တိုက်ပွဲ
Vol. 55 Ch. 543
ဘုန်း!!!
ပေါလ်သည် အနီးရှိ စဥ့်ပန်းကန်လုံးအား စိစိညက်ကြေအောင် ခြေမွလိုက်၏။ သူ့မျက်နှာပေါ်တွင်ကား စိတ်မရှည်နိုင်တော့ဟန်များ အတိုင်းသား ပေါ်လွင်နေသည်။
"ဒီ သတ်လို့မသေနိုင်တဲ့ ခွေးမသားတွေကို ရိုက်နှက်နေရတာ စိတ်ပျက်စရာတောင် ကောင်းလာပြီ ဟိုကောင်တွေ ဘယ်မတုန်းကွ"
"သူတို့ ရှေ့နားလေးမှာပါပဲ သခင်"
သိမ်းငှက်မျက်လုံးပိုင်ရှင် သဲမျိုးစိတ်ဝင်က ပြောလိုက်သည်။
ထိုအချိန်မှာပင် သဲမှုန်များကြောင့် ဖြစ်ပေါ်နေသည့် သဲဝဲကတော့တခုသည် ချက်ချင်းပင် ရွှေရောင်မြားတချောင်းအဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ ပျံသန်းသွား၏။
စိတ်မြင်ကွင်းလေဟာနယ်အတွင်းရှိ အမျိုးမျိုးအဖုံဖုံသော အရာဝတ္တုများကသာ နှောင့်ယှက်ခြင်းမရှိလျင် ရည်မှန်းချက်နေရာသို့ သူတို့ ရှေ့မဆွကပင် ရောက်ပြီးဖြစ်နေပေလိမ့်မည်။
"ဒါဆိုလဲ မြန်မြန်သွားကြမယ်ဟေ့"
ပေါလ်၏ ခြေလှမ်းများမှာ ပို၍ မြန်ဆန်လာ၏။
ထိုအချိန်မှာပင် ဘယ်ကမှန်းမသ်ိသော ဖယောင်းတိုင်တစ်တိုင်က ခုန်ဆွခုန်ဆွနှင့် ရောက်လာပြီး ပြောလိုက်သည်။
"ဒီထဲကနေ ဘယ်ပစ္စည်းမှ ယူသွားဖို့ စိတ်မကူးနဲ့ကွ"
ပေါလ်၏ မျက်လုံးအစုံမှာ ချာချာလည်သွား၏။
"ကောင်းရောကွာ မင်းဟာ ငါ သဘောအကျဆုံး ငွေဖယောင်းတိုင်လေကွာ ဒါတောင်မှ မင်းက ငါ့ကို အတိုက်အခံ လုပ်နေရသလား"
ငွေဖရောင်းတိုင်က ကိုယ်ကို ယိမ်းနွဲ့လှုပ်ရှားရင်း ပြောလိုက်၏။
"ဒါ ဘာမှမဆန်းပါဘူးကွာ ခေါင်ဆောင်ဟောင်းရဲ့ သွေးတွေ ငါ့တကိုယ်လုံးမှာ စွန်းထင်းနေခဲ့တာကိုး မင်း သူ့လည်ပင်းထဲ ငါ့ကို ထိုးထည့်လိုက်တဲ့အချိန်မှာ သူ့သွေးတွေအများကြီး ငါ့ကိုယ်ပေါ်မှာ ပေသွားခဲ့တယ် ဒီသွေးတွေက မင်းအပေါ် ငါ မုန်းတီးလာအောင် ငါ့ရဲ့ခံစားချက်တွေကို ပြောင်းလဲပေးခဲ့တယ်"
"ဟေ့ မင်း ဘာပြောလိုက်တာလဲ"
ဖရောင်းတိုင်၏ စကားကြောင့် သဲမျိုးစိတ်ဝင်တပ်သားတချို့ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။
"သေစမ်း"
ပေါ်လ် သူ့နဖူးကိုသူ ဗြန်းခနဲ ရိုက်ချရင်း ပြောလိုက်သည်။
"မင်းကိုငါ အစောကြီးကတည်းက အရည်ဖျော်ပစ်ခဲ့ရမှာ"
"အောင်မယ် ငါသာ ရွှေနဲ့လုပ်ထားရင် မင်း အစောကြီးကတည်းက အရည်ဖျော်ပြီး ရွှေတုံးလုပ်ပစ်မှာပဲမလား"
ငွေဖရောင်းတိုင်က ခွန်းတုံ့မခံပဲ ပြန်ပြောလိုက်သည်။
ထိုစဥ် သဲမျိုးစိတ် တပ်သားတဦးက ပေါလ်အား ဒေါသတကြီး စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ခေါင်းဆောင်ကြီးကို လူသားတွေ သတ်သွားတာလို့ ခင်ဗျား ပြောခဲ့တယ်"
"ဟုတ်တယ်လေကွ ဖြစ်ခဲ့တာလဲ အဲဒီအတိုင်း အတိအကျပဲလေ"
ပေါလ်၏ လေသံမှာ စိတ်မရှည်ဟန် ပေါက်နေ၏။
သဲမျိုးစိတ်ဝင် တပ်သားက ခေါင်းခါလိုက်သည်။
သူ့ပုံစံမှာ စိတ်ရှုပ်ထွေးဟန် ပေါ်နေ၏။ ဘာလုပ်ရမည်မှန်း ဝေခွဲမရပုံလည်း ပေါ်နေသည်။ ထို့နောက် သူသည် နောက်သို့ တလှမ်းပြီးတလှမ်း ဆုတ်သွားလေသည်။
၎င်းကိုကြည့်ရင်း ပေါလ်၏ မျက်နှာမှာ တင်းမာလာ၏။
"မင်းအနေနဲ့ လှေနံနှစ်ဖက် မနင်းသင့်ဘူးကွ ငါ့အပေါ် သစ္စာမစောင့်သိတော့ဘူးဆိုတာ သစ္စာဖောက်တာနဲ့ အတူတူပဲ"
ထို့နောက် သူက လက်တဖက်ကို ဖြတ်ခနဲ လှုပ်ရှားလိုက်သည်။
ပေါလ်၏ လှုပ်ရှားမှုမှာ မမြန်လှ။ သို့သော် သဲမျိုးစိတ်ဝင် တပ်သားကား ပေါလ်၏ လက်ထဲတွင် ကားယားကြီး ဖြစ်နေခဲ့လေပြီ။ ထို့နောက် သူက တပ်သား၏ လည်မြိုကို ဂျွတ်ခနဲ လိမ်ချိုးပြီး ပြောလိုက်၏။
"မင်းဟာ အရင်က သိပ်ချီးကျူးစရာကောင်းတယ် ဒါပေမဲ့ နောက်ဆုံးကျတော့ မင်းဟာ ငမိုက်သားဖြစ်နေတာပဲကိုး"
၎င်းကိုကြည့်ရင်း ဖရောင်းတိုင်က မျက်လုံးပိတ်ကာ ထအော်လိုက်သည်။
"ရက်စက်လှချည်လားကွ"
"တကယ် ရက်စက်တယ်ဆိုတာ ဘာလဲ မင်း အခုပဲ သိရမယ်"
စကားဆုံးသည်နှင့် ပေါလ်က ဖရောင်းတိုင်ကို ဖမ်းဆွဲပြီး စိစိညက်ကြေအောင် ချေမွလိုက်လေသည်။
သို့သော် ဖရောင်းတိုင်မှာ ချက်ချင်းဆိုသလိုပင် ပြန်ပေါ်လာ၏။ ထို့နောက် ၎င်းက လေပေါ်တွင် ဝေ့ဝိုက်ပျံသန်းရင်း ပြောလိုက်သည်။
"မင်း ငါ့ကို သတ်လို့မရပါဘူးကွာ"
"သိပ်ရတာပေါ့ ငါ အပြင်ရောက်တာနဲ့ အကုန်လုံး မီးတင်ရှို့ပစ်မယ် မင်းတို့အကုန်လုံး ပြာဖြစ်ပြီလို့သာ မှတ်ထားပေတော့"
ပေါလ်၏ လေသံမှာ အေးစက်တင်းမာနေ၏။
"မဟုတ်ဘူး"
ရဲတိုက်တခွင်လုံး အော်ဟစ်သံများ ထွက်ပေါ်လာ၏။ ထို့နောက် အသက်ဝင်နေသော အရာဝတ္တုများသည် ပေါလ်အား ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။
မြင်မြင်သမျှသော အရာဝတ္တုတိုင်းသည် သတ်၍ မသေနိင်သည်ဖြစ်လေရာ ပေါလ် အကြီးအကျယ် ဒေါသထွက်လာ၏။
"ခွေးမသားတွေ အမှိုက်တွေ ငါ့ရှေ့က ဖယ်ကြစမ်း"
ကြောက်စရာကောင်းလှသော သဲမှုန်လှိုင်းလုံးကြီးသည် ပေါလ်၏ ပတ်ပတ်လည်မှ ထွက်ပေါ်လာပြီး မြင်လေသမျှအား ဖုန်မှုန့်များဖြစ်သွားအောင် တိုက်စားပစ်လိုက်၏။
ထို့နောက် ပေါလ်တို့လူစုသည် သိမ်းငှက်မျက်လုံး ညွှန်ပြသည့်လမ်းကြောင်းအတိုင်း ရှေ့သို့ ဆက်လက်ချီတက်လာခဲ့၏။
အပေါ်စင်္ကြန်လမ်းအဆုံးတွင်တော့ ချီမင်းဖန်နှင့် ကျူးပိုင်ယုတို့နှစ်ယောက် အသင့်စောင့်ဆိုင်းလျက်ရှိသည်ကို ပေါလ် မြင်တွေ့လိုက်ရသည်။ ထိုအတွက် ပေါလ်၏ စိတ်ထဲတွင် ထူးဆန်းသည်ဟု မခံစားရ။
သူက ပြောလိုက်၏။
"မင်းတို့လူသားတွေကို ငါက အံ့သြသွားအောင် လုပ်မလို့ပဲ ဒါပေမဲ့ ဒီအထဲက အမှိုက်တွေကြောင့် နည်းနည်းကြာသွားတယ် တော်တော်ဒေါသဖြစ်စရာကောင်းတဲ့ကောင်တွေပဲ"
ချီမင်းဖန် ဟက်ခနဲ ရယ်မောလိုက်၏။
"ကောင်းတာပေါ့ကွာ ကျုပ်တို့အနေနဲ့ မင်းကို အံ့သြစရာလေးတွေ ပြန်လုပ်ပြဖို့ အချိန်ရသွားတာပေါ့"
ပေါလ် မျက်မှောင်ကုတ်လိုက်သည်။
"ဒီတော့ မင်းတို့ကောင်တွေ ငါလာမှာ ကြိုသိနေတာပေါ့"
ကျူးပိုင်ယု ဟက်ခနဲ ရယ်မောလိုက်သည်။
"ဒါများ ဘာအံ့သြစရာ ရှိလို့လဲ ကျုပ်တို့က လူမိုက်မှ မဟုတ်တာ"
ပေါလ်၏ မျက်နှာပေါ်တွင် ဒေါသထွက်ဟန် ပေါလာ၏။
"ဒါပေမဲ့ မင်းတို့ကတော့ ငါ့ကို လူမိုက်လို့ ထင်ခဲ့တယ် ဟုတ်သလား ဘာမဟုတ်တဲ့ လှည့်ကွက်လေးနဲ့ ငါ့ကို လှည့်စားလို့ရမယ်ထင်နေတယ်ပေါ့ ဝေးပါသေးတယ်ကွာ"
ကျူးပိုင်ယု အေးစက်သော လေသံနှင့် ရယ်မောလိုက်၏။
"အရင်တုန်းကသာ မင်း အလိမ်မခံခဲ့ဖူးရင် ဒီလှည့်ကွက်လေးက မင်းအတွက် လုံလောက်ပါတယ်ကွ"
"ခွေးမသား"
ပေါလ် အကြီးအကျယ် ဒေါသထွက်သွား၏။
ကျူးပိုင်ယု၏ စကားက အနာပေါ် ဆားပက်သကဲ့သို့ သူ့အတွက် အခံရခက်စေသည် မဟုတ်ပါလား။ ရုတ်ချည်းဆိုသလို သူ့ပတ်ပတ်လည်တွင် သဲမုန်တိုင်းတခု ဖြစ်ပေါ်လာပြီး သူ့ရှေ့မှ လူသားများဆီသို့ တိုးဝင်သွားလေသည်။
ထိုအချိန်တွင် ချီမင်းဖန်က လက်တဖက်ကို မြောက်လိုက်ရာ လေပြင်လေညှင်းများ တိုက်ခတ်လာပြီး မိုးသီးမိုးပေါက်များ တဖွဲဖွဲ ကျဆင်းလာလေသည်။ ထိုစဥ် ကျူးပိုင်ယုကလည်း ပြိုင်တူ လှုပ်ရှားလိုက်သည်။ သူ့ကိုယ်တွင်းမှ ထွက်ပေါ်လာသော သွေးကဲ့သို့ နီရဲသော အလင်းရောင်များသည် မိုးရေစက်များနှင့်အတူ ရောထွေးရစ်ပတ်သွားပြီး ပေါလ်၏ သဲမုန်တိုင်းအား ရပ်တန့်သွားစေလေသည်။
ပေါလ်၏ အင်အားမှာ တကယ်ပင် ကြောက်စရာကောင်းလှသည်။ လူနှစ်ယောက်အား တပြိုင်တည်းရင်ဆိုင်နေရပြီး ထိုအထဲမှ တယောက်မှာ နတ်ဆိုးဧကရာဇ်သွေးဗီဇပိုင်ရှင် ဖြစ်သည်။ သို့သော် ပေါလ်ကား သက်တောင့်သက်သာပင် ရင်ဆိုင်နေ၏။
သဲမုန်တိုင်းမှာ ပို၍ ပြင်းထန်လာ၏။ အနီးအနားရှိ အရာဝတ္တုတိုင်းလိုလိုမှာ ဖုန်မှုန့်များ ဖြစ်ကုန်ကြသည်။ သို့သော် စိတ်မြင်ကွင်းလေဟာနယ်၏ သဘောသဘာဝအတိုင်း ထိုအရာဝတ္တုတိုင်းသည် အဆက်မပြတ် ပြန်လည်ဖွဲ့စည်းလျက်ရှိသည်။
သို့သော် နတ်ဆိုးဧကရာဇ်သွေးဗီဇဟူသည်ကား နောက်ဆုံးတွင် နတ်ဆိုးဧကရာဇ်သွေးဗီဇ ဖြစ်နေဆဲပင်။ ဤနည်းအတိုင်းသာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါက ပေါလ်အနေနှင့် သူ့ရှေ့ရှိ လူသားနှစ်ဦးအား အနိုင်ရရှိရန် မလွယ်ကူလှ။
သို့သော် ပေါလ်ဘက်တွင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ဟူ၍ သူ တယောက်တည်းသာ ပါဝင်နေခြင်းမဟုတ်။
သုံးယောက်သား အထက်ပါနည်းအတိုင်း တိုက်ခိုက်နေကြစဥ်မှာပင် သဲမျိုးစိတ်ဝင်တဦးက ရှေ့တိုးလာ၏။ ထိုသဲမျိုးစိတ်ဝင်မှာလည်း အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးပင် ဖြစ်သည်။ ထိုသူ တိုက်ပွဲစည်းဝိုင်းအတွင်း ဝင်ရောက်လာသည်နှင့် သဲမုန်တိုင်းသည် ပို၍ အားကောင်းလာ၏။ ပို၍ ပြင်းထန်လာ၏။ ချီမင်းဖန်နှင့် ကျူးပိုင်ယုမှာကား ပြင်းထန်သော ဖိအားကို စတင်ခံစားနေရလေပြီ။
ထိုမြင်ကွင်းကို မြင်သောအခါ ပါ့လီယွန်၊ ကျောက်ကျင်းဝင်နှင့် ကျန်လူအသီးသီးမှာလည်း ကျန်သဲမျိုးစိတ်ဝင်အစောင့်များအား ပြိုင်တူ ဝင်ရောက်တိုက်ခိုက်လိုက်ကြလေသည်။
လူတိုင်း ပါဝင်တိုက်ခိုက်နေကြပြီဖြစ်၍ တိုက်ပွဲစည်းဝိုင်းမှာ ပို၍ ကျယ်ပြန့်လာ၏။ ပို၍ ရှုပ်ရှက်ခတ်လာ၏။ ပို၍ ပြင်းထန်လာ၏။
သို့သော် စုချန်း၏ ပုံစံမှာ တိုက်ပွဲအတွင်း ဝင်နွှဲမည့်ပုံမပေါ်။
တိုက်ပွဲစတင်သည်နှင့် စုချန်းက ချက်ချင်းဆိုသလိုပင် နောက်သို့ ဆုတ်လိုက်သည်။
"ရှင် ဒါက ဘယ်လဲ ဝင်မတိုက်ပဲ ထွက်ပြေးတော့မလို့လား"
ကျူးရှန်းယောင်က လျှောက်လာပြီး မေးလိုက်၏။
သူမကား တလျှောက်လုံး စုချန်းကို မျက်ချေမပြတ် စောင့်ကြည့်နေချေသည်တကား။
"ဟုတ်တယ်လေ ကျုပ် ကက်ပီးယပ်စ် ရတနာတွေကို သွားရှာမလို့"
စုချန်းက ပြန်ဖြေလိုက်၏။ သူ့ခြေလှမ်းများကလည်း နောက်ထပ် လမ်းကြောင်းတခုဆီသို့ ဦးတည်နေလေသည်။
"ရှင်က ရှင့်လူတွေကို ဒီအတိုင်း ပစ်ထားပြီး ကိုယ့်ဟာကိုယ် ရတနာတွေကို သွားရှာမလို့ ဟုတ်လား"
ကျူးရှန်းယောင် အမှန်တကယ်ပင် အံ့သြသွားသည်။
"ဟုတ်တယ် မင်း ပြောတဲ့အတိုင်းပဲ"
စုချန်းက ခပ်တည်တည်ပင် ပြန်ဖြေလိုက်သည်။
"ဒါကိုက ကျုပ်တို့ရဲ့ မူလရည်ရွယ်ချက်ပဲလေ တိုက်ပွဲ နိုင်တာ ရှုံးတာ ဘာမှ အရေးမကြီးဘူး တကယ် အရေးကြီးတာက ကျုပ်တို့ရဲ့ မူလရည်ရွယ်ချက် အောင်မြင်ဖို့ပဲ ကျုပ်တို့ ဒီကိုလာတာ ပေါလ်ကို သတ်ဖို့မဟုတ်ဘူး ရတနာတွေ ရှာဖို့ပဲ ရတနာတွေ မရရင် ပေါလ်ကို သတ်နိုင်ရင်တောင် ကျုပ်တို့ နိုင်တယ်လို့ မဆိုနိုင်ဘူး ရတနာတွေ ရထားရင်တော့ တိုက်ပွဲမှာ ရှုံးသွားပါစေအုံး ကျုပ်တို့ နိုင်တယ်"
"စကားက နားထောင်လို့တော့ ကောင်းသားပဲ ဒါပေမဲ့ ရှင်က ကိုယ်ကျိူးရှာနေတာ ဒါကို လူကြားကောင်းအောင် ပြောနေတာ"
ကျူးရှန်းယောင် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"တကယ့်အဖြစ်မှန်က မင်းပြောနေတာနဲ့ ပြောင်းပြန်ကွ ဒီကိစ္စကို ချီမင်းဖန်နဲ့ကျုပ် ဆွေးနွေးထားပြီးသား မင်း မယုံရင် ချီမင်းဖန်ကို သွားပြောလေ ရတနာတွေ သွားရှာမယ်လို့ သူ တားမှာမဟုတ်ဘူး အဲ ပေါလ်ကတော့ တားရင်တားလိမ့်မယ်"
ကျူးရှန်းယောင် ပို၍ အံ့သြလာ၏။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ရှင် ကိုယ်ကျိုးရှာသွားမှာ သူ စိတ်မပူဘူးလား"
စုချန်း ရယ်မောလိုက်၏။
"ဘယ်ပူမတုန်း ဒီလောက် လူတွေအများကြီးထဲမှာ သူ အယုံကြည်ရဆုံးလူ ဆိုလို့ ကျုပ်အပြင် ဘယ်သူမှ မရှိပဲကိုးဗျ"
***