ညှိုနှိုင်းခြင်း ၁
Vol. 55 Ch. 541
သာမာန်ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်များသာဆိုပါက ဤမျှပြင်းထန်ပြီး ကြောက်မက်ဖွယ်ရာဓားချက်မျိုးကို ခုခံနိုင်ဖွယ်ရာမရှိ။ ကျိန်းသေပေါက် ထက်ပိုင်းခြမ်းခံရမည်သာ။
သို့သော် ပါ့လီယွန်နှင့် ကျောက်ကျင်းဝင်မှာ သာမာန် ယန်ဖွင့်လှစ်ခြင်းပညာရှင်များ မဟုတ်ကြခြပေ။
သူတို့နှစ်ဦးလုံးလိုလိုသည် ၎င်းတို့မျိုးနွယ်စုအသီးသီးမှ လူယုံတော်များ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ သွေးထဲတွင် သက်ဆိုင်ရာမျိုးနွယ်စုများ၏ သွေးဗီဇများ စီးဆင်းနေ၏။ ထိုသွေးဗီဇများမှာလည်း သွေးနှောဟုသာဆိုသော်လည်း သန့်စင်သော သွေးဗီဇများနီးနီး သန်မာအားကောင်းကြလေသည်။
စုချန်း၏တောင်ခွဲဓား ၎င်းတို့ထံပေါ် ကျရောက်လာသည်နှင့် ၎င်းတို့၏ ကိုယ်ပေါ်မှ သွေးကဲ့သို့ နီရဲသော အလင်းရောင်များ တိုးထွက်လာ၏။
တချိန်တည်းမှာပင် ကျောက်ကျင်းဝင်၏ နောက်ကျောမှ နီရဲရဲ နတ်ဆိုးမြေခွေးတကောင်၏ ပုံရိပ် ပေါ်ပေါက်လာသည်။ အနှီမြေခွေးသည် ညှို့ငင်သော အကြည့်နှင့် စိုက်ကြည့်ပြီး စုချန်းအား လက်ဖြင့် လှမ်းကုတ်လိုက်သည်။ အဆိုပါ လက်ချောင်းတိုက်ကွက်သည် ကျောက်ကျင်းဝင်၏ လှံတိုက်ကွက်နှင့် လိုက်လျောညီထွေစွာ ပေါင်းစပ်သွား၏။ ကောင်းကင်မြေခွေးလှံတိုက်ကွက်ပင် ဖြစ်သည်။
ပါ့လီယွန်၏ နောက်ကျောတွင်လည်း ကျောက်ကျင်းဝင်ကဲ့သို့ပင် ဝက်နဂါးကြီးတကောင်၏ ပုံရိပ် ပေါ်ပေါက်လာ၏။ ကြီးမားလှသော ဝက်နဂါးကြီးထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ စွမ်းအင်သည်လည်း ပတ်ဝန်းကျင်ရှိ လူတိုင်းကို ခြိမ်းခြောက်စပြုလာပြီး ပါ့လီယွန်၏ မီးလျံဓားနှင့် ပေါင်းစပ်သွားလေသည်။
ကျောက်ကျင်းဝင်၏ ကောင်းကင်မြေခွေးလှံနှင့် ပါ့လီယွန်၏ ဝက်နဂါးပါးစပ်။
အားကောင်းလှသော သွေးဗီဇစွမ်းရည်နှစ်မျိုးသည် စုချန်း၏ ကမ္ဘာဦးသွေးပုံရိပ်အား အရှိန်အဟုန်နှင့် ဝင်ဆောင့်လိုက်လေသည်။
မျက်စေ့ကျိန်းစပ်မတပ် အလင်းရောင်များနှင့်အတူ ပြင်းထန်လှသော ပေါက်ကွဲမှုကြီး ပေါ်ပေါက်လာပြီး စွမ်းအင်လှိုင်းများသည် ရဲတိုက်တခုလုံးအား အပိုင်းအစလေးများအဖြစ် ကွဲထွက်သွားစေ၏။ အလိုအလျောက် ပြန်လည်ဖွဲ့စည်းနိုင်သော စိတ်မြင်ကွင်းလေဟာနယ်ဖြစ်နေ၍သာ တော်ပေတော့သည်။ မဟုတ်လျင် ရဲတိုက်တခုလုံး ပြိုကျသွားဖွယ်ရာ ရှိနေပေသည်။
ဤတကြိမ်တွင်တော့ စုချန်း တောင့်ခံမထားနိုင်တော့။ နောက်သို့ လွင့်စင်သွား၏။ သူ့နှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျလာ၏။
ကျောက်ကျင်းဝင်နှင့် ပါ့လီယွန်တို့အသီးသီးမှာလည်း ဒဏ်ရာများ ရရှိကုန်ကြသည်။
ထို့နောက် သူတို့သည် တဖက်နှင့် တဖက် အံ့သြသင့်ဟန်ဖြင့် အပြန်အလှန် စိုက်ကြည့်နေကြသည်။
"ဒီကောင် ဘယ်သူလဲ"
ကျောက်ကျင်းဝင် အံ့သြတကြီးနှင့် ရေရွတ်လိုက်၏။
နတ်ဆိုးဧကရာဇ် သွေးဗီဇပိုင်ရှင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်နှစ်ဦး ပူးပေါင်းတိုက်ခိုက်သည့်တိုင် ရန်သူကို အနိင်မရနိုင်ပဲ ဖြစ်နေသည်မဟုတ်ပါလား။ သူတို့ မအံ့သြပဲ မနေနိုင်တော့။
ထို့ပြင် ရန်သူသည် လက်ရှိအချိန်ထိ မီးကုန်ယမ်းကုန် တိုက်ခိုက်ခြင်းမပြုသေး။
ထိုအချက်ကို ကျောက်ကျင်းဝင်တို့နှစ်ယောက်လုံး အလွယ်တကူ မှန်းဆနိုင်လိုက်ကြ၏။ အကြောင်းမှာ တဖက်လူသည် ယခုအချိန်ထိ ယူထျန်းယန်၏ ပုံစံတွင်သာ ဆက်ရှိနေခြင်းကြောင့်ပင်။
ရုပ်ပြောင်းရုပ်လွှဲ လုပ်ဆောင်ရန် စုချန်းတွင် အပိုအင်အားများ ရှိနေသေးကြောင်း ထိုအချက်ကို ကြည့်ရုံနှင့် မြင်သာနေသည် မဟုတ်ပါလား။
စုချန်း ခေါင်တချက်ခါရင်း ရေရွတ်လိုက်သည်။ သူ့မျက်လုံးထဲတွင်တော့ စိတ်လှုပ်ရှားဟန်များ အတိုင်းသား ပေါ်လွင်နေသည်။
"နတ်ဆိုးဧကရာဇ်သွေးဗီဇတွေ...ဟုတ်လား တကယ်ကို အံ့သြသင့်လောက်စရာပဲ...ကျုပ်ဟာ သာမာန်ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်ဆယ်ယောက်လောက်ကို ဘာပြသနာမှ မရှိပဲ အလွယ်တကူ ရှင်းပစ်နိုင်တယ် ဒါပေမဲ့ မင်းတို့နှစ်ယောက်ကတော့ ကျုပ်ကို နောက်ဆုတ်သွားအောင် စွမ်းဆောင်နိုင်ခဲ့တယ် မဆိုးဘူး တကယ်ကို မဆိုးဘူး ဒါပေမဲ့ ကျုပ်ဟာ အားကုန်ထုတ်မသုံးရသေးဘူးကွ ဒီတော့ ဒီဓားချက်ကို မင်းတို့ မြည်းစမ်းကြည့်စမ်း"
ထိုသို့ ပြောပြီးသည်နှင့် စုချန်း၏ နောက်ကျောရှိ ကမ္ဘာဦးသွေးပုံရိပ်သည် ပေငါးဆယ်ခန့်ထိ ရှည်ထွက်လာလေသည်။
ဤနှစ်များအတွင်းဝယ် စုချန်း၏ ကိုယ်တွင်းစွမ်းအင်အဆင့်အတန်းသည် ထူးထူးခြားခြား မြင့်မားလာခြင်းမရှိသော်လည်း မူလစွမ်းရည်ပိုင်းဆိုင်ရာ တိုးတက်မှုများမှာကား ရပ်တန့်သွားခြင်းမရှိပဲ အဆက်မပြတ် တိုးတက်နေခဲ့၏။ ကမ္ဘာဦးသွေးပုံရိပ်မှာလည်း ထပ်ခါ ထပ်ခါ တိုးတက်လာခဲ့သည်ကတော့ အမှန်ပင်။
တဆက်တည်းမှာပင် တောင်ခွဲဓားမှာလည်း အရွယ်အစား ကြီးမားလာ၏။
တောင်ခွဲဓားဟူသည် အရွယ်ကြီးမားလာသည်နှင့်အမျှ အင်အားပြင်းထန်လာတတ်သည့် အမျိုး ဖြစ်သည်။ ထိုအခါ ၎င်းဓားသည် ကမ္ဘာဦးသွေးပုံရိပ်နှင့် ပို၍ တသားတည်းကျလာ၏။ ပို၍ လိုက်ဖက်ညီလာ၏။ ထူးခြားသည်မှာကား ဤတကြိမ်ဝယ် တောင်ခွဲဓား၏ မျက်နှာပြင်တွင် အမဲရောင်အခိုးအငွေ့များနှင့် ယှက်သန်းနေခြင်းပင်။
သူတို့အားလုံးသည် အရိပ်မီးတောက်များအား ယခင်က မမြင်ဖူးသည့်တိုင် ၎င်းအခိုးအငွေ့များမှာ အလှဆင်ထားခြင်းမဟုတ်မှန်းတော့ သဘောပေါက်ကြကုန်၏။
ကျူးရှန်းယောင် မျက်နှာပျက်သွားသည်။ ထို့နောက် သူမက ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်လေသည်။
"အားလုံး သတိထားကြစမ်း"
ထို့နောက် သူမက လက်အစုံကို ဝေ့ယမ်းလိုက်ရာ မွှေးရနံ့များ ထွက်ပေါ်လာ၏။ အဆိုပါ မွှေးရနံ့များမှာ ကောင်းကင်မြေခွေး၏ ညှို့ငင်စွမ်းရည်နှင့် အထူးပင် လိုက်ဖက်ပြီး ရန်သူကို စိတ်ရှုပ်ထွေးသွားစေနိုင်သော စွမ်းရည်ရှိ၏။
ကံဆိုးသည်မှာကား စုချန်းသည် ကျူးမျိုးနွယ်များ၏ နည်းစနစ်ပေါင်းစုံကို ခရေစေ့တွင်းကျ သိပြီးနေခဲ့လေပြီ။ ထို့ကြောင့် ထိုနည်းစနစ်မှာ သူ့အပေါ် သက်ရောက်နိုင်စွမ်းမရှိတော့။
စုချန်းသည် အသက်ကို အားရပါးရ ရှုပြီး မွှေးရနံ့များကို ရှုသွင်းလိုက်၏။ ထို့နောက် သူက ခေါင်းတချက်ခါရင်း ပြောလိုက်သည်။
"သိပ်မွှေးတဲ့ အနံ့ပဲဗျ"
"ရှင်...ရှင်"
ကျူးရှန်းယောင် အကြီးအကျယ် ထိတ်လန့်သွား၏။
အကြောင်းမှာ စုချန်း၏ သွင်ပြင်သည် ညှို့ငင်ခံရသည့်လက္ခဏာ စိုးစဥ်းမျှ မရှိပဲ ပကတိ တည်ငြိမ်နေသောကြောင့်ပင်။
ထို့နောက် စုချန်းက ကျူးရှန်းယောင်တို့သုံးဦးအား စိုက်ကြည့်ရင်း ပြောလိုက်၏။
"ကဲ မင်းတို့သုံးယောက် ပေါင်းတိုက်ကြကွာ ဒါမှ ပျော်စရာကောင်းမယ်"
သူ့စကားဆုံးသည်နှင့် တောင်ခွဲဓားသည် ရှေ့သို့တဟုန်ထိုး ရွေ့လျားလာ၏။
ဤဓားချက်မျိုးကို အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ပင်လျင် အသည်းအသန် ခုခံရဖွယ်ရာ ရှိသည်။
ဓားမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာအင်အားကို မြင်သောအခါ ကျူးရှန်းယောင်အပါအဝင် လူတိုင်းလိုလိုသည် သွေးပျက်ကုန်ကြ၏။
ဤဓားချက်ကို သူတို့ ခုခံနိုင်ဖို့ မသေချာ။ သို့သော် သူတို့တွင် တခြား ရွေးချယ်စရာ မရှိ။ စုပေါင်းခုခံရုံသာ ရှိ၏။
ထိုအချိန်တွင် စုချန်းသည် တွေခနဲ ဖြစ်သွား၏။ တောင်ခွဲဓားမှာလည်း ရှေ့တိုးလာခြင်းမရှိတော့ပဲ လေထဲမှာပင် ရပ်တန့်နေတော့သည်။
ထို့နောက် သူက ခေါင်းမော့ကာ နားစွင့်ရင်း ပြောလိုက်သည်။
"ဧည့်သည်တွေ ထပ်ရောက်လာပြန်ပြီ"
ထိုသို့ ပြောပြီးသည်နှင့် စုချန်းက တောင်ခွဲဓားကို ပြန်သိမ်းလိုက်၏။
ပြင်းထန်လှသော ဓားချက်ကို တဝက်တပျက် ဖော်ထုတ်ထားပြီးလျက်ကယ်နှင့် မည်သည့်တန်ပြန်အားကိုမှ ဂရုမစိုက်ပဲ ဓားကို အလွယ်တကူ ပြန်သိမ်းလိုက်သော စုချန်း၏ စွမ်းဆောင်ရည်မှာကား အံ့သြသင့်စဖွယ်ပင်။ ၎င်းကိုကြည့်ရုံနှင့် စုချန်းသည် အင်အားကို အပြည့်အဝ မသုံးရသေးမှန်း သိသာနေ၏။ တဖက်တွင်လည်း ကျူးရှန်းယောင်တို့သုံးယောက်မှာ ရင်သပ်ရှုမောကုန်ကြလေသည်။
ဘယ်သူလဲ...ဒီလူ ဘယ်သူလဲ...
ဒီလောက်တောင် အင်အားကြီးနေရအောင် သူ ဘယ်သူလဲ...
စုချန်း၏ စကားကို ကြားသည်နှင့် ချီမင်းဖန်က မေးလိုက်၏။
"သူတို့ပဲလား"
"ဟုတ်တယ် သူတို့ပဲ"
ထိုအခါ ချီမင်းဖန်သည် လက်ဝါးရိုက်တချက်ကို လေထဲသို့ ရိုက်ထုတ်လိုက်သည်။ လက်ဝါးရိုက်ချက် ထွက်ပေါ်လာသည်နှင့် မရေမတွက်နိုင်သော မိုးသီးမိုးပေါက်များသည် ရေတံတိုင်းကြီးတခုအဖြစ် ဖွဲ့စည်းသွားလေသည်။ အဆိုပါ ရေတံတိုင်းမှာ တဖြောင့်တည်းမဟုတ်ပဲ အကွေ့အကောက်များစွာနှင့် ဖြစ်သည်။ ရေတံတိုင်းသည် အသည်းအသန် တိုက်ခိုက်နေကြသော လူနှစ်စုအား အောင်မြင်စွာ ခွဲခြားလိုက်နိုင်၏။ မိုးသခင်ကြီးချီမင်းဖန်၏ နောက်ထပ် ရင်သပ်ရှုမောဖွယ်ရာ စွမ်းဆောင်ရည် တခုပင်တည်း။
တိုက်ပွဲအား ရပ်တန့်စေပြီးသည်နှင့် ချီမင်းဖန်က လူအများ ကြားသာအောင် အော်ဟစ်လိုက်သည်။
"အားလုံး ရပ်ကြစမ်း ဒီကို ပေါလ် ရောက်နေပြီ"
ပေါလ် ဆိုပါကလား...
ထိုနာမည်ကို ကြားလိုက်သည်နှင့် လူတိုင်း ကြောင်တောင်တောင်ဖြစ်ကုန်ကြလေသည်။
သဲမျိုးစိတ်ခေါင်းဆောင်ပေါလ် ဒီကို ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ...သူ ဘာလာလုပ်တာလဲ...
ထိုအချိန်တွင် စုချန်းက တောင်ခွဲဓားအား ကူလာ ရှိရာသို့ ရွယ်ပြီး ပြောလိုက်သည်။
"မင်းတို့မယုံရင် သူ့ကို မေးကြည့်"
ကူလာ ပြုံးလိုက်သည်။ ရက်စက်ကြမ်းကြုတ်သောအပြုံးပင်။
"ခေါင်းဆောင်ဟာ မင်းတို့လူသားတွေကို ဘယ်တုန်းကမှ ယုံခဲ့တာ မဟုတ်ဘူး မင်းတို့မှာ တခြားရည်ရွယ်ချက် ရှိနေတယ်ဆိုတာ သူ ကောင်းကောင်းသိတယ် ဒါကြောင့် မင်းတို့ လုပ်ချင်တာ လုပ်နိုင်အောင် သူ တမင်လွှတ်ပေးထားတာပဲ ခု ခေါင်းဆောင် ဒီကိုရောက်နေပြီ မင်းတို့ သေဖို့သာပြင်ထားကြပေတော့"
ကျူးရှန်းယောင် တွေခနဲ ဖြစ်သွား၏။ ထို့နောက် သူမက ပြောလိုက်သည်။
"ရှင်တို့ ဒါကို အစောကြီးကတည်းက သိထားပြီးသားမလား"
စုချန်း ပြုံးလိုက်သည်။
"သံသယဖြစ်နေရုံလောက်ပါ ခုမှ သေချာသွားတာ"
ကျူးပိုင်ယုက ရက်စက်ကြမ်းကြုတ်ဟန်ဖြင့် ပြောလိုက်ပြန်သည်။
"သေချာတော့ ဘာဖြစ်သတုန်း မင်းတို့ဟာ ကျူးမျိုးနွယ်ကို အတိုက်အခံလုပ်ပြီး ကျူးမျိုးနွယ်ရဲ့ အကျိုးအမြတ်တွေကို ခိုးယူဖို့ ကြံစည်ရဲတယ် မင်းတို့အားလုံး သေရမယ်ကွ"
ထိုစကားကို ကြားသောအခါ ချီမင်းဖန် အော်ဟစ်ရယ်မောလိုက်လေသည်။
"ဘာကွ ကျူးမျိုးနွယ်ရဲ့အကျိုးအမြတ်တွေကို ခိုးယူတယ် ဟုတ်လား မင်းတို့ အနောက်လိုင်နာရဲတိုက်အကြောင်း သိသွားတာ ရှင်သန်ခြင်းကျောင်းတော်ကြောင့်ကွ မင်းတို့ကမှ ကျုပ်တို့အကျိူးအမြတ်ကို ခိုးယူတာ ဒါကို မင်းက ကပြောင်းကပြန် ပြောရဲသလား"
"ဒါ...."
ကျူးပိုင်ယု ဘာပြန်ပြောရမှန်းမသိ ဖြစ်သွား၏။ သူတို့ သိထားသော အနောက်လိုင်နာရဲတိုက်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များမှာ ရှင်သန်ခြင်းကျောင်းတော်ထံမှ ဖြစ်ကြောင်း ယခုမှ သူ သဘောပေါက်သွားလေသည်။
ဤအတိုင်းဆိုလျင် ချီမင်းဖန်၏ စကားကပင် မှန်သလို ဖြစ်နေ၏။
ထိုအခါ ကျန် ကျူးမျိုးနွယ်ဝင်များမှာလည်း ဘာပြောရမှန်းမသိပဲ ဖြစ်ကုန်ကြလေသည်။
ထိုအခါ သူတို့၏ အကျိုးအမြတ်များအား ရှင်သန်ခြင်းကျောင်းတော်မှ ကြားဝင်လုသည်ဟု တထစ်ချ ယူဆထားသော သူတို့၏ အမြင်မှာလည်း ပြောင်းလဲသွားကြကုန်၏။ သူတို့၏ ရင်ထဲတွင် တဟုန်းဟုန်းတောက်လောင်နေသော ဒေါသမီးများမှာလည်း ချက်ချင်းဆိုသလိုပင် ငြိမ်းအေးကုန်ကြသည်။
ထို့ကြောင့် နှစ်ဖက်သော ရန်သူများအကြား စေ့စပ်ညှိုနှိုင်းမှု ဆောင်ရွက်ရန် လွယ်ကူသော အခြေအနေသို့ ဆိုက်ရောက်လာခဲ့ပြီဖြစ်သည်။
အခြေအနေကို သုံးသပ်မိသော စုချန်းက ချိန်သားကိုက်ပင် စကားစလိုက်သည်။
"ဒီနေရာကို အနှေးနဲ့အမြန်ဆိုသလို ပေါလ် ရောက်လာလိမ့်မယ် သူဟာ ကြာပန်းငါးပွင့်အဆင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ပဲ သူ့လက်အောက်မှာလဲ တခြား ထိပ်သီးပညာရှင်တွေ ရှိနေသေးတယ် ကျုပ်တို့ ဒီလိုသာ ဆက်ပြီး ရန်ဖြစ်နေရင် ပေါလ် လက်ချက်နဲ့ အကုန်သေကုန်လိမ့်မယ်"
ကျူးပိုင်ယု တွေခနဲ ဖြစ်သွား၏။
"မင်း ဆိုလိုတာ"
"ကျုပ်တို့အားလုံး စုပေါင်းပြီး ပေါလ်ကို အရင်တိုက်ကြဖို့ပဲ"
***