အမှောင်နတ်ဆိုး
Vol. 54 Ch. 539
သူတို့ မမျှော်လင့်ပဲ ဆင့်ခေါ်လိုက်မိသည့် အမှောင်သတ္တဝါ တနည်းအားဖြင့် အမှောင်နတ်ဆိုးတွင် ကောင်းမွန်သည့် စိတ်ထားမရှိသည်မှာ လေသံကြားရုံနှင့်ပင် သိသာနေ၏။
ရောက်ရောက်ချင်း ဆောက်နှင့်ထွင်းဆိုသလိုပင် အပြင်သို့ရောက်လာသည့် တခနမှာပင် ၎င်း၏ ပါးစပ်မှ သွေးဆာသည့်စကားများကို ပြောနေခဲ့သည် မဟုတ်ပါလား။ ပြင်းထန်သော အမှောင်စွမ်းအင်များကို ဖော်ထုတ်ပြီး ၎င်းက အော်ဟစ်လိုက်ပြန်သည်။
"အမှောင်ထုအတွက် စားစရာတွေအများကြီးပဲကွ"
"သတိထား လူတိုင်း နောက်ဆုတ်ကြစမ်းဟေ့"
ကျူးပိုင်ယု ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်သည်။
သွေးကဲ့သို့သော စွမ်းအားလှိုင်းများသည် ကျူးပိုင်ယု အော်သံအဆုံးမှာပင် ဟိုမှသည်မှ လူးလွန့်လှုပ်ရှားလာပြီ အမှောင်စွမ်းအင်အား ရင်ဆိုင်လိုက်၏။ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းနှစ်ခု ဆုံတွေ့မိချိန်ဝယ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အရာဝတ္တုများအားလုံးကို ချေမွပစ်လ်ိုက်၏။ သို့သော် အရာအားလုံးသည် ချက်ချင်းလိုပင် မူလပုံစံအတိုင်း ပြန်လည်ဖွဲ့စည်းသွားလေသည်။
ဤနေရာသည်ကား ပြင်းထန်သော တိုက်ပွဲကြီးများ ဆင်နွှဲရန် လွန်စွာကောင်းမွန်သော အနေအထားမျိုးကို ပိုင်ဆိုင်ထားချေ၏။ အရာအားလုံးသည် ပျက်စီးသွားသည့်ခနမှာပင် မူလပုံစံအတိုင်း အလိုအလျောက် ပြန်လည်ပြုပြင်နိုင်ကြသည်မဟုတ်ပါလား။
"မင်းတို့ ပိုးမွှားလိုကောင်လေးတွေ ငါ့နာမည်ကို မှတ်ထားကြ ငါ့နာမည် အမှောင်နတ်ဆိုးဟေယာလို့ ခေါ်သကွ"
အမှောင်နတ်ဆိုးက ဟိန်းဟောက်လိုက်ပြန်သည်။ ထိုအချိန်မှာပင် အမှောင်တိမ်ထုကြီးများသည် အသွားနှစ်ဖက်ရှိ လှံရှည်ကြီးတချောင်းအဖြစ် ပုံစံပြောင်းလဲသွားပြီး ကျူးပိုင်ယုအား ထိုးစိုက်ချလာ၏။
"တယ်လဲ မောက်မာတဲ့ကောင်ပါလားကွ"
ကျူးပိုင်ယု ဟင့်ခနဲ အသံတချက်ပြုပြီး ၎င်း၏ လက်ချောင်းများကို ဆန့်ထုတ်လိုက်သည်။
ကျူးပိုင်ယု၏ လက်ချောင်းများကား ကြောက်စရာကောင်းလှ၏။ နတ်ဆိုးဧကရာဇ်သွေးဗီဇကို အပြည့်အဝ ဖော်ဆောင်ထားလေသည်။ ၎င်း၏ လက်ချောင်းသည် အမှောင်လှံရှည်နှင့် ထိတွေ့မိချိန်ဝယ် ဝင်းလက်တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာ၏။
အားဝူး!!!
အမှောင်နတ်ဆိုး နာကျင်စွာ အော်ငြီးလိုက်သည်။ ကျူးပိုင်ယု၏ လက်ချောင်းများကြောင့် လှံရှည်သည်လည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားကာ အမဲရောင်တိမ်ထုများအဖြစ် ပြန်လည်ပြောင်းလဲသွားလေသည်။ ထွက်ပေါ်လာသော အလင်းရောင်များကား ရပ်တန့်သွားခြင်းမရှိပဲ အမှောင်နတ်ဆိုး၏ ကိုယ်ကို ဆက်လက်ဖောက်ထွင်းသွားပြီး ၎င်း၏ ကိုယ်ခန္ဓာမှာ ယခင်ထက် ပို၍ အရွယ်အစား သေးငယ်သွား၏။
"ခွေးမသား"
အမှောင်နတ်ဆိုး ကျယ်လောင်စွာ အော်ဟစ်ဆဲဆိုလိုက်သည်။ အမှောင်အားလှိုင်းများကလည်း နောက်တကြိမ် ထပ်မံ ထွက်ပေါ်လာပြန်၏။
ကျူးမျိုးနွယ်အစောင့်တယောက်သည် အမှောင်တိမ်ထု၏ ဆွဲငင်ခြင်းကို ခံလိုက်ရပြီး ၎င်း၏ လက်တချောင်းလုံးသည် အခိုးအငွေ့များအဖြစ် ပျောက်ကွယ်သွားလေသည်။
"အား ကယ်တော်မူကြပါ"
အစောင့်က ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ သို့သော် ထိုအချိန်တွင် ၎င်း၏ တကိုယ်လုံးအား အမှောင်ထုက ဝါးမြိုစားသောက်သွားခဲ့လေပြီ။
ကြောက်လန့်စရာ မြင်ကွင်းကြောင့် လူတိုင်းလိုလို ထိတ်လန့်တုန်လှုပ်သွားကုန်၏။
"လူတိုင်း စွမ်းအင်အကာအကွယ်ကို နှိုးဆွပြီး ကိုယ့်ကိုယ်ကို ကာကွယ်ထားကြ အဝေးကနေ တိုက်ခိုက်ကြ အနီးကပ် မတိုက်ကြနဲ့"
ကျူးရှန်းယောင် အော်ဟစ်အမိန့်ပေးလိုက်သည်။
ကျူးရှန်းယောင်၏ နည်းဗျူဟာမှာကား အမှောင်နတ်ဆိုးနှင့် တိုက်ခိုက်ရန် အကောင်းဆုံး နည်းလမ်းပင်။
ထိုအချိန်တွင် စုချန်း၏ မျက်လုံးအစုံသည် အရောင်တောက်လာ၏။
အရိပ်မူလပစ္စည်းပါလား...
နောက်ဆုံးတွင် အမှောင်နတ်ဆိုး၏ တကိုယ်လုံးကို အရိပ်မူလပစ္စည်းများနှင့် ဖွဲ့စည်းထားကြောင်း စုချန်း အတည်ပြုနိုင်ခဲ့ပေပြီ။
အရိပ်မူလပစ္စည်းတချို့အား အနက်ရောင်သတ္တုအတွင်းမှ စုချန်း ရှာဖွေတွေ့ရှိခဲ့၏။ သို့သော် ၎င်းတို့၏ ဇစ်မြစ်မှာ ဆန်းကြယ်လှသည်။ ထို့ကြောင့် နောက်ထပ်မူလပစ္စည်းများအား ဖန်တီးနိုင်မည့်နည်းလမ်းကို စုချန်း ဘယ်တော့မှ ရှာမတွေ့နိုင်ခဲ့ချေ။
ထို့အကြောင့် နောက်ထပ် အရိပ်အစေခံများ ဖန်တီးရန် စုချန်း အတော်ပင် အခက်တွေ့နေခဲ့ရ၏။ အရိပ်မူလပစ္စည်းများမရှိပဲ သူ့အနေနှင့် အရိပ်အစေခံများ မဖန်တီးနိုင်။
ယခုတော့ တကိုယ်လုံးကို အရိပ်မူလပစ္စည်းများနှင့် ဖွဲ့စည်းထားသည့် သက်ရှိတကောင်ကို စုချန်း မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပေပြီ။ သူ့အနေနှင့် စိတ်မလှုပ်ရှားပဲ အဘယ်မှာ နေနိုင်အံ့နည်း။
ထိုအချိန်တွင် လူတိုင်းလိုလိုသည် အမှောင်နတ်ဆိုးအား ဝိုင်းဝန်းတိုက်ခိုက်နေကြပြီ ဖြစ်သည်။ စုချန်းကတော့ အမှောင်နတ်ဆိုး၏ တိုက်ခိုက်ပုံကို ဘေးမှ လေ့လာမှတ်သားနေ၏။
အမှောင်နတ်ဆိုးကား အမှန်တကယ်ပင် အင်အားကြီးမားလှ၏။ ၎င်း၏ ကိုယ်ထဲတွင်လည်း အကန့်အသတ်မရှိသည့် အမှောင်စွမ်းအင်များကို သိမ်းဆည်းထားဟန် ပေါ်သည်။ အမှောင်ထုနှင့် ထိတွေ့မိသမျှ လူတိုင်းသည် အမဲရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားကုန်၏။
တချီတွင်တော့ ကျောက်ကျင်းဝင်၏ မူလစွမ်းအင်အကာအကွယ်သည် ပျက်စီးသွား၏။ အမှောင်စွမ်းအင်များက ၎င်း၏ လက်အား ထိတွေ့ကုန်လေသည်။ ကျောက်ကျင်းဝင်ကား ဆုံးဖြတ်ချက် ပြတ်သားလှသည်။ လက်ကို ချက်ချင်းပင် ဖြတ်တောက်ကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်၏။ လက်ပြတ်ကြီးသည် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး အစပင်ရှာမရအောင် ပျောက်ကွယ်ကုန်လေသည်။
အမှောင်နတ်ဆိုးကား တကယ်ပင် ကြောက်စရာကောင်းလှ၏။
စုချန်း၏ မျက်လုံးထဲတွင်တော့ သိပ်သည်းအားကောင်းလှသည့်အရိပ်မူလပစ္စည်းများသည် ၎င်းတို့၏ ပစ်မှတ်များအား တိုက်စားဝါးမြိုသွားကြောင်း အတိုင်းသား မြင်တွေ့နေရသည်။
အရိပ်မူလပစ္စည်း၏ အထူးတိုက်စားခြင်းစွမ်းရည်တမျိုးပင်။ အရိပ်မီးတောက်ဘီလူးကို ဖန်တီးနိုင်ခဲ့စဥ်ကတည်းက ထိုစွမ်းရည်ကို စုချန်း သတိထားမိခဲ့၏။ သို့သော် သူပိုင်ဆိုင်ထားသည့် အရိပ်မူလပစ္စည်း၏ ပမာဏကလည်း အကန့်အသတ်နှင့်သာ ဖြစ်လေရာ အရိပ်မီးတောက်ဘီလူး၏ တိုက်စားနိုင်စွမ်းကလည်း အကန့်အသတ်နှင့်သာ ဖြစ်နေခဲ့လေပြီ။ ယခုတော့ အရိပ်မူလပစ္စည်းများ လုံလောက်အောင် စုစည်းနေပါက ၎င်း၏ တိုက်စားနိုင်စွမ်းကလည်း အကန့်အသတ်မရှိကြောင်း စုချန်း သိရှိလာ၏။
ထိုအခါ အမှောင်နတ်ဆိုးအား ရတနာသိုက်ကြီးဟု စုချန်း၏ မျက်လုံးထဲတွင် မြင်တွေ့လာတော့သည်။
သူ၏ မျက်လုံးအစုံမှာလည်း လောဘကြောင့် ပို၍ ပို၍ အရောင်တောက်လာ၏။
"ထျန်းယန် ရှင်ဘာတွေလုပ်နေတာလဲ"
စုချန်း၏ ထူးဆန်းလှသော လှုပ်ရှားမှုကို မြင်သောအခါ ကျူးရှန်းယောင် အော်ဟစ်မေးမြန်းလိုက်သည်။
ထိုအချိန်တွင် စုချန်းသည် သူ၏ အကာအကွယ်ကို ဖယ်ထုတ်ပြီး အမှောင်နတ်ဆိုးအနီးသို့ တရွေ့ရွေ့ချည်းကပ်နေပြီ ဖြစ်သည်။
ထိုအချိန်တွင် အမှောင်နတ်ဆိုးက ၎င်း၏ လက်ကြီးဖြင့် စုချန်းအား ရိုက်ချလိုက်၏။
စုချန်းက ဓားကိုမြှောက်ကာ ကာကွယ်လိုက်သည်။ အမှောင်နတ်ဆိုး၏ လက်မှာ ထင်သလောက် မာကျောပုံမရ။ ဓားချက်ကြောင့် အလွယ်တကူပင် ထက်ပိုင်းကွဲသွား၏။
သို့သော် အနှီ ထက်ပိုင်းကွဲသွားသော လက်သည်ပင် စုချန်းအား ရစ်ပတ်လာ၏။ ထူထဲလှသော အမှောင်ထုက စုချန်း၏ တကိုယ်လုံးအား ဖုံးလွှမ်းသွားပြီ ဖြစ်သည်။ မြင်ကွင်းကိုကြည့်ရင်း ကျူးရှန်းယောင် သူမကိုယ်တိုင် အသတ်ခံရတော့မည်ကဲ့သို့ အော်လိုက်၏။
သို့သော်...
အနှီ အမှောင်ထုကား စုချန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ ၎င်း၏ ဘယ်ဖက်လက်အနီးတွင် ရစ်သိုင်းလွှမ်းခြုံနေကာ နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွား၏။
"မဖြစ်နိုင်ဘူး"
အမှောင်နတ်ဆိုး အကြီးအကျယ် အံ့သြသွား၏။
အနှီ လူသား၏ ဘယ်ဖက်လက်တွင် အမှောင်ထုအား ထိန်းချုပ်နိုင်သည့် တစုံတရာ ရှိနေသကဲ့သို့ပင်။
၎င်းမှာ နေလာ၍ နှင်းပျောက်သွားသည်နှင့် တူလှ၏။
တကယ်တော့ စုချန်းက သူဖန်တီးထားသည့် အရိပ်လက်အိတ်အား အသုံးပြုကာ များပြားလှသည့် အရိပ်မူလပစ္စည်းများအား စုပ်ယူလိုက်ခြင်းပင်။ တချိန်တည်းမှာပင် စုချန်း၏ စိတ်ထဲ၌ အလွန်တရာ နှစ်ထောင်းအားရသည့် ခံစားချက်မျိုး ဖြစ်ပေါ်လာ၏။
သူ့သွေးမှာ လက်အိတ်နှင့် ဆက်သွယ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုခံစားချက်သည် ဗိုက်ဆာနေချိန်တွင် အားရပါးရ စားသောက်လိုက်ရသည့် ခံစားချက်မျိုးနှင့် တူလှ၏။
တကယ်တော့ စုချန်းအနေနှင့် ထိုသို့ လှုပ်ရှားရန် ဘယ်တုန်းကမှ စိတ်ကူးထားခဲ့သည်မဟုတ်။
သို့သော် သူ့မျက်စေ့ရှိတွင် အမှောင်မူလပစ္စည်းရတနာသိုက်ကြီးအား မျက်တွေ့နေရသောအခါ သူ မနေနိုင်တော့။ ဤအခွင့်အရေးကိုသာ လက်လွှတ်လိုက်ရပါက သူ့အတွက် တသက်လုံး နောင်တရစရာ ဖြစ်နေတော့မည် မဟုတ်ပါလား။
ထိုအချိန်တွင် စုချန်းက ဘယ်ဖက်လက်ကို ထပ်မံ ဝေ့ယမ်းလိုက်ပြန်သည်။ စူးရှသော အသံတချက် ထွက်ပေါ်လာပြီး အမှောင်နတ်ဆိုး၏ ကိုယ်ပေါ်မှ အမှောင်ထုတချို့သည် စုချန်း၏ လက်အိတ်အတွင်း ပူးကပ်ဝင်ရောက်သွားပြန်၏။
စုချန်း၏ လက်အိတ်မှာလည်း ဖျော့တော့သော အရောင်တချို့ တောက်ပလာ၏။
ချက်ချင်းဆိုသလိုပင် စုချန်းက သူ့လက်က်ို နောက်တကြိမ် ဝေ့ယမ်းလိုက်ပြန်သည်။
စုချန်း၏ ပုံစံမှာ အငမ်းမရ စားသောက်နေသူနှင့် တူလှသည်။ အရိပ်မူလပစ္စည်းများ တလစပ် ပေါင်းစပ်နေမှုကြောင့် လက်အိတ်၏ စွမ်းအားမှာလည်း ဒီရေအလား မြင့်မားလာနေ၏။
"မဟုတ်ဘူး"
အမှောင်နတ်ဆိုး ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
ရန်သူ ဘာတွေလုပ်နေမှန်း သူ နားမလည်။ သို့သော် ရန်သူ လက်တခါ ဝေ့ယမ်းလိုက်တိုင်း သူ ပို၍ အားနည်းလာကြောင်းကိုတော့ အမှောင်နတ်ဆိုး ကောင်းကောင်းသိနေ၏။
ထိုအခါ သူ ကြောက်ရွံ့လာပြီး ထွက်ပြေးရန် စတင်ကြိုးစားတော့သည်။
"သူ့ကို မလွတ်စေနဲ့"
စုချန်း အော်ဟစ်အမိန့်ပေးလိုက်သည်။
ထိုအချိန်တွင် စုချန်း၏ လက်အိတ်သည် အမှောင်နတ်ဆိုးကို တနည်းတဖုံ ထိန်းချုပ်နိုင်ကြောင်း လူတိုင်း သဘောပေါက်သွားပြီ ဖြစ်သည်။ ထိုအခါ လူတိုင်းသည် အားကျိုးမာန်တက်ပင် အမှောင်နတ်ဆိုးအား ဝိုင်းဝန်းထိုးခုတ်ကြတော့၏။
အမှောင်နတ်ဆိုးကား ကနဦးကကဲသို့ လူသားများအား ခြိမ်းခြောက်နိုင်ဖို့ ဝေးစွ၊ သွေးရူးသွေးတန်းနှင့် ထွက်ပြေးရန် ကြိုးစားနေခဲ့ပြီ ဖြစ်သည်။ ၎င်း၏ ပုံစံမှာ မြေကြီးပေါ်တွင် တွားသွားနေသော ရွှံ့ရုပ်နှင့်ပင် တူနေရှာသေး၏။ သို့သော် စုချန်းကတော့ ၎င်း၏ ခြေလှမ်းတိုင်းကို ပိတ်ဆို့ကာ အရိပ်မူလပစ္စည်းများအား ဆက်လက်ရိပ်သိမ်းနေလေသည်။
နောက်ဆုံးတွင်တော့ အမှောင်နတ်ဆိုးသည် ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ ပုံစံကို ထိမ်းသိမ်းထားနိုင်စွမ်းမရှိတော့ပဲ အမဲရောင်မြူခိုးများအဖြစ် ရွေ့လျောပြောင်းလဲသွားတော့သည်။ ထို့နောက် အဆ်ိုပါ မြူခိုးများသည် မီးခိုးရောင်အမှုန်များအ ချန်ထားရစ်ပြီး အရပ်ရှစ်မျက်နှာသို့ တိုးဝင်ပျောက်ကွယ်သွား၏။
စုချန်းလည်း မီးခိုးရောင်အမှုန်များအား တစက်မကျန်အောင် ကောက်ယူသိမ်းဆည်းလိုက်သည်။ အဆိုပါအမှုန်များထဲတွင် အရိပ်မူလပစ္စည်းများ ခိုအောင်းနေသည် မဟုတ်ပါလား။ သူ့စိတ်ထဲတွင်လည်း ယခင်က သူ ရရှိဖူးသည့် အနက်ရောင်ကျောက်တုံးများအား သတိရလာ၏။
အနက်ရောင်ကျောက်တုံးများ ဘယ်ကဖြစ်တည်လာမှန်း နောက်ဆုံးတော့ သူ ဖော်ထုတ်နိုင်ခဲ့ပေပြီ။
မီးခိုးရောင်အမှုန်များအား ဂရုတစိုက် သိမ်းဆည်းပြီးသည်နှင့် စုချန်း မတ်တပ်ရပ်လိုက်သည်။
ထိုအခါ သူ့အနီးရှိ လူတိုင်းသည် သူ့အား ထူးဆန်းသော အကြည့်နှင့် စိုက်ကြည့်နေကြကြောင်း စုချန်း မြင်တွေ့လိုက်ရတော့သည်။
***