ထိတ်လန့်စရာ စိတ်ဝိညာဥ်စွမ်းအား
Vol. 54 Ch. 535
လျှို့ဝှက်အခန်းထဲဝယ် ဘာတွေရှိနေမှန်း မည်သူမှမသိ။
ကောင်းသည်လည်း ဖြစ်နိုင်သလို ဆိုးသည်လည်း ဖြစ်နိုင်၏။ ဘာမှမဟုတ်သည်လည်း ဖြစ်နိုင်သည်။
သို့သော် သူတို့ ရှာတွေ့သည်မှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ စုချန်းကတော့ ပထမဆုံး ရှာတွေ့သူသာ ဖြစ်လ်ို၏။ ဤနည်းအားဖြင့် သူသည် ရှာဖွေတွေ့ရှိမှုမှ အကျိုးအမြတ် အများဆုံး ရရှိမည့်သူ ဖြစ်လာပေလိမ့်မည်။ ပထမဆုံး ရှာတွေ့သူဟူသော အဓိပ္ပာယ်မှာ ပထမဆုံး ရွေးချယ်ခွင့်ရှိသူဟု အဓိပ္ပာယ်ရနေသည် မဟုတ်ပါလား။
စုချန်းအနေနှင့် ထိုအခွင့်အရေးကို ဘယ်သူ့လက်ထဲမှ ထည့်မပေးနိုင်။ ထိုအတွက် သူ သံသယ အဝင်ခံရမည်ဆိုလျင်လည်း ခံလိုက်မည်သာ။
ကံကောင်းသည်မှာကား ကျူးရှန်းယောင်သည် သူ့အား စိုးစဥ်းငယ်မျှပင် သံသယမရှိချေ။
လုပ်ကြံသတ်ဖြတ်မှုအပြီးတွင် သူမသည် စုချန်းအား များစွာ ယုံကြည်လာ၏။ ဘာတွေဘယ်လိုဖြစ်စေကာမူ သူမအနေနှင့် စုချန်းအား သံသယပွားတော့မည် မဟုတ်။
ယခုလည်း စုချန်း၏ အကြံပြုချက်မှာ သဘာဝကျသည်ဟုပင် ကျူးရှန်းယောင်က ယူဆလိုက်၏။
"ရှင့်မှာ လူမသ်ိသူမသိတဲ့ ပါရမီတွေ ဒီလောက် ရှိနေလိမ့်မယ်လို့ ကျွန်မ တခါမှ ထင်မထားဘူး"
ကျူးရှန်းယောင်က သူမအား အဓိပ္ပာယ်ပါပါကြည့်ရင်း ပြောလိုက်သည်။
ကျူးရှန်းယောင်၏ စိတ်ထဲတွင်တော့ စုချန်းသည် ကျားတကောင်ကဲ့သို့ အမဲလိုက်ရန် ဝက်တကောင်ကဲ့သို့ ဟန်ဆောင်ထားသူဟု ထင်မြင်နေမိလေသည်။
စုချန်းက ပြန်ပြောလိုက်၏။
"ကျုပ်ရဲ့ သွေးဗီဇကြောင့်လား ဒဏ်ရာကြောင့်လား ဘာကြောင့်မှန်းတော့ ရေရေရာရာ မပြောတတ်ဘူး ဒါပေမဲ့ သွေးဗီဇနိုးထလာကတည်းက ကျုပ်ရဲ့ စိတ်ဝိညာဥ်စွမ်းအားဟာ ခပ်မြန်မြန်လေး တိုးပွားလာတာကို ကျုပ် ခံစားနေရတယ်"
"ဒဏ်ရာရလို့သာ စိတ်ဝိညာဥ်စွမ်းအား တိုးပွားလာမယ်ဆိုရင် ကျုပ်မယ် တရက်က်ို ခုနှစ်ခါ ရှစ်ခါလောက် အထိုးခံစမ်းချင်ပါဘိဗျာ"
ကျောက်ကျင်းဝင်က ရယ်မောရင်း ပြောလိုက်သည်။
"ကောင်းသားပဲ ဆက်ပြီးသာ စိတ်ကူးယဥ်နေလိုက်"
ကျူးရှန်းယောင်က ခပ်ဆတ်ဆတ်လေးပြောရင်း နဝမမြောက်ကျောက်စိမ်းမြွေစလွယ်ကို စုချန်းဆီသို့ ကမ်းပေးလိုက်သည်။
"ရော့"
စလွယ် လက်ထဲရောက်သည်နှင့် စုချန်းက မူလပုံစံကွက်တခုကို စတင်တည်ဆောက်လိုက်၏။
မူလပုံစံကွက်တခုကို လွယ်လင့်တကူ တည်ဆောက်နိုင်ရခြင်းမှာ သူတို့ ရောက်ရှိနေသော နေရာသည် ရဲတိုက်၏ အလယ်တွင် ဖြစ်ပြီး နေရာကျယ်ကျယ်လည်း ရှိနေ၏။
ကျူးရှန်းယောင်လည်း အချိန်ဖြုန်းမနေတော့။ သူ့အဖွဲ့သားများအားလုံးကို ခန်းမဆီသို့ ခေါ်ယူလိုက်သည်။
စုချန်းလည်း မူလပုံစံငွေပြားကို ဆွဲထုတ်ပြီး မူလပုံစံကွက်၏ အလယ်တွင် နေရာချရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် ခန်းမအပြင်ဘက်ဆီမှ ခြေသံများကို သူတို့အားလုံး ကြားလိုက်ရ၏။
ကူလာ ဒေါသတကြီးနှင့် ခန်းမအတွင်းသို့ ဝင်လာ၏။
"သခင်မလေးစု ဒါ ခင်ဗျားတို့ ဘာလုပ်တာလဲ"
"ရှင် မြင်တဲ့အတိုင်းပဲလေရှင် ဒီနေရာမှာ မူလပုံစံကွက် တည်ဆောက်နေတာပေါ့"
ဤအခြေအနေထိ ဆိုက်ရောက်လာပြီဖြစ်၍ ကျူးရှန်းယောင်သည် ကူလာနှင့် ကစားနေရန် ဆန္ဒမရှိတော့။
ကူလာ၏အမူအရာမှာ ပိုပြီး တင်းမာလာ၏။
"ခေါင်းဆောင် ဘယ်တုန်းကမှ မမှားခဲ့ဘူး မင်းတို့လူသားတွေ ဒီကို သွေးရိုးသားရိုးနဲ့ စီးပွားရေးလာလုပ်တာ မဟုတ်ဘူးပဲ"
"ဒီတော့ ဘာဖြစ်သလဲ"
ချက်ချင်းဆိုသလိုပင် ကျူးပိုင်ယုသည် ရှေ့သို့ခုန်ထွက်လာပြီး ကူလာ၏ လည်မြိုကို လက်ဖြင့် ဖမ်းချုပ်လိုက်၏။
"ဒီမယ်ကောင်လေး အသက်မသေချင်ဘူးဆိုရင် တိတ်တိတ်လေးနေ မဟုတ်ရင် ခုချက်ချင်း မင်း အသက်ပျောက်သွားလိမ့်မယ်"
ကူလာ ပါးစပ်ပိတ်သွား၏။
စုချန်း၏ နှလုံးသားသည် ဖြတ်ခနဲ တချက် တုန်ခါသွား၏။ ထို့နောက် သူက ကျူးရှန်းယောင်ကို လေသံနှင့် ပြောလိုက်သည်။
"သတိထား ဒီကောင် ကူလာနဲ့ပတ်သက်ပြီး တခုခုတော့ မှားနေပြီ"
"ဒါဆိုလဲ ကျွန်မ သူ့ကို ချက်ချင်း သတ်ပစ်လိုက်မယ်"
ကျူးရှန်းယောင်က ပြန်ပြောလိုက်သည်။
"ဟာ မလုပ်နဲ့ ခနစောင့်အုံး ကက်ပီးယပ်စ်ရဲ့ လျှို့ဝှက်အခန်းကို ဖွင့်နိုင်တဲ့အခါ ကျုပ်တို့ သူ့ကို လမ်းပြအဖြစ် သုံးလို့ရတယ်"
ထို့နောက် သူက မူလပုံစံငွေပြားအား မြေကြီးပေါ်သို့ ပစ်ချလိုက်ရာ အနှီငွေပြားမှ ထွက်ပေါ်လာသော အလင်းရောင်များကြောင့် တခန်းလုံး လင်းထိန်သွားလေသည်။
စုချန်းက ခန်းမ၏ အလယ်ဗဟိုတွင် ခြေစုံရပ်လိုက်၏။ ထိုအချိန်မှာပင် သူ့စိတ်ဝိညာဥ်စွမ်းအားများ ဆောင့်တက်လာသည်နှင့်အမျှ သူ့အမြင်အာရုံမှာ လှိုင်းဂယက်များ ထလာသကဲ့သို့ စုချန်း ခံစားလိုက်ရသည်။
သူ့ကိုယ်တွင်းမှာလည်း သာမာမျက်စိနှင့် မမြင်နိုင်သည့် စိတ်ဝိညာဥ်လှိုင်းလက်တံများ တိုးထွက်လာ၏။ ခန်းမတခုလုံး ပြင်းပြင်းထန်ထန် လေတိုက်လာသကဲ့သို့ လူတိုင်း ခံစားလိုက်ရသည်။
၎င်းမှာ စုချန်း၏ စိတ်ဝိညာဥ်စွမ်းအင်များ တဟုတ်ထိုး မြင့်မားလာသည်ကို ပြသလိုက်ခြင်းပင်။ သူ၏ စွမ်းရည်မှာ ပြင်ပ ပတ်ဝန်းကျင်ကိုပါ လွှမ်းမိုးနိုင်သည့် အဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။
ထိုအချိန်တွင် စုချန်းသည် ကျောက်စိမ်းမြွေစလွယ်ကို ဝတ်ဆင်ထားပြီး ဖြစ်သည်။ မူလပုံစံကွက်၏ အကူအညီဖြင့် စုချန်း၏ စိတ်ဝိညာဥ်စွမ်းအားကလည်း ၈၀၀ခန့်ထိ ရောက်ရှိနေခဲ့ပေပြီ။ သို့သော် မည်သည့် ထူးခြားချက်ကိုမှ စုချန်း မတွေ့ရသေး။
"ထျန်းယန် ဖမ်းထားစမ်း"
ချက်ချင်းဆိုသလိုပင် ကျူးရှန်းယောင်က သူမ၏ လက်တွင် ဝတ်ဆင်ထားသော ကျောက်စိမ်းလက်ကောက်ကို ချွတ်ပြီး စုချန်းဆီသို့ ပစ်ပေးလိုက်၏။
အနှီ ကျောက်စိမ်းလက်ကောက်ကား လူတယောက်၏ စိတ်ဝိညာဥ်စွမ်းအားကို ၁၂၀ထိ ထပ်ပေါင်းပေးနိုင်သည့် စွမ်းရည်ရှိ၏။ ထိုလက်ကောက်၏ အကူအညီဖြင့် ကျူးရှန်းယောင်သည် သူမ၏ စိတ်ဝိညာဥ်စွမ်းအားကို ၃၀၀ထိ တိုးမြှင့်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကံမကောင်းစွာပင် လက်ကောက်၏ အကူအညီရသည့်တိုင် စုချန်း၏ စိတ်ဝိညာဥ်စွမ်းအားမှာ ၁၀၀၀မပြည့်သေး။
ထိုအခါ စုချန်းသည် ဝိညာဥ်တည်ငြိမ်ခြင်းဆေးသုံးပုလင်းအား တကျိုက်တည်း မော့ချလိုက်၏။ ဆေးစွမ်းကြောင့် စုချန်း၏ စိတ်ဝိညာဥ်စွမ်းအားမှာ နောက်ထပ် ၁၅၀ထိ တိုးပွားလာခဲ့ပြီ ဖြစ်သည်။
ဤနည်းအားဖြင့် နောက်ဆုံးတွင် စုချန်း၏ စိတ်ဝိညာဥ်စွမ်းအားမှာ ၁၀၀၀ကျော်သွားခဲ့၏။
ထိုအခါ ပြင်းထန်သော လှိုင်းဂယက်ကြီးတခုက ခန်းမတခုလုံးအား လေပွေတခုသဖွယ် မွှေနှောက်စပြုလာ၏။ စုချန်း၏ စိတ်ဝိညာဥ်စွမ်းအားသည် ရုပ်ဝတ္တုပုံသဏ္ဍာန်တခုအသွင်ဆောင်လာပြီး လူတိုင်းအပေါ် ပြင်းထန်သော ဖိအားတခုသဖွယ် ဖိစီးလာခြင်းပင်။
စိတ်ဝိညာဥ်ဖိအားပေတည်း။
အလွန်အစွမ်းထက်သော လူတဦးထံမှ ထွက်ပေါ်လာသော စိတ်ဝိညာဥ်ဖိအားပင် ဖြစ်သည်။
ထိုဖိအားကို ခံစားမိကြသော လူတိုင်းလိုလိုသည် စုချန်း၏ လွှမ်းမိုးချုပ်ကိုင်မှုကို ခံစားလိုက်ကြရ၏။ ထိုအခါ သူတို့၏ ရင်ထဲတွင် စုချန်းအား အလိုလို ကြောက်ရွံ့လာကြ၏။ အလိုလို ထိုင်၍ ရှိခိုးချင်လာကြ၏။
ထိုစိတ်ဝိညာဥ်စွမ်းအားမျိုးနှင့်သာဆိုပါက စုချန်းအား လူတိုင်းလိုလိုက ဦးညွှတ်ကြမည်မှာ သေချာနေပေသည်။
သို့သော် ကက်ပီးယပ်စ်၏ လျှို့ဝှက်ခန်းနှင့် ပတ်သက်၍ လက်ရှိအချိန်ထိ ဘာသဲလွန်စမှ မတွေ့ရသေးချေ။
ထိုအခါ စုချန်းက ပြောလိုက်သည်။
"ခုထိ ဘာမှကို အာရုံမခံမိသေးဘူးဗျို့"
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ကျူးရှန်းယောင် စိတ်ပျက်လက်ပျက်နှင့် ရေရွတ်လိုက်၏။
ဤအခြေအနေထိ ရောက်အောင် သူတို့အားလုံး ငွေအားလူအား အများကြီး စိုက်ထုတ်ခဲ့ရသည်။ သို့တိုင်အောင် ဘာထူးခြားချက်မှ မတွေ့သေးဆိုပါကလား။
လူတိုင်း ခြေကုန်လက်ပန်းကျကုန်ကြ၏။
"ခနလေးစောင့်ကြအုံး စိတ်ဝိညာဥ်စွမ်းအား ၁၀၀၀ဆိုတာ အောင်မှတ်ကို ကျော်ရုံလေးပဲ ရှိသေးတယ် နည်းနည်းလိုနေလို့ ဖြစ်လိမ့်မယ်"
"စာလိပ်ကို သုံး"
ကျူးပိုင်ယုက ထအော်လိုက်သည်။
"ခနလေး ကျုပ်မှာ တခုရှိသေးတယ်"
ပြောပြောဆိုဆို စုချန်းက ပင်လယ်တိမ်တိုက်လေလံပွဲမှ သူရလာသည့် အိပ်မက်ဆိုးမြွေမူလသလင်းကို ဆွဲထုတ်လိုက်သည်။
၎င်းကိုမြင်သော် လူတိုင်း အံ့သြသွား၏။ စုချန်းတွင် ထိုရတနာမျိုး ရှိလိမ့်မည်ဟု ဘယ်သူမှ ထင်မထား။
ကျူးပိုင်ယု၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ယှက်သန်းလာ၏။
ထိုသလင်းအား စလွယ်အတွင်း ထည့်လိုက်သည်နှင့် တပြိုင်နက် စုချန်း၏ စိတ်ဝိညာဥ်စွမ်းအားငည် နောက်ထပ် ၁၀၀ထိ တိုးပွားလာခဲ့၏။
သို့သော် မည်သည့်ထူးခြားချက်မှ ပေါ်မလာသေး။
ထိုအခါ စုချန်းက အံကိုတင်းတင်းကြိတ်ပြီး စာလိပ်ကို ဖွင့်လိုက်၏။ စုချန်း၏ စိတ်ဝိညာဥ်စွမ်းအားမှာလည်း ၁၃၅၀ထိ မြင့်တက်သွားလေသည်။
စုချန်း၏ စိတ်ဝိညာဥ်စွမ်းအားများ ဆက်လက်တိုးပွားလာသည်နှင့်အမျှ ခန်းမအတွင်း သက်ရောက်နေသော ဖိအားမှာလည်း ပို၍ ပြင်းထန်လာ၏။
လက်ရှိတွင် စုချန်း၏ စ်ိတ်ဝိညာဥ်စွမ်းအားသည် သူတို့၏ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်နိုင်စေရုံမက ရုပ်ပိုင်းဆိုင်ရာအတွက်ပါ ခြိမ်းခြောက်မှုတခုသဖွယ် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ စုချန်းသာ ဆန္ဒရှိပါက သာမာနါလူများအား ဖုတ်ကောင်များအဖြစ်ပါ ပြောင်းလဲပစ်နိုင်၏။ ကျူးရှန်းယောက်ကဲ့သို့ စိတ်ဝိညာဥ်ဆိုင်ရာ နည်းစနစ်များ ကျင့်ကြံထားသူပင် စုချန်း၏ တိုက်ခိုက်မှုကို ခုခံနိုင်ဖွယ်ရာ မရှိချေ။
ထိုအချက်ကြောင့်ပင် ဝိညာဥ်မျိုးစိတ်များသည် အလွန်တရာ ကြောက်စရာကောင်းနေခြင်းပင်။ ၎င်းတို့သည် အားကောင်းသော စိတ်ဝိညာဥ်စွမ်းအင်ကို အသုံးပြုကာ လူသားတို့အား အလွယ်တကူ ထိန်းချုပ်နိုင်ကြသည် မဟုတ်ပါလား။
ထိုအချိန်မှာပင် ထူးခြားမှုတခုကို စုချန်း ခံစားလိုက်ရသည်။
"ကျုပ် တခုတွေ့ပြီဗျို့"
စုချန်း ကျယ်လောင်စွာ ထအော်လိုက်သည်။
"ဘာလဲရှင့်"
ကျူးရှန်းယောင်လည်း အတော်ပင် စိတ်လှုပ်ရှားနေ၏။
"ဝဲဂယက်တခု...စွမ်းအင်ဝဲဂယက်တခုပဲ..ကျုပ်တို့ အပေါ်မှာ"
စုချန်းက မျက်နှာကျက်ကို မော့ကြည့်ရင်း ပြောလိုက်သည်။
သို့သော် မျက်နှာကျက်မှာကား မည်သည့်ထူးခြားချက်မှ မရှိပဲ မူလပုံစံအတိုင်းသာ ရှိလေ၏။
"ဘာမှ မတွေ့ပါလား"
ကျူးရှန်းယောင်က ပြန်အော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် တစုံတခုကို စုချန်း သဘောပေါက်သွား၏။
"စိတ်ဝိညာဥ်စွမ်းအား...ကျုပ်ရဲ့ စိတ်ဝိညာဥ်စွမ်းအားက ဒါကို ထွက်ပေါ်လာအောင် လုပ်ဖို့ မလုံလောက်ဘူးဗျ"
စုချန်း၏ မချင့်မရဲ အော်သံ ထပ်မံ ထွက်ပေါ်လာပြန်၏။
"၁၅၀ ကျုပ် စိတ်ဝိညာဥ်စွမ်းအား ၁၅၀ လိုနေသေးတယ်"
ကက်ပီးယပ်စ်၏ လျှို့ဝှက်အခန်းကို ဖွင့်ရန် စိတ်ဝိညာဥ်စွမ်းအား ၁၅၀၀တိတ်ိ လိုအပ်ကြောင်း စုချန်း သိရှိသွားပြီ ဖြစ်သည်။
သို့သော် လတ်တလော လိုအပ်နေသော စိတ်ဝိညာဥ်စွမ်းအား ယူနစ် ၁၅၀ကို သူတို့ ဘယ်က သွားရှာမည်နည်း။
**