← Chapters

ငါ့ကိုဓားနဲ့ထိုးပါ

Vol. 54 Ch. 532

ငါ့ကိုဓားနဲ့ထိုးပါ

Vol. 54 Ch. 532

"သူတို့ အခု အမှတ် ၄၂ ဝမ်းဘဲလမ်းမှာ ရှိနေတယ်"

ဟေးစုက စကားကို လက်စသတ်လိုက်၏။

"ရှင် အခုကျမှ ဘယ်လိုဖြစ်လို့ ပြောဖို့ဆန္ဒရှိလာတာလဲ"

ကျူးရှန်းယောင်က စကားအစ်လိုက်သည်။

"ကျုပ်မှ မသေချင်သေးတာပဲဗျ"

ဟေးစုက ပွင့်ပွင့်လင်းလင်းပင် ဖြေလိုက်၏။

"ရှင် မသေချင်သေးဘူး ဟုတ်လား ရှင်အခုမှ ပြောတော့ရော ရှင့်စကားတွေက တန်ဖိုးရှိနေအုံးမယ်လို့ ရှင် ထင်နေသေးတာလား ရှင် ပျောက်နေတာကြာပြီ ဒီလောက်ဆိုရင် ရှင် ကျွန်မတို့လက်ထဲရောက်နေပြီမှန်း ကလေးတွေတောင် သိတယ် ဒီအခြေအနေမှာ ရှင် ပြောတဲ့နေရာကို သူတို့ သုံးနေအုံးမယ် ထင်နေသလား ခုမှ ရှင်က ဒီလိပ်စာ ပြောပြတော့ရာ ဘာအသုံးဝင်တော့မှာလဲရှင့်"

"အသုံးဝင်တာပေါ့ဗျ ဘာကြောင့်လဲဆိုတော့ ကျုပ်ပြောတဲ့ နေရာဟာ သူတို့ ကျုပ်ကို ဘယ်တုန်းကမှ မပြောခဲ့တဲ့ လျှို့ဝှက်ဆုံရပ်ဖြစ်နေလို့ပဲ ဒါကို ကျုပ် မတော်တဆ သိထားတာဗျ ခင်ဗျား ကျုပ် လိမ်မလိမ် သေချာ မပြောနိုင်ဘူးမလား ဒီတော့ သိချင်ရင် အဲဒီနေရာကို သွားကြည့်ပေါ့ဗျာ"

ဟေးစု၏ သရုပ်ဆောင်ပုံမှာ ပီပြင်လွန်း၏။

ကျူးရှန်းယောင်သည် ဟေးစု၏ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများအား ဂရုတစိုက်နှင့် စောင့်ကြည့်နေလေသည်။ မည်သည့် အပြောင်းအလဲမှ မတွေ့သောအခါ သူမက ပြောလိုက်၏။

"ဒီတခါတော့ သူ လိမ်နေတာမဟုတ်ဘူး"

ထို့နောက် သူမက ထိုင်နေရာမှ ထရပ်ရင်း အမိန့်ပေးလိုက်၏။

"တခြားလူတွေကို အကြောင်းကြားလိုက် အားလုံး အသင့်ပြင်ထားကြလို့"

"ကောင်းပါပြီ သခင်မလေး"

ထို့နောက် ကျောက်ကျင်းဝင် ထိုနေရာမှ ထွက်ခွာသွား၏။

ထိုစဥ် စုချန်းက ဝင်ပြောလိုက်သည်။

"သခင်မလေး ဒီလူ သူသိထားသမျှအကုန်လုံးကို ပြောပြလိုက်ပြီဆိုတော့ ကျုပ်တို့အတွက် အသုံးမဝင်လောက်တော့ဘူး ဒီတော့ ကျုပ်တို့ သူ့ကို..."

စုချန်းက စကားကို ဆုံးအောင်မပြောပဲ လည်ပင်းအား လက်နှင့်ခုတ်ဖြတ်သည့်သဏ္ဍာန် ပြုလုပ်ပြလိုက်၏။

(ဒီနေရာမှာ မူရင်းစာရေးသူ ဒါမှမဟုတ် အင်္ဂလိပ်လို ပြန်ဆိုသူ၊ ဘယ်သူ့ရဲ့ အားနည်းချက်လဲတော့ မသိဘူး စုချန်းဟာ ဘယ်သူ့ပုံစံကို ပြောင်းထားမှန်း အတိအကျ မရေးထားဘူးခင်ဗျ ကြည့်ရတာတော့ ကျူးရှန်းယောင်ရဲ့ တပည့်လက်သားတယောက်ပုံစံကို ပြောင်းလဲထားဟန်တူပါတယ် ဖြည့်ပြီး ဖတ်ပေးကြပါ ပုံ...စာရေးသူ)

စုချန်း၏ စကားကို ကြားသည်နှင့် ဟေးစု ကြောက်လန့်တကြားနှင့် ထအော်လိုက်သည်။

"ဟာ ဟာ မလုပ်နဲ့လေ ပြောပြရင် ကျုပ်ကို မသတ်ဘူးလို့ မင်းတို့ ကတိပေးထားတယ်လေ"

"မင်းပါးစပ်ကို ပိတ်ထားစမ်း"

စုချန်းက တချက်ငေါက်ပြီး ဟေးစု၏ လည်မြိုအား ဖမ်းညှစ်ထားလိုက်၏။ ကျူးရှန်းယောင်၏ နှုတ်ဖျားမှ စကားတခွန်းထွက်လာသည်နှင့် ဟေးစုတယောက် အသက်ပျောက်ရတော့မည့်ဟန်ပင်။

ကျူးရှန်းယောင် တွေဝေပြီး စဥ်းစားနေ၏။ ထို့နောက် သူမက ပြောလိုက်သည်။

"ထားလိုက်တော့ သူ့ကို ခနတဖြုတ် အသက်ရှင်ခွင့်ပေးထားလိုက်တာကောင်းမယ် အနာဂတ်မှာ သူ အသုံးဝင်ကောင်ဝင်လာနိုင်တယ်"

"မင်း ကံကောင်းသွားတယ်"

ထိုသို့ပြောပြီးသည်နှင့် စုချန်းသည် ဟေးစုအား ကုပ်မှဆွဲကိုင်ကာ အချုပ်ခန်းဆီသို့ ဆွဲခေါ်သွား၏။

​ဟန်သာဆောင်နေရသည်။ စုချန်း၏ စိတ်ထဲတွင်တော့ သက်ပြင်းချမိနေ၏။

အကြောင်းမှာ ကျူးရှန်းယောင်သာ ဟေးစုအား သတ်ပစ်ရန် အမိန့်ပေးခဲ့ပါက ဟေးစုတယောက် ကျိန်းသေပေါက် လွတ်မြောက်သွားမည့်အခြေအနေတွင် ရှိနေသောကြောင့်ပင်။ စုချန်းတွင် သေချင်ယောင်ဆောင်နိုင်သည့် ဆေးရည်တမျိုး ရှိ၏။ ထိုဆေးအား ဟေးစုလက်ထဲသို့ ကနဦးကတည်းက စုချန်း ထည့်ပေးထားပြီး ဖြစ်သည်။ ဟေးစုကလည်း ထိုဆေးအား သောက်ထားပြီး ဖြစ်သည်။ ကျူးရှန်းယောင်၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် စုချန်းက ဟေးစုအား သတ်ချင်ယောင်ဆောင်လိုက်မည်။ ထိုအချိန်တွင် ဟေးစုအနေနှင့်လည်း သေချင်ယောင်ဆောင်နိုင်သည့်ဆေးရည်အား တခါတည်း သောက်ချလိုက်ရမည် ဖြစ်သည်။ ဟေးစု၏ အသက်ပျောက်ပုံပေါ်နေသည့် ကိုယ်ခန္ဓာ ရဲတိုက်အပြင်ရောက်သွားသည်နှင့် ချီမင်းဖန်တို့လူသိုက်က ၎င်းအား လာရောက်ယူငင်မည် ဖြစ်သည်။ ထိုအချိန်မှာ ဟေးစု လွတ်မြောက်သွားမည့် အချိန်ပင်။

သို့သော် ဟေးစုကား ကံမကောင်းရှာ။ ကျူးရှန်းယောင်က ၎င်းအား ဆက်လက်ဖမ်းဆီးထားရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် သူတို့၏ အစီအစဥ်မှာ သဲထဲရေသွန် ဖြစ်သွားခဲ့ရလေပြီ။ စုချန်း ကြိုးစားဖော်စပ်ထားရသည့် ဆေးရည်မှာလည်း အလဟသ ဖြစ်ရပေပြီ။

"မင်းတော့ ကံဆိုးတာပဲကွ"

ဟေးစုအား အချုပ်ခန်းအတွင်း ထည့်ရင်း စုချန်းက လေသံနှင့် ပြောလိုက်သည်။

"ကျုပ် ဘာဆက်လုပ်ရမလဲ"

ဟေးစုကား အတော်ပင် တုန်လှုပ်နေ၏။

"ဒီမှာ နည်းနည်း ထပ်နေလိုက်ပေါ့ကွာ ကျုပ် မင်းကို အပြင်ရောက်အောင် ထုတ်ပေးမှာပါ"

စုချန်းက နှစ်သိမ့်လိုက်လေသည်။

"ဒါပေမဲ့ မင်း ခုနကပြောတော့ ဒီမှာ ကျုပ်နေရတာ ဒီတခါ နောက်ဆုံးပဲဆို ခုကျတော့ ကျုပ် ဒီမှာ ရှိနေတုန်းပဲ"

"ဒီတော့ မင်းက ကျုပ် အသုံးမကျဘူးလို့ ပြောချင်တာလား ဒါဆိုလဲ ကျုပ်နေရာမှာ နောက်တယောက်ကို အစားထိုးပေးမယ်"

"ကျုပ် ဒီသဘောနဲ့ ပြောတာမဟုတ်ပါဘူးလေ"

ဟေးစု ရေရွတ်လိုက်၏။

"ပြီးတာပဲလေ"

ပြောပြောဆိုဆို စုချန်းသည် ဟေးစုအား အချုပ်ခန်းအတွင်းသို့ ထည့်လိုက်၏။

ထို့နောက် မူလလက်စွပ်တကွင်းကို ဟေးစုလက်ထဲ ထည့်ပေးရင်း စုချန်းက ပြောလိုက်သည်။

"မင်းကို ကျုပ် ဘာအခွင့်အရေးမှ မပေးခဲ့ဘူးလို့ မပြောနဲ့ ရော့ ဒါကို ယူထားလိုက် ဒါ မင်းရဲ့ မူလလက်စွပ်ပဲ ဒီအထဲမှာ မင်းပစ္စည်းတွေ အကုန်ရှိနေသေးတယ် ဒါတင်မကဘူး အသုံးဝင်နိုင်ဖွယ်ရှိတဲ့ ဆေးတချို့ပါ ကျုပ် ထည့်ပေးထားသေးတယ် ဒီတော့ ဒီကနေ လွတ် မလွတ်ဆိုတာ မင်းရဲ့အရည်အချင်းပေါ်မှာပဲ မူတည်တော့တယ် စိတ်တိုင်းကျသာ လုပ်ပေတော့ ဒါပေမဲ့ ဒီနေ့တော့ ဘာမှ မလှုပ်ရှားနဲ့အုံး သေချင်ယောင်ဆောင်တဲ့ဆေးကို သောက်ထားတော့ သိပ်မကြာခင် မင်း သေချာပေါက် အိပ်ပျော်သွားလိမ့်မယ်"

ဟေးစုက လက်စွပ်ကို ဆုပ်က်ိုင်ပြီး စိုးရိမ်တကြီးနှင့် ပြောလိုက်သည်။

"ဒါကြီးကို ကျုပ်က ဘယ်နားမှာ ဖွက်ထားရမှာတုန်း"

"ဒါ ကျုပ်နဲ့မဆိုင်တော့ဘူး"

ဟေးစုအနေနှင့် လက်စွပ်ကို သူ့လက်တွင် ဝတ်ထား၍ မရသည်ကတော့ သေချာနေ၏။

ဟေးစုသည် ဘာလုပ်ရမှန်း မသိဟန်ဖြင့် ဟိုကြည့်သည်ကြည့် လုပ်နေ၏။ အတန်ကြာသော် သူ့အကြည့်က ဘောင်းဘီခွကြားသို့ ရောက်သွားလေသည်။

စုချန်း ကြိတ်၍ ပြုံးလိုက်၏။

"မင်း...မင်း...ဒီလို ဖြစ်မယ်မှန်း ကြိုတွေးထားလို့ လက်စွပ်ကို ကျုပ်လက်ထဲ တမင်ထည့်လိုက်တာမလား"

"ကျုပ် ဘယ်သူ့ကိုမှ မပြောပါဘူးကွာ"

ဟေးစုလည်း ဘာမှမတတ်နိုင်တော့။ ဘောင်းဘီကို ချွတ်ရန် ဟန်ပြင်လိုက်သည်။ သို့သော် ထိုအချိန်ထိ စုချန်း ထိုနေရာမှာပင် ရှိနေသေးလေးရာ ဟေးစု စိတ်မရှည်နိုင်တော့။

"မင်းက ဘာဖြစ်လို့ မသွားသေးတာတုန်း"

"မူလလက်စွပ်ကို ဖင်ထဲထည့်သိမ်းတာမျိုး တခါမှ မမြင်ဖူးလို့ ကြည့်ရအောင်လို့ပေါ့ကွာ"

စုချန်း ရယ်မောရင်း ပြောလိုက်၏။

"နောက်တာပါကွာ တကယ်တော့ ကျုပ်အနေနဲ့ အချိန်ဆွဲဖို့ လိုနေလို့ပါ ကျူးရှန်းယောင်ဟာ တိုက်ခိုက်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းနေတယ် ကျုပ် ချက်ချင်းမသွားပဲ နည်းနည်းစောင့်နေလိုက်ရင် အဲဒီထဲမှာ ပါစရာမလိုတော့ဘူးလေ"

ဟေးစု အံ့သြသွား၏။

"မင်းက ရဲတိုက်ထဲမှာ ကျန်နေခဲ့ချင်လ်ို့လား ဟိုလူတွေက မင်းကို လုပ်ကြံတဲ့ကောင်တွေလေ ဒီကောင်တွေကို ပညာမပေးချင်ဘူးလား"

စုချန်း ပုခုံးတွန့်လိုက်သည်။

"ကျုပ်အနေနဲ့ ယူထျန်းယန်နေရာကို ပြန်ယူထားမှကို ဖြစ်မှာမို့လို့ပေါ့ကွာ"

"မင်းဟာ အရာရာတိုင်းကို စေ့စေ့စပ်စပ် စဥ်းစားထားတာပဲကွ"

ထို့နောက် ဟေးစုသည် ဘာမှမတတ်နိုင်တော့ပဲ ဘောင်းဘီထဲ လက်ထိုးထည့်ကာ လက်စွပ်က်ို ဖွက်လိုက်၏။

၎င်းကို ကြည့်ရင်း စုချန်း ရယ်မောလိုက်သည်။

"ကဲ ကျုပ်လဲ သွားဖို့အချိန်တန်ပြီနဲ့တူတယ်"

ထို့နောက် စုချန်းသည် အချုပ်ခန်းရှေ့မှ ထွက်ခွာလာခဲ့လေသည်။

_______×××_________×××__________

ကျူးရှန်းယောင်ကား သူမ၏ လက်ရွေးစင်အဖွဲ့သားများကို ခေါ်ကာ ရဲတိုက်မှ ထွက်ခွာသွားပြီ ဖြစ်သည်။

ရဲတိုက်ထဲတွင် အစောင့်အနည်းငယ်သာ ကျန်ရစ်ခဲ့၏။

ယူထျန်းယန်၏ အခန်းရှေ့တွင် အစောင့်တဦးသာ ရှိနေ၏။

ထိုအစောင့်အား စိတ်ဝိညာဥ်နည်းစနစ်ကို သုံးကာ စုချန်းက အလွယ်တကူပင် အိပ်မောကျစေလိုက်သည်။

အခန်းထဲသို့ ရောက်သည်နှင့် အိပ်ယာပေါ်တွင် သတိလစ်နေသော ယူထျန်းယန်ကို စုချန်း အတိုင်းသား တွေ့လိုက်ရ၏။

"ဝက်နဂါးသွေးဗီဇ ဟုတ်လား"

တီးတိုးရေရွတ်ရင်း စုချန်း ပြုံးလိုက်သည်။ ထို့နောက် သူသည် ယူထျန်းယန်၏ ဒဏ်ရာအဝကို ဖွင့်ပြီး သွေးထွက်စေကာ ထိုသွေးတို့အား ပုလင်းငယ်တချို့ထဲသို့ ထည့်လိုက်၏။

တဖန် စုချန်းသည် ယူထျန်းယန်ကို ထမ်းပြီး လှေကားထစ်အတိုင်း ဆင်းလာခဲ့လေသည်။

လမ်းခုလတ်တွင် ကြုံတွေ့သမျှ အစောင့်များအား သေစေနိုင်သောစုန်းမကို သုံးကာ စုချန်း လှည့်စားထားခဲ့၏။ ရဲတိုက်ထဲတွင် မည်သည့်ပညာရှင်အဆင့်မျှ ကျန်မနေခဲ့လေရာ အရာရာတိုင်းမှာ စုချန်းအတွက် ငှက်ပျောသီး အခွံနွှာစားသည်ထက်ပင် လွယ်နေသေးသည်။ မည်သူမှ စုချန်း ဝင်လာပြီး ပြန်ထွက်သွားသည်ကို သတိမထားမိလိုက်။

ရဲတိုက်အပြင်သို့ ရောက်သည်နှင့် စုချန်းက လေချွန်သံတချက် ပေးလိုက်ရာ ရုတ်ချည်းဆိုသလို ညတစ္ဆေ ပေါ်လာ၏။

စုချန်းကို ကြည့်ရင်း ညတစ္ဆေက စိတ်ရှုပ်ထွေးဟန်ဖြင့် ပြောလိုက်သည်။

"ရှင်ပြောတော့ ဟေးစုကို ကယ်ခဲ့မယ်ဆို ဘယ်လိုဖြစ်လို့ ဒီဝတုတ် ဖြစ်နေပြန်တာတုန်း"

"ဟေးစု အခု ထွက်လာလို့ မရသေးဘူး ဒါကြောင့် ဒီဝတုတ်ကိုပဲ အရင်သယ်လာခဲ့တာ ဒီတခါ ဒီကောင့်ကို မလွတ်သွားစေနဲ့"

"စိတ်ချစမ်းပါရှင် ကျွန်မနဲ့သာဆိုရင် သူ ထွက်ပြေးလို့ မလွတ်ပါဘူး"

ညတစ္ဆေက ရင်ဘတ်ကို ပုတ်ရင်း ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပြောလိုက်သည်။

"ပေါ့လို့မရဘူးကွ သေချာဂရုစိုက်မှရမယ်"

"ကောင်းပါပြီရှင် ဒါနဲ့ တခြား အမိန့်ပေးစရာများ ရှိသေးလား"

"ရှိသေးတယ်ကွ"

ထို့နောက် စုချန်းသည် သူ့အဝတ်အစားများကို ချွတ်ပြီး ယူထျန်းယန်၏ အဝတ်အစားများအား ပြောင်းလဲဝတ်ဆင်လိုက်၏။

ညတစ္ဆေ မျက်လုံးပြူးသွားလေသည်။

"ရှင် ဘာတွေလုပ်နေတာတုန်း"

စုချန်းကား သူမ၏ မေးခွန်းကို ဂရုမစိုက်ပဲ သူ့ကိုယ်သူ ညွှန်ပြရင်း ပြောလိုက်သည်။

"ဒီနေရာကို တွေ့လား ဓားနဲ့ထိုးလိုက်စမ်း"

ညတစ္ဆေ မျက်လုံးအဝိုင်းသားနှင့် ဖြစ်နေ၏။

စုချန်းက ပြောလိုက်ပြန်သည်။

"ကျုပ်ကို စိတ်ပူနေတာလား မပူပါနဲ့ကွ ဒီလောက် ဒဏ်ရာသေးသေးလေးနဲ့ ကျုပ် ဘာမှမဖြစ်ပါဘူး"

"ကျွန်မ..."

ညတစ္ဆေ တုန်တုန်ယင်ယင်နှင့် ဓားကို မြောက်လိုက်သည်။ စိတ်ရင်းသဘောထား ရိုးစင်းလှသည့် မိန်းကလေးကား အမှန်တကယ် ​ကြောက်လန့်နေပုံပင်။

စုချန်းက လောဆော်လိုက်ပြန်သည်။

"မြန်မြန်"

ညတစ္ဆေ ဘာမှမပြောတော့ပဲ စုချန်းအား ဓားနှင့်ထိုးချလိုက်၏။

စုချန်း ဒဏ်ရာကို စစ်ဆေးကြည့်ရင်း ​ငေါက်လိုက်သည်။

"မင်း ထမင်းစားမလာဘူးလား"

"ကျွန်မ...ကျွန်မ..."

စုချန်း ထပ်မံအော်ဟစ်လိုက်ပြန်သည်။

"အားနည်းနည်း သုံးစမ်းပါကွ ဒီလောက်ဒဏ်ရာတိမ်တိမ်လေးနဲ့ သူတို့ကို ဘယ်လိုအရူးလုပ်မလဲ"

ညတစ္ဆေ ဘာမှမတတ်နိုင်တော့။ စုချန်းအား ဓားနှင့်ထိုးလိုက်ပြန်၏။

စုချန်း မသည်းမကွဲ ငြီးတွားလိုက်သည်။ ဒဏ်ရာမှ သွေးများ ပန်းခနဲ ထွက်လာ၏။ ဒဏ်ရာကို စစ်ဆေးကြည့်ရင်း စုချန်းက ပြောလိုက်ပြန်သည်။

"တိမ်သေးတယ်ကွ ထပ်ထိုးအုံး"

ညတစ္ဆေ အံကိုတင်းတင်းကြိတ်ပြီး ဓားနှင့် ထိုးလိုက်ပြန်သည်။

စုချန်း၏ ပါးစပ်မှသွေးများ ပွက်ခနဲ အန်ချလိုက်၏။

"ဘယ့်နှယ့်လဲ ရပြီလား"

ညတစ္ဆေ ကြောက်လန့်တကြားနှင့်မေးလိုက်သည်။

"သေစမ်း များသွားပြီကွ"

ဒဏ်ရာမှ သွေးများကို ညှစ်ထုတ်ပြီး စုချန်း ပြောလိုက်၏။

"ဒါဆိုလဲ ကျွန်မ နောက်တကြိမ် ကြိုးစားကြည့်မယ်"

စကားဆုံးသည်နှင့် ညတစ္ဆေက စုချန်းအား ဓားနှင့် စွပ်ခနဲ ထိုးချလိုက်၏။

သူ့ခန္ဓာကိုယ်တွင် စိုက်ဝင်နေသော ဓားအား စုချန်း ငုံ့ကြည့်လိုက်သည်။

"ဒီလောက်ဆိုရင် ရပြီလား"

"ရပါပြီကွာ ရပါပြီ"

စုချန်းခမျာ လက်ကာပြရင်း စကားကိုအနိုင်နိုင် ပြောနေရရှာ၏။

"မင်း သွားလို့ရပါပြီ သူ့ကိုခေါ်ပြီး ဒီနေရာက ထွက်သွားတော့"

ညတစ္ဆေလည်း ယူထျန်းယန်ကို ထမ်းပြီး ထိုနေရာမှ ထွက်ခွာသွား၏။

ညတစ္ဆေထွက်ခွာသွားသည်နှင့် စုချန်းသည် ဒဏ်ရာကို တင်းကျပ်စွာ ပိတ်ရင်း ရဲတိုက်ဆီသို့ ပြန်လာခဲ့၏။

ယူထျန်းယန်၏ အခန်းထဲသို့ရောက်သည်နှင့် ဆေးရည်တချို့ကို ကမန်းကတန်း မော့သောက်ပြီး စုချန်း အိပ်ယာပေါ်သို့ လှဲချလိုက်သည်။

အိပ်ယာပေါ်တွင် လှဲလျောင်းနေရင်း စုချန်း ရေရွတ်လိုက်၏။

"ငါ သူ့ကို ဘာဖြစ်လို့ ခိုင်းမိတာပါလိမ့် ဟေးစုကို ခိုင်းလိုက်ရရင် အကောင်းသား"

ထို့နောက် စုချန်းတယောက် အမှန်တကယ်ပင် သတိလစ်သွားလေသည်။

***

All Chapters