နဝမမြောက်မျက်လုံးကျောက်စိမ်းမြွေစလွယ်
Vol. 54 Ch. 534
အားလုံး အစီအစဥ်အတိုင်းပဲ...
ထိုစကားကို ကြားလိုက်သည်နှင့် စုချန်း အားရပါးရ ပြုံးလိုက်၏။
မှန်၏။ သူသည် ကောင်းချန်းအား သတ်ဖြတ်ရန် ကျူးရှန်းယောင်တို့လူစုအား ရာနှုန်းပြည့် အားကိုးထားခြင်းမရှိ။ သူ့အစီအစဥ်၏ နောက်ဆုံးဝှက်ဖဲမှာ ယွဲ့လောင်ရှပင် ဖြစ်သည်။ တနည်းအားဖြင့် သူသည် ကျူးရှန်းယောင်တို့အား ရှေ့ပြေးတပ်ဖွဲ့များအဖြစ် အသုံးပြုလိုက်ခြင်းပင်။
ကောင်းချန်းအား ကယ်ထုတ်လာနိုင်ပြီးသည့်နောက်တွင် နောက်ထပ် လူတစု အမှောင်ထဲတွင် သူတို့အား သတ်ဖြတ်ရန် စောင့်ဆိုင်းနေမည်ဖြစ်ကြောင်း ချိရှန်းယွမ် အိပ်မက်မျှပင် မမက်မိ။
ထိုအခြေအနေတွင် ယွဲ့လောင်ရှနှင့် သူ့အဖွဲ့ဝင်များသည် ကောင်းချန်းတို့နှစ်ယောက်အား အလွယ်တကူပင် ကိုင်တွယ်နိုင်ခဲ့လေသည်။
"အားလုံး ချောချောရှုရှုပဲဆိုရင် ပြီးတာပါပဲကွာ"
စုချန်းက ယွဲ့လောင်ရှအား ပြန်ပြောလိုက်၏။
"ဒီကိစ္စကို အရေးတယူ လုပ်ပေးတဲ့အတွက် ကျွန်မကလဲ ရှင့်ကို ကျေးဇူးပါပဲရှင်"
"ထားလိုက်ပါကွာ ကျုပ်တို့က သူငယ်ချင်းတွေပဲဟာ"
"သူငယ်ချင်းတွေ..."
ယွဲ့လောင်ရှ နှုတ်ဆိတ်သွား၏။
အချိန်အတော်ကြာမှ သူမက ပြန်ပြောလိုက်သည်။
"ဟုတ်ပါတယ်လေ ကျွန်မတို့က သူငယ်ချင်းတွေပဲဟာ"
သို့သော် သူမ၏ စကားသံထဲမှ အေးစက်သော အငွေ့အသက်ကို စုချန်း ခံစားနေရလေသည်။
ထိုအခါ စုချန်း၏ အမူအရာမှာ တည်ကြည်လေးနက်လာ၏။
အတန်ကြာသော် သူက ပြောလိုက်သည်။
"ကဲ ဒီကိစ္စကို ရှင်းပြီးပြီဆိုတော့ နောက်အစီအစဥ်က ဘာလဲ"
"တာဝန်ပြီးမြောက်အောင်မြင်ပြီဆိုတော့ ပြန်ရုံပဲပေါ့ရှင် ပြီးရင်တော့တခြား ဘာတာဝန်များရှိမလဲ ကြည့်ရမှာပေါ့ ကျွန်မတို့က လျှို့ဝှက်အဖွဲ့ပဲလေ ဒီအဖွဲ့ရဲ့ တာဝန်ကိုက နိုင်ငံတော်အတွက် ဖြစ်နိုင်ချေရှိတဲ့ ခြိမ်းခြောက်မှုတွေကို စောင့်ကြည့်နေဖို့ပဲမလား"
"မင်းက ဒီလိုပြောလာတယ်ဆိုတော့ ကျုပ်မှာ မင်း စိတ်ဝင်စားမဲ့ သတင်းတချို့ရှိတယ်"
"လှည့်ဖျားနှလုံးသားကျူးမျိုးနွယ်စုဟာ လောင်စန်းနိုင်ငံကို ထိုးဖောက်ဝင်ရောက်ပြီး ခြေကုပ်ယူဖို့ ကြိုးစားနေတယ် ဒီသတင်းကို မင်း စိတ်ဝင်စားရဲ့လား လက်ထောက်ခေါင်းဆောင်"
ယွဲ့လောင်ရှ တခစ်ခစ်နှင့် ရယ်မောလိုက်သည်။
"ဒါကို ကျွန်မ သိပြီးပါပြီ တခြားနိုင်ငံက တော်ဝင်မျိုးနွယ်စုတချို့ဟာ တခြားမျိုးစိတ်တွေနဲ့ ပူးပေါင်းပြီး နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဖို့ ကြိုးစားနေတာကို ကျွန်မတို့ သိထားတယ် ပြီးတော့ ရှင်သန်ခြင်းကျောင်းတော်က လူဆိုးတချို့လဲ ရှိသေးတယ် ဒီလို လူဆိုးတွေက တိတ်တဆိတ် နောက်ကွယ်က ကူညီပေးနေတဲ့ မူလဗျူရိုအကြီးအကဲဟောင်းတယောက်လဲ ရှိသေးတယ် အကုန်လုံးကို ကျွန်မတို့ သေသေချာချာ စုံစမ်းမှာပါ"
စုချန်း ချောင်းတဟွတ်ဟွတ် ဆိုးလိုက်၏။
"ဒီလို ကစားရတာတော့ ပျော်စရာမကောင်းဘူးကွာ"
ယွဲ့လောင်ရှ ရယ်မောလိုက်၏။
"ကျွန်မတို့မှာ နာမည်စာရင်း ရှိနေပြီဆိုပေမဲ့ လက်သည်တွေကိုပဲ သိသေးတာ နောက်ကွယ်က အစီအစဥ်တွေအားလုံးကို မဖော်ထုတ်သေးနိုင်ဘူး ဒါကြောင့် တခြားလူတွေ ပြန်ကြပေမဲ့ ကျွန်မကတော့ ဒီမှာဆက်ကျန်နေပြီး စောင့်ကြည့်အုံးမယ်"
"ဒါဆိုလဲ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါကွာ"
အချိန်အတော်ကြာအောင် စဥ်းစားနေပြီးနောက် စုချန်းက ယွဲ့လောင်ရှအား သတိပေးလိုက်လေသည်။
________×××__________×××_________
နောက်လာမည့်ရက်များတွင်တော့ စုချန်းသည် အပြည့်အဝပင် အနားယူနေ၏။ သို့မှသာ သူ့ဒဏ်ရာ သက်သာလာမည် မဟုတ်ပါလား။
သိပ်မကြာမီ စုချန်း၏ ဒဏ်ရာများ အပြည့်အဝ ပျောက်ကင်းသွား၏။ လက်ရှိတွင် ကျူးရှန်းယောင်သည် သူ့အား သံသယဝင်ခြင်း မရှိတော့လေရာ သူသည် ရဲတိုက်အနှံ့ လွတ်လပ်စွာ သွားလာခွင့်ရှိလာ၏။
ဟေးစုမှာကား ရှေးနည်းအတိုင်း အချုပ်သားဘဝနှင့် စစ်ဆေးခြင်းခံနေရ၏။ သို့သော် စုချန်း၏ ကာကွယ်ပေးမှုကြောင့် ယခုအချိန်ထိ ၎င်းသည် ခေါင်းနှင့်ကိုယ် အိုးစားမကွဲသေးပဲ ရှိလေသည်။
အချိန်မှာ မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးနေ၏။ ရက်နှစ်ဆယ်ဟူသောအချိန်မှာ ဘာမှမကြာလိုက်ဟုပင် ထင်ရလေသည်။
တလကုန်ဆုံးခါနီးတွင်တော့ ကျူးပိုင်ယု ပြန်ရောက်လာ၏။
လေသည် ပြင်းပြင်းထန်ထန်ပင် တိုက်ခတ်နေ၏။
"အခြေအနေ ဘယ်လိုရှိသလဲ ဆဌမဦးလေး"
ကျူးရှန်းယောင်က မေးခွန်းထုတ်လိုက်သည်။
"ကျုပ် မင်းကို စိတ်မပျက်စေရပါဘူးကွာ"
ပြောပြောဆိုဆို ကျူးပိုင်ယုက သူ့လက်စွပ်အတွင်းမှ ပစ္စည်းများ တခုပြီးတခု ဆွဲထုတ်လိုက်၏။ ထိုပစ္စည်းများမှာ စလွယ်တခု၊ စာလိပ်တလိပ်၊ မူလပုံစံကွက်ငွေပြားနှင့် ဆေးပုလင်း သုံးပုလင်းတို့ပင် ဖြစ်ကြသည်။
စလွယ်ကိုကိုင်ရင်း ကျူးပိုင်ယုက ရှင်းပြလိုက်သည်။
"ဒါကို နဝမမြောက်မျက်လုံး ကျောက်စိမ်းမြွေစလွယ်လို့ ခေါ်တယ် မင်းအနေနဲ့ ဒီအထဲမှာ စိတ်ဝိညာဥ်အမျိုးအစား သလင်းတုံးတွေ မြုပ်နှံအသုံးပြုနိုင်တယ် သလင်းတုံးတတုံးကို စိတ်ဝိညာဥ်စွမ်းအား ၁၀၀ထိ တိုးလာနိုင်တယ် ကံဆိုးတာက ဒီလို သလင်းတုံးတွေဟာ အလွန်ရှားတာပဲ ကျုပ်ကတော သလင်းတုံး ၃တုံးပဲ ရှာတွေ့ခဲ့တယ် "
တဖန် စာလိပ်ကို ကိုင်ပြီး ကျူးပိုင်ယုက ရှင်းပြပြန်သည်။
"ဒီစာလိပ်ကိုတော့ စိတ်ဝိညာဥ်ဒီလှိုင်းစာလိပ်လို့ ခေါ်တယ် သူက လူတယောက်ရဲ့ စိတ်ဝိညာဥ်စွမ်းအားကို ၂၀၀လောက်ထိ တိုးမြှင့်ပေးနိုင်တယ် ဒါပေမဲ့ သူကတော့ တခါသုံးပဲ ရမယ်"
တဖန် မူလပုံစံငွေပြားကို ကိုင်ရင်း ကျူးပိုင်ယုက ပြောလိုက်ပြန်၏။
"ဒါကတော့ စိတ်ဝိညာဥ်စွမ်းအားဆပွားမူလပုံစံငွေပြားပဲ သူက လူတယောက်ရဲ့ စိတ်ဝိညာဥ်စွမ်းအားကို ၁၀၀ထိ မြှင့်ပေးနိုင်တယ် သုံးခါသုံးလို့ရတယ်"
ကျန်ဆေးပုလင်းများမှာကား ဝိညာဥ်တည်ငြိမ်ခြင်းဆေးဝါးများ ဖြစ်သည်။
"ခုနောက်ပိုင်း ဒီဆေးထုတ်လုပ်မှု မြင့်မားလာတာကို ကျုပ်တို့ ကျေးဇူးတင်ရမယ် မဟုတ်ရင် ဒီဆေးတွေကို ဒီလောက်လွယ်လွယ်နဲ့ ကျုပ် ဝယ်လို့ရမှာ မဟုတ်ဘူး"
ကျူးပိုင်ယုအနေနှင့် ထိုပစ္စည်းများအားလုံးကို ဝယ်ယူလာသည်ဟု ပြောလျင် စုချန်း ရယ်မောမိမည်မှာ သေချာနေ၏။ အကြောင်းမှာ ၎င်း၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာသော သွေးညှီနံ့များကို စုချန်း ရှုရှိုက်မိနေသည် မဟုတ်ပါလား။
ဤပစ္စည်းများအတွက် တခြားလူများကို ကျူးပိုင်ယု သတ်ဖြတ်ခဲ့ခြင်းက ပို၍ ဖြစ်နိုင်ဖွယ်ရာ ရှိပေသည်။
"လိုတဲ့ပစ္စည်းတွေအကုန်လုံး ကျွန်မတို့လက်ထဲ ရောက်လာပြီဆိုတော့ ရတနာတွေရှာဖို့ ပြင်ဆင်ကြမယ် ကျန်လူတွေအကုန်လုံးကို အသိပေးလိုက်ပါ"
ကျူးရှန်းယောင်က စိတ်လှုပ်ရှားဟန်ဖြင့် ပြောလိုက်သည်။
"ခနနေပါအုံး"
စုချန်းက ဟန့်တားလိုက်သည်။
"ဘာဖြစ်လို့လဲရှင့်"
"ဒါနဲ့ ယောင်ယောင် ဒီပစ္စည်းတွေကို ဘယ်သူ့အပေါ်မှာ သုံးဖို့ မင်း စဥ်းစားထားသလဲ"
"ကျွန်မကိုယ်တိုင်ပဲ သုံးရမှာပေါ့"
ကျူးရှန်းယောင် အံ့သြသွား၏။
"ဒီထဲမှာ ကျွန်မထက် စိတ်ဝိညာဥ်စွမ်းအား မြင့်မားတာ တခြားဘယ်သူများ ရှိနေလို့လဲ"
"ဒါ...."
စုချန်း ခေါင်းကို တဗြင်းဗြင်းကုတ်လိုက်သည်။
"တကယ်တော့ ကျုပ် မင်းကို မပြောရသေးတာ တခုရှိတယ်ကွ"
"ဘာများပါလိမ့်"
"ကျုပ်ရဲ့ စိတ်ဝိညာဥ်စွမ်းအားဟာ ပြင်ပအရာဝတ္တုတွေအပေါ် လွှမ်းမိုးနိုင်တဲ့အဆင့်ထိ ရောက်နေပြီကွ"
စုချန်းက ခေတ္တစဥ်းစားရင်း ပြောလိုက်သည်။
"ရှင်ဘာတွေလျှောက်ပြောနေတာလဲ"
ကျူးရှန်းယောင်က စုချန်းအား မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်၏။
စုချန်း အချိန်ဖြုန်းမနေတော့။ ချက်ချင်းဆိုသလိုပင် သူ၏ စိတ်ဝိညာဥ်စွမ်းအင်များအား ဖွင့်ထုတ်လိုက်၏။ ထိုအခါ လူတိုင်း၏ စိတ်ထဲတွင် လေညှင်းလေးများ တိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ တဆက်တည်းမှာပင် စာရွက်ကဲ့သို့ ပေါ့ပါးသည့် အရာဝတ္တုများ လေပါ်သို့ ပျံတက်လာ၏။
၎င်းမှာ တစုံတယောက်၏ စိတ်ဝိညာဥ်စွမ်းအားသည် အဆင့်တခု ရောက်လာသည်နှင့် ပြင်ပအရာဝတ္တုများအပေါ် သက်ရောက်နိုင်စွမ်းရှိလာရမှ ဖြစ်ပေါ်လာသည့် ရလဒ်ပင် ဖြစ်သည်။
တကယ်တော့ စိတ်ဝိညာဥ်စွမ်းအားသည် ပြင်ပအရာဝတ္တုများအပေါ်တွင် အမြဲတစေ သက်ရောက်နိုင်စွမ်းရှိ၏။ သို့သော် တခြားစွမ်းအားများနှင့် မတူသည်မှာ စိတ်ဝိညာဥ်စွမ်းအား၏ ကနဦးသက်ရောက်နိုင်စွမ်းသည် ပရမအဆင့်တွင်သာ ရှိနေခြင်းပင်။ ထို့ကြောင့် အစောပိုင်းအဆင့်များတွင် စုချန်းသည် စိတ်ဝိညာဥ်လက်တံများကို ပရမတ်အမှုန်များအပေါ် အသုံးပြုနိုင်ခဲ့၏။
ယခုအချိန်တွင် ရှေးကထက် စိတ်ဝိညာဥ်စွမ်းအား များစွာမြင့်မားလာခဲ့ပြီဖြစ်သော စုချန်းသည် သူ၏ သက်ရောက်နိုင်စွမ်းကို ပရမတ်နယ်ပယ်မှ ပညတ်နယ်ပယ်အထိ ချဲ့ထွင်နိုင်လာခဲ့ပေပြီ။
ဝိညာဥ်မျိုးစိတ်များသည် ၎င်းတို့၏ ဝိညာဥ်ကိုယ်ထည် ဖြစ်ပေါ်လာပြီးနောက်ပိုင်းတွင် စိတ်ဝိညာဥ်စွမ်းအား ၁၀၀၀ ပတ်ချာလည်ခန့်အထိ ပိုင်ဆိုင်နိုင်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် စိတ်ဝိညာဥ်စွမ်းအားကိုအသုံးပြု၍ လက်တွေ့ဘဝအား လွှမ်းမိုးနိုင်သည့်အပြင် စိတ်ဝိညာဥ်စွမ်းအားနှင့် မူလစွမ်းအင်ကို ထိန်းချုပ်ပြီး မူလစွမ်းရည်များအဖြစ်ပါ ပြောင်းလဲအသုံးပြုနိုင်ကြလေသည်။
လက်ရှိတွင် စုချန်း၏ စိတ်ဝိညာဥ်စွမ်းအားမှာ ၄၀၀ ခန့်သာ ရှိနေသေး၏။ သို့တိုင်အောင် သူသည် လက်တွေ့ဘဝအား လွှမ်းမိုးနိုင်လာပြီ ဖြစ်သည်။ သူသာ ဆန္ဒရှိပါက သစ်သားအပိုင်းအစတခုအား လေထဲသို့ လွင့်ထွက်သွားအောင်ပင် စွမ်းဆောင်နိုင်၏။ ယခု စက္ကူစအား လေပေါ်ပျံတက်သွားအောင် စွမ်းဆောင်ပြလိုက်သည့်လုပ်ရပ်မှာ စုချန်း၏ ရာနှုန်းပြည့်စွမ်းရည်ပင် မဟုတ်သေးချေ။
သို့တိုင်အောင် ထိုစွမ်းရည်မျှလောက်သည်ပင် လူတိုင်းအား တုန်လှုပ်ခြောက်ခြားသွားစေ၏။
"ရှင့်ရဲ့ စိတ်ဝိညာဥ်စွမ်းအားက ပြင်ပအရာဝတ္တုတွေအပေါ်မှာတောင် သက်ရောက်နိုင်စွမ်းရှိနေပြီပဲ ရှင် ဘယ်လိုလုပ်လိုက်တာလဲ"
ကျူးရှန်းယောင် တကယ်ပင် အံ့သြထိတ်လန့်သွား၏။
"ဘာကြောင့်လဲဆိုတော့ စိတ်ဝိညာဥ်စွမ်းအားကို တိုးပွားလာစေတဲ့ နည်းစနစ်မျိုးကို ကျုပ် လေ့ကျင့်ထားလို့ပေါ့ကွ မင်းလဲသိပါတယ် ကျုပ်တို့ ဝက်နဂါးသွေးဗီဇတွေဟာ မနိုးထသေးခင်မှာ အလွန်အားနည်းတယ် ကျုပ်တို့အနေနဲ့ ဘာမှမလေ့ကျင့်နိုင်ပဲ သွေးဗီဇနိုးထလာမဲ့အချိန်ထိ စားဖို့နဲ့အိပ်ဖို့ကလွဲပြီး တခြားမရှိဘူးလေ ဒါပေမဲ့ ဒီလို များပြားတဲ့ ကန့်သတ်ချက်တွေထဲမှာ စိတ်ဝိညာဥ်စွမ်းအားတော့ မပါဘူးလေ"
စုချန်းက ရှင်းပြလိုက်သည်။
တကယ်တော့ သူ့စကားက မှားတော့မမှား။ အကြောင်းမှာ ဝက်နဂါးမျိုးနွယ်စုများသည် သွေးဗီဇနိုးထလာအောင် စောင့်ဆိုင်းနေရသည့်အတောအတွင်းတွင် စိတ်ဝိညာဥ်ဆိုင်ရာ ကျင့်ကြံမှုတချို့ကို ပြုလုပ်လေ့ရှိကြသောကြောင့်ပင်။ သူတို့၏ အားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အလို့ငှာ ထိုသို့ လေ့ကျင့်ထားကြသည့် သဘောပင် ဖြစ်သည်။ သို့သော် ၎င်းတို့ လေ့ကျင့်ထားသည့် နည်းစနစ်များသည် စုချန်းလေ့ကျင့်ထားသည့် ရှေးဟောင်းအာကင်နာနည်းစနစ်ဖြစ်သော စိတ်ဝိညာဥ်ကျမ်းစာနှင့် လားလားမျှမဆိုင်။ ထို့ပြင် စုချန်းသည် အလွန်တန်ဖိုးကြီးသည့် ဝိညာဥ်တည်ငြိမ်ခြင်းဆေးများကိုပါ ဖောဖောသီသီ မှီဝဲထားသေး၏။
ထို့ကြောင့် ယူထျန်းယန်၏ စိတ်ဝိညာဥ်စွမ်းအားသည် သာမာန်အားဖြင့် မြင့်မားသည်ဟု ဆိုနိုင်သော်လည်း စုချန်း၏ အဆင့်သို့ ရောက်ရှိရန်တော့ များစွာ လိုနေသေး၏။
ဤအနေအထားတွင် ယူထျန်းယန်၏ စိတ်ဝိညာဥ်စွမ်းအားသည် ပြင်ပအရာဝတ္တုများကိုပါ သက်ရောက်နိုင်သည်အထိ အင်အားကြီးမားနေသယောင် ဟန်ဆောင်လိုက်ခြင်းမှာ စုချန်းအဖို့ အတော်လေး စွန့်စားလိုက်သည့် လုပ်ရပ်ဖြစ်သည်။
သို့သော် မတတ်နိုင်။
စုချန်းတွင် တခြား ရွေးချယ်စရာမရှိ။
သူ့အနေနှင့် မဖြစ်မနေ စွန့်စားရမည်သာ။
အကြောင်းမှာ ဤနည်းဖြင့်သာ သူသည် ကက်ပီးယပ်စ်၏ ရတနာများအား ဦးစွာ ကိုင်တွယ်ထိန်းချုပ်ခွင့်ရမည့်သူ ဖြစ်လာမည် ဖြစ်သောကြောင့်ပင်တည်း။
***