အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အား တုံ့ပြန်ခြင်း ၁
Vol. 55 Ch. 547
ရွှီခနဲ မြည်သံနှင့်အတူ အနီရင့်ရောင် ဓားအလင်းတန်းသည် ရှေ့သ်ို့ တဟုန်ထ်ိုး တိုးဝင်လာခဲ့ပြီ ဖြစ်သည်။ အလင်းရောင်သည် သူ့ချည်းသာ တောက်ပနေခြင်းမဟုတ်။ သေခြင်း၏ အငွေ့အသက်များကိုပါ သယ်ဆောင်လာ၏။
ဓားချက်က်ို မြင်သည်နှင့် ဆော့ခ် မျက်မှောင်ကုတ်သွား၏။
တယ်လဲ ကြောက်စရာကောင်းလှပါလား...
တယ်လဲ ရက်စက်ကြမ်းကြုတ်လှပါလား...
တယ်လဲ အင်အားပြင်းထန်လှပါကလား...
သူ့ရှေ့ရှိ ရန်သူကား မည်သူနည်း။ ဤမျှ ကြောက်စရာကောင်းလှသော ဓားကွက်ကို သင်း မည်သို့ ဖော်ထုတ်နိုင်လိုက်သနည်း။
ဆော့ခ်အနေနှင့် စိတ်ထဲကသာ တွေးတောနေသည်။ လက်ကတော့ မနှေး။ စုချန်း၏ ဓားချက် ထွက်ပေါ်လာသည်နှင့် သူ့ရှေ့တွင် သဲကန့်လန့်ကာကြီးတခု ဘွားခနဲ ပေါ်ပေါက်လာ၏။
သဲမျိုးစိတ်များဟူသည် ပထဝီအမျိုးအစား မူလစွမ်းရည်များအား အထူးတလည် ကျွမ်းကျင်သူများ ဖြစ်ကြပြီး ၎င်းတို့ အသုံးပြုသမျှ မူလစွမ်းရည်တိုင်းတွင် သဲမှုန်များကို ရောစပ်အသုံးပြုလေ့ရှိသည်။ ဆော့ခ်သည်လည်း သဲမျိုးစိတ်ဝင်တဦးသာဖြစ်၍ ထို့အတူတူသာ။ သူ ပထမဆုံး အသုံးပြုလိုက်သော မူလစွမ်းရည်မှာ အဝါရောင်သဲအကာအကွယ်ဟု အမည်ရလေသည်။
သဲကန့်လန့်ကာကြီးသည် ရုတ်တရက်ကြည့်လိုက်လျင် ဘာမှဟုတ်သည်ဟု မထင်ရ။ သို့သော် ချက်ချင်းဆိုသလို ကြီးမားကျယ်ပြန့်လာပြီး အရာရာတိုင်းကို ဟန့်တားနိုင်မည့်ပုံ ပေါ်လာ၏။
တကယ်တော့ ဆော့ခ်၏ သဲကန့်လန့်ကာသည် တိုက်ခိုက်မှုများကို တားဆီးရန်ထက် အရှိန်နှေးကွေးသွားစေရန် အဓိက ရည်ရွယ်ထားပေသည်။ သဲကန့်လန့်ကာနှင့် ဝင်တိုက်မိသော အရာတိုင်းသည် ရွှံ့နွှံအတွင်း ရောက်ရှိသွားသကဲ့သို့ စုပ်ယူခြင်းကို ခံရပေလိမ့်မည်။
သို့သော် စုချန်းကား ၎င်းကို အနည်းငယ်မှ ဂရုမစိုက်၏။ အင်အားကို အပြည့်အဝ ဖော်ထုတ်လိုက်ခြင်းကြောင့် သူ့တကိုယ်လုံးမှာ ဖြိုးဖြိုးဖျစ်ဖျစ်အသံများ ထွက်ပေါ်လာ၏။ သူ့ကိုယ်တွင်းမှ ထွက်ပေါ်လာသော အားလှိုင်းများကလည်း လေထုထဲသို့ ဖြန့်ကျက်လာပြီး အားကောင်းသော မုန်တိုင်းတခုကို ဖြစ်ပေါ်လာစေ၏။
တဆက်တည်းမှာပင် တောင်ခွဲဓားမျက်နှာပြင်မှ အခိုးအငွေ့များက သဲကန့်လန့်ကာကြီးအား တိုက်စားသွားပြီး ၎င်း၏ တားဆီးနိုင်စွမ်းကို တဝက်ခန့်ထိ လျော့ကျသွားစေ၏။ ထိုအချိန်တွင် ကမ္ဘာဦးသွေးပုံရိပ်၏ ဓားချက်ကို လေထဲကို ခွင်းကာ ဆက်လက်တိုးဝင်လာလေသည်။
ကံကောင်းသည်မှာ ဆော့ခ်သည် သဲကန့်လန့်ကာကြီးတခုတည်းကိုသာ မှီခိုအားထားနေခြင်း မဟုတ်။
သဲကန့်လန့်ကာကြီးသည် ရုတ်ချည်းဆိုသလို ကျုံ့ဝင်သွားပြီး ဆော့ခ်၏ ကိုယ်ပေါ်ရှိ ကြွက်သားများသည် ချက်ချင်းပင် ဖုထစ်ဖောင်းကြွလာကာ ကျောက်သားအကြေးခွံများဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်ပေါ်လာ၏။ ရုတ်တရက်ကြည့်လျင် ဆော့ခ်၏ ပုံစံမှာ ကျောက်ရုပ်ကြီးနှင့် တူနေ၏။
"မင်းဟာ သုံးစားမရတဲ့ အမှိုက်လိုကောင်ပဲကွ"
ဆော့ခ်က ဒေါသတကြီး အော်ဟစ်ကျုံးဝါးပြီး ၎င်း၏ ကျောက်လက်သီးနှင့် တောင်ခွဲဓားအား ထိုးချလိုက်သည်။
ဓားနှင့်လက်သီး ဆုံတွေ့မ်ိချိန်ဝယ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အားလှိုင်းများ အရပ်ရှစ်မျက်နှာသို့ ရိုက်ခတ်သွားလေသည်။
အား!!!!
ဆော့ခ် ခေါင်းမော့ပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။
တောင်ခွဲဓား၏ လက်ချက်ကြောင့် ဆော့ခ်၏လက်တဖက်ကား ပြင်းထန်သော ဒဏ်ရာ ရရှိသွားလေပြီ။
တိုက်ကွက်တချို့ အပြီးဝယ် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ဘက်မှ ပထမဦးဆုံးအကြိမ် အထိနာသွားခြင်း ဖြစ်သည်။
အံ့သြဖွယ်ရာ ကောင်းနေသလော။
မဟုတ်။ ၎င်းမှာ တကယ်တမ်းပြန်တွေးကြည့်လျင် ဘာမှ အံ့သြစရာမရှိချေ။
စုချန်းကား ယခင် ချန်းယွမ့်ဟုန်၊ ဝေပိုင်တို့နှင့် တိုက်ခိုက်စဥ်က စုချန်း မဟုတ်တော့။ များစွာ သန်မာလာပြီး များစွာ အတွေ့အကြုံရင့်ကျက်သော စုချန်း ဖြစ်နေခဲ့လေပြီ။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးနှင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တဦးအကြား ကွာဟချက်ကို စုချန်း ကောင်းကောင်းနားလည်သဘောပေါက်ထား၏။
တဖက်တွင်လည်း သူတို့ တိုက်ခိုက်နေရသော နေရာမှာ လေဟာနယ်တခုထဲတွင် ဖြစ်သည်။ နေရာကန့်သတ်ချက်ကြောင့် ဆော့ခ်သည် သူ့စွမ်းအားများ၊ မူလစွမ်းရည်များကို အပြည့်အဝ မဖော်ထုတ်နိုင်ပဲ ဖြစ်နေ၏။
ထိုအချက်သည်ပင်လျင် စုချန်းအတွက် အားသာချက် ဖြစ်လာတော့သည်။
စုချန်း၏ ကမ္ဘာဦးသွေးပုံရိပ်မှာကား အင်အားသက်သက်ကိုသာ အဓိကထားသော နည်းစနစ်ဖြစ်သည်။ ထိုအထဲတွင်မှာ တောင်ခွဲဓားကိုပါ ပေါင်းစပ်ပေးလိုက်သောအခါ ကမ္ဘာဦးသွေးပုံရိပ်သည် ကျားကို အတောင်ပံတပ်ပေးလိုက်သည့်နှယ် ဖြစ်လာ၏။ ထို့ပြင် စုချန်းက တိုက်ပွဲမစမီကပင် အားဖြည့်ဆေးရည်များ သောက်သုံးထားခဲ့သေးသည်။ ထိုအခါ သူ့အင်အားမှာလည်း များစွာ တိုးပွားနေ၏။ လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် ဘယ်သောအခါမှ မရှက်ခြင်းမှာ စုချန်း၏ အဓိက အားသာချက်ဟု ဆိုနိုင်ပေသည်။
သို့သော် တဖက်မှ ဆော့ခ်မှာကား ကျူးရှန်းယောင်၏ နှောင့်ယှက်မှုကြောင့် တိုက်စွမ်းအား ၂၀ရာခိုင်နှုန်းထိ လျော့ကျနေခဲ့သေး၏။
အထက်ပါ အခြေအနေ အရပ်ရပ်ကြောင့် ဆော့လ် ဒဏ်ရာရသွားခြင်းပေတည်း။
၎င်း၏ လက်မောင်းတဖက် ဒဏ်ရာရသွားသည်နှင့် ဆော့ခ်သည် နာကျင်စွာ အော်ဟစ်လိုက်၏။
အော်သံအဆုံးဝယ် အဝါရောင်သဲများသည် ပျက်စီးသွားသော လက်တဖက်အား အံ့သြသင့်စဖွယ် ဖုံးအုပ်လာကြောင်း စုချန်း မြင်တွေ့လိုက်ရသည်။
တစုံတဦးသည် အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်သွားသည်နှင့် ၎င်း၏ သက်စောင့်ဓာတ်သည် များစွာ အားကောင်းလာ၏။ သာမာန် တိုက်ခိုက်မှုမျိုးနှင့် ၎င်းအား မပျောက်ကင်းနိုင်သော ဒဏ်ရာရရှိစေရန် ဟူသည်မှာ အတော်ပင် ခဲယဥ်းသွားခဲ့ပေပြီ။ ၎င်းသည် မည်သည့်မူလစွမ်းရည်မှ မသုံးပဲ လေပေါ်တွင် ပျံသန်းနိုင်သလို ဒဏ်ရာအတော်များများကိုလည်း ပြန်လည်ပျောက်ကင်းသွားအောင် အလိုအလျောက် ကုသနိုင်စွမ်း ရှိကြ၏။ ယခု စုချန်း မြင်တွေ့နေရသည့် အဝါရောင်သဲမှုန်များသည်လည်း ထိုနည်းအတိုင်းပင်။ ဆော့ခ်၏ ပျက်စီးသွားသော လက်အား ပြန်လည်တည်ဆောက်နေပုံရ၏။
ထိုအနေအထားကိုတော့ စုချန်း အလွယ်တကူ ခွင့်မပြုနိုင်။
ချက်ချင်းဆိုသလို စုချန်းက ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။ အနက်ရောင်အခိုးအငွေ့များကား ဟိုမှသည်မှ လူးလွန့်လာပြန်၏။
ကျူးရှန်းယောင် ရှိနေခြင်းကြောင့် စုချန်းသည် မီးလျံသိမ်းငှက်၊ မြူခိုးကြားမှ မြွေခြေလှမ်း၊ မိုးကြိုးဓား အစရှိသည့် နည်းစနစ်များကို လုံးဝ အသုံးမပြု။ ထိုအစား သူက ပစ်မှတ်အား တိုက်ရိုက် တိုက်ခိုက်ရသည့် ရက်စက်ကြမ်းကြုတ်သော အနီးကပ်တိုက်ခိုက်နည်းများကိုသာ အဓိကထား အသုံးပြုနေ၏။
အနက်ရောင်အခိုးအငွေ့များသည် ချက်ချင်းဆိုသလို တောင်ခွဲဓားနှင့် ရောယှက်ပေါင်းစပ်သွားလေသည်။
စုချန်း၏ တိုက်ခိုက်မှုများမှာ တကယ်ပင် ရိုးစင်းလှ၏။ သို့သော် သူ့တိုက်ကွက် တကွက်ချင်းစီသည် ရက်စက်ကြမ်းကြုတ်၏။ အင်အားပြင်းထန်၏။ လွှမ်းမိုးနိုင်စွမ်းရှိနေ၏။
စုချန်း၏ ဒုတိယဓားချက်ကိုတော့ ဆော့ခ် ထိပ်တိုက်ရင်မဆိုင်ရဲတော့။ နောက်သို့ဆုတ်ပေးလိုက်၏။ ထိုအချိန်မှာပင် ကောင်းကင်ပေါ်မှ မိုးများရွာချလာပြီး သဲမှုန်များသည် မိုးရေများကြောင့် ရွှံ့နွှံများအဖြစ် ပြောင်းလဲကုန်တော့သည်။
ချီမင်းဖန်နှင့်သာ မဆုံဖူးပါက စုချန်းတယောက် အဆိုပါ ရွှံ့နွှံများထဲတွင် အချိန်တခု ကြာသည်အထိ ပိတ်မိနေဖွယ်ရာ ရှိနေ၏။
ချီမင်းဖန်သည်လည်း ပထဝီအမျိုးအစားနှင့် ရေအမျိုးအစား မူလစွမ်းရည်များအား ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်ပြီး အဆိုပါ နည်းစနစ်နှစ်ရပ်လုံးကို တိုက်စစ်၊ခံစစ် လိုအပ်သလို ပေါင်းစပ်အသုံးပြုနိုင်သူ ဖြစ်သည်။
ထို့ကြောင့် ဆော့ခ်ဖန်တီးလိုက်သည့် ရွှံ့နွှံများကို မြင်သည်နှင့် ဘာလုပ်ရမည်မှန်း စုချန်းက ချက်ချင်း သဘောပေါက်လ်ိုက်၏။
အား!!!
စုချန်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အော်သံနှင့်အတူ သူ့ပတ်ပတ်လည်တွင် လေပြင်းများ တိုက်ခတ်လာပြီး ဝဲဂယက်တခု ဖြစ်ပေါ်လာကာ ရေခဲမှုန်များ နေရာအနှံ့ ဖုံးလွှမ်းသွား၏။ ၎င်းမှာ ဂျီဟန်းယင်အတွက် စုချန်း ဖန်တီးပေးထားသည့် ရေခဲမွှေးရနံ့ပွင့်လန်းခြင်းနည်းစနစ်ပင် ဖြစ်သည်။
တကယ်တော့ ရေအမျိုးအစား မူလစွမ်းရည်များအား အသုံးပြုရာတွင် စုချန်းသည် ဂျီဟန်းယင်ထက် များစွာ နိမ့်ပါးနေသေး၏။ သူ ဖန်တီးလိုက်သည့် နှင်းထု၏ ဖျက်ဆီးနိုင်စွမ်းမှာလည်း အတိုင်းအတာနှင့်သာ ဖြစ်သည်။ သို့သော် စုချန်း တကယ်တမ်း လိုအပ်သည်က နှင်းထု မဟုတ်။ ရေခဲမွှေးရနံ့ပွင့်လန်းခြင်းနည်းစနစ်အား ဖော်ထုတ်ရာတွင် တွဲစပ်ပေါ်ပေါက်လာသည့် လေပြင်းများကိုသာ လိုလားခြင်း ဖြစ်သည်။
လေပြင်းများသည် ဆော့ခ်၏ သဲမှုန်များအား ပြောင်သလင်းခါအောင် လှဲကျင်းပစ်လိုက်၏။
တချိန်တည်းမှာပင် စုချန်းသည် လေပေါ်သို့ ခုန်တက်ပြီး တောင်ခွဲဓားနှင့် ဆော့ခ်အား ခုတ်ချလိုက်ပြန်သည်။
ဤတကြိမ်တွင်လည်း ဆော့ခ်က နောက်ဆုတ်ပေးလိုက်ရပြန်၏။ စုချန်းကလည်း ထပ်ချပ်မကွာ လိုက်ပါလာလေသည်။
ဆောခ့်က နောက်သို့ဆုတ်၏။ စုချန်းက ရှေ့သို့ တိုး၏။
ဆော့ခ်ကား စုချန်း၏ အဆက်မပြတ် ဖိအားပေးမှုကို ခံစားနေရလေပြီ။
ထိုအတောအတွင်းဝယ် စုချန်းသည် ပြင်းထန်သော ဓားချက်များကို အဆက်မပြတ် ဖော်ထုတ်တိုက်ခိုက်နေ၏။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက် ဖြစ်နေပါလျက်ကယ်နှင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်၏ အဆက်မပြတ် ဖိအားပေးမှုကို ခံနေရသောအခါ ဆော့ခ် ဒေါသအိုးပေါက်ကွဲလာ၏။ သူ သည်းမခံနိုင်တော့။
"ခွေးမသား မင်း သေရမယ်ကွ"
ပြောပြောဆိုဆို ဆော့ခ်သည် သူ့အိပ်အတွင်းမှ နက်ဝါရောင်ပုလဲတလုံးကို ဆွဲထုတ်ကာ လေထဲသို့ ပစ်ပေါက်လိုက်၏။ ထိုအချိန်မှာပင် သူ့လက်၌ရစ်ပတ်နေသော သဲထုသည် ချွန်ထက်သော ဓားတချောင်းအဖြစ် ပြောင်းလဲသွားပြီး လေကိုခွင်းကာ စုချန်းဆီသို့ တိုးဝင်လာသည်။
ထိုဓားမှာ ရုတ်တရက်ကြည့်လျင် မူလစွမ်းရည်တမျိုးဟု ထင်မှတ်ရသည်။ သို့သော် တကယ်တမ်းတွင်တော့ ၎င်းသည် ပဥ္စမမြောက်ပထဝီပုလဲ မူလကိရိယာကြောင့် ဖြစ်ပေါ်လာခြင်းသာ ဖြစ်ပြီး စွမ်းရည်မှာ မှန်းဆမရနိုင်လောက်အောင် ကြောက်စရာကောင်းလှ၏။
ဆော့ခ်အနေနှင့် မူလက စုချန်းအား လက်ချည်းသက်သက် ရင်ဆိုင်နိုင်မည်ဟု ယူဆထားခဲ့၏။ သို့သော် စုချန်း၏ တိုက်ခိုက်မှုမှာ ကြောက်စရာကောင်းလှပေရာ အခြေအနေမဟန်မှန်း သဘောပေါက်လိုက်၍ ပဥ္စမမြောက်ပထဝီပုလဲကို ထုတ်သုံးလိုက်ရခြင်းပင်။ သူ တိုက်ခိုက်လိုက်သည့် အကွက်မှာလည်း သူ သဘောအကျဆုံးဖြစ်သည် သဲလေပြင်းရင်ဆိုင်တိုက်ကွက်ပင် ဖြစ်သည်။
ဓားနှစ်လက် ဆုံတွေ့မိချိန်ဝယ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ဤတကြိမ်တွင်တော့ စုချန်းအနေနှင့် ဆော့ခ်အား ထိခိုက်အောင် ပြုလုပ်နိုင်စွမ်းမရှိခဲ့ချေ။ သို့သော် သူ၏ အင်အားနှင့် စွမ်းရည်ကြောင့် ကျူးရှန်းယောင်နှင့် ဆော့ခ်တို့မှာ မျက်လုံးပြူးကုန်ကြသည်။
ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တယောက်အနေနှင့် မည်သို့မည်ပုံ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်ကို ဖက်ပြိုင်နိုင်စွမ်း ရှိနေသနည်း။
ကျူးရှန်းယောင်၏ အကူအညီ၊ စုချန်း သောက်သုံးထားသော ဆေးဝါးများ၊ ထိုနှစ်ချက်ကို ထည့်တွက်ထားသည့်တိုင်အောင် စုချန်း၏ စွမ်းရည်သည် ကြားရသူအပေါင်းကို ထိတ်လန့်စေအောင် စွမ်းဆောင်နိုင်သည်ကတော့ အမှန်ပင်။
သို့သော် စုချန်း၏ အင်အားမှာကား ထိုမျှလောက်သာ မဟုတ်သေး။
"အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ဟုတ်လား"
စုချန်း တဟဲဟဲ ရယ်မောလိုက်သည်။
"ဒီလိုလူစားမျိုးတွေကို ကျုပ် အရင်က သတ်ပစ်ဖူးပါတယ်လေ"
စကားဆုံးသည်နှင့် စုချန်း၏ မျက်လုံးအစုံသည် အရောင်တောက်ပလာ၏။
သေစေနိုင်သောစုန်းမပင်တည်း။
စုချန်းကား သူ၏ ဝှက်ဖဲဖြစ်သည့် သေစေနိုင်သောစုန်းမ ကို ထုတ်သုံးလိုက်ပြီ ဖြစ်သည်။
ဆော့ခ်သည် နေရာမှာပင် တွေခနဲ ဖြစ်သွား၏။
ထိုအခိုက်အတန့်မှာပင် စုချန်း၏ တောင်ခွဲဓားသည် ဆော့ခ်၏ လည်မြိုကို တည့်တည့်မတ်မတ်ပင် တိုးဝင်လာ၏။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦး ဖြစ်နေ၍ ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာအင်အားနှင့် သက်စောင့်ဓာတ် ရှိနေစေကာမူ ခေါင်းဖြတ်ခံရပါက သင်သည် မုချ အသက်ပျောက်ရမည်သာ။
***