← Chapters

အမှန်တရား

Vol. 56 Ch. 552

အမှန်တရား

Vol. 56 Ch. 552

ဂဲရစ်ဆန်ရဲတိုက်၏ အနောက်ဘက်ခြမ်းရှိ အခန်းတခန်းတွင် ဖြစ်သည်။

ကျူးရှန်းယောင်သည် တဖြည်းဖြည်း သတိရလာ၏။

မျက်လုံးနှစ်လုံး ဖွင့်လိုက်သည်နှင့် သူမ တွေ့လိုက်ရသည်မှာ သူမ၏ မှတ်ညဏ်များထဲတွင် မကြာခန ပေါ်ပေါက်လာလေ့ရှိသည့် ချောမောလှပပြီး တင့်တယ်သော မျက်နှာတခုပင် ဖြစ်သည်။

"ယွဲ့လောင်ရှပါလား"

နှုတ်မှ လွှတ်ခနဲ ရေရွတ်ပြီး သူမ အိပ်ယာပေါ်မှ ထထိုင်မိသည်။

"ရှင် နိုးလာပြီကိုး ဖြည်းဖြည်းထပါရှင်"

အသင့်ကျိုချက်ထားဟန်ရှိသော ဆေးခွက်တစ်ခွက်က်ို ကျူးရှန်းယောင်ဆီသ်ို့ ယူလာပြီး ယဲ့ယဲ့မျှ ပြုံးကာ ယွဲ့လောင်ရှက ပြောလိုက်၏။

ကျူးရှန်းယောင်သည် ယွဲ့လောင်ရှပေးသည့် ဆေးခွက်ကို မယူ။ ပတ်ဝန်းကျင်က်ိုသာ လှည့်ပတ်ကြည့်ရှုပြီး စိုးရိမ်ဟန်ဖြင့် မေးလိုက်သည်။

"ကျွန်မ ဘယ်ရောက်နေတာလဲ"

"ရှင် ဂဲရစ်ဆန်ရဲတိုက်ထဲမှာ ရောက်နေတာ ဘာဖြစ်လို့လဲ"

"ကျွန်မ ဘာဖြစ်လို့ ဒီရောက်နေရတာလဲ"

"ကျွန်မတို့ဟာ ရှင်သန်ခြင်းကျောင်းတော်က ပစ်မှတ်တခုနောက်က်ို ခြေရာခံနေတာ အတော်ကြာပြီရှင့် အော် ဒါနဲ့ တခုပြောရအုံးမယ် ကျွန်မဟာ လောင်ဆန်းနိုင်ငံ လျှို့ဝှက်အဖွဲ့ရဲ့ အဖွဲ့ဝင်တယောက် ဖြစ်နေပြီ ရှင်ကတော့ တခြားနိုင်ငံ တော်ဝင်မျိုးနွယ်စုက ဖြစ်နေတယ် နိုင်ငံနယ်စပ်စည်းကို တရားမဝင်ဖြတ်ကျော်တာဟာ ရာဇဝတ်မှုမှန်း ရှင်သ်ိပါတယ်နော်"

ယွဲ့လောင်ရှက ရယ်မောရင်း ပြောလိုက်၏။

ကျူးရှန်းယောင်ကလည်း ပြန်လည် ရယ်မောလိုက်သည်။ ဘာမှတော့ပြန်မပြော။

ဤယနေ့ခေတ် ဤယနေ့ အခြေအနေထိ သားရဲမျိုးစိတ်များ၏ ခြိမ်းခြောက်မှုက ရှိနေဆဲဖြစ်သလို မျိုးစိတ်ကြီးငါးစိတ်၏ လွှမ်းမိုးမှုကိုလည်း စိုးရိမ်နေဆဲပင် ဖြစ်သည်။ ဤအနေအထားတွင် လူသားများသည် သူတလူ ငါတမင်း ဖြစ်နေကြသလို နိုင်ငံအနေနှင့်လည်း ခုနှစ်နိုင်ငံထိ ကွဲထွက်နေ၏။ သို့သော် တူညီသော ရန်သူနှင့် ရင်ဆိုင်ပါက အဆိုပါနိုင်ငံများသည် မိတ်ဆွေသဖွယ် ပူးပေါင်းရင်ဆိုင်ကြသောဓလေ့မျိုး ရှိနေဆဲပင်။လူသားသဘာဝပင်။ သို့မဟုတ်ပါကလည်း လောင်စန်းနိုင်ငံအတွင်း ဝင်ရောက်ရန် ကျူးရှန်းယောင်အနေနှင့် ဤမျှ ခိုးကြောင်ခိုးဝှက် လုပ်နေစရာမလို။

ကျူးရှန်းယောင်က ​မေးလိုက်ပြန်၏။

"ဒီတော့ စုချန်း ဘယ်မှာလဲ"

"ရှင့်ကို အတိတ်တုန်းက ဘာဖြစ်ခဲ့သလဲဆိုတဲ့ အမှန်တရားကို ရှင်းပြဖို့ သူ ကျွန်မကို တာဝန်ပေးခဲ့တယ် သူကတော့ လုပ်စရာတွေ ရှိနေသေးလို့ ကျန်နေခဲ့တယ်"

"ရှင် ဟုတ်လား"

ကျူးရှန်းယောင်က ခနဲ့တဲ့တဲ့ လေသံနှင့် ရယ်မောလိုက်၏။

"ရှင့်ကို ကျွန်မက ဘာဖြစ်လို့ ယုံရမှာလဲ ရှင်နဲ့စုချန်းဟာ ပုလင်းတူဘူးဆို့ပဲဟာ ကျွန်မလိုချင်တာ မှတ်ညဏ်တွေ ပြန်ရဖို့ တခြားပုံပြင်တပုဒ်ကို ကျွန်မ မကြားချင်ဘူး"

နောက်ဆုံးတော့ ကျူးရှန်းယောင်၏ လေသံမှာ ဒေါသသံပါလာခဲ့လေပြီ။

"ဒီတခါတော့ ကျွန်မ ပြောသမျှအားလုံးဟာ အမှန်တွေပဲ ဖြစ်ရမယ်လို့ ကျွန်မ အာမခံတယ်"

"ကျွန်မက ဘာကြောင့်ယုံရမှာလဲ"

"ဘာကြောင့်ယုံရမှာလဲဆိုတော့ ကျွန်မပြောမဲ့ အကြောင်းအရာတွေက သိပ်အံ့သြထိတ်လန့်ဖို့ကောင်းတယ် ဘယ်လောက်တောင် ​အံ့သြထိတ်လန့်ဖို့ကောင်းသလဲဆိုရင် ဒါအမှန်မဟုတ်လောက်ဘူးလို့ ရှင် ထင်ချင်လာမဲ့အထိ အံ့သြထိတ်လန့်ဖို့ကောင်းတယ်"

"............"

"............................................................................... ဖြစ်ပျက်ခဲ့သမျှ ကိစ္စတွေကတော့ အဲဒီအတိုင်းပဲရှင့်"

အတိတ်ဆီမှ အကြောင်းအရာများအား အချိန်အတော်ကြာအောင် ပြောပြပြီးနောက် ယွဲ့လောင်ရှက နိဂုံးချုပ်လိုက်၏။

"ကဲ ကျွန်​မပြောစရာရှိတာတော့ ပြောပြီးပြီ ရှင် ယုံချင်ယုံ မယုံချင်လဲနေ ကျွန်မပြောထားသလို ဒါ အမှန်တရားပဲ ဒါကိုမှ မကျေနပ်လို့ ရှင် လက်စားချေမဲ့ စာရင်းထဲမှာ ကျွန်မကို ထည့်လိုက်လဲ ကျွန်မက ဂရုမစိုက်ဘူး"

ကျူးရှန်းယောင် နှုတ်ဆိတ်နေ၏။

ယွဲ့လောင်ရှ ပြောခဲ့သည့်အတိုင်းပင် သူမ ကြားခဲ့ရသော အကြောင်းအရာများသည် တကယ်ပင် ​အံ့သြထိတ်လန့်စရာကောင်းလှချေသည်တကား။

အရာအားလုံးမှာ သူမ ကြိုတင်ကြောက်လန့်နေခဲ့သကဲ့သို့ပင်။ သူမသည် စုချန်း၏ ထောင်ချောက်အတွင်း ကျရောက်ခဲ့ရ၏။ ဦးလေးဆယ့်တစ် သေဆုံးခဲ့ရ၏။ ကျူးမျိုးနွယ်နှင့် ရှင်သန်ခြင်းကျောင်းတော်၊ တော်ဝင်မျိုးနွယ်စုခြောက်စုအကြားတွင် ထာဝရရန်သူများ ဖြစ်သွားခဲ့ရ၏။ ပို၍ဆိုးသည်မှာ သူမက စုချန်းအား ကျူးမျိုးနွယ်၏ လျှို့ဝှက်နည်းစနစ်များအား ကိုယ်တိုင်သင်ကြားပေးခဲ့ခြင်းပင်။ ဤနည်းအားဖြင့် စုချန်းသည် ကျူးမျိုးနွယ်၏ လျှို့ဝှက်နည်းစနစ်များအား ထိန်းချုပ်သွားနိုင်ခဲ့ခြင်းပင်။

အဖြစ်မှန်။ အဖြစ်မှန်မှာ တကယ်ပင် ဆိုးရွားလှ၏။ ဤထက်ပို၍ ဆိုးစရာမရှိဟု ထင်ရလောက်အောင် ဆိုးရွားနေခြင်းပေတကား။

သို့တိုင်အောင် ယွဲ့လောင်ရှ၏ ပုံပြင်ထဲတွင် တစုံတရာ ပျောက်ဆုံးနေသကဲ့သို့ ကျူးရှန်းယောင် ခံစားနေရ၏။

ထိုတစုံတရာမှာ သူမ၏ နှလုံးသားထဲ၌ ရှိနေသော တစုံတရာ ဖြစ်သည်။ ပါးစပ်နှင့် ရှင်းပြရန် ခဲယဥ်းသော တစုံတရာ ဖြစ်သည်။

တဖက်တွင်လည်း ယွဲ့လောင်ရှတယောက် အမှန်အတိုင်း ပြောနေသည်ဟု ကျူးရှန်းယောင် သဘောပေါက်နေပြန်၏။ သို့သော် သူမ၏ စိတ်ထဲတွင်တော့ တစုံတရာက လစ်ဟာနေဆဲပင်။

ထို လစ်ဟာနေသောအရာကို ယွဲ့လောင်ရှကိုယ်တိုင် သိချင်မှသိပေလိမ့်မည်။

အထက်ပါအတိုင်း စဥ်းစားရင်း ကျူးရှန်းယောင်သည် အချိန်ကြာမြင့်စွာ နှုတ်ဆိတ်နေ၏။

"ရှင့်မှာ ကျွန်မကို မေးစရာ ရှိသေးလား"

ကျူးရှန်းယောင်၏ ထိုအမူအရာကို မြင်သောအခါ ယွဲ့လောင်ရှက မေးခွန်းထုတ်လိုက်သည်။

ခေတ္တမျှ စဥ်းစားရင်း ယွဲ့လောင်ရှက ဖြေလိုက်၏။

"ကျွန်မ စုချန်းကို တွေ့ချင်တယ်"

"ဒါ လိုသေးလို့လား လက်ရှိမှာ ရှင်က သူ့ပြိုင်ဘက်မှ မဟုတ်တော့တာပဲ"

ယွဲ့လောင်ရှက သွေးတိုးစမ်းမေးမြန်းလိုက်သည်။

"ကျွန်မ သူနဲ့ တိုက်ခိုက်ချင်လို့ မဟုတ်ဘူး နည်းနည်းပါးပါး ထပ်မေးချင်သေးလို့"

"ကျွန်မ ရှင့်ကို အကုန်ပြောပြပြီးပြီပဲ"

"ဒါဆို ကျွန်မ ဘယ်လိုအစားအသောက်မျိုးကို ကြိုက်သလဲ ရှင်သိလား ကျွန်မ တရက်မှာ ရေဘယ်နှစ်ခါချိုးသလဲ ရှင်သိလား ကျွန်မနဲ့သူနဲ့ ဘာတွေပြောကြသလဲ သူ ရှင့်ကို ပြောပြဖူးသလား ကိစ္စအသေးအမွှားမှန်သမျှကို သူ ရှင့်ကို ပြောပြဖူးသလား"

ယွဲ့လောင်ရှ ပါးစပ်ပြဲသွား၏။

ကျူးရှန်းယောင် မေးလိုက်သော မေးခွန်းများအား အမှန်တကယ်လဲ သူမ မဖြေနိုင်။ သူမအနေနှင့် စုချန်း၏ အကြံအစည်များ၊ လှည့်ကွက်များကိုသာ သိနိုင်စွမ်းရှိ၏။ စုချန်းနှင့် ကျူးရှန်းယောင်အကြားမှ အသေးစိတ်အကြောင်းအရာများအား မည်သို့မှ မသိရှိနိုင်။

ကျူးရှန်းယောင်က ထပ်ပြောလိုက်ပြန်သည်။

"ဒါတွေကို ကျွန်မ သိချင်တယ်"

"အရေးမှ မပါတော့ပဲဟာ ဘာဖြစ်လို့သိချင်နေရတာလဲ"

ယွဲ့လောင်ရှက ပြန်မေးလိုက်သည်။

"ဒါ ရှင့်ကိစ္စမဟုတ်ပါဘူးလေ"

"အင်း ကျွန်မလဲ ဒီလိုပဲ ထင်ပါတယ်"

ပြတင်းပေါက်အပြင်ဆီသို့ ငေးကြည့်ရင်း ယွဲ့လောင်ရှက ရေရွတ်လိုက်၏။

အဝေးဆီမှ အနောက်လိုင်နာရဲတိုက်တွင်တော့ မီးခိုးများ တလူလူ ထွက်နေ၏။ ကောင်းကင်တွင်လည်း အလင်းရောင်များ ထိန်ထိန်လင်းနေ၏။

"သူတို့ အပြင်က်ို ပြန်ရောက်လာပြီ ခုချိန်မှာ သူတို့ကို သွားတွေ့တာ အချိန်ကောင်းပဲ"

ယွဲ့လောင်ရှက ပြောလိုက်၏။ ဘယ်သူ နိုင်သည် ရှုံးသည်ကိုတော့ သူမ ထည့်မပြောချေ။

တကယ်တော့ သူမတို့နှစ်ယောက်လုံးသည် တိုက်ပွဲ၏ ရလဒ်ကို စိတ်မဝင်စားတော့။

ထိုအချိန်တွင် အနောက်လိုင်နာရဲတိုက်အတွင်းမှ ပေါလ်နှင့် သူ့အပေါင်းအပါများ ကသောကမြောဆုတ်ခွာလာကြောင်း သူမတို့နှစ်ယောက်လုံး တွေ့မြင်လိုက်ရ၏။

"ပေါလ်...သူ အသက်ရှင်နေသေးတာကိုး"

ကျူးရှန်းယောင်က ရေရွတ်လိုက်သည်။

"ဘာကြောင့်လဲဆိုတော့ စုချန်းမှ သူ့ကို မသေစေချင်တာကိုး ပေါလ်ဟာ သဲမျိုးစိတ်ဝင်တွေရဲ့ခေါင်းဆောင်လေ သူသာသေသွားရင် အကုန်လုံး ကသောင်းကနင်း ဖြစ်ကုန်လိမ့်မယ်"

"ဒါပေမဲ့ အပြန်လမ်းမှာ သဲမျိုးစိတ်တွေက ကျွန်မတို့ကို ဒုက္ခပေးကြတော့မှာပေါ့"

"ဒါမကောင်းဘူးလား ကျူးမျိုးနွယ်တွေနဲ့ ရှင်သန်ခြင်းကျောင်းတော်အကြားမှာ တဖက်နဲ့တဖက် အလျင်စလို လည်ပင်းညှစ်နေစရာ မလိုတော့ဘူးပေါ့"

ယွဲ့လောင်ရှက ချက်ချင်းပင် ပြန်ပြောလိုက်၏။

အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေပြီးမှ ကျူးရှန်းယောင်က မေးလိုက်ပြန်သည်။

"သူ...စုချန်းဟာ ဒီလိုအခြေအနေထိတောင် လိုက်ပြီးစဥ်းစားနိုင်တယ်လို့ ရှင် ထင်တယ်ပေါ့"

ယွဲ့လောင်ရှ ရယ်မောလိုက်၏။

"ထင်တယ် ရှင်တို့ကလဲ သူပြောတဲ့အတိုင်း ဟုတ်နေတာပဲမလား"

ကျူးရှန်းယောင်က ဘာမှပြန်မပြော။

သိပ်မကြာမီ သူတို့နှစ်ယောက်လုံး အနောက်လိုင်နာရဲတိုက်သို့ ရောက်လာကြ၏။ ကျူးရှန်းယောင်အား မြင်သည်နှင့် ကျောက်ကျင်းဝင်က ဝမ်းသာအားရနှင့် နှုတ်ဆက်လိုက်သည်။

"သခင်မလေး တွေ့ရတာ ဝမ်းသာလိုက်တာ"

"စုချန်းကော စုချန်း ဘယ်မှာလဲ"

"သူ အထဲမှာ သခင်မလေး ဒီကနေ ဘယ်လိုဆုတ်ခွာကြမလဲ ဆွေးနွေးနေတယ်"

ကျောက်ကျင်းဝင်က သက်ပြင်းချရင်း ဖြေလိုက်၏။

ကျူးရှန်းယောင်က အခန်းထဲသို့ တည့်တည့်မတ်မတ်ပင် လျှောက်ဝင်သွား၏။ ထိုစဥ် ကျောက်ကျင်းဝင်က လှမ်းမေးလိုက်သည်။

"သခင်လေးယူလဲ ဒီပြန်ရောက်နေပြီ သခင်မလေး သူနဲ့ အရင်တွေ့အုံးမလား"

ကျောက်ကျင်းဝင်၏စကားကြောင့် ကျူးရှန်းယောင်က ခေတ္တမျှ စဥ်းစားပြီး ပြန်ဖြေလိုက်သည်။

"မတွေ့သေးဘူး သူ အနားယူပါစေ နောက်မှတွေ့မယ် သူနဲ့ကျွန်မဟာ သူငယ်ချင်းတွေပဲလေ ဟုတ်တယ်မလား"

ကျူးရှန်းယောင် ချစ်ခဲ့သည့် ယူထျန်းယန်မှာ ယူထျန်းယန်မဟုတ်။ ထိုအခါ ယူထျန်းယန်အပေါ် ကျူးရှန်းယောင်၏ ချစ်ခြင်းမေတ္တာမှာလည်း မီးခိုးငွေ့ပမာ လွင့်မြောပျောက်ကွယ်သွားခဲ့လေပြီ။

ကျူးရှန်းယောင် ရောက်လာသည်က်ို မြင်မှ ကျူးမျိုးနွယ်ဝင်များမှာ သက်မချနိုင်ကြရှာ၏။

အခန်းထဲတွင် ကျူးပိုင်ယု၊ ချီမင်းဖန်၊ စုချန်းနှင့် တခြားလူများ ရှိနေ၏။

ကျူးရှန်းယောင် ရောက်လာသည်က်ို မြင်သည်နှင့် ကျူးပိုင်ယုက ဝမ်းသာအားရနှင့် ပြောလိုက်သည်။

"ရှန်းယောင် မင်းရောက်လာပြီကိုး ကောင်းတယ် သိပ်ကောင်းတယ်"

ဤနေရာတွင် သူ စောင့်နေရသည့် တခုတည်းသော အကြောင်းပြချက်မှာ ကျူးရှန်းယောင်ပင် မဟုတ်ပါလား။

ထိုအခါ စုချန်းက ပြောလိုက်၏။

"သခင်မလေး ပြန်ရောက်လာပြီဆိုတော့ ကျုပ် ကတိပေးထားတဲ့အတိုင်း လုပ်ပြီးပြီ ကျုပ်တို့ အခုပဲ ဒီက သွားကြရင်ကောင်းမယ်"

"ရှင်သွားလို့ရပြီလို့ ကျွန်မ ပြောမိသေးလို့လား"

ကျူးရှန်းယောင်က စုချန်းအား ဒေါသတကြီးနှင့် စိုက်ကြည့်ရင်း ငေါက်လိုက်၏။

"ဘာလဲ မင်းက ဒီလိုအခြေအနေကြီးမှာ အကြွေးတောင်းချင်နေသေးတာလား"

စုချန်း၏ စကားတွင် ရယ်ချင်ဟန်စွက်နေ၏။

"မဟုတ်ဘူး ကျွန်မက ရှင့်ကို အဆုံးထိ ကတိတည်စေချင်တာ"

"သူ မင်းကို အမှန်တရားတွေ မပြောဘူးလား"

"မလုံလောက်ဘူးရှင့်"

ကျူးရှန်းယောင်က ပြန်အော်လ်ိုက်၏။

"ကိစ္စ သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ နဂါးကျောင်းတော်မှာ ဖြစ်ပျက်ခဲ့သမျှ ကိစ္စတွေအကုန်လုံးကို ကျွန်မ သိချင်တယ် ဒါမှ အလုံးစုံသော အမှန်တရား ဖြစ်မယ်"

"ကိစ္စ သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ...ဖြစ်ပျက်ခဲ့သမျှ အကုန်လုံး...."

စုချန်းက ရေရွတ်လိုက်သည်။

"ဒါတွေက ဝါကျ တကြောင်းနှစ်ကြောင်းလောက်နဲ့ ပြောလို့ပြီးမဲ့ ကိစ္စတွေ မဟုတ်ဘူးလေကွာ"

"ဒါဆိုရင် ကျွန်မတို့ သွားရင်းနဲ့ ပြောကြမယ်"

ကျူးရှန်းယောင်က ထအော်လိုက်ပြန်သည်။ သူမ၏ စကားကြောင့် လူတိုင်း နဝေတိမ်တောင်ဖြစ်ကုန်၏။

ကျွန်မတို့...ဟုတ်လား...

ဘာလဲဟ...သူတို့ အတူသွားကြမလို့လား...

"ဘာလဲ ရှင်က ကျွန်မနဲ့ အတူ ခရီးသွားဖို့ ကြောက်နေတာလား"

ကျူးရှန်းယောင်က ထပ်မံ မေးခွန်းထုတ်လိုက်ပြန်၏။

"ဘယ်ကလာကွာ"

နောက်ဆုံးတွင်တော့ စုချန်းမှ မတတ်သာပဲ ကျူးရှန်းယောင်၏ အဆိုကို သဘောတူလိုက်ရ၏။

ဖြစ်ပျက်နေပုံများကိုကြည့်ပြီး မျက်မှောင်ကုတ်နေသူမှာကား ကျူးပိုင်ယုပင်။

အကြောင်းပြချက်တခုကြောင့် ဤအနေအထားကြီး တခုလုံးကို သူ မနှစ်မြို့ပဲ ဖြစ်နေသည် မဟုတ်ပါလား။

***

All Chapters