← Chapters

ရိုးရာဓလေ့

Vol. 54 Ch. 538

ရိုးရာဓလေ့

Vol. 54 Ch. 538

အတွင်းခံဘောင်းဘီ၏ စကားကြောင့် လူတိုင်းလိုလိုသည် ဆုခွမ်းအား ထူးဆန်းသောအကြည့်နှင့် စိုက်ကြည့်လိုက်ကြသည်။

ဆုခွမ်း၏ မျက်နှာမှာ ရဲခနဲ ဖြစ်သွား၏။

"ငါ မင်းကို သတ်ပစ်မယ်ကွ"

ထို့နောက် ၎င်းသည် အတွင်းခံဘောင်းဘီအား အရူးတယောက်ပမာ ပြင်းထန်စွာ တိုက်ခိုက်တော့သည်။

ဆုခွမ်း၏ လက်သီးချက်များမှာ ပြင်းထန်လှပေရာ အတွင်းခံဘောင်းဘီသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၏။ သို့သော် တခနအကြာမှာပင် ၎င်းသည် မူလပုံစံအတိုင်း ပြန်လည်ဖွဲ့စည်းသွားပြီး ရယ်သံပြုကာ ဆုခွမ်းအား လှောင်ပြောင်နေပြန်သည်။

ကျူးရှန်းယောင်၏ မျက်နှာမှာလည်း ရှက်သွေးဖြန်းနေ၏။

သူမက ဆုခွမ်းအား တစုံတခု ပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် စုချန်းက သူမလက်က်ို လှမ်းဆွဲကာ တားမြစ်လိုက်သည်။

"ထားလိုက်ပါ လူတယောက်က်ို စိတ်ကူးယဥ်တယ်ဆိုတာ အပြစ်မှမဟုတ်တာ"

စုချန်းအား စိုက်ကြည့်ပြီး ကျူးရှန်းယောင် တွေခနဲ ဖြစ်သွား၏။ စုချန်း၏ စကားမှာ အလွန်ယုတ္တိရှိနေသည် မဟုတ်ပါလား။

ထိုအခါ သူမက ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်သည်။

"ကောင်းပြီလေ ဒါဆိုလဲ သူ့ကို ဒီတခါ ခွင့်လွှတ်ပေးလိုက်မယ်"

ထို့နောက် သူမက ဆုခွမ်းအား တင်းမာစွာ ကြည့်ပြီး ပြောလိုက်၏။

"ဟေ့ ရပ်လိုက်စမ်း အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေနဲ့ အချိန်ကုန်မခံနိုင်ဘူး ခု အရေးကြီးဆုံးက ကက်ပီးယပ်စ်ရဲ့ ပစ္စည်းတွေ ဘယ်မှာ ရှိသလဲ ရှာဖို့ပဲ"

"ကက်ပီးယပ်စ် ဟုတ်လား မင်းတို့ ကက်ပီးယပ်စ်အကြောင်း ပြောနေတာလား"

ဆေးတံဖွာနေသော အဖိုးကြီးက အံ့သြဟန်ဖြင့် မေးလိုက်သည်။

"ဘာလဲ ခင်ဗျား သူ့အကြောင်း သိထားလို့လား"

"သိတာပေါ့ကွ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကနေ အခုထိ ဒီအထဲကို အပြင်ကလာတဲ့ ဧည့်သည်ဆိုလို အုပ်စုနှစ်စုပဲ ရှိခဲ့ဖူးတယ် မင်းတို့က ဒုတိယအုပ်စုပဲ ပထမအုပ်စုကတော့ ကက်ပီးယပ်စ်ပဲပေါ့ကွာ သူဟာ အင်မတန် နုပျိုငယ်ရွယ်တဲ့ ဝိညာဥ်တကောင်ပဲကွ သူ့မှာ အင်မတန်ကြီးမားတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်ဆိုတာ ကျုပ် ခံစားမိခဲ့တယ်"

"ခင်ဗျားက ပန်းချီကားသက်သက်ပါပဲဗျာ ခင်ဗျား ဘာမှသိတာမရှိပါဘူး အဖိုးကြီးရာ"

အနီးရှိ ပန်းချီကားတချပ်ထဲမှ လူက လှောင်ပြောင်လိုက်သည်။

"ဒါဆို ဒီအထဲမှာ ကက်ပီးယပ်စ် ဘာတွေထားခဲ့သလဲ ရှင်သိသလား"

ကျူးရှန်းယောင်က ကပျာကယာ ဝင်မေးလိုက်၏။

"ကျုပ်က ဘယ်လိုလုပ်သိမှာလဲကွ ကျုပ်က ပန်းချီကားသက်သက်ပဲဟာ"

အဖိုးကြီးက မျက်လုံးကလယ်ကလယ်နှင့် ပြန်ဖြေလိုက်သည်။

"ပြီးတော့ ဒီအထဲကနေ ကျုပ် ဘယ်မှသွားလို့ရတာလဲ မဟုတ်ဘူးလေ"

လူတိုင်းလိုလို သက်ပြင်းချပြီး တယောက်မျက်နာကို တယောက် စိုက်ကြည့်မိကြလေသည်။

"မင်းတို့ ဟိုနားက တံမျက်စည်းကို မေးသင့်တယ်ကွ သူ့နာမည် မဲယားလို့ ခေါ်တယ် ဒီကောင်က မနက်တိုင်း ရဲတိုက်တခွင်လုံး သန့်ရှင်းရေးလုပ်နေကျ ဒီကောင်ပဲ မင်းတို့ မေးခွန်းကို ဖြေနိုင်လိမ့်မယ်"

ထိုသို့ပြောပြီး အဖိုးအိုက တဟားဟား ရယ်မောလိုက်သည်။

ထိုအချိန်တွင် တံမျက်စည်းသည် ရဲတိုက်ထောင့်တထောင့်မှ သူတို့အား ခေါင်းပြူကာ ကြည့်လာ၏။ သူ၏ တလုံးတည်းသော မျက်လုံးမှာ ချာချာလည်လျက်ရှိသည်။

ကျူးရှန်းယောင်က တံမျက်စည်းဆီသို့ လျှောက်သွားပြီး တစုံတရာ မေးမြန်းရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် တံမျက်စည်းသည် လေထဲသို့ လှစ်ခနဲ ပျံသန်းသွား၏။

"ကျုပ် ဘာမှ မပြောဘူးနော်"

"ထွက်ပြေးချင်တယ်ပေါ့ ဟုတ်လား"

ကျူးပိုင်ယုက ဟက်ခနဲ တချက်ရယ်မောပြီး တံမျက်စည်းအား မြန်ဆန်သွက်လက်စွာ ဖမ်းဆွဲထားလိုက်လေသည်။ ထို့နောက် ကျူးပိုင်ယုက ခြိမ်းခြောက်လိုက်၏။

"မင်း သိထားတာ ပြောလိုက်ရင် ကောင်းမယ်နော် မဟုတ်ရင်တော့"

"ဘာလဲ မဖြေရင် မင်းက ငါ့ကို သတ်မှာလား ငါက သေရမှာ မကြောက်ဘူးကွ"

မဲယားက ပြန်ပြောလိုက်၏။

"မဟုတ်ဘူး မင်းကို အကျဥ်းချထားမှာ မင်း ကမ္ဘာဆုံးထိ လှုပ်ရှားလို့မရတော့ဘူး"

ပြောပြောဆိုဆို ကျူးပိုင်ယုက ကြိုးတချောင်းကို ဆွဲထုတ်ကာ မဲယားအား တုပ်နှောင်လိုက်၏။

အဆိုပါ ခြိမ်းခြောက်မှုက အတော်ပင် ထိရောက်သွားဟန် တူသည်။ မဲယား ကမန်းကတန်းပင် ထအော်လိုက်၏။

"ကောင်းပြီ ကောင်းပြီ ကျုပ် ပြောမယ် ရဲတိုက်ထိပ်ဖျားမှာ သော့ခတ်ထားတဲ့ အခန်းတခန်း ရှိတယ် အဲဒီအခန်းထဲမှာ မင်းတို့ လိုချင်တာတွေ ရှိတယ်"

"စောစောက ပြောလိုက်ရောပေါ့ကွာ"

ထို့နောက် ကျူးပိုင်ယုက တံမျက်စည်းအား ပြန်လွှတ်ပေးလိုက်၏။ သူတို့အားလုံး အနောက်လိုင်နာရဲတိုက်နှင့် ပတ်သက်၍ ကောင်းစွာ ကျွမ်းဝင်နေပြီဖြစ်ရာ တံမျက်စည်း၏အကူအညီကို မလိုတော့ပေ။

သူတို့ ထွက်ခွာသွားသည်နှင့် မဲယားက ကြုံးဝါးလိုက်၏။

"မင်းတို့ ငါ့ကို ခြိမ်းခြောက်ရဲတယ် ဟုတ်လား ဒီအတွက် မင်းတို့ ပြန်ပေးဆပ်ရမယ်ကွ"

"အခန်းထဲမှာ ဘာရှိတာလဲ"

ပန်းချီကားထဲမှ အဖိုးကြီးက မေးလိုက်သည်။

"အိပ်မက်ဆိုး"

မဲယား ပြန်ဖြေလိုက်၏။

_________×××__________×××_________

စုချန်းတို့လူစုသည် စင်္ကြန်လမ်းအတိုင်း အပေါ်သို့ တဖြည်းဖြည်း တက်လာကြလေရာ နောက်ဆုံးတွင် မဲယား ပြောလိုက်သည့် အခန်းသို့ ရောက်လာ၏။

အခန်းမှာ စင်္ကြလမ်းများအဆုံးတွင် တည်ရှိ၏။ အခန်းတံခါးမှာ အဖြူရောင်ရှိပြီး ကြီးမားလှသည်။ အခန်းတံခါးပေါ်တွင် ကြေးနီဖြင့် သားရဲဦးခေါင်းပုံစံတခုက်ို ထွင်းထုထား၏။

"ထူးဆန်းတယ်"

ထိုတံခါးကို မြင်သည်နှင့် စုချန်းက ရေရွတ်လိုက်၏။

"ဘာဖြစ်လို့လဲ"

ကျူးရှန်းယောင်က မေးလိုက်သည်။

"ဒီလို တံခါးမျိုး အနောက်လိုင်နာရဲတိုက်ထဲမှာ ကျုပ် မမြင်မိဘူး"

စုချန်း ပြောပြသည့်အချက်က်ို လူတိုင်း သဘောပေါက်လိုက်ကြသည်။

အနောက်လိုင်နာရဲတိုက်ထဲတွင် ယခု တံခါး တည်ရှိသည့်နေရာတွင် နံရံသာ ရှိနေ၏။

ယခုတော့ ပြင်ပကမ္ဘာတွင် မရှိသော တံခါးတချပ်အား သူတို့ တွေ့နေရပေပြီ။

ပါ့လီယွန် ဟက်ခနဲ ရယ်မောလိုက်သည်။

"ဒီတော့ ဘာဖြစ်သလဲ တံမျက်စည်း ကျုပ်တို့ကိုအမှန်အတိုင်း ပြောလိုက်တာ ဖြစ်မှာပေါ့ ဒီအခန်းထဲမှာ ကက်ပီးယပ်စ်ရတနာတွေ သေချာပေါက်ရှိနေလိမ့်မယ် ရတနာဆိုတာ တကယ့်ပစ္စည်းတွေလေ ပုံရိပ်ယောင်တွေမှ မဟုတ်တာ ဒါကြောင့် အပြင်ကမ္ဘာနဲ့ စိတ်မြင်ကွင်းလေဟာနယ် တထပ်တည်းမကျပဲ ဖြစ်နေတာ နေမှာပေါ့"

လူတိုင်း ခေါင်းတညိတ်ညိတ်နှင့် ထောက်ခံလိုက်ကြသည်။

ထိုအခါ ကျူးရှန်းယောင်က သဲမျိုးစိတ်ဝင်တဦးအား တံခါးဖွင့်ရန် အမိန့်ပေးလိုက်သည်။

သဲမျိုးစိတ်ဝင်တဦးသည် ရှေ့သို့ထွက်လာကာ တံခါးကို ဖွင့်ရန် ကြိုးစားလိုက်၏။ သို့သော် တံခါးကား လှုပ်ပင်မလှုပ်။

ထိုအချိန်မှာပင် အသံတသံ ထွက်ပေါ်လာ၏။

"ယစ်ပူဇော်မှုမရှိပဲ တံခါးက ပွင့်မှာမဟုတ်ဘူး"

ကျူးရှန်းယောင် အော်မေးလိုက်၏။

"ဘယ်လို ယစ်ပူဇော်မှုလဲ"

"လတ်ဆတ်တဲ့သွေးတွေနဲ့ တစုံတယောက်ရဲ့ ဝိညာဥ်ပေါ့ကွာ"

ကျူးရှန်းယောင် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ မင်းရှေ့က တယောက်ဟာ ယစ်ပူဇော်တာပဲ"

သဲမျိုးစိတ်ဝင် အလွန်ပင် ထိတ်လန့်သွား၏။ သို့သော် သူ့ဝိညာဥ်မှာ သူ့ကိုယ်တွင်းမှ ထွက်ခွာသွားပြီ ဖြစ်သည်။ သူ ထွက်ပြေးရန် ကြိုးစားလိုက်၏။ သို့သော် ကျူးပိုင်ယုက သူ့အား တင်းကျပ်စွာ ချုပ်ကိုင်ထားလေရာ သူ အဘယ်မှာ ထွက်ပြေးနိုင်အံ့နည်း။

ထိုအချိန်တွင် ကြေးနီသားရဲဦးခေါင်းဆီမှ သတ္တုသံပါသည့် ဟိန်းသံတချက် ထွက်ပေါ်လာပြီး ပါးစပ်ကိုဟကာ သဲမျိုးစိတ်ဝင်၏ လက်အား ကိုက်ချလိုက်တော့သည်။

သားရဲပါးစပ်အတွင်းမှ သွေးများသည်လည်း တံခါးတလျှောက် စီးဆင်းသွားပြီး တံခါးတခုလုံး သွေးများနှင့် ဆေးခြယ်ထားသကဲ့သို့ ဖြစ်ပေါ်လာ၏။

"မလုံလောက်သေးဘူး"

သဲမျိုးစိတ်ဝင်၏ သွေးများအား ​တစက်မကျန်သည်အထိ စုပ်ယူပြီး ကြေးနီသားရဲဦးခေါင်းက ထပ်မံ အော်ဟစ်လိုက်ပြန်၏။

"နောက်တယောက် ရှိသေးတယ်"

ပြောပြောဆိုဆို ကျောက်ကျင်းဝင်က သူ့အနီးမှသဲမျိုးစိတ်ဝင်တဦးအား တံခါးဆီသို့ တွန်းပို့လိုက်သည်။ သားရဲပါးစပ်အတွင်းဝယ် သွေးများပိုမိုပြည့်နှက်လာပြီး တံခါးပေါ်တွင်လည်း သွေးများနှင့် ခြယ်သထားသည့် ထူးဆန်းသော ပုံစံကွက်တမျိုး ပေါ်ပေါက်လာ၏။

အလွန်ရှုပ်ထွေးဟန်ရှိသည့် အနှီမူလပုံစံသည် ထိုခနအတွင်းမှာပင် တဖြည်းဖြည်း နိုးထလာပုံပေါ်နေသည်။

ဒုတိယသဲမျိုးစိတ်ဝင်၏ သွေးများအား ခြောက်ကပ်သွားသည်အထိ စုပ်ယူပြီးသည်နှင့် ကြေးနီသားရဲဦးခေါင်းက ပြောလိုက်သည်။

"လုံလောက်တဲ့ ယစ်ပူဇော်မှုနဲ့အတူ ရှေးဟောင်းရိုးရာဓလေ့တခုကို အကောင်အထည်ဖော်ပြီးပြီဆိုတော့ မင်းတို့ရဲ့ တောင်းဆိုမှုကို ကျုပ် တုံ့ပြန်ပေးမယ် လမ်းကြောင်းကို ဖွင့်ပေးမယ်"

"ဘာ"

ကျူးရှန်းယောင် အံ့သြသွားသည်။

ရှေးဟောင်းရိုးရာဓလေ့ဆိုပါလား...

ထိုအချိန်မှာပင် ကြေးနီသားရဲဦးခေါင်းသည် ခေါင်းမော့ပြီး အော်လိုက်၏။ တံခါးမှာလည်း ပွင့်သွားပြီး မဲမှောင်နက်ရှိုင်းသော ဟင်းလင်းပြင်တခု ဘွားခနဲ ပေါ်ပေါက်လာတော့သည်။

ထို့နောက် အနှီ ဟင်းလင်းပြင်အတွင်းမှာ အမှောင်စွမ်းအင်များသည် ကြောက်မက်ဖွယ်ရာ အရှိန်အဝါတမျိုးကို သယ်ဆောင်ကာ ဝုန်းခနဲ တိုးထွက်လာ၏။

"ဘာကြီးလဲ"

ကျူးရှန်းယောင် ငယ်သံပါအောင် အော်ဟစ်လိုက်သည်။

"နောက်ဆုတ်"

စုချန်းသည် ကျူးရှန်းယောင်အား ဖမ်းဆွဲကာ နောက်သို့ လျင်မြန်စွာ ခုန်ဆုတ်လိုက်၏။

အဆိုပါ အမှောင်ထုသည် အနီးရှိ သဲမျိုးစိတ်ဝင်တဦးအား ဝါးမြိုသွား၏။ ကံဆိုးရှာသော သဲမျိုးစိတ်ဝင်ကား အစအနပင် ရှာမရပဲ ပျောက်ကွယ်သွားရှာသည်။

ချက်ချင်းဆိုသလိုပင် အမှောင်ထုသည် ကြီးထွားလာပြီး စင်္ကြလမ်းတလျှောက် ပျံ့နှံ့သွားတော့၏။

"သေခြင်း ပျက်စီးခြင်း မျိုးသုဥ်းခြင်း ဒီလိုအနံ့တွေ နောက်တခါ ငါပြန်ရနေပြန်ပြီကွ ဟား ဟား ဟား"

အမှောင်ထုဆီမှ ရယ်သံကြီး ထွက်ပေါ်လာလေသည်။

"သေစမ်း ဒါက ကက်ပီးယပ်စ်ရဲ့ ရတနာတွေမှ မဟုတ်တာ နတ်ဆိုးဆင့်ခေါ်ခြင်းရိုးရာဓလေ့ပဲ"

ကျူးရှန်းယောင် ထိတ်လန့်တကြား ရေရွတ်လိုက်၏။

တံခါးသည် ထူးဆန်းသော ဟင်းလင်းပြင်တခုဆီသို့ ဦးတည်နေလိမ့်မည်ဟု မည်သူမှ ထင်မထားမိ။ တံခါးပွင့်သွားသည့်နောက်တွင်တော့ ၎င်းဟင်းလင်းပြင်အတွင်းမှ ကြောက်စရာဖြစ်တည်မှုများက အပြင်သို့ ရောက်လာခဲ့ပေပြီ။

ထူးဆန်းသော သက်ရှိများအား ဆင့်ခေါ်နိုင်သည့် နတ်ဆိုးဆင့်ခေါ်ခြင်းဓလေ့များတွင် တိကျသော လုပ်ဆောင်ချက်များလိုအပ်၏။ အဆိုပါသက်ရှိများမှာ မည်သ်ို့မည်ပုံ ရှိမည်မှန်း မည်သူမှ မသိ။

ယခု စိတ်မြင်ကွင်းလေဟာနယ်အတွင်းရှိ နတ်ဆိုးဆင့်ခေါ်ခြင်းရိုးရာဓလေ့သည်ကား အမှောင်သတ္တဝါတမျိုးကို ဆင့်ခေါ်ရန် ရည်ရွယ်ထားခြင်းပေတကား။

တံမျက်စည်းကား သူတို့ကို ပညာပေးလိုက်လေပြီ။

စုချန်း၏ မျက်လုံးများမှာကား အရောင်တဖိတ်ဖိတ် တောက်ပလာ၏။

အကြောင်းမှာ..

သူတို့ ဆင့်ခေါ်မိသော အမှောင်သတ္တဝါ၏ ကိုယ်တွင်းမှ ထွက်ပေါ်နေသော အရှိန်အဝါသည် သူနှင့် အလွန်ရင်းနှီးနေသည်ဟု စုချန်း ခံစားနေရသည် မဟုတ်ပါလား။

***

All Chapters