← Chapters

အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အား တုံ့ပြန်ခြင်း ၂

Vol. 55 Ch. 548

အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အား တုံ့ပြန်ခြင်း ၂

Vol. 55 Ch. 548

ဆော့ခ်၏ အသက်ကို နှုတ်ယူရန် ရည်ရွယ်ထားသော ဓားချက်တွင် စုချန်း၏ အင်အားများအားလုံး ပါဝင်လာ၏။

သို့သော် ဓားချက်ကျရောက်လာသည်နှင့် ဆော့ခ်၏ ကိုယ်ပေါ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

အဆိုပါ အလင်းတန်းများကို မြင်လိုက်သည်နှင့် သူ ဒုက္ခရောက်ပြီမှန်း စုချန်း သဘောပေါက်လိုက်၏။

ရွှေရောင်အလင်းတန်းများသည် စုချန်း၏ ပြင်းထန်လှသော ဓားချက်ကို တုံ့ခနဲ ဖြစ်သွားစေပြီး ဆော့ခ်၏ တကိုယ်လုံးအား လုံခြုံစွာ ကာကွယ်ထားလိုက်သည်။ စုချန်းအနေနှင့် မည်မျှပင် အားစိုက်ထုတ်စေကာမူ အနှီ အလင်းတန်းအား ထိုးဖောက်နိုင်စွမ်းမရှိပဲ ဖြစ်နေလေသည်။

အားကောင်းလှသည့် မူလစွမ်းအင်အကာအကွယ်ပေတည်း။

သို့သော် ဓားချက်နောက်ကွယ်မှ ထွက်ပေါ်လာသော အသံကြောင့် တန်ဖိုးကြီး မူလကိရိယာတခု​ကြောင့် စွမ်းအင်အကာအကွယ် ပေါ်ထွက်လာခြင်းဖြစ်ကြောင်း စုချန်း သဘောပေါက်လိုက်သည်။

စုချန်း စိတ်ပျက်သွား၏။ သူ့ရည်ရွယ်ချက်မှာ မူလကိရိယာအား ဖျက်ဆီးရန် မဟုတ်။ ဆော့ခ်၏ အသက်အား နှုတ်ယူရန်သာ။

စုချန်း၏ ပြင်းထန်လှသော ဓားချက်အောက်ဝယ် ရွှေရောင်အလင်းတန်းများအတွင်းမှ သတ္တုသံသဲ့သဲ့ ထွက်ပေါ်လာ၏။ မူလကိရိယာကား ပျက်စီးမသွားသည့်တိုင် စုချန်း၏ မဆုတ်မနစ် ကြိုးပမ်းမှုကြောင့် ပုံစံပျက်ယွင်းစပြုလာပြီ ဖြစ်သည်။ တချိန်တည်းမှာပင် ဆော့ခ်၏ လည်ပင်းမှာလည်း ရွဲ့စောင်းလာ၏။

ကျွတ်!!!

အက်ကွဲသံတချက် ထွက်ပေါ်လာပြီး ဆော့ခ်၏ ဦးခေါင်းသည် နောက်သို့လန်သွား၏။ ပြင်းထန်သော ဖိအားကြောင့် ဆော့ခ်ခမျာ လည်ပင်းရိုးကျိုးသွားရှာလေပြီ။

ထိုအခါ စုချန်းက ချက်ချင်းဆိုသလိုပင် ဆော့ခ်အား လက်ဝါးနှင့် ရိုက်ချလိုက်ပြန်သည်။ ပြင်းထန်သော လက်ဝါးရိုက်ချက်ကြောင့် ဆော့ခ် နောက်သို့ လွင့်စင်သွား၏။

လေထဲသို့ လွင့်စင်သွားချိန်မှာပင် ဆော့ခ်တယောက် သတိပြန်ဝင်လာ၏။ လည်ပင်းနားတဝိုက်မှ ထွက်ပေါ်လာသော နာကျင်မှုက သူ့အား လှုံ့ဆော်နေသည် မဟုတ်ပါလား။

အသိပြန်ဝင်လာလာချင်းမှာပင် ဆော့ခ်သဘောပေါက်လိုက်သည်မှာကား သူ၏ အသက်ကယ်မူလကိရိယာ ပျက်စီးသွားပြီး သူ့လည်ပင်းရိုး ကျိုးသွားကြောင်းပင်။

သူသည် သေရေးရှင်ရေးအခြေအနေနှင့် ကြုံတွေ့နေရပြီမှန်း ဆော့ခ် သဘောပေါက်လိုက်ပေပြီ။

"မဟုတ်ဘူး"

ဆော့ခ် ထိတ်လန့်တကြားနှင့် အော်ဟစ်လိုက်သည်။ သူ့ဦးခေါင်းမှာလည်း ထူးဆန်းသော ထောင့်ချိုးတမျိုးဖြင့် စောင်းသွား၏။

ပထဝီအမျိုးအစား မူလစွမ်းအင်များကို လည်မြိုဆီသို့ စီးဆင်းစေပြီး သူ့ဒဏ်ရာအား အမြန်ဆုံး ကုသနိုင်ရန် ဆော့ခ်က ကြိုးစားလိုက်ခြင်းပင်။

သာမာန်အခြေအနေတွင်သာဆိုလျင် စုချန်းအနေနှင့် ဆော့ခ်ကို ဆက်လက်ဖိအားပေးနိုင်ရန် မီးလျံသိမ်းငှက်ကို ထုတ်သုံးလိမ့်မည်သာ။ သို့သော် လက်ရှိတွင်ကား ကျူးရှန်းယောင် ရှိနေခြင်းကြောင့် စုချန်းသည် မီးလျံသိမ်းငှက်ကို ထုတ်သုံးနိုင်ခြင်းမရှိ။ အသက်က်ိုသာ ဝအောင်ရှုသွင်းလျက် ကုန်ဆုံးသွားသော အားအင်များကို ပြန်လည်စုဆောင်းလိုက်ရသည်။ ဆော့ခ်အဖို့ ကံကောင်းသွားသည်ဟုသာ ဆိုရပေတော့မည်။

"ခွေးမသား"

ဆော့ခ် ဒေါသတကြီးနှင့် အော်ဟစ်ဆဲဆိုလိုက်သည်။ သူ့နဖူးပေါ်ရှိ ကြာပန်းသည်လည်း အရောင်များ တောက်ပလာ၏။ အဖြူရောင်အလင်းတန်းများကလည်း ၎င်း၏ တကိုယ်လုံးအား လှည့်ပတ်လျက်ရှိသည်။

လက်ရှိတွင် ဆော့ခ်အနေနှင့် စုချန်းကို အထင်မသေးရဲတော့။ မျက်စေ့တမှိတ်အတွင်း လည်ပင်းရိုးကျိုးသွားခြင်းက စုချန်းအပေါ် အထင်သေး၍ မရကြောင်း သက်သေခံနေခဲ့ပြီ မဟုတ်ပါလား။

ကံဆိုးသည်မှာ ဆော့ခ်၏ ဒဏ်ရာကုသနိုင်စွမ်းက ထင်သလောက် မြန်မနေခြင်းပင်။

ရန်သူ၏ ဒဏ်ရာ မပျောက်ကင်းခင်မှာပင် စုချန်း၏ တောင်ခွဲဓားက ထပ်မံလှုပ်ရှားလာပြန်၏။

ထို့နောက် သူတို့နှစ်ယောက်သည် စက္ကန့်ပိုင်းအတွင်းမှာပင် အချက်ရေအတော်များများ ပူးကပ်တိုက်ခိုက်မိကြလေသည်။

ထိုအခိုက်အတန့်တွင် စုချန်းသည် အရှိန်ပြင်းပြင်း ရွေ့လျားနေသော တောင်ကြီးတတောင်နှင့် တူနေပါက ဆော့ခ်သည် လှိုင်းထန်သော သမုဒ္ဒရာကြီးနှင့် တူနေ၏။

ကြီးမားလှသော ကျောက်သားလက်ကြီးသည် လေထဲတွင် ဟိုမှသည်မှ ရွေ့လျားနေလေရာ ပတ်ဝန်းကျင်တခုလုံး သဲမုန်တိုင်းကျနေသကဲ့သို့ ရှိ၏။ တချိန်တည်းမှာပင် ဆော့ခ်သည် ထင်သလောက် ဆင်းရဲသူ မဟုတ်ပဲ တန်ဖိုးကြီး မူလကိရိယာအတော်များများကို ပိုင်ဆိုင်ထားသူမှန်း စုချန်း သဘောပေါက်လာရ၏။

အကြောင်းမှာ သိပ်မကြာမီ ဆော့ခ်သည် နောက်ထပ် မူလကိရိယာတမျိုးကို ဆွဲထုတ်လိုက်သောကြောင့်ပင်။ ၎င်းမှာ ရွှေရောင်အဆင်းရှိသော သဲမှုန်များပင် ဖြစ်သည်။ ရွှေရောင်သဲများသည် လေထဲသို့ ပျံ့လွင့်သွားသည်နှင့် ချက်ချင်းဆိုသလိုပင် အခန်းထဲ၌ အရှိန်ပြင်းစွာ လှည့်ပတ်စီးဆင်းနေသော ရွှေရောင်သဲမြစ်တစင်း ဖြစ်ပေါ်လာ၏။

ထိုအခါ တခန်းလုံးရှိ အရာဝတ္တုများသည် ရန်သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားသကဲ့သို့ စုချန်း ခံစားလာရ၏။ သူ့အနေနှင့် သဲမြစ်၏ ဆွဲငင်အားကြောင့် ခက်ခက်ခဲခဲ လှုပ်ရှားနေရပြီ မဟုတ်ပါလား။

ဆော့ခ်ကား ထိုမျှနှင့် ​ကျေနပ်သေးပုံမရ။ အိတ်ငယ်လေးတလုံးကို ဆွဲထုတ်ပြီး လေထဲသို့ ပစ်ထုတ်လိုက်ပြန်ရာ အဆင့်နိမ့်နတ်ဆိုးသားရဲတောက်တဲ့ကြီးတကောင် ထွက်ပေါ်လာပြီး စုချန်းအား တိုက်ခိုက်လာလေသည်။ တဖန် ဆော့ခ်သည် ပန်းချီကားတချပ်ကို ဆွဲထုတ်လိိုက်ပြန်၏။ ထိုအခါ ပန်းချီကားအတွင်းမှ လက်တဖက်ထွက်လာပြီး စုချန်းအား ဖမ်းဆွဲလာလေသည်။ ထိုပန်းချီကားသည် ဟောခန်းအတွင်းမှ ပန်းချီကားဖြစ်ကြောင်း စုချန်း ချက်ချင်းမှတ်မိလိုက်သည်။ အကြောင်းတခုခုကြောင့် ထိုပန်းချီကားအား ဆော့ခ်အနေနှင့် အသုံးချနိုင်ပုံပင်။

တချိန်တည်းမှာပင် ဆော့ခ်၏ ညစ်ကျယ်ကျယ်နိုင်လှသော ရယ်သံ ထွက်ပေါ်လာ၏။

"ကောင်လေး အကောင်းစားမူလကိရိယာတချို့ ရှိရုံနဲ့ မင်းက ငါ့ကို နိုင်မယ်ထင်နေတာလား"

စုချန်း၏ အခြေအနေက်ို မြင်သောအခါ ကျူးရှန်းယောင်က စိုးရိမ်ပူပန်ဟန်ဖြင့် ပြောလိုက်သည်။

"ရှင့်မှာ ​တခြားထုတ်သုံးစရာ နည်းလမ်းတခုတလေများ မရှိတော့ဘူးလား"

ထိုစကားကို ကြားသည်နှင့် စုချန်းက ကျူးရှန်းယောင်အား မနှစ်မြို့သော အမူအရာနှင့် လှမ်းကြည့်ပြီး ပြန်အော်လိုက်သည်။

"ဘာကွ ဒါ မင်းစတဲ့ ပြသနာလေ ခုကျမှ ကျုပ်က ရှင်းပေးရမယ်တဲ့လား"

"ဒါက ရှင် ကျွန်မကို ကလိန်ကကျစ်လုပ်တာကိုးရှင့်"

"ဟ လုပ်မှာပေါ့ကွ မင်းတို့က သူခိုးလက်က သူဝှက်လု အရင်လုတာကိုး"

"ကျွန်မ လုပ်ချင်တာ ကျွန်မ လုပ်မှာပဲ ဒါ ရှင့်အပူပါလို့လား"

ကျူးရှန်းယောင်က ပြန်အော်လိုက်၏။

"ထွီ မင်းတို့မိန်းမတွေအကုန်လုံးဟာ အဲဒီအတိုင်းပဲ အကြောင်းသင့်အကျိုးသင့် ပြောလို့မနိုင်တော့ဘူးဆိုရင် ဖင်ပိတ်ငြင်းတော့တာပဲ"

သူတို့နှစ်ယောက်ကား သေရေးရှင်ရေး အခြေအနေမှာပင် ရန်ဖြစ်နေကြ၏။ သို့သော် အချိန်မှာ စက္ကန့်နှင့်အမျှ ပို၍ အရေးကြီးလာခဲ့ပေပြီ။

ရွှေရောင်သဲမှုန်များသည် သူတို့နှစ်ယောက်အပါအဝင် ပတ်ဝန်းကျင်ရှိ အရာတိုင်းကို သိမ်းကျုံးဆွဲယူစပြုလာ၏။ ဆော့ခ်၏ မျက်ဝန်းထဲတွင်တော့ သွေးဆာနေသော အရိပ်အယောင်များ ယှက်သန်းနေခဲ့လေပြီ။

မည်သို့ဆိုစေ ကျူးရှန်းယောင်တယောက် ပို၍ စိတ်ပူလာသည်ကတော့ အမှန်ပင်။

"ဟေ့ ငြင်းမနေတော့နဲ့ ခုနက ရှင်သုံးလိုက်တဲ့ နည်းစနစ်ကို ပြန်သုံးကြည့်ပါလား မရတော့ဘူးလား"

"မရတော့ဘူးကွ သူ သိသွားပြီ"

စုချန်းကလည်း ပြန်လည် အော်ပြောလိုက်၏။

"ဒါဆို ကျွန်မတို့ လုပ်နိုင်တာ ဘာမှ မရှိတော့ဘူးလား"

ကျူးရှန်းယောင်၏လေသံမှာ စိတ်ပျက်ဟန်ပေါ်လာ၏။

"ဒီလိုတော့လဲ မဟုတ်သေးပါဘူးကွာ"

စကားဆုံးသည်နှင့် စုချန်း၏ လက်ထဲရှိ တောင်ခွဲဓားသည် ပန်းချီကားဆီသို့ ကျရောက်သွားပြီး ပန်းချီကားအတွင်းရှိ လက်ကို ခုတ်ဖြတ်သွား၏။ ဓားပတ်ပတ်လည်မှ အနက်ရောင်အခိုးအငွေ့များသည်လည်း ပန်းချီကားအတွင်းပိုင်းထိတိုင်အောင် တိုက်စားသွားလေသည်။ ထိုအခါ ပန်းချီကားအတွင်းမှ အော်သံ ထွက်ပေါ်လာ၏။

သို့သော် ပန်းချီကားဘက်သို့ အာရုံစိုက်လိုက်ရ၍ စုချန်း ပြန်ပေးလိုက်ရသော အဖိုးအခမှာ ဆော့ခ်၏ ဓားချက်က သူ့ကိုယ်ပေါ်သို့ ကျရောက်လာခြင်းပင်။ မရဏရေညှိမျှင်များနှင့် အက်ဒမန်တင်းခန္ဓာနည်းစနစ်ဖြင့် ကာကွယ်ထားသည့်တိုင် ဓားချက်ကြောင့် စုချန်း တယောက် နောက်သို့ လွင့်စင်သွား၏။ သူ ဝတ်ဆင်ထားသော ဆန်းကြယ်သံချပ်ကာဝတ်စုံမှာလည်း အက်ကြောင်းများ ထင်သွားလေသည်။

"သေပေတော့"

ဆော့ခ် ကျယ်လောင်စွာ အော်ဟစ်ပြီး ထပ်မံ တိုက်ခိုက်လိုက်သည်။ သူ့အနေနှင့် အခွင့်အရေးကို အမိအရ အသုံးချကာ စုချန်း၏ အသက်အား နှုတ်ယူရန် ကြိုးစားလိုက်ခြင်းပင်။

ထိုအခိုက်အတန့်မှာပင် စုချန်းက ထအော်လိုက်သည်။

"အခု လှုပ်ရှားတော့"

စုချန်း၏ အော်သံကြောင့် ဆော့ခ် ရင်ထိတ်သွားလေသည်။

နောက်ကျောဘက်မှ လေတိုးလာသည်ကိုလည်း သူ ခံစားလိုက်ရ၏။

သေစမ်း!!!

အခြေအနေ မဟန်တော့မှန်း ဆော့ခ် သဘောပေါက်လိုက်၏။ တဆက်တည်းမှာပင် သူ့နောက်ကျောဆီမှ ပြင်းထန်လှသော နာကျင်မှု ပေါ်ပေါက်လာကြောင်း ဆော့ခ် သိလိုက်၏။ သူ နာကျင်စွာ အော်ဟစ်လိုက်လေသည်။

"လက်စသတ်တော့ မင်းပဲကိုးကွ"

ဆော့ခ်အား နောက်ဘက်မှ အလစ်ဝင်တိုက်သူမှာ တခြားသူမဟုတ်။ ဟေးစုပင်တည်း။

ဤနေရာမျိုးကို ဟေးစု ရောက်လာမည်ဟု မည်သူမှ ထင်မထားသည်ကတော့ အမှန်ပင်။

ကျူးရှန်းယောင်ကိုယ်တိုင်လည်း မျက်လုံးပြူးသွားလေသည်။

"အလို ရှင်ပါလား"

"ဘယ်လိုအခြေအနေမှာမဆို အရန်အစီအစဥ်ဆိုတာ အမြဲတမ်းထားရတယ်ကွ"

စုချန်းက ကျူးရှန်းယောင်အား လှမ်းပြောလိုက်၏။

"ခွေးမသား"

ဆော့ခ် ဒေါသတကြီးနှင့် အော်ဟစ်ဆဲဆိုပြီး သူ၏ တောက်တဲ့ကြီးအား စုချန်းကို ရင်ဆိုင်ထိန်းချုပ်ထားရန် အမိန့်ပေးပြီး သူကိုယ်တိုင်ကတော့ ဟေးစုဘက်သ်ို့ မျက်နှာမူလိုက်၏။

ဟေးစုအား ဦးစွာ ရှင်းပစ်ရန် ဆော့ခ် ကြံစည်လိုက်ခြင်းပင်။

သို့သော် သူ ထိုသို့ ကျောခိုင်းလိုက်စဥ်မှာပင် စုချန်းက သူ့နောက်ကျောသို့ လှစ်ခနဲ ရောက်လာ၏။ တောင်ခွဲဓားကလည်း ဟေးစုကြောင့် ရရှိထားသော နောက်ကျောပေါ်ရှိ ဒဏ်ရာပေါ်သို့ ထိုးစိုက်လာတော့သည်။

"အား"

ဆော့ခ် သွေးရူးသွေးတန်းနှင့် အော်ဟစ်ပြီး ညာဖက်လက်ရှိ ဓားကို နောက်ပြန်ဝေ့ယမ်းလိုက်၏။ ပဥ္စမမြောက်ပထဝီဓားကား စုချန်း၏ လက်ကို ခုတ်ဖြတ်တော့မည့်ဟန်ဖြင့် လေကိုခွင်းကာ ရွေ့လျားလာ၏။

ထိုအချိန်တွင် ဟေးစုကလည်း ထပ်မံ လှုပ်ရှားလိုက်၏။ သူက လက်ထဲရှိ ဓားဖြင့် ဆော့ခ်၏ လည်မြိုအား လှမ်းထိုးလိုက်လေသည်။ ဆော့ခ်၏ တန်ပြန်လက်သီးသည်လည်း ဟေးစု၏ ရင်ဘတ်အား ဖောက်ထွက်သွားတော့သည်။

တိုက်ပွဲ၏ ရေချိန်အမြင့်ဆုံး အခြေအနေမှာပင် ကျူးရှန်းယောင်သည်လည်း စတင်လှုပ်ရှားလာ၏။ သူမသည် ဆော့ခ်ထံသို့ လှစ်ခနဲ ခုန်ဝင်လာပြီး ကောင်းကင်မြေခွေးလက်ချောင်းဖြင့် ဆော့ခ်၏ မျက်လုံးအား ထိုးစိုက်လိုက်လေသည်။

အား!!!!

ကောင်းကင်မြေခွေးလက်ချောင်းများကြောင့် ဆော့ခ်၏ မျက်လုံးအစုံမှာ ပွင့်ထွက်သွား၏။

ကျူးရှန်းယောင်သည်လည်း ရွှေရောင်သဲမှုန်များ၏ ရိုက်ခတ်မှုကြောင့် လေထဲသို့ လွင့်စင်သွားတော့သည်။

ထိုအချိန်တွင် စုချန်း၏ ဘက်ဖက်လက်ကလည်း ဆော့ခ်၏ ကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွား၏။

သံချပ်ကာဖောက်ထွင်းရေးဆူးချွန်နှင့် ဒေါသမီးလျံလက်သီးပေတည်း။

အာဝူး!!!

သခင်ဖြစ်သူ၏ အခြေအနေကို မြင်သည်နှင့် တောက်တဲ့ကြီးသည် ကျယ်လောင်စွာ အော်ဟစ်ပြီး စုချန်းအား တိုက်ခိုက်လာပြန်၏။ ထိုအခါ စုချန်းကလည်း ချာခနဲ နောက်လှည့်ပြီး သေစေနိုင်သော စုန်းမကို ဖော်ထုတ်လိုက်သည်။ သေစေနိုင်သောစုန်းမ၏ အစွမ်းကြောင့် တောက်တဲ့ကြီး နေရာမှာပင် တွေခနဲ ဖြစ်သွား၏။

စုချန်းကိုယ်တိုင်မှာလည်း ဆော့ခ်၏ နောက်ပြန်ကန်ချက်ကြောင့် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ထိုင်ကျသွားလေသည်။

ထိုအခိုက်ဝယ် ကျူးရှန်းယောင်က လေပေါ်တွင် ဝေ့ကာဝိုက်ကာနှင့် ဆော့ခ်၏ လည်မြိုအား ခြေထောက်နှင့် ကန်ကျောက်လိုက်ပြန်သည်။

ကန်ချက်သည် ဆော့ခ်၏ လည်ပင်းအား တည့်တည့်မတ်မတ်ပင် ထိမှန်သွား၏။ နဂိုကပင် ကျိုးနေသော လည်ပင်းရိုးသည် ဤတကြိမ်တွင်တော့ ရစရာမရှိအောင် ကျိုးပဲ့သွားတော့သည်။

ဆော့ခ်ကား သေလုမြောပါးဝေဒနာကို အံကြိတ်ခံစားနေရလေပြီ။

သို့တိုင်အောင် အနှီသဲမျိုးစိတ်ဝင်ကား အားလျော့သေးပုံမပေါ်။

သူ့ကိုယ်မှ ထွက်ပေါ်လာသော တန်ပြန်အားကြောင့် ကျူးရှန်းယောင်သည် နောက်သို့ ဒလိန့်ကောက်ကွေးနှင့် လွင့်စင်သွား၏။ တဆက်တည်းမှာပင် သူ၏ လက်သီးချက်ကြောင့် ဟေးစုတယောက် ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားလေသည်။

သွေးစွန်းနေသော လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဟေးစုက ပြောလိုက်သည်။

"မင်း ဘယ်သူလဲဆိုတာ ငါ မသေခင် သိအောင်လုပ်သွားမယ်ကွ"

စကားဆုံးသည်နှင့် သူက စုချန်း၏ မျက်နှာအား လက်သီးနှင့် လှမ်းထိုးလိုက်၏။

လက်သီးချက်ကြောင့် စုချန်း၏ နတ်ဆိုးမျက်နှာဖုံးမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလေသည်။ သူ၏ နှာခေါင်းရိုးမှာလည်း ရစရာမရှိအောင် ကျိုးကြေသွား၏။

ထိုအခိုက်အတန့်ဝယ် စုချန်း၏ တောင်ခွဲဓားကလည်း သွက်လက်စွာ လှုပ်ရှားလာ၏။

အလင်းရောင်များ စူးရှစွာ ထွက်ပေါ်လာပြီး တောင်ခွဲဓားသည် ဆော့ခ်၏ ကိုယ်အပေါ်ပိုင်းကို စိုက်ဝင်သွားတော့သည်။

***

All Chapters