စတုတ္ထလူ
Vol. 55 Ch. 549
စုချန်းသည်လည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။ သူ့ပါးစပ်အတွင်းမှလည်း သွေးများ ပွက်ခနဲ အန်ထုတ်လိုက်သည်။ ကြမ်းပြင်ပေါ်ရောက်သည်နှင့် စုချန်းက ချက်ချင်းဆိုသလို သူ့မျက်နှာကို လက်ဝါးနှင့် ကာထားလိုက်၏။
သေရေးရှင်ရေး အခိုက်အတန့်မှာပင် စုချန်းသည် သူ့မျက်နှာကို ကျူးရှန်းယောင် မြင်မသွားစေရန် အားထုတ်နေသေးချေသည်တကား။
ဆော့ခ်ကား ချန်းယွန့်ဟုန်ထက် သန်မာသည်မှာ မေးခွန်းထုတ်နေစရာပင် မလိုတော့။ ထို့ပြင် ၎င်းသည် တန်ဖိုးကြီးကိရိယာအမြောက်အများကိုလည်း ပိုင်ဆိုင်ထားသေး၏။
တကယ်တော့ ၎င်းမှာ အံ့သြစရာတော့မဟုတ်။ ဆော့ခ်သည် သဲမျိုးစိတ်တခုလုံးတွင် ခေါင်းဆောင်ဖြစ်သူ ပေါလ်၏ အယုံကြည်ရဆုံး လူယုံတော် ဖြစ်နေ၍ အစွန်အဖျား မြို့လေးတမြို့မှ တော်ဝင်မျိုးနွယ်စုအကြီးအကဲတဦးထက် ချမ်းသာကြွယ်ဝနေသည်မှာ ဘာမှမဆန်းချေ။
ဤတပွဲတွင်တော့ စုချန်းအဖို့ နှပ်ပစ်ခံရခြင်းပင်။ သူသည် ဆော့ခ်အား ချမ်းသာကြွယ်ဝမှုအရာတွင်လည်းကောင်း၊ အင်အားအရာတွင်လည်းကောင်း မည်သို့မှ ယှဥ်နိုင်ခြင်းမရှိမှန်း သိသာနေခဲ့လေပြီ။ ထိုခံစားချက်သည် စုချန်းအား အကူအညီကင်းမဲ့သော ဝေဒနာတရပ်ကို ဖြစ်ပေါ်လာစေ၏။
သို့သော် စုချန်းနှင့်စာလျင် ဆော့ခ်၏ ခံစားချက်က ပို၍ ပြင်းထန်၏။
သို့သော် ယခုအချိန်ထိ ဆော့ခ်ကား မသေနိုင်သေး။ အသက်ပြင်းလှသော သဲမျိုးစိတ်ဝင်ပေတကား။
"မင်းလိုကောင်မျိုးက ငါ့ကို ဒီလောက်ထိ ဒဏ်ရာရအောင် လုပ်နိုင်သတဲ့လား ခွေး...မင်း...ခွေးမသား"
ဆော့ခ် အရူးတယောက်ပမာ အော်ဟစ်ဆဲဆိုနေလေသည်။ သူ့ဦးခေါင်းမှာ ကျူးရှန်းယောင်၏ ခြေကန်ချက်ကြောင့် နောက်ပြန်လည်လျက်ရှိသည်။ သူ့တကိုယ်လုံးမှာလည်း သွေးများဖြင့် ရွှဲနစ်နေ၏။
"ငါ မရှုံးသေးဘူးကွ"
"ဟာ ဒီခွေးမသား ခုထိ မသေသေးပါလား"
ရင်ဘတ်ကို လက်ဖြင့်ဖိရင်း ဟေးစု ဆဲဆိုလိုက်သည်။ ထို့နောက် သူက ကျန်လက်တဖက်ကို လှုပ်ရှားလိုက်ရာ အလင်းတန်းချို့ ဆော့ခ်ထံသို့ ပြေးဝင်သွား၏။
ဆော့ခ်ကား ဟေးစု၏ တိုက်ခိုက်မှုကို ဂရုမစိုက်။ ထိုအစားသူက ရှိသမျှ အင်အားကို စုစည်းပြီး လက်မြှောက်လိုက်သည်။ သူ့ထိန်းချုပ်မှုအောက်ဝယ် အခန်းထဲရှိ ရွှေရောင်သဲမြစ်သည် လှိုင်းဂယက်များ ထလာပြီး စုချန်းထံသို့ တိုးဝင်သွားလေသည်။
"ဟာ မင်းက သေခါနီးဆဲဆဲတောင် ငါ့ကိုရန်လုပ်နေတုန်းပါလားကွ"
စကားဆုံးသည်နှင့် စုချန်းက လက်တဖက်ကို လှုပ်ရှားလိုက်ရာ မီးလျံစက်လုံးတချို့ ဆော့ခ်ဆီသို့ ပျံသန်းသွားလေသည်။
အဆက်မပြတ် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး မီးတောက်မီးလျံများက ရွှေရောင်သဲမှုန်များအား ဝါးမြိုသွား၏။ ပေါက်ကွဲမှုကြောင့် ဆော့ခ်မှာလည်း လေထဲသို့ လွင့်စင်သွားပြန်သည်။
သို့သော် ဆော့ခ်၏ ခံနိုင်ရည်မှာကား ချီးကျူးစရာ ကောင်းလှ၏။ သူက ချက်ချင်းဆိုသလိုပင် ကြမ်းပြင်ပေါ်၌ ဝပ်နေသော တောက်တဲ့အား လက်ဝါးဖြင့် လှမ်းပုတ်လိုက်သည်။
လက်ဝါးရိုက်ချက်ကြောင့် ပုံရိပ်ယောင်နယ်ပယ်တွင် ပိတ်မိနေသော တောက်တဲ့ကြီး သတိပြန်လည်လာ၏။
ထိုအခါ ဆော့ခ်က အော်ဟစ်အမိန့်ပေးလိုက်သည်။
"သွားစမ်းဟေ့ သူတို့ကို သတ်ပစ်လိုက်စမ်း"
ဆော့ခ်၏ အမိန့်သံကြောင့် တောက်တဲ့ကြီးသည် စုချန်းတို့သုံးဦးထံသို့ ပြေးဝင်လာ၏။
"မဟုတ်ဘူး"
ကျူးရှန်းယောင် ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်မ်ိ၏။
ထိုအခိုက်အတန့်မှာပင် အဝေးဆီမှ တိုးညှင်းသောလေချွန်သံတချက် ထွက်ပေါ်လာ၏။ ထိုလေချွန်သံကို ကြားသည်နှင့် တောက်တဲ့ကြီးသည် ချက်ချင်းပင် လမ်းကြောင်းပြောင်းကာ အမှောင်ထုအတွင်း တိုးဝင်သွားတော့သည်။
သိပ်မကြာမီ အမှောင်ထုအတွင်းမှ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲ ဖြစ်ပွားနေဟန် ဆူဆူညံညံအသံများ ထွက်ပေါ်လာ၏။ သို့သော် မြင်လေသမျှ အမှောင်ထုချည်းသာ ဖြစ်နေသောကြောင့် ဘာတွေဖြစ်နေမှန်းတော့ တိတိကျကျ ပြောပြရန် ခက်လှသည်။
"ဘာလဲ ဘာတွေဖြစ်နေတာလဲ"
ဆော့ခ် ကြောင်တောင်တောင်ဖြစ်သွား၏။
"ငါ့သူငယ်ချင်းတယောက်ပါကွာ"
စုချန်းက ရယ်ကျဲကျဲနှင့် ပြန်ဖြေလ်ိုက်သည်။
"သူ ဘာကြောင့် လူလုံးထွက်မပြတာလဲ"
ကျူးရှန်းယောင်နှင့် ဟေးစုထံမှ မေးခွန်းထုတ်သံ ပြိုင်တူထွက်ပေါ်လာ၏။
"သူက လူစိမ်းတွေဆိုရင် ကြောက်တတ်တယ်ဗျ"
စုချန်းက ပြန်ဖြေလ်ိုက်၏။
စုချန်း၏ စကားကြောင့် ဟေးစုနှင့် ကျူးရှန်းယောင်တို့ တယောက်မျက်နှာကို တယောက် စိုက်ကြည့်လိုက်ကြသည်။ စုချန်း ဘာကြောင့် ဤမျှထိ လျို့ဝှက်နေရမှန်းကိုလည်း သူတို့ နားမလည်နိုင်ပဲ ဖြစ်နေကြ၏။
"မဟုတ်ဘူး"
ဆော့ခ် ဒေါသတကြီးနှင့် ထအော်လိုက်သည်။
တောက်တဲ့ကြီးကို သုံး၍ စုချန်းအား ဇီဝိန်ချွေရန် စီစဥ်ထားကမှ တစုံတဦးက ကြားဝင်နှောင့်ယှက်လာပြန်ချေပြီ မဟုတ်ပါလား။ သူ မည်သို့ လက်သင့်ခံနိုင်ပါမည်နည်း။
နှလုံးအိမ်အတွင်း ဆောင့်တက်လာသော အမျက်ဒေါသ၊ ပြင်းပြလှသော ဝေဒနာ၊ ထိုနှစ်ရပ်ပေါင်းလိုက်သောအခါ ဆော့ခ်သည် ဤတကြိမ်တွင်တော့ တင်းမခံနိုင်တော့ပဲ နေရာမှာပင် အသက်ပျောက်သွားတော့သည်။
ထိုအခါ ကျူးရှန်းယောင်က စုချန်းအား စိုက်ကြည့်ပြီး ဒေါသတကြီးနှင့် အော်လိုက်၏။
"ရှင် အခုထိ ရှင့်မျက်နှာပေါ်က လက်ကို မဖယ်သေးဘူးလား ဒါမှမဟုတ် တသက်လုံး ဒီလိုပဲ မျက်နှာကို လက်နဲ့အုပ်ထားမှာလား"
စုချန်း သက်ပြင်းချလိုက်၏။ ထို့နောက် သူက မျက်နှာပေါ်အုပ်ထားသော လက်က်ို ဖယ်ပေးလိုက်သည်။
လက်ဝါးနောက်ကွယ်မှ ပေါ်လာသော မျက်နှာမှာ ဘာထူးခြားချက်မှ မရှိ။ သာမာန် ရုပ်ရေမျိုးသာ ဖြစ်သည်။
"ရှင်..."
ကျူးရှန်းယောင် ဘာပြောရမှန်းမသိတော့ပဲ အိုးတိုးအမ်းတမ်း ဖြစ်သွား၏။ သို့သော် စုချန်း၏ လုပ်ရပ်ကို ချက်ချင်းဆိုသလို သူမက သဘောပေါက်သွားလေသည်။
"ဘာလဲ ရှင် ရုပ်ဖျက်ထားပြန်ပြီမလား"
ဆော့ခ်၏ သိမ်းငှက်မျက်လုံး မရှိတော့ပြီဖြစ်၍ စုချန်းအနေနှင့် အလွယ်တကူ ရုပ်ဖျက်နိုင်သွားပြီ မဟုတ်ပါလား။
"ရော့ မင်းတို့ ဒီဆေးတွေ သောက်ထားလိုက် ခနနေရင် သက်သာသွားလိမ့်မယ်"
စုချန်းက ဒဏ်ရာပျောက်ကင်းစေသည့် ဆေးတချို့ကို ကျူးရှန်းယောင်နှင့် ဟေးစုတို့လက်ထဲ ထည့်ပေးရင်း ပြောလိုက်၏။
"အနီရောင်ဆေးကိုသောက် အပြာရောင်ဆေးကို ဒဏ်ရာပေါ်လိမ်းလိုက်"
စုချန်းက ဆက်လက်ညွှန်ကြားလိုက်ပြန်သည်။
တဆက်တည်းမှာပင် သူက အပြာရောင်ဆေးပုလင်းကို ထုတ်ယူပြီး သူ့လက်ပေါ်သို့ သုတ်လိမ်းလိုက်၏။
စုချန်း၏ လက်တွင် ကြီးမားသော ပြတ်ရှဒဏ်ရာကြီး ရှိနေသည်။ သို့သော် အပြာရောင်ဆေးရည်များနှင့် ထိတွေ့မိသည်နှင့် ဒဏ်ရာအတွင်းမှ ကြွက်သားမျှင်များသည် အချင်းချင်း ပြန်လည်လိမ်ကျစ်ယှက်နွှယ်သွားပြီး မူလအနေအထားသို့ရောက်အောင် ပြန်လည်ဖွဲ့စည်းနေ၏။ သိပ်မကြာမီ စုချန်း၏ ဒဏ်ရာမှာ သိသိသာသာပင် သက်သာသွားတော့သည်။
"ဒါ ဘယ်လိုဆေးမျိုးလဲ"
ထူးခြားလှသည့် ဒဏ်ရာပျောက်ကင်းနိုင်စွမ်းမျိုး ရှိနေပြီး သူမ တခါမှ မမြင်ဖူးသော ဆေးအမျိုးအစား ဖြစ်နေ၍ ကျူးရှန်းယောင် တအံ့တသြနှင့် မေးလိုက်၏။
"သိပ်ကို စျေးကြီးတဲ့ ဆေးမျိုးပေါ့ကွာ"
သောက်သင့်သည့်ဆေးကိုသောက်၊ လိမ်းသင့်သည့်ဆေးကို လိမ်းပြီးသည်နှင့် စုချန်း တကိုယ်လုံးရှိ ဒဏ်ရာများမှာ အတော်အတန်ပင် သက်သာသွားပြီး မတ်တပ်ရပ်နိုင်လာ၏။ အရိုးကျိုးသော ဒဏ်ရာများကတော့ ချက်ချင်းသက်သာလိမ့်မည်မဟုတ်။ သို့သော် အချိန်တခုကြာသည်နှင့် ပျောက်ကင်းသွားလိမ့်မည်သာ။
ကောင်းကင်ဘုံကို ဝါးမြိုစားသောက်ခြင်းကဲ့သို့သော နည်းစနစ်မျိုးနှင့် တန်ဖိုးကြီးဆေးဝါးများကိုသာ မဖော်စပ်ထားလျင် သူတို့၏ အခြေအနေမှာ လွယ်လှမည်မဟုတ်။
အထက်အတိုင်း တွေးမ်ိပြီး စုချန်း ကြိတ်၍ သက်ပြင်းချမိလိုက်သည်။
နောက်ဆုံးတော့ အချိန်ပေး၍ သုတေသနလုပ်ခဲ့ခြင်းသည် ထိုက်တန်နေခဲ့ပြီ မဟုတ်ပါလား။
အမှောင်ထုအတွင်းမှ ဆူဆူညံညံအသံများမှာ ထိုအချိန်ထိ ထွက်ပေါ်နေသေး၏။ တိုက်ပွဲမပြီးသေးသော ဟန်ပင်။
နောက်ဆုံးတွင်တော့ အသံဗလံများ လုံးဝ ပျောက်ကွယ်သွားပြီး အဝေးဆီသို့ ထွက်ခွာသွားသော ခြေသံတချို့ ထွက်ပေါ်လာသည်။
ထိုနေရာသို့ စုချန်းတို့သုံးယောက် ရောက်ရှိသွားချိန်တွင် ကြမ်းပြင်ပေါ်၌ တောက်တဲ့အသေကောင်ကြီးကိုသာ တွေ့ရတော့၏။ စုချန်းဘက်မှ ကူညီပေးခဲ့သူများကား မည်သည့်သဲလွန်စမှ မရှိပဲ ပျောက်ကွယ်သွားခဲ့လေပြီ။
တိတ်တဆိတ် ဝင်လာပြီး တိတ်တဆိတ် ပြန်ထွက်သွားသူများပေတကား။
ကျူးရှန်းယောင်နှင့် ဟေးစုတို့နှစ်ယောက်မှာ အံ့သြ၍မဆုံးတော့။
ထိုအခါ စုချန်းက ပြောလိုက်သည်။
"ဒီနေရာကြီးတခုလုံးက သိပ်မကြာခင် ပြိုကျတော့မယ် မင်းတို့အနေနဲ့ အချိန်ရတုန်း တန်ဖိုးကြီးကျောက်တုံးတွေ ရသလောက် တူးထုတ်သွားသင့်တယ်"
ထိုစကားကိုကြားသည်နှင့် ကျူးရှန်းယောင်နှင့် ဟေးစုသည် စင်္ကြန်လမ်းအတွင်း အပြေးသွားကာ နံရံတဖက်တချက်ရှိ ကျောက်တုံးများကို တူးထုတ်ကြတော့သည်။ စုချန်းကတော့ လေဟာနယ်အတွင်းရှိ ကျန်လျှို့ဝှက်ပစ္စည်းများကို ဆက်လက်သိမ်းဆည်းကာ ကျန်နေရစ်၏။
စုချန်းအနေနှင့် ဆော့ခ်ကိုလည်း အလွတ်မပေး။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ဟူသည် လောကပေါ်တွင် အလွန်ရှား၏။ ဆော့ခ်ကား သူ့အတွက် အလွန်တန်ဖိုးကြီးသော အစမ်းသပ်ခံပင် မဟုတ်ပါလား။
ကျောက်တုံးများကို တူးထုတ်နေရင်း တစုံတရာကို သတိရလာဟန်ဖြင့် ကျူးရှန်းယောင်က ပြောလိုက်သည်။
"ဒါတွေက ကျွန်မ ပိုင်တာမှမဟုတ်ပဲ ဘာဖြစ်လို့ ရှင့်ကိုကူပြီး ဒီကျောက်တုံးတွေ တူးပေးနေရမှာလဲ"
"ဘာကြောင့်လဲဆိုတော့ ခင်ဗျားက ဟိုခွေးမသားကို ဒီထဲခေါ်လာပြီး ကျုပ်တို့ကို နှောင့်နှေးစေခဲ့လို့ပေါ့ ပြီးတော့ ခင်ဗျားဟာ ကျုပ်ကိုလဲ တလလောက် ဖမ်းချုပ်ထားသေးတယ် စု....အဲ...သူ့မျက်နှာကိုသာ မထောက်ရင် ခင်ဗျားကို ကျုပ် အလွယ်တကူ လွှတ်ပေးမှာမဟုတ်ဘူး"
သွားပြီ။ ဟေးစု စကားမှားသွားချေပြီ။
ကျူးရှန်းယောင် တွေခနဲ ဖြစ်သွား၏။ သူမက ချက်ချင်းပင် မေးခွန်းပြန်ထုတ်လိုက်သည်။
"ဘာရှင့်..ရှင် ဘာပြောလိုက်တယ်...ဘယ်သူ့မျက်နှာကို ထောက်ရမယ်"
ဟေးစု ဘူးကွယ်လိုက်လေသည်။
"ကျုပ်က ကျုပ်သူငယ်ချင်းမျက်နှာကို ထောက်ရမယ်လို့ ပြောတာပါကွာ ဟဲဟဲ"
ကျူးရှန်းယောင်၏ မျက်နှာမှာ မဲခနဲ ဖြစ်သွား၏။
"မဟုတ်ဘူး ရှင်ခုနက သူငယ်ချင်းလို့ ပြောလိုက်တာ မဟုတ်ဘူး"
ဟေးစုက ချောင်းတချက်ဟန့်ရင်း လည်ချောင်းရှင်းလိုက်သည်။
"ခင်ဗျားက တချိန်လုံး သံသယဝင်နေတာလေ ဒါကြောင့် ကျုပ်ပြောတာကို နားကြားလွဲသွားတာပေါ့"
ကျူးရှန်းယောင်၏ မျက်နှာသည် ပို၍ တင်းမာလာ၏။
"ရှင် ခုနက စု လို့ပြောလိုက်တယ် ဒီလူရဲ့ မျိုးရိုးနာမည်ဟာ စုပဲ ဖြစ်ရမယ် ဟုတ်တယ်မလား"
ဟေးစုကား အတင်းပင် ဘူးကွယ်နေလေသည်။
"ခင်ဗျား ဘာတွေ ပြောနေတာလဲ စု ဟုတ်လား ဘယ်က စုလဲ ကျုပ် မသ်ိဘူး ခင်ဗျား နားကြားလွဲနေပြီ"
"ရှင် လိမ်နေတာ"
ကျူးရှန်းယောင်၏ လေသံသည် သိသိသာသာပင် တုန်ယင်နေ၏။ သူမ၏ မျက်လုံးအစုံမှာလည်း ဒေါသကြောင့် ရဲရဲတောက်နေ၏။
ဟေးစု ငိုချင်စိတ် ပေါက်သွားလေသည်။
အနှီအမျိုးသမီးသည် သူ လိမ်မလိမ် သိနိင်စွမ်းရှိမှန်း သူ သတိရလာသည် မဟုတ်ပါလား။
ထိုစဥ် ကျူးရှန်းယောင်က ထအော်လိုက်၏။
"ရှင် ဘာကြောင့် လိမ်နေတာလဲ ရှင် ဘာကြောင့်ဘူးကွယ်နေတာလဲ သူ့မျိုးရိုးနာမည်ဟာ စုပဲ ဟုတ်တယ်မလား ဒါကို ရှင်ဘာကြောင့် မပြောနိုင်ပဲ ဖြစ်နေရတာလဲ ကျွန်မ သိပြီ...ဒါ...ဒါဆို...အလို မြတ်စွာဘုရား"
အထက်ပါအတိုင်း ဗလုံးဗထွေး အော်ဟစ်နေရင်းမှာပင် ကျူးရှန်းယောင်သည် တစုံတခုကို သဘောပေါက်သွားဟန်တူ၏။
ထို့နောက် သူမက ဟေးစုအား စိုက်ကြည့်ရင်း မေးလိုက်သည်။
"သူ စုချန်းပဲ ဟုတ်တယ်မလား"
ဟေးစု တံတွေကို ခက်ခက်ခဲခဲ မြိုချရင်း ပြောလိုက်သည်။
"ခင်ဗျား ဘာတွေပြောနေတာလဲ ကျုပ်တခုမှ နားမလည်ဘူး"
"လိမ်နေတာ ရှင် လိမ်နေတာ"
ထိုအချိန်တွင် စုချန်းသည် ဆော့ခ်၏ အသက်ကင်းမဲ့နေသော ကိုယ်ခန္ဓာကို လက်တဖက်ဖြင့် ဆွဲရင်း အခန်းထဲမှ ထွက်လာပြီ ဖြစ်သည်။
ကျူးရှန်းယောင်နှင့် ဟေးစုတို့၏ ထူးခြားသော အမူအရာကို မြင်သောအခါ သူ အံ့သြသွား၏။
"မင်းတို့က အဲဒါ ဘာလုပ်နေကြတာလဲ"
"စုချန်း"
ကျူးရှန်းယောင်၏ နှုတ်ဖျားမှ ခေါ်သံ ထွက်ပေါ်လာ၏။
စုချန်း တကိုယ်လုံး အေးစိမ့်သွားလေသည်။
ထိုအခိုက်အတန့်ဝယ် အချိန်ယန္တရားကြီးသည်ပင် ရပ်တန့်သွားသည်ဟု ထင်မှတ်ရ၏။
စုချန်းကား ကျောက်ရုပ်ကြီးသဖွယ် ငူငူကြီး မတ်တပ်ရပ်နေလေသည်။
***