← Chapters

သက်မဲ့ဝိညာဥ်များ

Vol. 54 Ch. 537

သက်မဲ့ဝိညာဥ်များ

Vol. 54 Ch. 537

မီးလင်းဖိုဝင်ပေါက်အတွင်း ဖြတ်လျှောက်မိသည်နှင့် တစုံတရာက သူ့တကိုယ်လုံးအား ဟင်းလင်းပြင်အတွင်း ဆွဲခေါ်နေသကဲ့သို့ စုချန်း ခံစားလိုက်ရသည်။

သူ့ကိုယ်ခန္ဓာမှာလည်း ဘုတ်ပြားတချပ်သဖွယ် ပြားသွားသကဲ့သို့ ခံစားနေရ၏။ အတော်ပင် ထူးဆန်းသော ခံစားချက်ပင်။ သူ့ပတ်ဝန်းကျင်ကိုလည်း ထူးဆန်းသော ပုံသဏ္ဍာန်တမျိုးဖြင့် မြင်တွေ့နေရပြီး တချိန်တည်းမှာပင် ကမ္ဘာကြီးတခုလုံးသည် ပြားကပ်နေသကဲ့သို့ စုချန်း ထင်မှတ်နေရလေသည်။

ကျေးဇူးတင်စရာကောင်းသည်မှာကား ထိုခံစားချက်သည် စက္ကန့်ပိုင်းအတွင်းဝယ် ပြန်လည်ပျောက်ကွယ်သွားခြင်းပင်။ ထို့နောက်တွင်တော့ သူသည် မှောင်မဲနက်ရှိုင်းသော အခန်းတခန်းအတွင်းသို့ ရောက်ရှိနေကြောင်း စုချန်း သိလိုက်ရသည်။

အခန်းမှာ အနံ့အသက် မကောင်းလှ။ အောက်သိုးသိုးနံ့ထွက်နေ၏။ တခန်းလုံးတွင်လည်း မည်သည့်အလင်းရောင်မှ မရှိပဲ ပိန်းပိတ်အောင် မှောင်နေ၏။ သို့စေကာမူ အခန်း၏ အနေအထားကိုတော့ မပီဝိုးတဝါးနှင့် တွေ့မြင်နေရသည်။ အခန်း၏ ထောင့်တွင် ကုတင်တလုံး ရှိနေ၏။ ကုတင်ဘေးတွင် အခင်းခင်းထားသော စားပွဲတလုံး ရှိပြီး ၎င်းအပေါ်တွင် မီးအိမ်တလုံး တင်ထားလေသည်။

သို့သော် ကုတင်၊ စားပွဲနှင့် အရာအားလုံးမှာ မီးခိုးရောင်သာ ဖြစ်နေ၏။

တနည်းအားဖြင့် ဤအခန်းအတွင်းရှိ အရာအားလုံးမှာ အနက်ရောင်မှင်တမျိုးနှင့် သုတ်လိမ်းထားသကဲ့သို့ ထင်နေရပြီး လူသားများသည်ပင် အရောင်တမျိုး ပေကျံနေသကဲ့သို့ တွေ့မြင်နေရပေသည်။ သူတို့၏ အဝတ်အစားများမှာလည်း မီးခိုးရောင်ပင် ဖြစ်နေ၏။

"ကျုပ်တို့ စိတ်မြင်ကွင်းလေဟာနယ်ထဲ ရောက်နေပြီလား"

အစောင့်တယောက်၏ အသံ ထွက်ပေါ်လာသည်။

"တကယ့်ကမ္ဘာကြီးရဲ့ စိတ်မြင်ကွင်းလေဟာနယ်လို့ ပြောရင် ပိုပြီးမှန်မယ်ကွ ဒီအထဲက ဘယ်အရာမှာ အသက်မရှိဘူး ဒါကြောင့် သက်မဲ့ဝိညာဥ်တွေလို့တောင် ခေါ်သင့်တယ်"

ကျူးပိုင်ယုက ပြန်ဖြေလိုက်သည်။

"သက်မဲ့ ဝိညာဥ်တွေ ဟုတ်လား"

"ဒါနဲ့ ဒီနေရာကြီးက ရင်းနှီးသလို ဖြစ်မနေဘူးလားကွ"

အစောင့်တဦးက မေးလိုက်ပြန်သည်။

"ဟုတ်တယ်ဟေ့ ဒါ ဆုခွမ်းရဲ့ အခန်းနဲ့ အတူတူပဲ သူ့အတွင်းခံဘောင်းဘီကို ကျုပ် မှတ်မိတယ်"

လူတိုင်း ဝါးခနဲ ရယ်မောလိုက်ကြသည်။

ထိုအခါ ဆုခွမ်းအမည်ရှိ အစောင့်သည် ရှက်ကိုးရှက်ကန်းဖြင့် အိပ်ယာပေါ်ရှိ ၎င်း၏ စိတ်မြင်ကွင်းလေဟာနယ်ပုံစံ အတွင်းခံဘောင်းဘီကို ကောက်ယူရန် ဟန်ပြင်လိုက်သည်။

စုချန်းက ၎င်း၏ လက်ကို ဖြတ်ခနဲ လှမ်းဆွဲလိုက်၏။

"ဟေ့ ဒီအထဲက ဘယ်ဟာမှ သွားမထိနဲ့ကွ"

"အတွင်းခံဘောင်းဘီလေးပါပဲဗျာ"

ဆုခွမ်းက ပြန်ပြောလိုက်လေသည်။ ထို့နောက် သူက စုချန်း၏ စကားကို နားမထောင်ပဲ အတွင်းခံဘောင်းဘီကို လှမ်းဆွဲလိုက်၏။

ထိုအချိန်မှာပင် အတွင်းခံဘောင်းဘီသည် လေပေါ်သို့ ထခုန်ပြီး ပါးစပ်ဟကာ ဆုခွမ်းကို ကိုက်ချလိုက်၏။

အား!!!

ဆုခွမ်း ​အူသည်းလှိုက်သည်း အော်ဟစ်လ်ိုက်သည်။

အတွင်းခံဘောင်းဘီ၏ ကိုက်ခဲပုံမှာ ရက်စက်ကြမ်းကြုတ်လှ၏။ မျက်စေ့တမှိတ်အတွင်း ဆုခွမ်း၏ လက် ရစရာမရှိအောင် ဖြစ်သွားလေသည်။

ထိုအခါ လူတိုင်းသည် ၎င်းတို့၏ မူလစွမ်းအင်များအား ဖော်ထုတ်ကာ အတွင်းခံဘောင်းဘီအား တိုက်ခိုက်လိုက်ကြ၏။

"မဟုတ်ဘူး"

အတွင်းခံဘောင်းဘီ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ ထို့နောက် စုချန်းတို့လူစု၏ တိုက်ခိုက်မှုကြောင့် ၎င်းသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရှာ၏။

"ဘယ်လိုဟာကြီးတုန်းဗျ"

ပါ့လီယွန် ထိတ်လန့်တကြားနှင့် ထအော်လိုက်သည်။

"ကျုပ် ပြောသလိုပဲ သက်မဲ့ဝိညာဥ်တွေလေကွာ"

ကျူးပိုင်ယုက အလေးအနက်ပင် ထပ်ပြောလိုက်၏။

"သက်မဲ့ဝိညာဥ်တွေမှာ ကိုယ်ပိုင်စိတ်ရှိတယ် ဒါကြောင့် ဒီလိုနေရာမျိုးမှာ မင်းတို့ အရင် သိထားသမျှဟာ အသုံးမဝင်တော့ဘူး ဘယ်ဖြတ်ထိုးညဏ်မှလည်း ဒီလိုနေရာမှာ အသုံးမတည့်လှဘူး မင်းတို့အနေနဲ့ အရာအားလုံးကို ဂရုစိုက်ထားနိုင်မှ တော်ကာကျမယ် ဘာကြောင့်လဲဆိုတော့ ဘယ်လိုအရာတွေက အသက်ဝင်လာပြီး ကျုပ်တို့ကို တိုက်ခိုက်မယ်ဆိုတာ ကျုပ်တို့ မသိနိုင်လို့ပဲ"

ထို့နောက် သူက ဆုခွမ်းဆီသို့ လျှောက်သွားပြီး မေးလိုက်သည်။

"မင်း အဆင်ပြေရဲ့လား"

"ကျုပ် အဆင်ပြေပါတယ်ဗျာ"

ပြောသာပြောလိုက်ရသည်။ ဆုခွမ်း၏ နဖူးပေါ်တွင် ချွေးများသီးနေ၏။

"ကောင်းပြီ နောက်တခါ ဘယ်ဟာကိုမှ သတိလက်လွတ် သွားမကိုင်တော့နဲ့"

ထို့နောက် သူက ကူလာအား တွန်းထုတ်ရင်း ပြောလိုက်သည်။

"သဲမျိုးစိတ်တွေနဲ့ပဲ အရင်စမ်းကြတာပေါ့"

ထို့နောက် လူတိုင်းသည် ၎င်းတို့အနီးရှိ သဲမျိုးစိတ်များအား ရှေ့မှတင်ကာ လမ်းလျှောက်သွားစေလိုက်၏။

ထိုအခန်းထဲမှ ထွက်လိုက်သည်နှင့် လေပေါ်တွင် ဝဲပျံနေသော တံမျက်စည်းတချောင်းကို လူတိုင်း မြင်တွေ့လိုက်ရပြန်သည်။ ထိုတံမျက်စည်းမှာ လက်နှစ်ချောင်းရှိပြီး အရိုးတွင် မျက်လုံးတလုံး ရှိနေ၏။ စုချန်းတို့လူစုအား မြင်တွေ့လိုက်သည်နှင့် တံမျက်စည်းက ကြောက်လန့်တကြားနှင့် ထအော်လိုက်သည်။

"အိုး မြတ်စွာဘုရား"

ထို့နောက် အနှီ တံမျက်စည်းသည် နောက်သို့ချာခနဲလှည့်ကာ ဒရောသောပါနှင့် ထွက်ပြေးတော့သည်။ ၎င်း၏ နောက်တွင် ဖုန်မှုန့်များ အတန်းလိုက် ကျန်နေခဲ့၏။

ထူးဆန်းသည်မှာ ဖုန်မှုန့်များသည် မြေကြီးပေါ် ပြန်ကျသွားခြင်းမရှိပဲ လူပုံစံမျက်နှာကြီးတခုအဖြစ် ပြောင်းသွားက စုချန်းတို့လူစုအား ပြူးပြဲကြည့်နေ၏။ ထို့နောက် ၎င်းသည် မြားပုံသဏ္ဍာန်အဖြစ် ထပ်မံ ပြောင်းလဲသွားကာ ရဲတိုက်၏ ထောင့်တထောင့်ဆီသို့ ပျံသန်းသွားပြန်သည်။

ထိုအချိန်တွင် နံရံများပေါ်၌ ချိတ်ဆွဲထားသည့် ပန်းချီကားများအတွင်းမှ လူများ အသက်ဝင်လာပြီး ကျယ်လောင်စွာ အော်ဟစ်ကုန်ကြသည်။

"ကြည့်စမ်းဟေ့ လူတွေကွ လူတွေ"

"ဒါ ဘာများ ထူးဆန်းလို့လဲ ငါတို့ကော လူတွေပဲ မဟုတ်ဘူးလားကွ"

"ဘယ်ကလာ ငါတို့က လူတွေမှ မဟုတ်တာ ငါတို့က အနုပညာလက်ရာတွေဟ"

"မဟုတ်ဘူး ပန်းချီကားတွေထဲက လူဟာ လူပဲ မဟုတ်လား"

"မဟုတ်ဘူး"

"ဟုတ်တယ်"

"မဟုတ်ဘူး"

"ဟုတ်တယ်"

၎င်းတို့နှစ်ဦး၏ အငြင်းအခုန်မှာ ပို၍ ပြင်းထန်လာ၏။ သိပ်မကြာမီ ၎င်းတို့သည် ပန်းချီကားများအတွင်းမှ အသီးသီး ထွက်လာပြီး အချင်းချင်း ထိုးကြိတ်ကြတော့သည်။

ထိုအခါ နောက်ထပ် ပန်းချီကားတချပ်အတွင်းမှ အဖိုးကြီးက ဆေးတံဖွာရင်း ပြောလိုက်လေသည်။

"ဒီနှစ်ကောင်ကတော့ ရန်ဖြစ်ရတာကို အတော်သဘောကျပုံရတယ်"

နောက်ထပ်ပန်းချီကားအတွင်းမှ စစ်သူကြီးက ပြောလိုက်ပြန်သည်။

"ဒါလဲ သူတို့ရဲ့ အပြစ်ကြီးလို့တော့ ပြောဖို့ အခက်သားဗျ"

တကယ်တော့ ပန်းချီကားများအတွင်းမှ ပုဂ္ဂိုလ်များမှာ အနောက်လိုင်နာရဲတိုက်၏ ပိုင်ရှင်ဟောင်းများ ဖြစ်သည်။ ရဲတိုက်သည် တယောက်လက်မှ တယောက် လက်ဆင့်ကမ်းလာကြလေရာ တချို့အချိန်များတွင် ပြသနာရှုပ်ထွေးခဲ့ဖူး၏ ။ ထို့ကြောင့် တချို့ ပိုင်ရှင်ဟောင်းများမှာ အချင်းချင်း မတည့်ကြပေ။

စုချန်းနှင့် ကျန်လူများသည် ရဲတိုက်ထဲတွင် ဧည့်သည်အဖြစ် ရက်ပေါင်းအတော်ကြာအောင် နေထိုင်ခဲ့ပြီး ဖြစ်လေရာ ရဲတိုက်၏ သမိုင်းကြောင်းကို အတော်လေး သိထားပြီး ဖြစ်သည်။ သို့သော် အနှီသမိုင်းကြောင်းသည် ရဲတိုက်တနေရာ စိတ်မြင်ကွင်းလေဟာနယ်အတွင်းတွင် ပုံစံတမျိုးနှင့် သက်ဝင်လှုပ်ရှားနေမည်ဟုတော့ သူတို့ လုံးဝ ထင်မထားခဲ့။

ထိုအချိန်တွင် ရန်ဖြစ်နေသော လူနှစ်ယောက်မှာ ဆက်လက်ရန်ဖြစ်နေကြ၏။ ကျန်လူများမှာ တယောက်တပေါက် စကားပြောကာ ရန်ပွဲကို ထိုင်ကြည့်နေကြသည်။ ၎င်းတို့သည် စုချန်းတို့အား ရန်ပြုမည့်ပုံမပေါ်ချေ။

ထိုစဥ် ဆေးတံဖွာနေသော အဖိုးကြီးက စတင်နှုတ်ဆက်လာလေသည်။

"အပြင်ကမ္ဘာက မိတ်ဆွေတွေ မင်္ဂလာပါဗျား"

"မင်္ဂလာပါဗျာ ခင်ဗျားတို့က ကျုပ်တို့ကို မောင်းထုတ်မယ်လို့ ကျုပ် ထင်နေတာ"

ကျူးပိုင်ယုက ပြန်လည်နှုတ်ဆက်လိုက်သည်။

"ကျုပ်က ဘာလို့ မင်းတို့ကို မောင်းထုတ်ရမှာလဲ"

အဖိုးကြီးက အံ့သြသင့်ဟန်ဖြင့် ပြောလိုက်သည်။

"ကျုပ်တို့ဟာ ဒီစိတ်ပျက်စရာ နေရာကြီးမှာ နေလာခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ ဒီမှာ တခုခု ထူးခြားတာဖြစ်လာမလားလို့ ကျုပ်တို့ အမြဲ မျှော်လင့်နေခဲ့တာ ဒါပေမဲ့ နှစ်တွေကြာလာတာတောင် ဘာမှ ဖြစ်မလာခဲ့ဘူး ခုတော့ မင်းတို့ရောက်လာပြီ ကျုပ်က ဘာကြောင့် မင်းတို့ကို မောင်းထုတ်ရမှာလဲ"

"ဒါပေမဲ့ ဒီထဲက အရာတိုင်းက ခင်ဗျား တွေးသလို တွေးနေပုံမပေါ်ဘူး ခုနကပဲ အတွင်းခံဘောင်းဘီတထည် ကျုပ်လူလက်ကို ကိုက်လွှတ်လိုက်ပါရောလား"

"အိုး မင်းက လူသစ်အကြောင်း ပြောနေတာကိုး"

အဖိုးကြီးက ခေါင်းတဆတ်ဆတ်ညိတ်ရင်း ပြောလိုက်သည်။

ထိုအချိန်မှာပင် အတွင်းခံဘောင်းဘီတထည် လေပေါ်တွင် ဝေ့ဝိုက်ပျံသန်းကာ ထိုနေရာသို့ ရောက်ရှိလာ၏။

၎င်းမှာ ဆုခွမ်းအား ကိုက်လွှတ်လိုက်သည့် အတွင်းခံဘောင်းဘီနှင့် တပုံစံတည်းပင်။

ဒါကြီးကို ငါတို့ သတ်လိုက်ပြီမလား...ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ...

လူတိုင်း ကြောင်တောင်တောင် ဖြစ်ကုန်၏။

"မအံ့သြနဲ့လေ မအံ့သြနဲ့"

အဖိုးကြီးက တခစ်ခစ်ရယ်မောရင်း ပြောလိုက်သည်။

"ဒီနေရာဟာ အပြင်ကမ္ဘာရဲ့ ပုံရိပ်ယောင်တွေဆိုတာ မင်းတို့ မေ့မသွားနဲ့လေ အပြင်ကမ္ဘာမှာ အဲဒီအရာဝတ္တု တည်ရှိနေသရွေ့ ဒီအထဲက အရာကိုလဲ မင်းတို့ ဖျက်ဆီးလို့မရဘူး"

"ဒီတော့ စိတ်မြင်ကွင်းလေဟာနယ်ထဲက အရာတွေဟာ ဘယ်တော့မှ သေမသွားဘူးပေါ့ ဟုတ်လား"

စုချန်းက မေးလိုက်သည်။

"သိပ်မှန်တာပေါ့ကွာ"

အဖိုးကြီးက အားရပါးရ ရယ်မောလိုက်၏။

စုချန်းက ထပ်ပြောလိုက်ပြန်သည်။

"ဒါပေမဲ့ အပြင်ကမ္ဘာကို ကျုပ်တို့ ပြန်ရောက်ပြီး အတွင်းခံဘောင်းဘီကို မီးရှို့လိုက်ရင် ဒီကောင်လဲ သေသွားမယ် ကျုပ် ပြောတာ ဟုတ်သလား"

အဖိုးကြီး၏ အပြုံးမှာ ပျောက်ကွယ်သွားသည်။ ထိုစဥ် အတွင်းခံဘောင်းဘီက ထအော်လိုက်သည်။

"မင်းတို့ ဒီလိုလုပ်လို့မရဘူးလေ"

"မင်းက ငါ့ကို အရင်ရန်လုပ်တာကွ"

ဆုခွမ်းက ဒေါသတကြီးနှင့် ထအော်လိုက်သည်။

"ငါ အပြင်ပြန်ရောက်တာနဲ့ ပထမဆုံး လုပ်မဲ့အလုပ်က မင်းကို ပြာကျအောင် မီးရှို့တာပဲ"

"လုပ်လေ လုပ်လိုက်စမ်းပါ"

အတွင်းခံဘောင်းဘီကလည်း အရူးတယောက်ပမာ ဆုခွမ်းအား ပြန်အော်လိုက်လေသည်။

"မင်း ငါ့ကို ပြာချချင်ရင်ချလေ လုပ်လိုက်စမ်းပါ မင်းဟာ ရွံစရာကောင်းတာတွေလုပ်ဖို့ ငါ့ကို အမြဲတမ်း အသုံးချတယ် မင်းဟာ မင်းသခင်မအကြောင်းကို မဟုတ်တရုတ် စဥ်းစားတယ် အာသာဖြေတယ် ပြီးရင် မကောင်းတဲ့ဟာတွေ ငါ့အပေါ် အမြဲတမ်း စွန့်ထုတ်တယ် ဘယ်တော့မှ ပြောင်အောင်မသုတ်ပေးဘူး ငါလဲ မင်းကို စိတ်ကုန်နေပြီကွ ဒါမျိုးတွေ ငါ ကြုံနေရတာ တော်ပြီကွ တော်ပြီ"

***

All Chapters