← Chapters

ညှိုနှိုင်းခြင်း ၂

Vol. 55 Ch. 542

ညှိုနှိုင်းခြင်း ၂

Vol. 55 Ch. 542

ကျူးမျိုးနွယ်စုအား သုံး၍ သဲမျိုးစိတ်ဝင်များကို ရင်ဆိုင်ရန်မှာ စုချန်း ယခုမှ အတွေးပေါက်လာသည့် စိတ်ကူးမဟုတ်။ ရှေးယခင်ကတည်းက ကြိုတွေမျှော်တွေးထားသည့် အကြံအစည်သာ ဖြစ်သည်။

ကနဦးကတည်းက ကျူးမျိုးနွယ်များအနေနှင့် ပေါလ်က်ို အောင်မြင်စွာ လှည့်စားနိုင်ပါ့မလားဟု စုချန်း သံသယရှိခဲ့၏။ ထိုအခြေအနေတွင် ကူလာ၏ တုံ့ပြန်မှုများ၊ ဆုံးဖြတ်ချက်များကို စောကြောကြည့်မိသောအခါ စုချန်းအနေနှင့် အခြေအနေကို အနီးစပ်ဆုံး သုံးသပ်နိုင်ခဲ့လေသည်။

သူမရှိခိုက် ရဲတိုက်အား စောင့်ကြည့်ရန် ချန်ထားခဲ့သူသည် မုချ ဦးနှောက်ကောင်းသူ၊ စဥ်းစားတွေးခေါ်နိုင်စွမ်းရှိသူသာ ဖြစ်ရပေလိမ့်မည်။ သို့သော် ကူလာ၏ ပုံစံမှာ ထိုသို့မဟုတ်။ ငတုံးငအနှင့်သာ တူနေ၏။ ၎င်းမှာ ကူလာသည် တမင် ဟန်ဆောင်နေခြင်းသာ ဖြစ်ရမည်ဟု စုချန်းက ကောက်ချက်ချမိလေသည်။

ဆိုလိုသည်မှာ ပေါလ်သည်လည်း ရဲတိုက်အနီး တနေရာတွင် စောင့်ကြည့်နေသည်ဟူသော သဘောပင်။

စုချန်း၏ မူလအစီအရ ရှင်သန်ခြင်းကျောင်းတော်သည် ပေါ်လ်ခေါင်းဆောင်သော သဲမျိုးစိတ်ဝင်များ ထွက်ပေါ်လာပြီးမှ လူလုံးပြရန် ဖြစ်သည်။ ဤနည်းအားဖြင့် ကျူးမျိုးနွယ်များနှင့် သဲမျိုးစိတ်ဝင်များသည် ပထမဦးစွာ တိုက်ခိုက်ကြပေလိမ့်မည်။ ရှင်သန်ခြင်းကျောင်းတော်သည်လည်း ကက်ပီးယပ်စ်၏ ရတနာများအား မပင်ပန်းပဲ ယူငင်နိုင်မည် ဖြစ်သည်။

သို့သော် အမှောင်နတ်ဆိုး ထွက်ပေါ်လာခြင်းကြောင့် စုချန်း၏ အစီအစဥ်မှာ ကမောက်ကမ ဖြစ်သွားရ၏။ ရှင်သန်ခြင်းကျောင်းတော်မှာလည်း စုချန်းအား ကယ်တင်ရန် လူလုံးပြလိုက်ရသည်။

ထို့ကြောင့် အစီအစဥ်သည် တမျိုးတဖုံ ပြောင်းလဲသွားပြီး ကျူးမျိုးနွယ်များနှင့် ရှင်သန်ခြင်းကျောင်းတော်တို့ မဟာမိတ်အဖြစ် ပူးပေါင်းရန် ဖြစ်လာခြင်းပင်။

စုချန်း၏ စကားကို ကြားသောအခါ ကျူးပိုင်ယု မျက်မှောင်ကုတ်လိုက်၏။

"ဘာကွ မင်းတို့နဲ့ မဟာမိတ်လုပ်ရမယ် ဟုတ်လား ဝေးပါသေးတယ်ကွာ"

စုချန်း၏ လေသံမှာ ပကတိအတိုင်း တည်ငြိမ်နေ၏။

"ခင်ဗျား နောက်ဆုံးတော့ သဘောတူရမှာပါလေ"

"ဘာကြောင့် သဘောတူရမှာလဲ ပေါလ်ကို ကျွန်မတို့ မကြောက်ဘူးရှင့်"

ကျူးရှန်းယောင်က ဝင်ပြောလိုက်သည်။

"ဒါဆို ယူထျန်းယန်ကို ခင်ဗျားတို့ ဘယ်လိုလုပ်မလဲ သူ ကျုပ်တို့လက်ထဲမှာ ရှိနေသေးတယ်ဆိုတာ ခင်ဗျားတို့ မမေ့နဲ့နော်"

ယူထျန်းယန်၏ နာမည်ကို ကြားသောအခါ လူတိုင်း ဘာပြောရမှန်း မသိပဲ ဖြစ်ကုန်၏။

ထိုစဥ် ချီမင်းဖန်က ပြောလိုက်သည်။

"ရှင်သန်ခြင်းကျောင်းတော်နဲ့ ကျူးမျိုးနွယ်တွေအကြားမှာ ရန်ညိုးရှိခဲ့တာ မှန်တယ် ဒါပေမဲ့ ဒါက နောက်ကျမှ ရှင်းလို့ရပါတယ် သဲမျိုးစိတ်တွေ သူတို့ကတော့ လူသားတွေမဟုတ်ဘူး လူသားမဟုတ်တဲ့ တခြားမျိုးစိတ်တွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ကျုပ်တို့ လူသားတွေအနေနဲ့ ပူးပေါင်းဖို့သင့်တယ်"

ပါ့လီယွန်က ဝင်ပြောလိုက်ပြန်သည်။

"ဟေ့ ဒီကိစ္စလေးနဲ့ ကျုပ်တို့ကို ခြိမ်းခြောက်ဖို့ မကြိုးစားနဲ့ကွ ကက်ပီးယပ်စ်ရဲ့ ရတနာတွေကို မင်းတို့လက်ထဲ ထည့်ပေးရမှာထက် သဲမျိုးစိတ်တွေ ရသွားတာကမှ ပိုကောင်းအုံးမယ်"

"ပါ့လီယွန် ကျုပ်တို့နဲ့ လာမကစားနဲ့ကွ ကျုပ်တို့နဲ့ မင်းတို့ယူမျိုးနွယ်အကြားမှာ ဘာရန်ညိုးမှ မရှိဘူး မင်းတို့သခင်လေး အသက်မသေချင်ရင် မင်းပါးစပ် ပိတ်ထားတာပိုကောင်းမယ်"

ချီမင်းဖန်၏ တင်းမာပြတ်သားသော လေသံ ဖြစ်သည်။

ချီမင်းဖန်၏ စကားကို ကြားသည်နှင့် ပါ့လီယွန် တခါတည်း ပါးစပ်ပိတ်သွားတော့သည်။

ထိုအခါ စုချန်းက ပြောလိုက်ပြန်သည်။

"ခင်ဗျားတို့ဘက်ကသာ ကျုပ်တို့နဲ့ မဟာမိတ်ဖွဲ့ဖို့ သဘောတူရင် ဒီကိစ္စကြီး ပြီးသွားတဲ့အခါ ယူထျန်းယန်ကို ချက်ချင်းလွှတ်ပေးဖို့ ကျုပ် ကတိပေးတယ်"

"မင်း ဘယ်သူမှန်းတောင် ကျုပ်တို့ မသိဘူး ဒီတော့ မင်းစကားကို ကျုပ်တို့ ဘယ်လို ယုံရမှာလဲ"

ကျောက်ကျင်းဝင်က အေးစက်သော လေသံနှင့် ရယ်မောရင်း ပြောလိုက်၏။

"သူ ပြောတာ မှန်တယ် ကျုပ်တို့အချင်းချင်း ယုံကြည်မှုရအောင် မင်း ဘယ်သူဆိုတာတော့ ထုတ်ဖော်သင့်တာပေါ့ကွ"

ကျူးပိုင်ယုက ထောက်ခံလိုက်သည်။

"ဒါ....."

စုချန်း အနည်းငယ် တွန့်ဆုတ်သွား၏။ ပြီးမှ သူက ခါးသီးစွာ ပြုံးရင်း ပြောလိုက်သည်။

"ကျုပ်တို့အကြားမှာ ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆိုရင် ကျုပ် ဘယ်သူဘယ်ဝါမှန်း ခင်ဗျားတို့ မသိတာ ပိုကောင်းလိမ့်မယ်"

စုချန်း၏ စကားကြောင့် ကျူးပိုင်ယုတို့အုပ်စု ကြောင်သွား၏။

စုချန်း၏ စကားက ဘာကိုဆိုလိုနေသနည်း။

ကျူးရှန်းယောင်၏ အကြည့်မှာ ပို၍ စူးရှလာလေသည်။

"သူ့လေသံအရ သူနဲ့ ကျွန်မတို့ကျူးမျိုးနွယ်အကြားမှာ မပြေနိုင်တဲ့ ရန်ကြွေးတွေ ရှိနေပုံပဲ"

ထိုအခါကျမှ စုချန်း ဘာကြောင့် သူ့ရုပ်သွင်ကို ​ဆက်လက်ဖုံးကွယ်ထားမှန်း လူတိုင်းနားလည်သဘောပေါက်သွား၏။

တကယ်တော့ ကျူးမျိုးနွယ်များနှင့် ရှင်သန်ခြင်းကျောင်းတော်အကြားဝယ် ရန်ကြွေးအသီးသီး ရှိကြသည်သာ။ ထို့ပြင် ကျူးပိုင်ယုတို့၏ စိတ်ထဲတွင် စုချန်းသည် ရှင်သန်ခြင်းကျောင်းတော်အဖွဲ့ဝင်တဦးဟုသာ တထစ်ချယူဆထားကြ၏။ ထို့ကြောင့် သူတို့ရှေ့ရှိ ယူထျန်းယန်အဖြစ် ဟန်ဆောင်ထားသူသည် စုချန်း ဖြစ်နိုင်ချေရှိမှန်း ကျူးပိုင်ယုအပါအဝင်အားလုံးက အတွေးမပေါက်နိုင်ပဲ ရှိနေကြလေသည်။

စုချန်း၏ စကားကို ကြားသောအခါ ကျူးပိုင်ယုက ဟင့်ခနဲ တချက်ရယ်မောပြီး ပြောလိုက်သည်။

"ကျုပ်လက်မှာလဲ ရှင်သန်ခြင်းကျောင်းတော်အဖွဲ့ဝင်တွေရဲ့ သွေးတွေ စွန်းထင်းနေတာပဲကွ ဒီလိုအခြေအနေမှာ မင်းက ငြိမ်းချမ်းရေး လာကမ်းလှမ်းတယ် ကိုယ့်ကိုယ်ကိုကျတော့ ဘယ်သူမှန်း မပြောဘူး ကျုပ်က မင်းကို ဘယ်လိုယုံကြည်ပေးရမလဲ"

စုချန်းက ချက်ချင်းပင် ပြန်ပြောလိုက်သည်။

"ပထမတချက်အနေနဲ့ ကျုပ်ဟာ ငြိမ်းချမ်းရေးကမ်းလှမ်းနေတာ မဟုတ်ဘူး စေ့စပ်ညှိုနှိုင်းနေတာ ဒုတိယတချက်အနေနဲ့ ကျုပ် ရုပ်သွင်ကို မဖော်ပြဘူးဆိုတာက စေ့စပ်ညှိုနှိုင်းမှုကို ချောချောမွေ့မွေ့နဲ့ ပြီးသွားစေချင်လို့ပဲ တတိယအချက်အနေနဲ့ ခင်ဗျားတို့ ကျုပ်ကိုမယုံရင်တော် မိုးသခင်ကြီးကိုတော့ ယုံသင့်တယ် သူက ကျုပ်ကိုယ်စား သက်သေခံပေးလိမ့်မယ် ဒီကိစ္စပြီးသွားရင် ယူထျန်းယန်ကို အကောင်းပကတိအတိုင်း ခင်ဗျားတို့ ပြန်ရစေရမယ်လို့ ကျုပ် ကတိပေးတယ်"

စုချန်း၏ စကားမှာ ရှင်းလင်းပြတ်သားလှပေရာ လူတိုင်းသည် ဘာမှ ပြန်ပြောနိုင်စွမ်းမရှိပဲ ငိုင်တွေလျက် စဥ်းစားနေကြကုန်၏။

အတန်ကြာသော် ကျူးရှန်းယောင်က မေးခွန်းထုတ်လိုက်သည်။

"ဒါဆို ကက်ပီးယပ်စ်ရဲ့ ရတနာတွေကျတော့ ဘယ်လိုလုပ်မလဲ ဘယ်လို ခွဲခြမ်းကြမလဲ"

စုချန်းတွင် ထိုပစ္စည်များအား ဝေစုခွဲရန် နည်းလမ်းတစုံတရာ ရှိလိမ့်မည်ဟု ယူဆထား၍ ကျူးရှန်းယောင်က ထိုသို့ မေးလိုက်ခြင်းပင်။ သို့သော် စုချန်းက အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိပဲ ပြန်ဖြေလိုက်သည်။

"ကက်ပီးယပ်စ်ရတနာတွေအကုန်လုံးကို ကျုပ်တို့ယူမယ်"

ဘာကွ.....

စုချန်းကိုကြည့်ရင်း ကျူးပိုင်ယုတို့အုပ်စု ဒေါသထွက်ကုန်၏။

စုချန်းက မေးလိုက်ပြန်သည်။

"ဒီမယ် သခင်မလေးကျူး မင်း ကက်ပီးယပ်စ်ရဲ့ ရတနာတွေ လိုချင်တယ်ဆိုတာ မှတ်ညဏ်တွေ ပြန်ရချင်လို့ပဲ ဟုတ်ရဲ့လား ကျုပ် ပြောတာ"

ကျူးရှန်းယောင်၏ မျက်နှာမှာ ရဲခနဲ ဖြစ်သွား၏။

"ရှင်က သူ့ပုံစံ ဟန်ဆောင်ထားတာဆိုတော့ အကုန်သိကုန်ပြီပေါ့"

စုချန်းက ပြောလိုက်ပြန်သည်။

"နည်းလမ်းတမျိုးကို ကျုပ် သိထားတယ် ကက်ပီးယပ်စ်ရဲ့ ရတနာတွေကို ကျုပ်တို့လက်ထဲ ထည့်ပေးလိုက်ရင် မင်း အမှန်တရားကို သိလာအောင် ကျုပ် ကူညီပေးမယ်"

စုချန်းတယောက် ပြောပုံဆိုပုံ ဆွေးနွေးနေပုံများကို ကြည့်ပြီး ချီမင်းဖန် ကြိတ်၍ ကျိန်ဆဲလိုက်၏။

ခွေမသားစုချန်း...ဒီကောင် အရှက်နည်းနည်းမှကို မရှိတာပါလား...

အတိတ်တွင် ဖြစ်ပွားခဲ့သည့် ပြသနာများမှာ စုချန်းကြောင့်သာလျင် ဖြစ်ပွားခဲ့ခြင်း မဟုတ်တုံလော...

ခုကျမှ ဒင်းက ပြသနာကို ဖြေရှင်းပေးအုံးမတဲ့....

ပြီးတော့ ပြောပုံကိုလဲကြည့်အုံး...အမှန်တရားကို သိလာအောင် ကူညီပေးမတဲ့...

မှတ်ညဏ်မဟုတ်။ အမှန်တရား ဖြစ်သည်။

ထိုအမှန်တရားမှာလဲ စုချန်း၏ ပါးစပ်ထဲမှ ထွက်လာသော အမှန်တရားသာ ဖြစ်ပေလိမ့်မည်။

ကက်ပီးယပ်စ် ရတနာများအတွက် အလှဲအလှယ်အနေနှင့် ကျူးရှန်းယောင် ပြန်ရမည့်အရာမှာ စုချန်း ဖန်တီးထားသည့် ပုံပြင်တပုဒ်မျှသာ။

စုချန်း၏ ညဏ်ပြေးပုံအား ချီမင်းဖန် ကြိတ်၍ ချီးကျူးမိလေသည်။

တဖက်တွင်ကား ကျူးရှန်းယောင်မှာ အတော်လေး စိတ်လှုပ်ရှားသွား၏။

"ရှင်က...ကျွန်မ အမှန်တရားကို ရှာတွေ့အောင် ကူညီမယ်ပေါ့ ဟုတ်လား"

"ဟုတ်တယ် ကျုပ်အနေနဲ့ ဘယ်သူဘယ်ဝါဆိုတာ မင်းကို မပြောနိုင်ပေမဲ့ ကျုပ်ဘက်က မိုးသခင်ကြီး သက်သေခံပေးလိမ့်မယ် ကျုပ် ပြောသလို မလုပ်နိုင်ခဲ့ရင် မိုးသခင်ကြီးဟာ မူလစွမ်းအင် ပြတ်တောက်ပြီး ကောင်းကင်ဘုံက ပေးတဲ့ အပြစ်ကို ခံယူလိမ့်မယ် သေခြင်းထက် ဆိုးတဲ့ ဝေဒနာမျိုးကို သူ ခံစားရမယ်"

"......."

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။

ချီမင်းဖန် မျက်လုံးပြူးသွား၏။

"ဟာ ဟေ့ကောင် မင်းကတော့ လုပ်ချလိုက်ပြီ မင်းကတိအတိုင်း မလုပ်နိုင်ရင် နောက်ဆုံးမှာ ဒုက္ခရောက်မဲ့လူက ကျုပ်ပဲ ဖြစ်နေပါလားကွ"

မူလကမ္ဘာကြီးဝယ် မူလစွမ်းအင်ကတိသစ္စာဟူသည် ပေါ့သေးသေးမဟုတ်ချေ။ ဖော်ပြရန်ခက်ခဲသည့် ဆန်းကြယ်မှုများစွာ ရှိနေ၏။ ဤကတိသစ္စာမတည်ပါက ချီမင်းဖန်အဖို့ တကွေ့ကွေ့တွင် ဒုက္ခရောက်ရန် ကျိန်းသေနေ၏။

စုချန်းအား စိုက်ကြည့်နေသည့် ချီမင်းဖန်၏ အကြည့်မှာ ခါးသီးမှုများနှင့် ပြည့်နှက်နေ၏။

စုချန်း ပုခုံးတွန့်ပြရင်း ပြောလိုက်သည်။

"ဒီအခြေအနေ ရောက်လာမှတော့ ကျုပ်လဲ ဘာမှမတတ်နိုင်ဘူးလေဗျာ"

ခွေးမသားလေး...

ချီမင်းဖန် ကြိတ်၍ ကျိန်ဆဲရုံသာ တတ်နိုင်တော့၏။ သူ့တွင် တခြားရွေးချယ်စရာ မရှိတော့။

သူသဘောတူပြီးသည်နှင့် ကက်ပီးယပ်စ်၏ ရတနာများအား သူတို့ အလုံးစုံ ပိုင်ဆိုင်ရတော့မည် ဖြစ်သည်။ ကျူးမျိုးနွယ်များသည်လည်း သူတို့နှင့် ပူးပေါင်းကာ သဲမျိုးစိတ်များအား တိုက်ခိုက်သွားတော့မည် ဖြစ်သည်။

ကနဦးက အစီအစဥ်တခုလုံးကို ချီမင်းဖန် ကြိုးကိုင်ထားခဲ့၏။ ယခုတော့ စုချန်း၏ တပတ်ရိုက်ခြင်းကို သူ ခံလိုက်ရလေပြီ။

ထိုအခါ သူက စုချန်းအား စိုက်ကြည့်ရင်း စကားကို အားယူကာ ပြောလိုက်သည်။

"အေး မင်းသာ ကိုယ့်ကတိကို ကိုယ်တည်ပါစေ မဟုတ်ရင်တော့ ကျုပ် မင်းကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်"

စုချန်း ပြုံးလိုက်၏။

"ဒီစကားကို ခင်ဗျား ကျယ်ကျယ်လေး ပြောသင့်တယ် သူတို့အားလုံးလဲ ခင်ဗျား ဒီလိုပြောတာ ကြားချင်ကြမယ်ထင်တယ်"

"ခွေးမသားလေး"

ပြောပြောဆိုဆို ချီမင်းဖန်က စုချန်းအား ခြေထောက်နှင့် လှမ်းကန်လိုက်၏။ စုချန်းလည်း တဟားဟားရယ်မောရင်း ချီမင်းဖန်၏ ကန်ချက်ကို ကျင်လည်စွာ ရှောင်တိမ်းလိုက်သည်။

ထိုစဥ် ကူလာက ညစ်ကျယ်ကျယ်နိုင်သော လေသံနှင့် ပြောလိုက်၏။

"မင်းတို့အကုန်လုံး ပေါင်းတိုက်လဲ ခေါင်းဆောင်ကို မနိုင်နိုင်သေးပါဘူးကွာ"

"အဲဒီလိုဆိုရင်တောင် အနည်းဆုံးတော့ မင်းကို အရင်သတ်သွားနိုင်သေးတာပေါ့ကွာ"

ပြောပြောဆိုဆို စုချန်းက ဖြတ်ခနဲ လှုပ်ရှားလိုက်သည်။ သူ့လက်ထဲရှိ တောင်ခွဲဓားသည်လည်း ကူလာ၏ ဦးခေါင်းအား ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားစေ၏။

တိုက်ပွဲကား စပေတော့မည်။ ကူလာအား အရှင်ထား၍ ဘာထူးတော့မည်နည်း။

မည်သို့ဆိုစေ စုချန်း၏ဆုံးဖြတ်ချက်ပြတ်သားပုံကိုတော့ လူတိုင်း အံ့သြသွား၏။

အချိန်မရှိတော့။ ထိုအခါ ချီမင်းဖန်သည်လည်း စုချန်း၏ အစီအစဥ်အတိုင်း ကတိသစ္စာ ပြုလိုက်ရလေသည်။

ထိုအချိန်တွင် ကျူးရှန်းယောင်သည် စုချန်းအား စေ့စေ့စပ်စပ်ပင် ကြည့်ရှုနေ၏။

ဘာကြောင့်မှန်း ရေရေရာရာ မပြောနိုင်သော်လည်း စုချန်းအား အလွန်ရင်းနှီးနေသကဲ့သို့ သူမ ခံစားနေရသည် မဟုတ်ပါလား။

အကြောင်းမှာ စုချန်း၏ ပြောပုံဆိုပုံလှုပ်ရှားပုံများသည် ယူထျန်းယန်အဖြစ် ရှိမနေတော့ပဲ မူလစုချန်း၏ ပုံစံအဖြစ် ပြောင်းလဲသွားပြီဖြစ်သောကြောင့်ပင်။

***

All Chapters