ဝှက်ဖဲတွေ ပေါ်ကုန်ပြီ
Vol. 54 Ch. 540
မတ်တပ်ရပ်လိုက်သည်နှင့် သူ့ကို လူလေးဦး ဝန်းရံထားကြောင်း စုချန်း တွေ့လိုက်ရသည်။
ထိုလူလေးဦးမှာကား ကျူးပိုင်ယု၊ ကျူးရှန်းယောင်၊ ကျောက်ကျင်းဝင်နှင့် ပါ့လီယွန်တို့ပင် ဖြစ်သည်။
"မင်းတို့ ဘာဖြစ်နေကြတာလဲ"
စုချန်းက မေးလိုက်၏။
"မင်း ယူထျန်းယန်မဟုတ်ဘူး မင်း ဘယ်သူလဲ"
ကျောက်ကျင်းဝင်က အေးစက်သော လေသံနှင့် မေးလိုက်သည်။
စုချန်း မျက်မှောင်ကုတ်သွား၏။
"ကျောက်ကျင်းဝင် ခင်ဗျား အဓိပ္ပာယ်မရှိတာတွေပြောနေပြန်ပြီ"
ပါ့လီယွန်၏ အသံ ထွက်ပေါ်လာပြန်သည်။
"ဝက်နဂါးမျိုးနွယ်စုမှာ အခု မင်းသုံးလိုက်တဲ့ အမှောင်နတ်ဆိုးကို ထိန်းချုပ်နိုင်တဲ့ နည်းစနစ်မျိုး မရှိတာ သေချာတယ် ပြီးတော့ မင်း သုံးခဲ့တဲ့ စိတ်ဝိညာဥ်ဆိုင်ရာ နည်းစနစ်မျိုး သခင်လေးယူ ကျင့်နေတာ ကျုပ် တခါမှ မတွေ့ဖူးဘူး"
စုချန်းက ခပ်တည်တည်နှင့် ငေါက်လ်ိုက်၏။
"မင်း မမြင်ဖူးတာနဲ့ပဲ ကျုပ် မကျင့်ဘူးလို့ မဆိုလိုဘူးလေကွာ လူမိုက်ရဲ့"
ပါ့လီယွန်က ပြန်လည်ခွန်းတုံ့ပြန်လိုက်သည်။
"ပြီးတော့ သခင်လေးဟာ ကျုပ်ကို အခု မင်းပြောနေတဲ့ လေသံမျိုးနဲ့ တခါမှ မပြောဖူးဘူး"
စုချန်း အေးစက်သော လေသံနှင့် ရယ်မောလိုက်သည်။
"မင်းလေသံကိုလဲ ပြန်ကြည့်အုံးလေကွ မင်းလေသံက သခင်တယောက်ရဲ့ လေသံမျိုး ဖြစ်နေပြီကွ"
လက်ရှိ အချိန်တွင် ဖုံးကွယ်ထားသမျှအားလုံး ဘူးပေါ်သလို ပေါ်ကုန်ပြီမှန်း စုချန်း သဘောပေါက်လိုက်၏။ ထို့ကြောင့် သူ့လေသံမှာ စတင်ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။ သို့တိုင်အောင် သူသည် အားမလျော့သေးပဲ ရသလောက် ဘူးကွယ်ငြင်းပယ်ရန် ကြိုးစားနေသေး၏။
မည်သည့်အရာကိုမှ အလွယ်တကူ လက်မလျှော့တတ်သည့် စုချန်းပေတကား။
ကျူးပိုင်ယုက ဝင်ပြောလိုက်သည်။
"တော်လောက်ပြီ ဒီအထဲ ဝင်လာကတည်းက မင်းဟာ ယူထျန်းယန်မဟုတ်မှန်း ကျုပ်တို့ သိပြီးပြီကွ"
"ခင်ဗျားမှာ ဘာသက်သေရှိလို့လဲ"
စုချန်းကား တကယ့် အာဂလူပင်။
"သက်သေကတော့ မူလသလင်းပဲ"
စုချန်း၏ စလွယ်အတွင်းမှ သလင်းတုံးကို ညွှန်ပြရင်း ကျူးပိုင်ယုက ပြောလိုက်သည်။
"မူလသလင်း ဟုတ်လား ဘာဆိုင်လို့လဲ ကျုပ်မှာ စိတ်ဝိညာဥ်အမျိုးအစား သလင်းမျိုး ပိုင်ဆိုင်ခွင့်မရှိတဲ့ သဘောလား"
"မဟုတ်ဘူး မင်း ပိုင်ဆိုင်လ်ို့ရပါတယ် ဒါပေမဲ့ မင်းအနေနဲ့ ဒီသလင်းကို ဝိညာဥ်တည်ငြိမ်ခြင်းဆေးရည်တွေ မသုံးခင်ကတည်းက ထုတ်သုံးသင့်တာကွ"
ကျူးပိုင်ယုက အေးစက်သော လေသံနှင့် ရယ်မောရင်း ပြောလိုက်သည်။
"ဝိညာဥ်တည်ငြိမ်ခြင်းဆေးရည်ဆိုတာ သုံးပြီးရင် ကုန်သွားတဲ့ အမျိုးပဲ ထပ်သုံးလို့မရတော့ဘူး ဒါပေမဲ့ မူလသလင်းလိုဟာမျိုးကျတော့ ထပ်ခါထပ်ခါ သုံးလို့ရတယ် သာမာန်လူဘယ်သူမဆို ဒီလို အခြေအနေမှာ သုံးပြီးရင်ကုန်သွားမဲ့ ဆေးရည်နဲ့စာလိပ်အစား မူလသလင်းကိုပဲ အရင်ထုတ်သုံးဖို့ စဥ်းစားမှာပဲ ဒါပေမဲ့ မင်းကျတော့ ဒီလိုမဟုတ်ဘူး ဆေးရည်ကို အရင်သုံးတယ် နောက်ဆုံး မတတ်သာမှာ မူလသလင်းကို ထုတ်သုံးတယ် ဒီသဘောက မင်းမှာ စိတ်ဝိညာဥ်အမျိုးအစား သလင်းတုံး ရှိနေတာ နောက်ဆုံးအချိန်ထိ လျှို့ဝှက်ထားဖို့ မင်းမှာ စိတ်ကူးရှိနေလို့ပဲ တကယ်တော့ မင်းဟာ ယူထျန်းယန်မဟုတ်တာ ပေါ်သွားနိုင်မှန်း သိရဲ့သားနဲ့ စွန့်စားလိုက်တာပဲကွ မတတ်သာလို့ အရဲစွန့်လိုက်တဲ့ သဘောပေါ့ကွာ"
စုချန်း ပြုံးလိုက်သည်။
"ဒီတော့ အဲဒီကတည်းက ခင်ဗျား သံသယဝင်နေတာပေါ့လေ သိပ်တော့လဲ အံ့သြစရာမရှိပါဘူးလေ ကျူးရှန်းယောင်အစား လျှို့ဝှက်ခန်းကို ဖွင့်ဖို့ ဆုံးဖြတ်လိုက်ကတည်းက ခင်ဗျားတို့ ကျုပ်ကို တချီမဟုတ် တချီမှာ သံသယဝင်တော့မယ်မှန်း ကျုပ် တွေးထားပြီးသားပါ"
"ဒါပေမဲ့ မင်း ဆုံးဖြတ်ခဲ့တာပဲလေ"
"ဟုတ်တယ် ကျုပ်မှာ တခြားရွေးစရာမှ မရှိတာပဲကိုး လျှို့ဝှက်ခန်းကို ဖွင့်နိုင်ဖို့ဆိုတာ ကြုံတောင့်ကြုံခဲ အခွင့်အရေးကြီးပဲ ဒီအခွင့်အရေးကို ခုချိန်မှ မယူလိုက်ရင် နောင် ဘယ်တော့မှ ဒီအခန်းကို ဖွင့်နိုင်တော့မှ မဟုတ်ဘူး"
"ဒီတော့ ရှင်ဟာ ယူထျန်းယန်မဟုတ်ဘူးလို့ ဝန်ခံပြီပေါ့"
ကျူးရှန်းယောင်က ဒေါသတကြီးနှင့် မေးလိုက်သည်။
စုချန်း ပြုံးလိုက်၏။
"ဟုတ်တယ် ကျုပ် ယူထျန်းယန် မဟုတ်ဘူး ကြည့်ရတာ ဒီအဖြေကို မင်း ကြိုက်ပုံမပေါ်ဘူး ကျုပ် ပြောတာ ဟုတ်သလား အနမ်း...မင်း ကျုပ်ကို နမ်းလိုက်တုန်းက ယူထျန်းယန်အမှတ်နဲ့ နမ်းလိုက်တာမလား"
ထို့နောက် စုချန်းက နှုတ်ခမ်းကိုစုကာ နမ်းရှိုက်သည့်ပုံစံ လုပ်ပြလိုက်၏။
"လူယုတ်မာ"
ကျူးရှန်းယောင် ဒေါသအိုးပေါက်ကွဲသွားလေပြီ။
ယူထန်းယန်အပေါ် သဘောကျလာပြီးမှ ယူထျန်းယန်သည် ယူထျန်းယန်အစစ် မဟုတ်မှန်း သူမ သိလိုက်ရပြန်သည်။ သူမ ဒေါသမထွက်လျင် တခြားမည်သူ ဒေါသထွက်အံ့နည်း။
ပိုဆိုးသည်မှာ သူမသည် ယူထျန်းယန်မဟုတ်သည့် တခြားလူတယောက်အား ဖူးသစ်စအချစ်ကိုသုံးကာ စိတ်ဝိညာဥ်စွမ်းအင်များ လွှဲပြောင်းပေးခဲ့မိ၏။
တနည်းအားဖြင့် သူမသည် တခါမှ မမြင်ဖူး မကြားဖူး မည်သူမည်ဝါမှန်းပင် မသိသူတယောက်အား သူမ၏ ချစ်ခြင်းမေတ္တာအား ပေးအပ်ခဲ့မိလေပြီ။
ထိုခံစားချက်သည် သူမအား အရူးတယောက်ကဲ့သို့ ဖြစ်သွားစေ၏။
"ရှင့်ကို သတ်မယ်"
ပြောပြောဆိုဆို သူမက စုချန်းအား လက်ဝါးနှင့် ရိုက်ချလိုက်၏။
"ဒီအချိန်မှာ အလောသုံးဆယ် လုပ်သင့်တာ ကျုပ်ကို သတ်ဖို့မဟုတ်ဘူးလို့ အကြံပြုချင်တယ်"
ကျူးရှန်းယောင်၏ လက်ဝါးရိုက်ချက်ကို ခုခံပေးပြီး နောက်သို့ ခုန်ဆုတ်ရင်း စုချန်းက ပြောလိုက်သည်။
"မောက်မာလိုက်တဲ့ ခွေးမသား"
ကျူးပိုင်ယုက ဆဲဆိုပြီး ကြားဝင်ရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် အသံတသံ ပေါ်ထွက်လာသည်။
"ကျူးပိုင်ယု မင်းရဲ့ပြိုင်ဘက်က ဒီမှာကွ"
အသံနှင့်အတူ လေထုသည် ချက်ချင်းအေးစက်သွားပြီး မိုးသီးမိုးဖွားများ တဖွဲဖွဲ ကျဆင်းလာ၏။
အဆိုပါ မိုးသီးမိုးဖွားများသည် အလွန်အန္တရာယ်များကြောင်း ကျူးပိုင်ယု သဘောပေါက်လိုက်၏။ ထိုအခါ စုချန်းအား တိုက်ခိုက်မည့်အစား လက်ဝါးကို ပြန်သိမ်းကာ မာန်သွင်းသံတချက်ပြုပြီး အားကောင်းသောစွမ်းအားလှိုင်းများ ဖော်ထုတ်၍ မိုးသီးမိုးဖွားများအား ကာကွယ်လိုက်ရ၏။
"ချီမင်းဖန်"
ထို့နောက် သူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဟုတ်တယ် ကျုပ် ချီမင်းဖန်ပဲ"
အသံနှင့်အတူ ချီမင်းဖန် ပေါ်ပေါက်လာ၏။ မိုးများမှာကား ယခင်အတိုင်း တဖွဲဖွဲ ရွာသွန်းနေသည်။ ကျူးပိုင်ယု၏ နှလုံးသားထဲတွင် စိိမ့်ခနဲ ခံစားလိုက်ရ၏။ ထိုသို့ ဖြစ်ရခြင်းမှာ သူ ချီမင်းဖန်အား ကြောက်၍ မဟုတ်။ ရန်သူသည် ကြိုတင်ပြင်ဆင်ပြီးမှ ရောက်လာခြင်းဖြစ်ကြောင်း သူ သဘောပေါက်လိုက်၍ ဖြစ်သည်။
ချီမင်းဖန်နှင့်အတူ ကျန် ရှင်သန်ခြင်းကျောင်းတော်အဖွဲ့သားများလည်း တယာက်ပြီးတယောက် ပေါ်ပေါက်လာ၏။
ထိုအချိန်တွင် ကျူးရှန်းယောက်သည် စုချန်းအား စူးစူးဝါးဝါး စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဒီတော့ ရှင်က ရှင်သန်ခြင်းကျောင်းတော်ကပေါ့ ဟုတ်လား"
ထို့နောက် သူမက စုချန်းအား လက်ချောင်းများဖြင့် ထိုးလိုက်၏။
ကောင်းကင်မြေခွေးလက်ချောင်းများပင်တည်း။
ကျူးရှန်းယောင်ကား သူမ၏ အမုန်းကို အဆုံးစွန်သော နည်းလမ်းနှင့် ဖော်ထုတ်လိုက်ခြင်းပင်။
၎င်းမှာ စုချန်း၏ လှည့်စားမှုကြောင့်မဟုတ်။ ဖူးသစ်စအချစ်ကြောင့်ပင်။
ဖူးသစ်စအချစ်ကြောင့် လူတယောက်အပေါ် ဖြစ်ပေါ်လာသည့် ချစ်ခြင်းတရားကို ပယ်ဖျက်ရန် အကောင်းဆုံးနည်းလမ်းမှာ ထိုလူကို သတ်ပစ်ရန်ပင်။
"မင်း အတော်လေး စိတ်ဆိုးနေတာပဲကိုး"
စုချန်းက ရယ်ရယ်မောမောနှင့်ပင် ညာဖက်လက်ကို ဆန့်ထုတ်ပြီး ကျူးရှန်းယောင်၏ တိုက်ခိုက်မှုကို ခုခံပေးလိုက်သည်။ စုချန်း၏ လက်သီးမှာ ရိုးစင်းသော်လည်း ကမ္ဘာဦးသွေးပုံရိပ် ပါဝင်နေ၍ အားမာန်ပါ၏။
လက်သီးနှင့်လက်ချောင်းများ ဆုံတွေ့မိချိန်ဝယ် အုန်းခနဲ အသံတချက် ထွက်ပေါ်လာပြီး သူတို့နှစ်ယောက်မှာ နောက်သို့အသီးသီး ဆုတ်သွားကြသည်။
ကောင်းကင်မြေခွေးလက်ချောင်းများသည် ကျူးရှန်းယောင်၏ အင်အားအကောင်းဆုံး လုပ်ကြံသတ်ဖြတ်ရေးနည်းစနစ် ဖြစ်သည်။ သူမ၏ အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်မှာ သိပ်မကောင်းလှသည့်တိုင် ဤလက်ချောင်းများကတော့ ပြင်းထန်လှ၏။ သာမာန်လူ မရှောင်နိုင်။ ယခုတော့ စုချန်းက သူမ၏ တိုက်ခိုက်မှုကို အလွယ်တကူပင် ခုခံပေးလိုက်၏။
ထိုအချိန်မှာပင် စုချန်းသည် ရှေ့သို့ လှစ်ခနဲ ခုန်ဝင်လာပြီး ကျူးရှန်းယောင်အား ဖမ်းချုပ်ရန် ကြိုးစားလိုက်သည်။
ကျူးရှန်းယောင် အတော်လေး ထိတ်လန့်သွားပြီး နောက်သို့ ကပျာကယာ ဆုတ်ပေးလိုက်ရသည်။ စုချန်းကလည်း ထပ်ချပ်မကွာ လိုက်ပါနေ၏။ ကျူးရှန်းယောင်ကလည်း နောက်သို့ အဆက်မပြတ် ဆုတ်ပေးနေ၏။ ဤအတောအတွင်းတွင် သူတို့နှစ်ယောက်သည် အဆက်မပြတ် တိုက်ခိုက်နေကြလေသည်။
ထိုအချိန်တွင် သူတို့နှစ်ယောက်အနက် မည်သူက အင်အားသာလွန်မှန်း သိသာနေခဲ့လေပြီ။ ကောင်းကင်မြေခွေးလက်ချောင်းသည် ကျူးရှန်းယောင်၏ အဓိကဝှက်ဖဲဖြစ်သည်။ တဖက်တွင် စုချန်း၏ လက်သီးက သာမာန်တိုက်ကွက်မျှသာ ဖြစ်သည်။ စုချန်းအနေနှင့် အရိပ်မီးတောက်များကိုပင် ထုတ်မသုံးရသေး။
အချိန်တိုင်းလိုလိုတွင် ကျူးရှန်းယောင်၏ တိုက်ကွက်များသည် နှေးသည်ထက် နှေးလာ၏။ စုချန်း၏ လှုပ်ရှားမှုမှာကား ပို၍ မြန်ဆန်လာသည်။ ကျူးရှန်းယောင်ကား အသက်ပင် ရှုချိန်မရတော့။
ရန်သူကား အင်အားကြီးမားလှချေသည်တကား။
အချိန်ကြာလာသည်နှင့်အမျှ ကျူးရှန်းယောင် ပို၍ အံ့သြလာ၏။ သူမသည် နတ်ဆိုးဧကရာဇ်သွေးဗီဇပိုင်ရှင်ဖြစ်သလို ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်လည်း ဖြစ်သည်။ သို့သော် ရန်သူသည် သာမာန်လက်သီးချက်များနှင့်ပင် သူမအား အလွယ်တကူ ခုခံပေးနေ၏။
ဤအနေအထားတွင် သူမ မအံ့သြပဲ အဘယ်မှာ နေနိုင်အံ့နည်း။
ကံကောင်းသည်မှာ ကျောက်ကျင်းဝင်နှင့် ပါ့လီယွန်တို့က ပြိုင်တူ ဝင်ရောက်တိုက်ခိုက်လာခြင်းပင်။
"ကျုပ်သခင်လေး ဘယ်မှာလဲ"
ပြောပြောဆိုဆို ပါ့လီယွန်က သူ၏ ကြီးမားသော ပုဆိန်ကြီးကို ဝေ့ယမ်းကာ စုချန်းအား ခုတ်ချလိုက်သည်။ ထိုအချိန်တွင် ကျောက်ကျင်းဝင်၏ လှံတံကလည်း စုချန်းဆီသို့ တိုးဝင်လာ၏။
"သူ ကျုပ် လက်ထဲမှာပေါ့ကွာ"
ပြောပြောဆိုဆို စုချန်း၏ လက်ထဲသို့ တောင်ခွဲဓား ရောက်လာ၏။
ဓားသည် လေထုကို ထိုးခွင်းသွားသည်။
ဓားချက်ကြောင့် သူတို့ရှေ့ရှိ လေထဲသည်ပင် ကွဲထွက်သွားသလို ကျောက်ကျင်းဝင်နှင့် ပါ့လီယွန်တို့ ခံစားလိုက်ရ၏။ ဤဓားချက်မျိုးကို သာမာန်အကာအကွယ်မျိုးနှင့် မခံနိုင်လောက်။
သူတို့နှစ်ယောက်လုံး အကြီးအကျယ် ထိတ်လန့်သွားလေသည်။ ရန်သူကား အထူးပင် ကြောက်စရာကောင်းနေသည် မဟုတ်ပါလား။ ထိုအခါ သူတို့နှစ်ယောက်သည် ရန်သူအား မတိုက်ခိုက်နိုင်တော့ပဲ ခံစစ်ကို ချက်ချင်းပြောင်းလဲလိုက်ရသည်။ စူးရှတောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး သုံးဦးသား လူချင်းကွဲသွား၏။
ထိုအခိုက်မှာပင် စုချန်း၏ နောက်ကျော၌ လူပုံသဏ္ဍာန်အရိပ်တရိပ် ပေါ်ပေါက်လာ၏။ တောင်ခွဲဓားသည်လည်း ချက်ချင်းဆိုသလိုပင် အရွယ်အစားကြီးမားလာပြီး ကျောက်ကျင်းဝင်နှင့် ပါ့လီယွန်တို့ထံသို့ ခုတ်ချလာတော့သည်။
တောင်ခွဲဓားမှ ထွက်ပေါ်လာသော ဖိအားမှာ ကြောက်စရာကောင်းလှ၏။ အနှီဖိအားသည် တောင်များ၊ မြစ်များကိုပင် ဝါးမြိုသွားတော့မယောင် ထင်ရသည်။ ပြိုင်ဘက်ကင်းစွမ်းအားရှင်များသာလျင် ပိုင်ဆိုင်နိုင်မည့် အင်အားမျိုးပင်တည်း။
ထိုအခိုက်အတန့်တွင် ကျူးရှန်းယောင်၏ အမြင်၌ စုချန်းသည် သာမာန်ချီစွမ်းအားပညာရှင်မျိုး မဟုတ်တော့ပဲ အလင်းတုန်ခါခြင်းပညာရှင် သို့မဟုတ် ကမ္ဘာဦးသားရဲကြီးများ၏ သွေးဗီဇကိုပိုင်ဆိုင်ထားသည့် ပညာရှင်တဦးဟုပင် မြင်လာတော့သည်။
***