြီး ဓားကို သွက်လက်စွာ လှုပ်ရှားက ရန်သူအား နောက်ဆုတ်သွားစေရန် ဟန်ရေးပြလိုက်၏။

ဤတချက်ကို ကြည့်ရုံနှင့် ဖန်းစီဟွာသည် တိုက်ပွဲအတွေ့အကြုံ မည်မျှ ကြွယ်ဝနေကြောင်း သိသာနေပေသည်။

သို့သော် ရန်သူအား ခြုံခိုက်တိုက်ခိုက်ရခြင်း၏ အကောင်းဆုံးအချက်မှာ သင့်အနေနှင့် ကြိုတင်ပြင်ဆင်ထားနိုင်ခြင်းပင် ဖြစ်သည်။

ဖန်းစီဟွာ၏ တန်ပြန်တိုက်ခိုက်မှုကို မြင်တွေ့နေရသော်လည်း စုချန်းကား နောက်ဆုတ်ခြင်းမရှိ။ ရှေ့သို့သာ ဆက်လက်တိုးဝင်လိုက်၏။

ဖန်းစီဟွာ၏ လရောင်အက်ကွဲဓားသည် စုချန်း၏ မက်ခ်အကာအကွယ်နှင့် လေးလံသံချပ်ကာတို့ကို ထိုးဖောက်ဝင်ရောက်သွား၏။ သို့သော် မရဏရေညှိမျှင်များနှင့် အက်ဒမန်တင်းကိုယ်ခန္ဓာတို့ကိုတော့ ၎င်းအနေနှင့် ထိုးဖောက်နိုင်စွမ်းမရှိတော့။

ထိုအချိန်မှာပင် စုချန်း၏ တောင်ခွဲဓားက နောက်တကြိမ် လှုပ်ရှားသွားပြန်သည်။

သို့တိုင်အောင် ဖန်းစီဟွာတွင် လှည့်ကွက်မြောက်များစွာ ရှိနေသေးပုံပေါ်၏။

တမုဟုတ်ချင်း ထွက်ပေါ်လာသော အနီရောင်အလင်းတန်းများက စုချန်း၏ တောင်ခွဲဓားအား တားဆီးထားလိုက်လေသည်။ ထိုအချိန်မှာပင် ဖန်းစီဟွာသည် အလွန်လျင်မြန်စွာ နောက်ဆုတ်သွားပြန်၏။

ဖန်းစီဟွာကား အလွန်ပင် လျင်မြန်သူ ဖြစ်သည်။ စုချန်း ခြေတလှမ်းစာ ရှေ့တိုးလာချိန်တွင် သူက ခြေလှမ်းသုံးလှမ်းစာတိတ််ိ နောက်ဆုတ်ပြီး ဖြစ်နေ၏။

ဤသို့နှင့် သူတို့နှစ်ဦးကြား အကွာအဝေးမှာ တဖြည်းဖြည်း ဝေးကွာလာလေသည်။

ထိုအချိန်မှာပင် စုချန်း၏ မျက်လုံးအစုံသည် ပြူးကျယ်လာပြီး အလင်းရောင်တချို့ ထွက်ပေါ်လာ၏။ ဖန်းစီဟွာသည်လည်း နေရာမှာပင် တုံ့ခနဲ ဖြစ်သွားလေသည်။

အခွင့်အရေးကို စုချန်း လက်လွတ်မခံ။ သူက ရှေ့သို့တဟုန်ထိုး ခုန်ဝင်ပြီး ဖန်းစီဟွာကို တောင်ခွဲဓားနှင့် လှမ်းထိုးလိုက်၏။

တောင်ခွဲဓားမှ စူးရှသော အလင်းရောင်များ ထွက်ပေါ်လာ၏။

သို့သော် ဖန်းစီဟွာသည်လည်း အမှန်တကယ်ပင် ထက်မြက်လှ၏။

စုချန်း၏ ဓားချက် ထွက်ပေါ်လာသည်နှင့် သူ့တကိုယ်လုံးမှ မရေမတွက်နိုင်သော အလင်းစက်မှုန်များ ထွက်ပေါ်လာလေသည်။ တချိန်တည်းမှာပင် နောက်ထပ် လူရိပ်တရိပ်က လမ်ကြား၏ တဖက်ခြမ်းသို့ ခုန်ထွက်သွား၏။ ထိုလူရိပ်မှာ ဖန်းစီဟွာပင် ဖြစ်လေသည်။

လွတ်မြောက်ရေးနည်းလမ်းများစွာကို ကျွမ်းကျင်ပိုင်နိုင်သည့် ဖန်းစီဟွာပေတကား။ ဤအနေအထားမှာပင် သူ့အနေနှင့် ထွက်ပြေးနိုင်သေး၏။

ဖန်းစီဟွာ ထွက်ပြေးသည့်အရေးကို မြင်သည်နှင့် စုချန်းကလည်း ဖြတ်ခနဲ လှုပ်ရှားလိုက်သည်။ မျက်စေ့တမှိတ်အတွင်းတွင် စုချန်းသည် ဖန်းစီဟွာ၏ ညာဖက်တွင် ပြန်ပေါ်လာ၏။ အ​ဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းကို စုချန်း အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ထို့နောက် သူက ဖန်းစီဟွာကို ဓားနှင့် လှမ်းခုတ်လိုက်၏။

ဤတကြိမ်တွင်တော့ ဖန်းစီဟွာ ရှောင်တိမ်းနိုင်စွမ်းမရှိတော့။

အား!!!!

အော်သံကြီး ထွက်ပေါ်လာပြီး လက်တဖက် လေထဲသို့ လွင့်စင်သွား၏။ သွေးများ နေရာအနှံ့ ရဲခနဲ ဖြစ်သွား၏။

ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားသည့်တိုင် ဖန်းစီဟွာမှာ ပို၍ပင် မြန်ဆန်လာသေး၏။ နာကျင်မှုသည်ပင် သူ့ကို အားဖြည့်ပေးနေသယောင် ရှိလေသည်။

"ငါ မင်းကို မှတ်ထားတယ်ကွ"

ကျယ်လောင်စွာ အော်ဟစ်ပြောဆိုပြီးသည်နှင့် ဖန်းစီဟွာသည် လမ်းကြားအပြင်ဘက်သို့ ခုန်ထွက်ပျောက်ကွယ်သွားလေသည်။

"ခင်ဗျား မှတ်ထားလဲ ဘာမှမထူးတော့ပါဘူးဗျာ"

စုချန်းက ပြောလိုက်သည်။ ထိုအချိန်တွင် တောင်ခွဲဓားသည် ရုတ်တရက် ရှည်ထွက်လာပြီး အနီးရှိ အုတ်နံရံကို ထိုးဖောက်ဝင်ရောက်သွားတော့သည်။

"ဘာကြောင့်လဲဆိုတော့ ခင်ဗျား သေရတော့မှာလေ"

တောင်ခွဲဓားသည် ဖန်းစီဟွာ၏ ကိုယ်အား ထက်ပိုင်းပြတ်သွားစေ၏။

"မင်း...မင်း ဘယ်လိုလုပ်သိသွားတာလဲ"

ပါးစပ်ထဲမှ သွေးများ တလဟော စီးကျလာရင်း ဖန်းစီဟွာ မေးလိုက်သည်။

စုချန်း ပြန်ဖြေလိုက်သည်။

"ခင်ဗျား စကားမပြောခဲ့သင့်ဘူးဗျ ကျုပ်အကြားအာရုံက သိပ်ကောင်းတယ်ဆိုတာ ခင်ဗျားမှ မသိခဲ့ပဲကိုး အသံကြားရုံနဲ့ ခင်ဗျား ထွက်ပြေးချင်ယောင်ဆောင်ပြီး နံရံတဖက်ခြမ်းမှာ လာကပ်နေတယ်ဆိုတာ ကျုပ် သိပြီးသား လမ်းကြားထဲက ဒီလောက်မြန်မြန် ပျောက်သွားဖို့ ဒီနည်းလမ်းပဲ ရှိတာလေဗျာ"

"ကျုပ် ကိုယ်ကျုပ်...သိပ်ပါးနပ်တယ်လို့ ထင်ခဲ့မိတယ်...ဒါပေမဲ့ မင်း...မင်း..."

စကားကို ဆုံးအောင်မပြောနိုင်တော့ပဲ ငမိုက်သား ဖန်းစီဟွာတယောက် အသက်ပျောက်သွားရှာသည်။

သေဆုံးနေသော ဖန်းစီဟွာကို စိုက်ကြည့်ရင်း စုချန်း ရေရွတ်လိုက်သည်။

"တကယ်တော့ ခင်ဗျား ဘယ်လောက်ပဲ မြန်အောင်ပြေးနိုင် ပြေးနိုင် ကျုပ် ခင်ဗျားကို လိုက်မီတယ်ဆိုတာ ခင်ဗျားမှ မသိပဲကိုး"

မိုးကြိုးရေနဂါးလွန်းပျံယာဥ်၏ အမြန်နှုန်းကို ဖန်းစီဟွာ မည်သို့ ယှဥ်နိုင်ပါအံ့နည်း။

ထို့နောက် စုချန်းသည် မြေကြီးပေါ်တွင် လဲကျနေသော ယူထျန်းယန်ကို စစ်ဆေးကြည့်ပြန်၏။ ယူထျန်းယန်ကား မသေသေး။

စုချန်း ရယ်မောလိုက်သည်။

"မင်း ဒီဖက်ကို ပြေးလာတာ ကံကောင်းတယ်လို့ ပြောလို့ရတယ် ကံမကောင်းဘူးလို့ ပြောရင်လဲ ရတာပဲကွ"

ထိုသို့ ပြောပြီးသည်နှင့် စုချန်းက ဆေးရည်တချို့အား ယူထျန်းယန်၏ ပါးစပ်ထဲသို့ လောင်းထည့်လိုက်လေသည်။

တဖန် စုချန်းသည် ယူထျန်းယန်၏ လက်ထဲသို့ ဓားတလက် ထည့်ပေးလိုက်ကာ ဖန်းစီဟွာ၏ အလောင်းကို ယူထျန်းယန်၏ ဘေးနားသို့ ရွှေ့ပေးလိုက်၏။ ဤနည်းအားဖြင့် သူတို့နှစ်ယောက်သည် တယောက်နှင့် တယောက် သေသည့်အထိ တိုက်ပွဲဝင်သွားသည့်ဟန် ပေါ်သွားမည် ဖြစ်သည်။ ထို့နောက် သူသည် ထိုနေရာမှ လှည့်ထွက်လာခဲ့လေသည်။

စုချန်းသည် အလျင်လိုနေ၏။ ထို့ကြောင့် အမှားတချို့ ရှိနေခဲ့သည်ကတော့ အမှန်ပင်။ သို့သော် ကျူးရှန်းယောင်နှင့် ကျန်လူများသည် ပညာရှင်အဆင့်မဟုတ်သောကြောင့် ထိုအမှားတို့ကို သတိထားမိမှ ထားမိကောင်းပေလိမ့်မည်။

သိပ်မကြာမီ ထိုနေရာသို့ ကျူးရှန်းယောင်တို့လူစု ရောက်ရှိလာ၏။ မြေကြီးပေါ်တွင် လဲကျနေသော ယူထျန်းယန်ကို မြင်သောအခါ ကျူးရှန်းယောင် ထိတ်လန့်သွားလေသည်။

"ထျန်းယန်"

"သခင်လေး"

ပါ့လီယွမ်သည်လည်း ကျယ်လောင်စွာ အော်ဟစ်ပြီး တဟုန်ထိုး ပြေးလာ၏။ထို့နောက် သူက ာူထျန်းယန်ကို လှုပ်ခါရင်း မေးလိုက်သည်။

"သခင်လေးကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်တာလဲ ကျုပ်က်ို ပြောစမ်းပါ"

သို့သော် ယူထျန်းယန်ကား သတိလစ်နေသည်ဖြစ်လေရာ ပါ့လီယွမ်၏ မေးခွန်းကို အဘယ်မှာ ဖြေနိုင်အံ့နည်း။

ကျူးရှန်းယောင်က ပြောလိုက်ပြန်၏။

"လီယွမ် မင်း ဒီလိုလုပ်နေရင် သူ သေသွားလိမ့်မယ် ကျင်းဝင် မြန်မြန်လုပ် သူ့ကို ခေါ်ခဲ့ အဖိုးကြီးယီတယောက်သာ သူ့ကို ကယ်တင်နိုင်လိမ့်မယ်"

ထိုအခါ ကျောက်ကျင်းဝင်သည် ယူထျန်းယန်အား ပွေ့ချီပြီ ထရပ်လိုက်၏။

"ဒါကို ဘယ်သူလုပ်တာလဲ သိပြီလား"

ကူလာက မေးလိုက်ပြန်သည်။

"ကျွန်မလဲ သေချာတော့ မပြောနိုင်ဘူးရှင့်"

ကျူးရှန်းယောင်သည် လဲကျသေဆုံးနေသော ဖန်းစီဟွာကို ကြည့်ရင်း ဝေခွဲမရ ဖြစ်နေ၏။ စုချန်းက ဖန်းစီဟွာ၏ မျက်နှာအား ဖျက်ဆီးခဲ့လေရာ သူမအနေနှင့် ၎င်းမည်သူမည်ဝါမှန်း ခွဲခြားရန် မဖြစ်နိုင်တော့။

"ကြည့်ရတာ တလောက ကျွန်မကို လုပ်ကြံဖို့ ကြိုးစားတဲ့လူတွေနဲ့ တဖွဲ့တည်းနဲ့ တူတယ်"

ကူလာက တင်းမာသော လေသံနှင့် ပြောလိုက်သည်။

"ဒီလူတွေ ဘယ်ကပဲလာလာ သဲမျိုးစိတ်နယ်မြေမှာ ပြသနာလာရှာတဲ့အတွက် သေချာပေါက် ပေးဆပ်ရမယ် ဒီကိစ္စ ကျုပ်နဲ့လွှဲထားလိုက်ပါ သခင်မလေးကျူး တရားခံ ဘယ်သူလဲဆိုတာ ကျုပ် ဖော်ထုတ်ပြမယ်"

"ကောင်းတာပေါ့ရှင်"

ယူထျန်းယန်အား စိုးရိမ်ပူပန်ဟန်ဖြင့် စိုက်ကြည့်ရင်း ကျူးရှန်းယောင်က ပြောလိုက်သည်။

ကနဦးက သူမသည် ယူထျန်းယန်အား သံသယဝင်ခဲ့သည်။ သို့သော် သွေးဗီဇ နိုးထလာပြီးနောက်ပိုင်း ယူထျန်းယန်အပေါ် သူမ၏ သံသယများမှာ ပျောက်ပြယ်လွင့်ပါးသွားပြီ ဖြစ်သည်။

လက်ရှိတွင် သူမ ဂရုစိုက်သည်မှာ ယူထျန်းယန်အား ကယ်ဆယ်နိုင်ရန်သာ ဖြစ်လေသည်။

***

All Chapters