အပြိုင်အဆိုင်
Vol. 56 Ch. 553
ဆွေးနွေးမှုမှာ ချောချောရှုရှုပင် ပြီးဆုံးသွား၏။ ထိုအခါ လူတိုင်းလိုလိုသည် ရဲတိုက်မှ စတင်ထွက်ခွာကြလေသည်။
စုချန်းကတော့ သူနှင့်အတူ ဆော့ခ်၏ ကိုယ်ခန္ဓာကြီးကိုပါ သယ်ဆောင်လာခဲ့၏။
ကျူးမျိုးနွယ်များသည် စုချန်း၏ သုတေသနလုပ်ငန်းများအကြောင်းကို ရှင်သန်ခြင်းကျောင်းတော်လောက်ပင် သိသည်မဟုတ်။ ထိုအခါ ကျူးရှန်းယောင်က နဝေတိမ်တောင်နှင့် မေးလိုက်သည်။
"ရှင်က ဘယ့်နှယ် ဒီအလောင်းကြီးကို သယ်လာတာတုန်း"
စုချန်းက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်၏။
"စမ်းသပ်ဖို့ပေါ့ကွာ"
ကျူးရှန်းယောင် တွေခနဲ ဖြစ်သွား၏။ ထို့နောက် သူမက စုချန်းအား ငြိမ်သက်စွာ စိုက်ကြည့်နေလေသည်။
သူမအနေနှင့် ဘာမှန်းတော့ ရေရေရာရာ မပြောနိုင်သော်ငြား ရင်းနှီးကျွမ်းဝင်သော ခံစားချက်မျိုးကို ရနေသည် မဟုတ်ပါလား။
ထိုအခါ သူမက တခုခု ပြောဆိုရန် ဟန်ပြင်လိုက်သည်။ သို့သော် စကားလုံးများသည် လျှာဝမှာပင် တစ်ဆို့ပျောက်ကွယ်သွား၏။ သူမ ဘာတခုမှ မမှတ်မိချေတကား။
စုချန်း၏ သုတေသနလုပ်ငန်းများအပေါ် အလွန်အမင်း စွဲလန်းခြင်းသည်ပင် သူမ၏ ပျောက်ဆုံးသွားသော မှတ်ညဏ်တစိတ်တပိုင်းပေလော။
သူမ မသိချေ။ ထိုအခါ သူမ ခေါင်းရှုပ်လာပြီး အတွေးများအား ခေါင်းထဲမှ ဖယ်ထုတ်ရန် ကြိုးစားကြည့်လိုက်သည်။ သို့သော် ထိုသို့ ကြိုးစားလေလေ သူမမှာ ပို၍ တွေးမိလေလေဖြစ်နေရှာ၏။
မည်သည့်အတွက်ကြောင့် ထိုသို့ ခံစားနေရမှန်း ကျူးရှန်းယောင် နားမလည်နိုင်ပဲ ဖြစ်နေလေသည်။
အနှီ ခံစားချက်သည် အတိတ်ဆီမှ စုချန်းနှင့်သူ့အကြား ဆက်နွယ်မှုကြောင့် ဖြစ်လာခြင်းပေလော။ သို့တည်းမဟုတ် စုချန်း တဖြစ်လဲ ယူထျန်းယန်ကို နမ်းရှိုက်မိခြင်းကြောင့်ပေလော။ သို့တည်းမဟုတ် ပျောက်ဆုံးသွားသော မှတ်ညဏ်အပိုင်းအစများ ပြန်လည်ထင်ဟပ်လာခြင်းကြောင့်ပေလော။
ထိုမေးခွန်းများ၏ အဖြေကို ကျူးရှန်းယောင် မသ်ိ။ ဖြေလည်းမဖြေနိုင်။ သို့သော် စုချန်းကိုထွက်ခွာမသွားစေလိုမှန်းတော့ သူမ ကောင်းကောင်းသိနေ၏။
မှတ်ညဏ်များ ပြန်လည်ရရှိလိုခြင်း၊ အတိတ်ဆီမှ အကြောင်းအရာများကို အမှန်အတိုင်း သိလိုခြင်း။ ၎င်းမှာ ကျူးရှန်းယောင်၏ ဆင်ခြေမျှသာ ဖြစ်သည်။ တကယ်တော့ ကျူးရှန်းယောင်၏ စိတ်ထဲတွင် စုချန်းနှင့် မခွဲလိုပဲ ဖြစ်နေခြင်းပင်။
၎င်းမှာ သူမ၏ နှလုံးသားအနက်ရှိုင်းဆုံးနေရာမှ လာသော ဆန္ဒ ဖြစ်သည်။
ထိုဆန္ဒကို ကျူးရှန်းယောင် မည်သို့မှ မလွန်ဆန်နိုင်။
စုချန်းအား အထက်ပါနည်းအတိုင်း စိုက်ကြည့်နေစဥ် ကျူးရှန်းယောင်၏ နောက်သို့ ယူထျန်းယန် ရောက်လာ၏။
"ယောင်ယောင်"
"ဘာလဲရှင့်"
ကျူးရှန်းယောင်က လှည့်၍ပင် မကြည့်ပဲ ဖြေလိုက်သည်။
"ကျုပ်...ကျုပ်ရဲ့သွေးဗီဇ နိုးထလာခဲ့ပြီ"
"အဲဒါ ကျွန်မသိတယ်လေ"
"ကျုပ်...ကျုပ် မင်းကို ကာကွယ်ပေးနိုင်တယ်"
သူ့လည်ပင်းကိုသူ တဗြင်းဗြင်းကုတ်ရင်း ယူထျန်းယန်က ပြောလိုက်သည်။
ထိုစကားကြောင့် ကျူးရှန်းယောင်က ယူထျန်းယန်အား ဖြတ်ခနဲ လှည့်ကြည့်လိုက်၏။ ထို့နောက် ပစ္စည်းများကို ထုပ်ပိုးရင်း အလုပ်ရှုပ်နေသော စုချန်းဘက်သို့ ပြန်ကြည့်ကာ ကျူးရှန်းယောင်က ဖြေလိုက်သည်။
"ရှင့်ရဲ့ ကာကွယ်ပေးမှုကို ကျွန်မ မလိုပါဘူးလေ"
"ဒါပေမဲ့ ကျုပ်...."
ယူထျန်းယန်ကား တခုခု ပြောရန်ကြိုးစားလိုက်သည်။ သို့သော် ဘာစကားမှ ထွက်မလာပဲ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေလေသည်။
ယူထျန်းယန်၏ ပုံစံကိုကြည့်ရင်း ကျူးရှန်းယောင် မျက်စောင်းထိုးကာ ထွက်သွားရန် အချက်ပြလိုက်သည်။ ယူထျန်းယန် ကိုယ်ကိုကျုံ့ကာ နောက်ဆုတ်သွား၏။ ၎င်းကိုကြည့်ရင်း ကျူးပိုင်ယုက သက်ပြင်းချကာ ယူထျန်းယန်အား နှစ်သိမ့်လိုက်သည်။
"မေ့လိုက်ပါကွာ လောကကြီးမှာ မင်း အတင်းတွန်းအားပေးလို့မရတဲ့ အရာတွေရှိတယ်ကွ"
"ဆဌမဦးလေး ယောင်ယောင် ကျုပ်ကို မကြိုက်တာဟာ ကျုပ် ရုပ်ဆိုးနေလို့များလား"
ထိုစကားကို ပြောလိုက်ချိန်ဝယ် ယူထျန်းယန်၏ မျက်လုံးထဲတွင် မျက်ရည်စို့နေ၏။
ထိုစကားကို ကြားလိုက်ချိန်ဝယ် လျှို့ဝှက်အခန်းအား ဖွင့်ချိန်၌ ယူထျန်းယန်တဖြစ်လဲ စုချန်းအား ကျူးရှန်းယောင်က နမ်းရှိုက်လိုက်ပုံကို ကျူးပိုင်ယု မြင်ယောင်လာသည်။
အကယ်၍ ထိုအခြေအနေတွင် ယူထျန်းယန်သာ လက်ရှိ ယူထျန်းယန်ဆိုပါက ကျူးရှန်းယောင်အနေနှင့် ထိုသို့ နမ်းမည့်အစား ကက်ပီးယပ်စ်ရတနာများအား လက်လျှော့လိုက်မည်သာ။
ထိုအခါ ကျူးပိုင်ယု သက်ပြင်းချမိပြန်သည်။ ထို့နောက် သူက ယူထျန်းယန်အား ရှင်းပြလိုက်၏။
"ဒီမယ် ထျန်းယန် မင်းကို ကျုပ် ပြောမယ် မိန်းကလေးတယောက်ရဲ့နှလုံးသားကို ယောကျာ်းတယောက်က မညှို့ငင်နိုင်ဘူးဆိုတာ သူ့ရဲ့ ရုပ်ရည်နဲ့ မဆိုင်လှဘူး သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ ပိုပြီးသက်ဆိုင်တယ်"
ထိုသို့ပြောပြီးသည်နှင့် သူက ထိုနေရာမှ ထွက်ခွာသွားလေသည်။
ကျူးပိုင်ယု၏ စကားကြောင့် ယူထျန်းယန် နဝေတိမ်တောင်ဖြစ်၍ကျန်ခဲ့၏။ ထိုအခါ သူက ပါ့လီယွမ်အား လှမ်းမေးလိုက်သည်။
"လီယွမ် ငါက စိတ်ထားမကောင်းဘူးလား"
ထိုအခါ ပါ့လီယွမ်က သူ့နောက်စေ့ကို ကုပ်ရင်း ဖြေလိုက်၏။
"မဟုတ်ပါဘူး သခင်လေး...သခင်လေးဟာ သိပ်ကို စိတ်နှလုံးကောင်းသူပါ ဒါပေမဲ့ ကျုပ်မှာသာ သခင်ကို ရွေးခွင့်ရှိရင် ဟိုသခင်တုကိုပဲ ရွေးဖြစ်မယ်ထင်တယ်"
ထိုစကားကိုကြားသည်နှင့် ယူထျန်းယန်သည် အလွန်စိတ်ပျက်သွားဟန်ဖြင့် ခေါင်းငုံ့သွား၏။
ထိုစဥ် သူတို့နှစ်ယောက် ပြောဆိုနေသည်ကို အတိုင်းသားကြားနေရသော စုချန်းက ယူထျန်းယန်ကို ပြောလိုက်၏။
"ကျုပ် မင်းကို အကြံတခု ပေးမယ် ဒါ မင်းကို အကြာကြီးဖမ်းထားရတဲ့အတွက် တောင်းပန်စကားလို့လဲ ယူဆနိုင်တယ်...ကျုပ်သာ မင်းနေရာမှာဆိုရင် ဒီလိုစကားမျိုး ပြောထွက်တဲ့အတွက် မင်းအစေခံ လေပေါ်ဝဲသွားပြီသာမှတ်ပေတော့"
ယူထျန်းယန်က ပြန်ပြောလိုက်၏။
"လီယွမ်က လူကောင်းပါ တခါတလေကျရင် စကားကို မဆင်မခြင်ပြောတတ်တာက လွဲလို့ပေါ့"
"မင်းပြောတာ မှန်ပါလိမ့်မယ် သူ မစဥ်းစားမဆင်ခြင်ပဲ လုပ်ချင်ရာကို လုပ်လ်ို့ရတယ် ဒါပေမဲ့ မင်းကိုတော့ သူ လေးစားသမှုရှိရမယ်ကွ လေးစားမှုဆိုတာ အလေ့အထနဲ့အမှတ်သညာပဲ ခွေးတကောင်ကိုတောင် ဒါမျိုး သင်ပေးထားလို့ရတယ် မင်းအနေနဲ့ အိမ်တော်ပါ ငယ်မွေးကျွန်ပေါက်ကိုတောင် နိုင်နင်းအောင် မအုပ်ချုပ်နိုင်ရင် တခြားလူတွေကို ဘယ်လိုသွားအုပ်ချုပ်မလဲ"
ထိုသို့ပြောပြီးသည်နှင့် စုချန်းသည် ယူထျန်းယန်အနီးမှ ထွက်ခွာသွား၏။
ယူထျန်းယန် ကြောင်ငေးလျက်ကျန်ခဲ့လေသည်။ ထို့နောက် သူက ပါ့လီယွမ်ကို လှည့်ကြည့်လိုက်၏။
ပါ့လီယွမ်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
"သူပြောတာ အဓိပ္ပာယ်ရှိတယ် သခင်လေး"
အုန်း!!!
ပါ့လီယွမ် လေထဲသို့ လွင့်စင်သွား၏။
ပါ့လီယွမ်အား ဆုံးမပြီးသည်နှင့် သူ့လက်သီးကို ပြန်သိမ်းပြီး ယူထျန်းယန်က အလွန်လေးနက်သော အမူအရာနှင့် ရေရွတ်လိုက်သည်။
"ငါ အကောင်းဆုံးကြိုးစားမယ်ကွ"
***
စုချန်းသည် ရထားလုံးထဲတွင် ထိုင်နေပြီး စာအုပ်တအုပ်ကို စိတ်ဝင်တစားနှင့် ဖတ်ရှုနေ၏။
ထိုစာအုပ်မှာ ကက်ပီးယပ်စ်၏ အခန်းထဲမှ ရရှိလာသော စာအုပ်ဖြစ်ပြီး အထဲတွင် လူတယောက်၏ စိတ်ဝိညာဥ်နှင့် ပတ်သက်၍ လေ့လာခဲ့ပုံများကို မှတ်တမ်းတင်ထားလေသည်။
စာအုပ်ကို စိတ်ဝင်စားလွန်း၍ စုချန်းသည် သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ကျူးရှန်းယောင်ကိုပါ မေ့လျော့သွားသည့်အထိပင်။
သို့သော် ကျူးရှန်းယောင်ကား စိတ်ဆိုးဒေါသထွက်ခြင်းမရှိ။ ထိုအစား သူမက စုချန်းအတွက် လဖက်ရည်တခွက် ငှဲ့ပေးရင်း အသံတိုးတိုးနှင့် ပြောလိုက်သည်။
"တချိန်လုံး စာဖတ်နေတော့ ရှင် ပင်ပန်းနေမှာပဲ လဖက်ရည်လေးသောက်ပြီး ခနတဖြုတ် အနားယူပါအုံးလား"
ထိုမြင်ကွင်းကိုသာ တစုံတယောက် မြင်တွေ့သွားပါက မယုံနိုင်ဟန်ဖြင့် ကိုယ့်မျက်လုံးကိုယ်ကို ပြန်လည်ပွတ်သပ်မိပေလိမ့်မည်။
အမှန်တရားကို ရှာဖွေလိုသည့်သူမ၏ စိတ်ဆန္ဒ ဘယ်ကိုရောက်သွားသနည်း။
အတောမသတ်နိုင်သော အမုန်းတရားများ ဘယ်ကိုပျောက်သွားသနည်း။
အနှီ လက်ထပ်ပြီးကာစအိမ်ထောင်ရှင်မနှင့်တူသည့် မိန်းကလေးသည် ဘယ်ကမ္ဘာခြားက ရောက်လာသနည်း။
ရထားလုံးအတွင်းတွင် ယူထျန်းယန်သာရှိပါက ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ပေါက်သွားဖွယ်ရာ ရှိသည်။
သို့သော် ရထားလုံးအတွင်း၌ ယူထျန်းယန်မရှိ။ ထိုအစား ညတစ္ဆေသာ ရှိလေသည်။
ညတစ္ဆေသည် စုချန်း၏ ဘေးတွင် ထိုင်နေ၏။ ကျူးရှန်းယောင်မှာကား သူတို့နှစ်ယောက်၏ မျက်နှာချင်းဆိုင်တွင် ရှိနေသည်။
ညတစ္ဆေသည် ကျူးရှန်းယောင်အား ဒေါသတကြီးနှင့် စိုက်ကြည့်နေ၏။ သူမအနေနှင့် ကျူးရှန်းယောင်အား ဘာကြောင့် ဤမျှထိ ကြည့်မရဖြစ်နေမှန်း ညတစ္ဆေကိုယ်တိုင် နားမလည်နိုင်ပဲ ဖြစ်နေလေသည်။ သူတို့နှစ်ယောက်သည် စကတည်းက ရန်သူများ ဖြစ်နေ၍ပေလော။ သို့တည်းမဟုတ် တခြားအကြောင်းတရား တစုံတရာ ရှိနေ၍ပေလော။
သဘောဖြူအူစင်းသော စိတ်သဘောထားပိုင်ရှင် ညတစ္ဆေကား သိပ်ထွေလီကာလီ စဥ်းစားနေတတ်သူ မဟုတ်။ စိတ်နောက်ကိုယ်ပါ လုပ်တတ်သူသာ ဖြစ်သည်။
သူမ တစုံတယောက်က်ို သဘောမကျလျင် သဘောမကျ၍သာ ဖြစ်သည်။ တခြား ဘာအကြောင်းပြချက်များ လိုနေအုံးမည်နည်း။
ကျူးရှန်းယောင်က စုချန်းအတွက် လဖက်ရည်ငှဲ့ပေးသည်ကို မြင်သောအခါ သူမကလည်း ချက်ချင်းပင် သစ်သီးတချို့ကို ကောက်ယူကာ စုချန်းလက်ထဲ ထည့်ပေးရင်း ပြောလိုက်သည်။
"ရော့ စားလိုက်အုံး"
ထိုအခါ စုချန်းက သစ်သီးကို တကိုက်က်ိုက်၏။လဖက်ရည်ကို တငုံသောက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"ကျေးဇူးပဲကွာ"
တဖန် သူက ခေါင်းကိုငုံ့ကာ စာအုပ်ကို ဆက်လက်ဖတ်ရှုနေပြန်၏။
ထိုအချိန်တွင် ကျူးရှန်းယောင်နှင့် ညတစ္ဆေမှာ အကြည့်ချင်းဆုံမိကြသည်။ ထိုအခါ ညတစ္ဆေက တခစ်ခစ်ရယ်မောပြီး ကျူးရှန်းယောင်အား မျက်စောင်းတချက် ပစ်ထိုးကာ မျက်နှာကို တဖက်သို့ ချာခနဲ လှည့်လိုက်၏။
၎င်းကိုမြင်သော ကျူးရှန်းယောင် မျက်မှောင်ကုတ်သွားလေသည်။
ကျူးမျိုးနွယ်သခင်မလေးဖြစ်သူ သူမသည် ပဋိပက္ခဖြစ်ပွားရမည်ကို ကြောက်ရွံ့တတ်သူ မဟုတ်။ တဖက်တွင် ညတစ္ဆေ၏ အမူအရာကလည်း သူမ၏ ပြိုင်ဆိုင်လိုသော စိတ်ဓာတ်ကို မီးထိုးပေးလျက်ရှိလေသည်။
ထိုအခါ သူမ၏ မျက်လုံးများသည် တစုံတခုကို စဥ်းစားမိဟန်ဖြင့် အရောင်တောက်လာ၏။ ထို့နောက် သူမက မေးလိုက်သည်။
"ကက်ပီးယပ်စ်ရဲ့ မှတ်စုထဲမှာ မှတ်သားစရာတခုတလေများ တွေ့နေပြီလား"
စုချန်း စာအုပ်က်ို ဟိုလှန်သည်လှန်လုပ်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။
"ကက်ပီးယပ်စ်ဟာ ဝိညာဥ်မျိုးစိတ်ရဲ့ ခေါင်းဆောင်ဖြစ်လာတာ ဘာမှ အံ့သြစရာမရှိဘူး တကယ်ကို ထိုက်ထိုက်တန်တန် ဖြစ်လာတာပဲ သူ့ရဲ့ စိတ်ဝိညာဥ်စမ်းသပ်မှုတွေက အဆင့်လွန်နေပြီ သူနဲ့ယှဥ်ရင် ကျုပ်တို့လူသားတွေရဲ့ စိတ်ဝိညာဥ်စွမ်းအားအပေါ် နားလည်နိုင်စွမ်းက သိပ်ပြီးနိမ့်ကျလွန်းနေသေးတယ် ဒါပေမဲ့ သူ့ရဲ့ဓာတ်ခွဲခန်းကို ဘာလို့ ဒီနေရာမှာ တည်ဆောက်ခဲ့သလဲဆိုတာတော့ ကျုပ် သိပြီ စိတ်မြင်ကွင်းလေဟာနယ်ထဲမှာ ကက်ပီးယပ်စ်ဟာ သက်ရှိတွေ မွေးဖွားလာခြင်းရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ရှာဖွေနေတာပဲကွ"
"သက်ရှိတွေ မွေးဖွားလာခြင်း ဟုတ်လား...ရှင်ဆိုလိုတာ သက်မဲ့ဝိညာဥ်တွေကိုလား"
"ဟုတ်တယ် ကက်ပီးယပ်စ်ဟာ တစုံတယောက်ရဲ့ ဝိညာဥ်တွေကို ပိုပြီး နားလည်နိုင်ဖို့ သက်မဲ့ဝိညာဥ်တွေကို လေ့လာနေတာပဲ"
"ဒီတော့ ဝိညာဥ်တွေရဲ့ အခြေခံအလုပ်လုပ်ပုံကို ပိုနားလည်လာတာနဲ့အမျှ ရှင့်ရဲ့ စိတ်ဝိညာဥ်စွမ်းအားဟာလဲ ပိုပြီး တိုးပွားလာတော့မှာပေါ့ ဟုတ်လား"
ကျူးရှန်းယောင်က မေးခွန်းထုတ်လ်ိုက်၏။
ကျူးရှန်းယောင်၏ မေးခွန်းကြောင့် စုချန်း ရယ်မောလိုက်သည်။
"ဒါက ဗဟုသုတ သက်သက်ပါပဲကွာ ဒါကိုနားလည်ရုံနဲ့ ကျင့်ကြံခြင်းဆိုင်ရာမှာ အဆင့်တက်လာစရာအကြောင်းမရှိသလို စိတ်ဝိညာဥ်စွမ်းအားတိုးလာစရာလဲ မရှိပေါင်ကွာ"
ကျူးရှန်းယောင်က စဥ်းစားလိုက်ပြန်သည်။
"ဒီတော့ ဒီဗဟုသုတအသိပညာက အခြေခံအားဖြင့် အသုံးမဝင်ဘူးလို့ ဆိုလိုရာ ရောက်မနေပေဘူးလား"
"ဒီလိုလဲ မဟုတ်ဘူးကွ"
စုချန်း၏ အဖြေက ဆန်းကြယ်လှသည်။
"သူ့မှာ သိပ်ပြီးအသုံးဝင်လာစရာ အလားအလာကောင်းတွေ အများကြီးရှိနေတယ်"
"ဘယ်လိုမျိုးလဲရှင့်"
ကျူးရှန်းယောင်၏ မျက်နှာတွင် စိတ်လှုပ်ရှားဟန်ပေါ်လာသည်။
"ဒါက ခုချိန်မှာ လျှို့ဝှက်ချက်ပေါ့ကွာ"
စုချန်း၏ အမူအရာမှာ ထူးခြားနေ၏။
စုချန်း၏ ငြင်းပယ်စကားကြောင့် ကျူးရှန်းယောင် ခေါင်းငုံ့သွားလေသည်။
သူတို့နှစ်ယောက် အထက်ပါနည်းအတိုင်း စကားလက်ဆုံကျနေစဥ် ဘေးနားရှိ ညတစ္ဆေမှာ ယောင်တောင်ပေါင်တောင်နှင့် ရှိနေ၏။ ထိုအခါ သူမသည် ကြိတ်မနိုင်ခဲမရဖြစ်ကာ ဓားမြောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ရထားလုံးကြမ်းပြင်အား တဇွပ်ဇွပ်နှင့် ထိုးစိုက်လျက်ရှိသည်။
သူမ၏ စိတ်ထဲမှလည်း ကျူးရှန်းယောင်အား အောက်ပါအတိုင်း ကျိန်ဆဲနေလေသည်။
သေစမ်း နင်သေစမ်း သေ သေ နင် သေစမ်း...
သိပ်မကြာမီ ရထားလုံးကြမ်းပြင် ပေါက်ထွက်သွားတော့သည်။
***