ပကတိပုံရိပ်ယောင်နယ်ပယ် ၁
Vol. 55 Ch. 544
တကယ်တော့ စုချန်း လိမ်နေခြင်းမဟုတ်။ လျှို့ဝှက်ခန်းအတွင်းသို့ ဝင်ပြီး အထဲရှိ ရတနာများကို ယူငင်ရန် ချီမင်းဖန်အား တစုံတယောက်ကို ရွေးချယ်ခိုင်းပါက စုချန်းကိုသာ သူ သေချာပေါက် ရွေးချယ်ပေလိမ့်မည်။ အကြောင်းမှာ လူအများထဲတွင် စုချန်းအား သူ အယုံကြည်ရဆုံး ဖြစ်နေသောကြောင့်ပင်။
၎င်းမှာ စုချန်း၏ ဗီဇ၊ဓလေ့စရိုက်နှင့် ကိုယ်ကျင့်တရားတို့ကို ချီမင်းဖန် ယုံကြည်လွန်း၍ မဟုတ်။ သူတို့နှစ်ဦး လိုချင်သောအရာမှာ ကွဲပြားခြားနားနေသောကြောင့်ပင် ဖြစ်သည်။
ရှင်သန်ခြင်းကျောင်းတော် လိုချင်သောအရာများမှာ တန်ဖိုးကြီးမူလကိရိယာများ၊ ရှားပါးအရင်းအမြစ်များ၊ ရှေးဟောင်းကျင့်ကြံခြင်းဆိုင်ရာနည်းစနစ်များ...စသည်တို့ဖြစ်သည်။
စုချန်း လိုက်လံရှာဖွေနေသောအရာကတော့ တခုတည်းပင်။ ၎င်းမှာ အသိပညာပေတည်း။
စုချန်းတွင် ငွေမရှား။ ဘီလျံနှင့်ချီသော မူလကျောက်တုံးများကို ပိုင်ဆိုင်ထား၏။ ထိုအထဲမှ အများအပြားကို အလွန်လက်ဖွာစွာ အသုံးပြုပြီးသည့်တိုင် စုချန်းတွင် မူလကျောက်တုံး ၁.၂ဘီလျံခန့် ကျန်နေသေး၏။
ထို့ကြောင့် စုချန်းအနေနှင့် မည်သည့်ရတနာမျိုးကိုမဆို တန်ရာတန်ကြေးပေး၍ ဝယ်ယူနိုင်၏။ ယုတ်စွအဆုံး လောင်စန်းတနိုင်ငံလုံးမှာပင်လျင် စုချန်းလောက် ငွေပေါသူ မရှိ။
ထို့ကြောင့် စုချန်းသည် လက်ရှိတွင် ဘယ်ရတနာမျိုးကိုမှ ဂရုမစိုက်။ လိုလည်းမလိုချင်။ သူ တန်ဖိုးထားသည့် တခုတည်းသောအရာမှာ အသိပညာသာ ဖြစ်သည်။
တဖက်မှ ရှင်သန်ခြင်းကျောင်းတော်သည်ကား ဘယ်လိုအသိပညာမျိုးကိုမှ စိတ်မဝင်စား။ ရတနာပစ္စည်းများကိုသာ လိုချင်တပ်မက်၏။
ဤနည်းအားဖြင့် ချီမင်းဖန်နှင့် စုချန်းအကြားတွင် အချင်းချင်း အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့ကြခြင်းပင်။
သို့သော် ထိုသဘောတရားကို ကျူးရှန်းယောင် နားမလည်။ ထို့ကြောင့် စုချန်း၏ ဆိုလိုရင်းကိုလည်း သူမ နားမလည်နိုင်ပဲ ဖြစ်နေရှာသည်။
မည်သို့ဆိုစေ တစုံတခုကိုတော့ သူမ နားလည်သွား၏။
ထိုအခါ သူမက စုချန်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
"ရှင် ချီမင်းဖန်ရဲ့ လက်အောက်ငယ်သား မဟုတ်ဘူး"
"ဘယ်လိုကွ"
စုချန်း ပါးစပ်ပြဲသွား၏။
ကျူးရှန်းယောင်က စကားဆက်လိုက်သည်။
"ရှင်ဟာ ချီမင်းဖန်ရဲ့ နာမည်ရှေ့မှာ သခင်၊ ဆရာ စသဖြင့် တခုခုတောင် တပ်မခေါ်ပဲ နာမည်အရင်းအတိုင်း ခေါ်တယ် ပြီးတော့ ရှင့်လေသံကလဲ ပေါ့ပေါ့ပါးပါးပဲ အဆင့်တူတယောက်ကို ပြောဆိုဆက်ဆံနေတဲ့ ပုံစံမျိုး ဒါပေမဲ့ ရှင်ဟာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်မှာပဲ ရှိနေသေးတာ ကျွန်မ သိတယ် ချီမင်းဖန်ကတော့ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် အဆင့်တူမှမဟုတ်ပဲ ဒါကြောင့် ရှင်ဟာ ချီမင်းဖန်ရဲ့ တပည့်လက်သား မဟုတ်ဘူးလို့ ကျွန်မ ပြောတာပေါ့...ယုတ်စွအဆုံး ရှင်ဟာ ရှင်သန်ခြင်းကျောင်းတော်အဖွဲ့ဝင်တောင် မဟုတ်နိုင်ဘူး"
သူ တချက် သတိပေါ့သွားသည်နှင့် ကျူးရှန်းယောင် ဤမျှ မြင်နိုင်သွားလိမ့်မည်ဟု စုချန်း လုံးဝထင်မထားမိချေ။ ထိုအခါ သူက စကားလျှောချလိုက်ရသည်။
"မင်းက သိပ်အများကြီး စဥ်းစားနေတာပဲကိုး"
ထို့နောက် သူက ချာခနဲလှည့်ပြီး ရှေ့သို့လျှောက်သွားလိုက်လေသည်။
ကျူးရှန်းယောင်လည်း စုချန်းနောက်မှ လိုက်ပါသွား၏။
"ရှင့်ပုံစံကြည့်ရင် ကျွန်မ မှန်းတာ မှန်သွားတဲ့ပုံပဲ"
ဘာကြောင့်မှန်းမသိ စုချန်း ဒေါသထွက်လာ၏။ သူက ခြေလှမ်းအစုံကို တုံ့ခနဲ ရပ်တန့်ပြီး ပြောလိုက်သည်။
"မင်း ဘာကြောင့် ကျုပ်နောက် လိုက်လာတာလဲ ကက်ပီးယပ်စ်ရဲ့ ရတနာတွေကို ကျုပ်တို့ယူမယ်လို့ သဘောတူထားပြီးသားလေကွာ"
"ရှင်လဲ ကျွန်မကို ကတိပေးထားတယ်လေ ရှင် ကျွန်မ မှတ်ညဏ်တွေ ပြန်ရအောင် လုပ်ပေးမယ်ဆို ဒါကြောင့် ကျွန်မကတော့ ရှင့်နောက် လိုက်နေမှာပဲ ဘာလဲ ရှင်က ထွက်ပြေးတော့မလို့လား"
"ချီမင်းဖန်ကိုယ်တိုင် ကတိသစ္စာပြုပြီးပြီပဲကွ ရတနာတွေရလို့ ကျုပ်တို့ အပြင်ရောက်သွားရင် မင်းမှတ်ညဏ်တွေ ပြန်ရအောင် ကျုပ် ကူညီပေးမှာပေါ့"
"ဒါဆိုလဲ ရှင်က ဘာကို စိတ်ပူနေတာလဲ ကျွန်မက ရှင်နဲ့ပြိုင်ပြီး ရတနာတွေ လိုက်လုနေတာမှ မဟုတ်တာ လိုက်တော့ဘာဖြစ်သလဲ ဘာလဲ ရှင့်မှာ တခြားရည်ရွယ်ချက်တွေများ ရှိနေသလား"
"အာ"
စုချန်း ပုခုံးတွန့်လိုက်သည်။
"ဘယ့်နှယ်ကြောင့် ကျုပ်မှာ တခြားရည်ရွယ်ချက်တွေ ရှိနေရမှာတုန်း မင်း ကျုပ်နောက် လျှောက်လိုက်နေတာ မကြိုက်တာ သက်သက်ပဲ"
"ကျွန်မ ရှင့်နောက်က လိုက်နေတာ မဟုတ်ဘူး ရှင့်ဘေးက လျှောက်နေတာ ပြီးတော့ ရတနာတွေကို မယူဖို့ပဲ ကျွန်မကတိပေးထားတာ မကြည့်ဘူးလို့ ကတိပေးမထားဘူး အထဲမှာ ဘာတွေရှိသလဲ ကျွန်မ ကြည့်ချင်တယ် ရှင်းပြီလား"
".........."
ကျူးရှန်းယောင်ကား စကားတတ်လှ၏။ စုချန်းအနေနှင့် သူမအား ဘာမှပြန်ပြောနိုင်စွမ်းမရှိပဲ ဖြစ်နေလေသည်။
အတန်ကြာအောင် စဥ်းစားနေပြီးနောက် စုချန်းက ပြောလိုက်ပြန်၏။
"ဒါဆိုလဲ မင်းတယောက်တည်းသွားပြီး အဲဒီမှာ ဘာတွေရှိသလဲ ကိုယ့်ဟာကိုယ် သွားကြည့်လိုက်ပါလား ကျုပ်နောက် ဘာကြောင့် လျှောက်လိုက်နေသတုန်း"
"ဘာကြောင့်လိုက်နေသလဲဆိုတော့ ရှင့်ဆီမှာ ကျွန်မဆီ ပြန်မပေးရသေးတဲ့ ကျွန်မပိုင်ပစ္စည်းတွေ ရှိနေသေးလို့ပေါ့ရှင်"
ကျွန်မပိုင်ပစ္စည်း......
စုချန်း တွေခနဲ ဖြစ်သွား၏။
ထို့နောက် သူက ခေတ္တစဥ်းစားပြီး သူ ဝတ်ဆင်ထားသည့် လက်ကောက်ကို ချွတ်ကာ ကျူးရှန်းယောင်ဆီသို့ ကမ်းပေးလိုက်သည်။
"ရော့ ဒီမှာ"
"နဝမမြောက်မျက်လုံးကျောက်စိမ်းမြွေစလွယ်ရော ကျန်သေးတယ်"
"ဒါလေးကတော့ မဆိုးဘူးကွ ကျုပ် အတော်သဘောကျတယ် ဒီအတွက် ကျုပ် မင်းကို မူလကျောက်တုံးတွေ ပြန်ပေးမယ်လေ"
"မူလကျောက်တုံး တရာမီလျံရရင် ဒီစလွယ်ကို ရှင်ရပြီ"
"မနောက်စမ်းပါနဲ့ကွာ စိတ်ဝိညာဥ်အမျိုးအစား မူလသလင်းသုံးတုံးကိုမှ မူလကျောက်တုံး တစ်ဆယ်မီလျံပဲ တန်တဲ့ဟာ ကျုပ်ဝယ်လာတဲ့ အိပ်မက်ဆိုးမြွေမူလသလင်းဆိုရင် မူလကျောက်တုံး ၃.၂၅မီလျံပဲ ပေးခဲ့ရတာ ကျုပ်အမြင်အရ မင်းရဲ့စလွယ်က ၂မီလျံထက် ပိုမတန်ဘူး ဒါပေမဲ့ ကျုပ်က စုစုပေါင်း ၁၂မီလျံ မင်းကို ပေးမယ်"
"၁၅မီလျံ..ကျူးမျိုးနွယ်က ရှင်ထင်သလောက် ငွေကြေးချို့တဲ့မနေဘူးရှင့်"
"၁၃မီလျံကွာ လောကမှာ ငွေမလိုတဲ့လူရယ်လို့ ကျုပ် တခါမှ မမြင်ဖူးဘူး"
ကျူးရှန်းယောင်သည် စုချန်းအား အဓိပ္ပာယ်ပါပါနှင့် စိုက်ကြည့်လိုက်သည်။
"ရှင်ဘယ်သူလဲဟင် မူလကျောက်တုံး ၁၃မီလျံကို မျက်တောင်မခတ်ပဲ သုံးနိုင်တဲ့လူမျိုးဆိုတာ လောကမှာ အတော်ရှားတာပဲ"
"ဒါ မင်းအလုပ် မဟုတ်ပါဘူးကွာ ကဲ ခု ကျုပ်နောက်က လိုက်မလာတော့နဲ့ ဟုတ်ပြီလား"
"ရှင် ကျွန်မကို မူလကျောက်တုံး ၁၃မီလျံနဲ့ ကျွန်မ မှတ်ညဏ်တွေ အကြွေးတင်နေသေးတယ်"
စုချန်း ဘာမှမတတ်နိုင်တော့။ ကျူးရှန်းယောင်အား လက်မြှောက်လိုက်ရပေပြီ။
"ကောင်းပြီ မင်း ဒီလောက်လိုက်ချင်ရင်လဲ လိုက်ခဲ့ပေတော့ ဒါပေမဲ့ တခုတော့ပြောထားမယ် ကျုပ်ကို နောက်ဆံတင်းအောင်တော့ မလုပ်နဲ့"
ကျူးရှန်းယောင် နှုတ်ခမ်းစူလိုက်၏။
"ဒါကတော့ ရှင် ဘယ်လောက်စွမ်းဆောင်နိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်လေ"
ထို့နောက် သူတို့နှစ်ယောက်သည် လျှို့ဝှက်အခန်းအား ဆက်လက်ရှာဖွေကြပြန်၏။
အတန်ကြာသော် အနက်ရောင်တံခါးကြီးတချပ်အား သူတို့ မြင်တွေ့လိုက်ရသည်။
"ဒီတံခါး အနောက်လိုင်နာရဲတိုက်မှာ မရှိဘူးရှင့်"
စုချန်းက တံခါးကို ဂရုတစိုက်စစ်ဆေးရင်း ပြောလိုက်သည်။
"ဒီတံခါးက ကျုပ်တို့ အမှောင်နတ်ဆိုးကို ဆင့်ခေါ်ခဲ့မိတဲ့ တံခါးနဲ့ ပုံစံအတူတူပဲကွ"
ကံကောင်းသည်မှာကား ဤတံခါးတွင် မည်သည့်စတေးမှုမှ ပြုလုပ်စရာမလိုတော့ချေ။ စုချန်းလည်း ကျူးရှန်းယောင်အား သူ့နောက်တွင် ထားပြီး တံခါးကို တွန်းဖွင့်လိုက်သည်။
ကျွီခနဲမြည်သံနှင့်အတူ တံခါးပွင့်သွား၏။
ဤတကြိမ်တွင်တော့ တံခါးအတွင်းမှ မည်သည့်သတ္တဝါမှ ထွက်လာခြင်းမရှိ။ တံခါးနောက်ကွယ်တွင် မှောင်မည်းနေသော လေဟာနယ်တခုသာ ရှိနေ၏။
စုချန်းလည်း မူလလက်စွပ်အတွင်းမှ သလင်းမီးအိမ်ကို ထွန်းညှိလိုက်သည်။ အလင်းရောင်သည် တခန်းလုံးအား ဖြာကျလာ၏။ အခန်းထဲတွင် ဘယ်နေရာကို ဦးတည်နေမှန်း မသိသော စင်္ကြန်လမ်းတလမ်း ရှိနေ၏။ စင်္ကြန်လမ်း၏ တဖက်တချက်ရှိ နံရံများကိုကား ထူးဆန်းသော ကျောက်တုံးများဖြင့် ဖန်တီးထားသည်။ အနှီကျောက်တုံးများသည် မီးအလင်းရောင်အောက်ဝယ် တဖြတ်ဖြတ် လင်းလက်တောက်ပနေ၏။
"ခရမ်းရောင်ပွင့်ချပ်ကျောက်တုံး တိမ်တိုက်နှင်းဆီကျောက်တုံး ဝိညာဥ်ကျောက်တုံး...ဒီလောက် တန်ဖိုးကြီးတဲ့ ကျောက်တုံးတွေကို ကက်ပီးယပ်စ် ဘယ်လိုများ စုဆောင်းခဲ့တာပါလိမ့်"
ကျူးရှန်းယောင် တအံ့တသြနှင့် ရေရွတ်လိုက်သည်။ ထို့နောက် သူမက ကျောက်တုံးတချို့အား နံရံမှ ဆွဲဖြုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် ကျောက်တုံးများမှာ နံရံတွင် မြဲမြံစွာ တွယ်ကပ်နေ၏။ ကျောက်တုံး တတုံးတလေ ထုတ်ယူရန်ပင် မူလစွမ်းအင်တချို့ကို သူမ ထုတ်သုံးနေရသည်။
နောက်ထပ် ကျောက်တုံးတစ်တုံးကို ဆွဲထုတ်ရန် ဟန်ပြင်နေစဥ်မှာပင် စုချန်းက သူမအား ဟန့်တားလိုက်၏။
"တော်ပြီကွ ကျုပ်တို့ အထဲ မြန်မြန်ဝင်ကြည့်ကြမယ်"
ကျူးရှန်းယောင် နှုတ်ခမ်းစူလိုက်သည်။
"ဒီကျောက်တုံးတွေ ရှင်တို့အပိုင်မှန်း ကျွန်မ သိပါတယ် လှလွန်းလို့ ယူမ်ိတာပါရှင်"
"မဟုတ်ပါဘူးကွ မင်းကြိုက်ရင် ယူချင်သလောက် ယူလို့ရပါတယ် ဒါပေမဲ့ ကျုပ်စိတ်ထဲမှာ ဒီလောက်လေးနဲ့ ကျုပ်တို့ရဲ့ တန်ဖိုးကြီးမားလှတဲ့အချိန်တွေကို မဖြုန်းသင့်ဘူး ထင်နေလို့"
"ဘာလဲ ရှင်က သံသယဝင်နေလို့လား"
"မပြောတတ်ဘူးကွ ဒါပေမဲ့ ကျုပ်သာ ကက်ပီးယပ်စ်ဆိုရင် ကျုပ်ချန်ထားရစ်မဲ့ အမွေအနှစ်တွေရဲ့ ဆက်ခံသူကို ဒီလို ကျောက်တုံးလေးတွေနဲ့ အချိန်ဖြုန်းနေသူမျိုး မဖြစ်စေချင်တာ အမှန်ပဲ"
ကျူးရှန်းယောင်၏ မျက်နှာမှာ ရဲခနဲ ဖြစ်သွား၏။
"ဘာလဲ ရှင်က ကျွန်မကို ရွဲ့ပြီး ပြောနေတာလား"
စုချန်းက ပြန်ဖြေလိုက်သည်။
"ဟာကွာ မင်းကလဲ သိပ်အများကြီး စဥ်းစားနေပြန်ပြီ"
ထို့နောက် စုချန်းသည် စင်္ကြန်လမ်းအတိုင်း လျှောက်သွားလိုက်၏။ သူသည် တန်ဖိုးကြီး ကျောက်တုံးများအား စောင်းငဲ့၍ပင် မကြည့်ချေ။
စုချန်း၏ အမူအရာကို ကြည့်ရင်း ကျူးရှန်းယောင် မသိမသာ သက်ပြင်းချလိုက်၏။
"အင်း ချီမင်းဖန် ရှင့်ကိုယုံကြည်တာ မမှားဘူးလို့ ကျွန်မ ထင်လာပြီ"
ပြောပြောဆိုဆို သူမက ကျောက်တုံးအား အဝေးသို့ လွှင့်ပစ်လိုက်သည်။
စင်္ကြလမ်းမှာ အတော်ပင် ရှည်လျား၏။ လမ်းဆုံးသို့ရောက်အောင် အတော်ကြာသည်အထိ လမ်းလျှောက်ရလေသည်။
လမ်းဆုံးသို့အရောက်တွင်တော့ သူတို့နှစ်ယောက်သည် ကြယ်များစုံလင်သည့် ကောင်းကင်ကြီး၏ အလယ် မတ်တပ်ရပ်လျက်သားရှိနေကြောင်း သူတို့ မြင်တွေ့လိုက်ရသည်။ သူတို့ ၏ အပေါ်တွင်တော့ အလင်းရောင်များဖြင့် ဝင်းထိန်နေ၏။ သူတို့အောက်ခြေတွင်တော့ လေဟာနယ်ကြီး ဖြစ်သည်။ ထူးဆန်းသည်မှာကား လေဟာနယ်ဖြစ်နေသည့်တိုင် သူတို့မှာ နစ်မြုပ်သွားခြင်းမရှိပေ။ သူတို့၏ ရင်ထဲတွင်တော့ လူသူကင်းမဲ့လျက်ရှိသော ဖုန်းဆိုးမြေကြီး၏ အလယ်တွင် ရောက်နေသလို ခံစားနေရ၏။
"ဒါ ဘယ်လိုနေရာကြီးလဲရှင့်"
ကျူးရှန်းယောင် တအံ့တသြနှင့် မေးလိုက်သည်။
စုချန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ပြောလိုက်သည်။
"ဘာမှ ခေါင်းရှုပ်နေစရာ မလိုဘူး မင်း မြင်နေရတာ တကယ့်ကြယ်တွေမဟုတ်ဘူး ကျုပ် အထင်မမှားဘူးဆိုရင် ကျုပ်တို့ဟာ စိတ်ဝိညာဥ်စွမ်းအားနဲ့ ဖန်တီးထားတဲ့ လေဟာနယ်တခုထဲကို ရောက်နေတာပဲ ဖြစ်ရမယ်"
"ရှင်က ကျွန်မတို့ဟာ စိတ်ကိုလှည့်စားတဲ့နည်းစနစ်တမျိုးရဲ့အောက်ကို ကျရောက်နေတယ်လို့ ဆိုလိုတာလား"
"မဟုတ်ဘူး ကျုပ်က တကယ့် ပုံရိပ်ယောင်နယ်ပယ်တခုထဲကို ရောက်နေတာလို့ ပြောချင်တာ"
"ဘာများ ကွာခြားနေလို့လဲရှင့်"
"ဘာကွာသလဲဆိုတော့...ဒီအထဲက ကျုပ်တို့ စိတ်ချည်းသက်သက် ဝိညာဥ်ချည်းသက်သက် ရောက်နေတာ မဟုတ်ဘူး လူတကိုယ်လုံး အကောင်လိုက်ကြီး ရောက်လာတာပဲ"
***