လမ်းခွဲခြင်း
Vol. 54 Ch. 531
စုချန်း အနောက်လိုင်နာရဲတိုက်သို့ ပြန်ရောက်ချိန်တွင် ယူထျန်းယန်အား အဖိုးကြီးယီက ကုသပေးထားပြီး ဖြစ်သည်။
အဖိုးကြီးယီဟူသည်မှာ ကျူးရှန်းယောင်၏ အနီးတွင် ရှိနေသော အဖိုးကြီး ဖြစ်သည်။ ၎င်းသည် ရှေးရိုးဆန်ဟန်တူသော်လည်း ဆေးကုသရာတွင် အတော်လေး ထူးချွန်ပေသည်။
သို့သော် အဖိုးကြီးယီ မည်မျှ ဆေးပညာကျွမ်းကျင်သည်ဖြစ်စေ စုချန်းက ယူထျန်းယန်အား တိုက်ကျွေးလိုက်သည့် ဝိညာဥ်ဆိုင်းငံ့ခြင်းဆေးကို ဓာတ်ပြယ်သွားအောင်တော့ ပြုလုပ်နိုင်စွမ်းမရှိ။ ဝိညာဥ်ဆိုင်းငံ့ခြင်းဆေးဟူသည်မှာကား စုချန်း၏ ကိုယ်ပိုင်ဖန်တီးမှု ဖြစ်သည်။ ဤဆေး၏ အစွမ်းမှာ သောက်သုံးမိသူ၏ အသက်ဓာတ်ကို အချိန်တခုထိ ဆွဲဆန့်ထားနိုင်ခြင်းပင်။ ဘေးထွက်ဆိုးကျိုးအနေနှင့်ကား ထိုလူသည် သုံးရက်ခန့် သတိမေ့နေပေလိမ့်မည်။ သို့သော် သုံးရက်အလွန်တွင် ထိုလူသည် ရောဂါပျောက်ကင်းသွားခြင်းမရှိပဲ မူလအတိုင်း သေလုမြောပါးအခြေအနေနှင့်သာ ရင်ဆိုင်ရလေရာ ဤဆေးသည် နောက်ဆုံးတွင် ဘာအကျိုးမှမရှိဟု ဆိုနိုင်သည်။ ဤဆေးအား သွေးဗီဇဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေရင်း မမျှော်လင့်ပဲ စုချန်း ဖော်ထုတ်မိခြင်းပင်။ စုချန်းကတော့ ဝိညာဥ်ဆိုင်းငံ့ခြင်းဆေးရည်ကို မအောင်မြင်သော တီထွင်မှုဟုသာ သတ်မှတ်ထား၏။
ဝမ်ကျန်းယုနှင့် ရင်ဆိုင်ခဲ့ပြီးကတည်းက စုချန်းသည် ဆေးတချို့အား လိုအပ်သလို အသုံးပြုနိုင်ရန် လိုရမယ်ရ ဆောင်ထားခဲ့၏။ ထိုစိတ်ကူးက ယခု အသုံးဝင်လာခဲ့လေပြီ။
သုံးရက်ဆိုလျင် စုချန်းအတွက် ကိစ္စအတော်များများကို ဆောင်ရွက်ရန် လုံလောက်နေခဲ့လေပြီ။
လူတိုင်းလိုလိုသည် ယူထျန်းယန်အတွက် စိုးရိမ်ပူပန်နေကြ၏။ ၎င်းကို အခွင့်ကောင်းယူကာ စုချန်းတယောက် အချုပ်ခန်းများဆီသို့ ဆင်းလာခဲ့လေသည်။
အချုပ်ခန်းထဲတွင် ဟေးစုတယောက် ချိနဲ့စွာနှင့် ထိုင်နေရှာ၏။ ကျောက်ကျင်းဝင်၏ လူများ နှိပ်စက်ညှင်းပန်းခြင်းကြောင့် ၎င်းခမျာ လူရုပ်ပင် မပေါ်တော့။ စုချန်းအနေနှင့် ဟေးစုတယောက် အသက်မသေအောင် ကာကွယ်ထားနိုင််ခဲ့သော်လည်း နှိပ်စက်မခံရအောင်တော့ မစွမ်းဆောင်နိုင်ခဲ့။
စုချန်းကို မြင်သည်နှင့် ဟေးစု ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် မူလအတိုင်း မှိုင်တွေငေးမောနေပြန်၏။
စုချန်းက ဟေးစုအနီးသို့ လျှောက်သွားရင်း ပြောလိုက်သည်။
"ကျုပ်ပါကွ"
စုချန်းအသံကို ကြားလိုက်သည်နှင့် ဟေးစုတယောက် ထခုန်မိမတတ် ဖြစ်သွားသည်။
"မင်းက ဒီတခါ မျက်နှာအသစ်နဲ့ ဖြစ်နေပြန်ပါလားကွ"
"ယူထျန်းယန် ထွက်ပြေးဖို့ကြိုးစားလို့ပေါ့ကွာ"
ထို့နောက် စုချန်းသည် ကနဦး ဖြစ်ပွားခဲ့သည့် အကြောင်းအရာများကို ဟေးစုအား ရှင်းပြလိုက်သည်။
စုချန်း ပြောသမျှ နားထောင်ရင်း ဟေးစု ငြီးတွားလိုက်၏။
"သေရောပေါ့ ဒီလိုအချိန်ကြီးကျမှ ဒီကောင့် သွေးဗီဇ နိုးထလာရတယ်လို့"
"သိပ်မဆိုးပါဘူး ကျုပ်တို့အတွက်လဲ အကျိုးရှိတာပါပဲ ယူထျန်းယန်အပေါ် အခု ဘယ်သူမှ သံသယမဝင်တော့ဘူးလေ"
စုချန်းက ပြန်ပြောလိုက်သည်။
စုချန်း၏ စိတ်ကူးအား ဟေးစု ချက်ချင်း သဘောပေါက်သွား၏။
"ဘာလဲ မင်းက ယူထျန်းယန်လို ထပ်ပြီး ဟန်ဆောင်အုံးမလို့လား"
"ယူထျန်းယန်အဖြစ် နေရတာဟာ အစောင့်တယောက်အဖြစ် နေရတာထက် အမျာကြီး အကျိုးရှိတယ်ကွ လျို့ဝှက်ချက်တွေ အများကြီး ကြားရတယ် ကျုပ်တို့အနေနဲ့ ကက်ပီးယပ်စ်ရဲ့ ရတနာတွေကို လိုချင်ရင် ကျူးရှန်းယောင်နဲ့ သိပ်အဝေးကြီးမှာ သွားနေလို့မရဘူး"
စုချန်း ရယ်မောရင်း ပြောလိုက်သည်။
"ဒီတော့ မင်းရဲ့အစီအစဥ်က"
"ကျုပ် မင်းရဲ့အကူအညီကို လိုအပ်နေတယ်...."
_________×××__________×××_________
မြို့အရှေ့ဘက်ခြမ်းရှိ အိမ်တလုံးထဲတွင် ဖြစ်သည်။
ချီမင်းဖန်သည် ချိရှန်းယွမ်အား စိုက်ကြည့်နေ၏။ သူ့မျက်နှာမှာလည်း အထူးပင် တင်းမာလျက်ရှိသည်။
"ယူထျန်းယန် သွေးဗီဇနိုးလာတော့ မင်း ဘယ်ရောက်နေသလဲ"
"ကျုပ် လမ်းထွက်လျှောက်နေတယ်"
ချိရှန်းယွမ်က ပြန်ဖြေလိုက်သည်။
"ဘာကွ လမ်းထွက်လျှောက်နေတယ် ဟုတ်လား မင်း လမ်းလျှောက်နေလို့ ဟိုကောင် လွတ်သွားတာ ပြီးတော့ ကျုပ်တို့အဖွဲ့ဝင်အတော်များများ သေကုန်တာ"
ချီမင်းဖန်က ချိရှန်းယွမ်အား အပြစ်တင်လိုက်၏။
ချိရှန်းယွမ်က ခံစားချက်မရှိသော လေသံနှင့် ပြန်ဖြေလိုက်သည်။
"ကျုပ်က မင်းရဲ့ တပည့်မဟုတ်ဘူး ကျုပ် ဒီမှာရှိနေတာ ကောင်းချန်းကို ကာကွယ်ဖို့သက်သက်ပဲ မင်းတပည့်တွေ ဘာဖြစ်ဖြစ် ကျုပ်နဲ့ မဆိုင်ဘူး"
"မင်းက ဒီလိုကြေးလား ဒါဆို စုချန်းကို လုပ်ကြံဖို့ကြိုးစားတဲ့ ကိစ္စကိုရော မင်းဘယ်လို ရှင်းပြမလဲ လုပ်ကြံတဲ့ကောင်ကို ကျုပ် မမှတ်မိဘူး ထင်နေတာလား အဲဒါ ဖန်းစီဟွာပဲ ကဲ ပြောစမ်းပါအုံး ဖန်းစီဟွာ ဒီကို ဘာလာလုပ်တာလဲ ဘာကြောင့် စုချန်းကို လုပ်ကြံဖို့ ကြိုးစားတာလဲ"
"သူ့ရဲ့ပစ်မှတ်က ယူထျန်းယန်က်ိုပါကွ"
ချိရှန်းယွမ်က ဗြောင်လိမ်လိုက်လေသည်။
"ထွီ ခွေးမသား"
ချီမင်းဖန် ဆဲဆိုလိုက်သည်။
"မင်းက ကျုပ်ကို အရူးများ ထင်နေသလား"
ထိုအချိန်တွင် ကောင်းချန်းက မထီမေ့မြင်နိုင်သော လေသံနှင့် ဝင်ပြောလိုက်သည်။
"ဒီမှာ ချီမင်းဖန် ဖန်းစီဟွာက စုချန်းကို တကယ် လုပ်ကြံဖို့ကြိုးစားတယ်ပဲ ထားအုံး ဒါ ကျုပ်နဲ့ဘာဆိုင်သလဲ ခင်ဗျားမှာ ဒီလိုစွပ်စွဲရအေင် ဘာအထောက်အထားရှိလို့လဲ သက်သေမရှိပဲ အလကား လာမစွပ်စွဲနဲ့ဗျ"
ချီမင်းဖန်က ကောင်းချန်း၏ စကားအား တုံ့ပြန်ရန်ဟန်ပြင်လိုက်သည်။ ထိုအချိန်တွင် အချက်ပေးသံတချက် ပေါ်လာ၏။ ထိုအခါ ချီမင်းဖန်က ပြောလိုက်သည်။
"မင်းတို့ ဒီမှာ နေလိုက်အုံး ကျုပ် ကိစ္စရှိသေးတယ် ကျုပ်ပြန်လာမှ ဒီကိစ္စကို ရှင်းမယ်"
ထိုသို့ ပြောပြီးသည်နှင့် ချီမင်းဖန်သည် အခန်းပြင်သို့ ထွက်လိုက်၏။
အခန်းပြင်ရောက်သည်နှင့် သူက ဆက်သွယ်ရေးကိရိယာကို ဖွင့်လိုက်သည်။
"ဘာတွေဖြစ်နေတာတုန်းကွ"
"ကျုပ် ခင်ဗျားရဲ့ အကူအညီကို လိုနေတယ်"
အချိန်အတန်ကြာသော် ချီမင်းဖန်သည် ဆက်သွယ်ခြင်းကို ရပ်တန့်လိုက်၏။ ထို့နောက် သူက အခန်းထဲသို့ ပြန်ဝင်လိုက်သည်။ သူ့မျက်နှာမှာ ကနဦးကဲ့သို့ ဒေါသထွက်နေသော အမူအရာ မရှိတော့။ ပြုံးပန်းတဝေဝေနှင့် ဖြစ်နေ၏။
သူက ကောင်းချန်းကို ကြည့်ရင်း ပြောလိုက်လေသည်။
"မင်းသားလေးကောင်း ပြောတာ မှန်ပါတယ် ဖန်းစီဟွာရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး မင်းသားလေးကောင်းကို အပြစ်တင်စရာ ကျုပ်မှာ ဘာအကြောင်းမှ မရှိဘူး ပြီးတော့ ယူထျန်းယန် လွတ်သွားတယ်ဆိုတာလဲ ကျုပ်လူတွေ အသုံးမကျလို့ပါ အစ်ကိုကြီးချိနဲ့ မဆိုင်ပါဘူးလေ"
ချီမင်းဖန်၏ လေသံမှာ ရုတ်တရက် ပြောင်းလဲသွားလေရာ ကောင်းချန်းနှင့် ချိရှန်းယွမ်တို့မှာ ဘာပြောရမှန်းမသ်ိပဲ ဖြစ်ကုန်ကြ၏။
ချီမင်းဖန်က စကားဆက်လိုက်ပြန်သည်။
"ဒါပေမဲ့ ခုနက အစ်ကိုကြီးချိပြောသလို ခင်ဗျားဟာ မင်းသားလေးကောင်းကို ကာကွယ်ဖို့သက်သက်နဲ့ ဒီမှာ ရှိနေတာဆိုရင် ကျုပ်တို့အတွက် ဘာအကူအညီမှ မဖြစ်ဘူးပဲ ခင်ဗျားအနေနဲ့ ကျုပ်တို့နဲ့ ဆက်နေစရာ အကြောင်းလဲ မရှိတော့ဘူးထင်တယ်"
ချိရှန်းယွမ် မျက်မှောင်ကုတ်လိုက်၏။
"မင်း ဘာကို ပြောချင်နေတာလဲ"
"ကျုပ် ပြောတာ ရှင်းပါတယ် ကျုပ်တို့မှာ သီးခြားရည်မှန်းချက်တွေ ရှိနေတယ် ကျုပ်ဟာ ခင်ဗျားရဲ့ သခင်လေးကောင်းကို အမိန့်မပေးနိုင်ဘူး ခင်ဗျားကိုလဲ မအုပ်ချုပ်နိုင်ဘူး ဒါကြောင့် ကျုပ်တို့ ဒီနေရာမှာပဲ လမ်းခွဲကြရင် ကောင်းမယ်လို့"
ကောင်းချန်း ခုံကို လက်ဝါးနှင့် ဖြန်းခနဲ ရိုက်ချလိုက်သည်။
"ချီမင်းဖန် မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ ကျုပ်တို့ကို စီမံကိန်းက ကန်ထုတ်ချင်နေတာလား"
ချီမင်းဖန် သက်ပြင်းချလိုက်၏။
"ကောင်းချန်း မင်း ဝန်မခံပေမဲလို့ ဖန်းစီဟွာကို ဘယ်သူလွှတ်လိုက်မှန်း ကျုပ်တို့နှစ်ယောက်လုံး သိတယ် ပြီးတော့ ကျန်တာကို ဝန်မခံချင်ရင်နေ တခုတော့ဝန်ခံရမယ် မင်းဟာ ကက်ပီးယပ်စ်ရဲ့ ရတနာတွေကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ဘူးမလား"
ကောင်းချန်း ပြုံးလိုက်၏။
"ဒီတော့ ဘာဖြစ်သလဲ"
"မင်းအနေနဲ့ ဒီစီမံကိန်းမှာ တကယ်ပူးပေါင်းဆောင်ရွက်ချင်စိတ် ရှိရင် မင်း ဆက်နေလို့ရတယ် မဟုတ်ရင်တော့ ကိုယ့်လမ်းကို လျှောက်ပေတော့ ကျုပ်တို့ လမ်းခွဲကြမယ်"
ချီမင်းဖန်ကား ကောင်းချန်းတို့နှစ်ယောက်ကို စီမံကိန်းမှ တရားဝင် ထုတ်ပယ်လိုက်လေပြီ။
"ကျုပ် မသွားရင်ကော"
ကောင်းချန်းက သွေးတိုးစမ်းလိုက်ပြန်သည်။
"အဲဒါဆိုရင်တော့ ကျုပ် မင်းကို သတ်ပစ်မယ်"
ကောင်းချန်း၏ မျက်နှာ မဲခနဲ ဖြစ်သွား၏။
"ခင်ဗျား လုပ်ရဲသလား"
"လုပ်ရဲ မလုပ်ရဲ သိချင်ရင် စမ်းကြည့်လေကွာ"
ချီမင်းဖန်၏ လေသံမှာ အထူးပင် တင်းမာလာ၏။
ထိုစဥ် ချိရှန်းယွမ်က ဝင်ပြောလိုက်သည်။
"ထားလိုက်တော့ သခင်လေးကောင်း ဆက်ငြင်းနေလို့ အကျိုးမရှိတော့ဘူး ကျုပ်တို့ ကိုယ့်လမ်းကို သွားကြတာပေါ့"
ထိုသို့ပြောပြီး သူက ကောင်းချန်းအား ခေါင်းခါပြလိုက်၏။
ဆက်၍ အတိုက်အခံ လုပ်နေပါက ချီမင်းဖန်နှင့် သူတို့ တကယ်ပင် ထိပ်တိုက်တိုးတော့မည်မှန်း ချိရှန်းယွမ် သဘောပေါက်ထားသည် မဟုတ်ပါလား။
"ကောင်းပြီလေ ဒါဆိုလဲ ကျုပ်တို့ သွားမယ် နောက်ဆုံးတော့ ဘယ်သူ ရယ်နိုင်မလဲ ကြည့်ကြသေးတာပေါ့ကွာ"
ကောင်းချန်းက ပြောလိုက်၏။
ထိုအခါ ချီမင်းဖန်က ပြောလိုက်သည်။
"ဒါဆိုလဲ မင်းသားလေးကောင်းအနေနဲ့ ကျုပ်တို့စီမံကိန်းက တရားဝင် ထွက်ခွာကြောင်း စာရွက်စာတန်းလေးတွေမှာ လက်မှတ်ထိုးသွားပေးအုံး"
ထို့နောက် သူက အသင့်ပြင်ဆင်ထားသော စာရွက်များအား ကောင်းချန်းရှေ့တွင် ချပေးလိုက်၏။
ကောင်းချန်းလည်း မဆိုင်းမတွပင် လက်မှတ်ထိုးပေးလိုက်သည်။
ထိုအခါ ချီမင်းဖန်က ပြောလိုက်သည်။ သူ့မျက်နှာမှာ ပြုံးရွှင်နေ၏။
"ဟုတ်ပြီ ဒါဆိုရင် မင်းသားလေးကောင်းအတွက် ဒီနေ့ကစပြီး ကျုပ်တို့မှာ တာဝန်မရှိတော့ဘူး မင်းသားလေးအနေနဲ့ ကိုယ်လုပ်ချင်ရာကို စိတ်တိုင်းကျ လုပ်ဆောင်နိုင်ပြီ ကျုပ်တို့နဲ့ ဘာမှ မဆိုင်တော့ဘူး"
ကောင်းချန်း ချီတုံချတုံ ဖြစ်နေ၏။ ထို့နောက် သူက အခန်းထဲမှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
ထိုစဥ် ချီမင်းဖန်က ပြောလိုက်သည်။
"လမ်းခွဲဖို့ကို ကျုပ်က အဆိုပြုတာဆိုတော့ သွားချင်းသွားရင် ကျုပ်တို့ပဲ သွားပါ့မယ် မင်းတို့က ဒီမှာ နေခဲ့ပါ နေချင်သေးတယ်ဆိုရင်ပေါ့"
ထို့နောက် ချီမင်းဖန်သည် အခန်းထဲမှ ထွက်ခွာလာခဲ့၏။ အပြင်သ််ို့ ရောက်သည့်တိုင်အောင် အချိန်အတော်ကြာအောင် လမ်းဆက်လျှောက်နေပြီးမှ ချီမင်းဖန်က ဆက်သွယ်ရေးကိရိယာကို ဖွင့်လိုက်သည်။
"မင်းခိုင်းတဲ့ကိစ္စ အောင်မြင်ပြီကွ"
ချီမင်းဖန်ထံမှ ဆက်သွယ်မှု ရသည်နှင့် စုချန်း အားရပါးရ ပြုံးလိုက်သည်။
ထို့နောက် သူသည် မီးဖိုချောင်သို့ လျှောက်သွားပြီး ချက်ပြုတ်ပြင်ဆင်နေသူတဦးအား အမိန့်ပေးလိုက်သည်။
"ဒီနေ့ည အကျဥ်းသားဆီ ထမင်းပို့ရင် ကြက်ခြေထောက်ဟင်း ထည့်ပေးလိုက် ပြီးတော့ သူ့အတွက် အချိန်ကုန်ပြီလို့ အကျဥ်းသားကို ပြောလိုက်"
ထိုနေ့ညတွင် ဖြစ်သည်။
အစေခံအဖိုးကြီးသည် စားစရာများ ထည့်ထားသော ပန်းကန်ပြားအား ဟေးစုရှေ့တွင် ချပေးရင်း ပြောလိုက်သည်။
"မင်းတော့ ကံကောင်းသွားပြီ ဒီည ကြက်ခြေထောက်ဟင်းတခွက် အပိုရတယ် ရှေ့ဆက်ရမဲ့ခရီးအတွက် အားရှိအောင် များများသာ စားထားပေတော့"
ဟေးစုသည် ကြက်ခြေထောက်အား စိုက်ကြည့်ရင်း ပြုံးလိုက်သည်။ ထို့နောက် သူက လူခေါ်ခေါင်းလောင်းအား နှိပ်ချရင်း ပြောလိုက်သည်။
"ကျုပ် ပြောမယ်...ကျုပ် ပြောပါတော့မယ်...မင်းတို့ သိချင်သမျှ အကုန်လုံး ကျုပ် ပြောပြပါတော့မယ်ဗျာ"
***