← Chapters

ဝိညာဉ်လက်နက်

Vol. 56 Ch. 554

ဝိညာဉ်လက်နက်

Vol. 56 Ch. 554

သိပ်မကြာမီ စုချန်းတို့၏ လှည်းတန်းသည် တောအုပ်တနေရာတွင် စခန်းချအနားယူကြ၏။

ကျောက်တုံးအိမ်အတွင်းတွင် ဖြစ်သည်။ စုချန်းသည် ထုံးစံအတိုင်း သူ၏ စမ်းသပ်မှုများအား စတင်ဆောင်ရွက်ရန် ပြင်ဆင်နေ၏။ ညတစ္ဆေကား ယခင်ညများကဲ့သို့ပင် ကျောက်တုံးအိမ်အတွင်း အိပ်စက်ရန် စုချန်းအား ​တောင်းဆိုလာသေးသည်။ သို့သော် ဤတကြိမ်တွင်တော့ စုချန်းက သူမအား ငြင်းပယ်လိုက်၏။ သူ့တွင် အရေးတကြီး စမ်းသပ်ရန် တစုံတရာရှိနေသည် မဟုတ်ပါလား။ ညတစ္ဆေသာ ရှိနေပါက သူ့အတွက် အနှောင့်အယှက် ဖြစ်နေပေလိမ့်မည်။

ဤယနေ့ စမ်းသပ်မှုကား ယခင်နှင့်မတူ။ များစွာ ကွဲပြားနေ၏။

ညတစ္ဆေထွက်သွားသည်နှင့် စုချန်းသည် ဝိညာဥ်ကျောက်ပြားအား ဆွဲထုတ်လ်ိုက်သည်။ ကျောက်ပြားအတွင်းမှ ပိတ်လော့ ထွက်လာ၏။ သူ့အမူအရာမှာ အထူးပင် စိုးရိမ်ပူပန်နေဟန်ရှိသည်။

"ဒါကြီး အောင်မြင်မှာ သေကောသေချာလို့လားသခင်"

"အောင်မြင်မှာပါ"

စုချန်းက ပြန်ဖြေလ်ိုက်သည်။

"ဒါက စမ်းသပ်မှုတခုဆိုတာထက် ​အသေးစားပြောင်းလဲမှုလေးတခု ဖန်တီးရတာနဲ့ ပိုပြီးတူတယ် သိပ်မခက်ပါဘူး"

"ဒါပေမဲ့ သခင်ပြောတဲ့ အသေးစားပြောင်းလဲမှုက ကျုပ် သေရေးရှင်ရေးနဲ့ ဆိုင်နေတယ် တစုံတခုသာ ချွတ်ချော်သွားရင် ကျုပ်တော့ သေပြီပဲ"

ပိတ်လော့၏ အသံမှာ တုန်ယင်နေ၏။

စုချန်း ပုခုံးတွန့်လိုက်သည်။

"အမှန်အတိုင်း ပြောရရင် ဒါ ကျုပ် လက်မခံနိုင်တဲ့ ရလဒ်မျိုးတော့ မဟုတ်ဘူးဗျ ဒါမျိုးလဲ ဖြစ်လာနိုင်တယ်လို့ ကျုပ် ယူဆထားတယ်"

ပိတ်လော့ တုန်လှုပ်သွား၏။

"ဒီလိုတော့လဲ မဟုတ်သေးဘူးလေသခင် ကျုပ်ဟာ ဒီနှစ်တွေမှာ သခင့်အပေါ် လုံးဝ သစ္စာမဖောက်ပဲ သခင့်နောက်က ယုံယုံကြည်ကြည်နဲ့ လိုက်ခဲ့တယ် ကြိုးစားပမ်းစားနဲ့ လုပ်က်ိုင်ပေးခဲ့တယ်"

"ဒီတော့ ခု ကျုပ်က ခင်ဗျားကို လွှတ်ပေးတော့မယ်လို့ ခင်ဗျား ထင်နေတယ်ပေါ့"

စုချန်းက ပြန်ပြောလိုက်၏။

"ခင်ဗျား ဒါကို မလုပ်ချင်ဘူးဆိုရင်လဲ ကျုပ်တို့ ဆက်မလုပ်တော့ဘူးဗျာ ဟုတ်ပြီလား"

"ကျုပ်ပြောတာ ဒီသဘောမဟုတ်မှန်း သခင် သိပါတယ်လေ ကျုပ်​က ပိုကောင်းတဲ့ အာမခံချက်လိုချင်တဲ့သဘောပါ ဥပမာ ဒီစမ်းသပ်မှုကို တခြားဝိညာဥ်တကောင်နဲ့ အရင်စမ်းသပ်ကြည့်တာမျိုးပေါ့"

"ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး"

စုချန်းက ခေါင်းခါလိုက်သည်။

"ကျုပ် ခင်ဗျားအတွက် တခြားလူတယောက်ကို မသတ်နိင်ဘူး ပြီးတော့ ဒီလိုစမ်းသပ်မှုဆိုတာ တဖက်လူကိုယ်တိုင် လိုလိုလားလားနဲ့ ပူးပေါင်းဆောင်ရွက်မှ အလုပ်ဖြစ်တာကလား ဒီတော့ ခင်ဗျားအနေနဲ့ အကြာကြီး စောင့်နေချင်သပဆိုရင်လဲ..."

"အောင်မလေး နေပါသခင် နေပါ"

ပိတ်လော့က ကပျာကယာပင် ပြောလိုက်သည်။

"ကျုပ် ဒီကျောက်ပြားထဲမှာ ဘယ်မှ သွားလို့မရပဲ ပိတ်မိနေတာ နှစ်ပေါင်းများစွာ ကြာလှပြီ ကျုပ် လွတ်လပ်ချင်ပြီ ဒီတော့နည်းနည်းပါးပါး စွန့်စားရမယ်ဆိုရင်လဲ မတတ်နိုင်ဘူး အရဲစွန့်ရတော့မှာပဲ သခင်"

ထိုစကားကိုကြားသည်နှင့် စုချန်း အားရပါးရ ရယ်မောလိုက်၏။

"သိပ်စိတ်မပူစမ်းပါနဲ့ ခင်ဗျား အဆင်ပြေသွားမှာပါ"

ထိုသို့ပြောပြီးသည်နှင့် စုချန်းသည် စမ်းသပ်မှုအတွက် လိုအပ်နေသော ဆေးကို စတင်ဖော်စပ်တော့သည်။

မျက်စေ့တမှိတ်အတွင်းဝယ် တစ်ဒါဇင်ခန့်သော ဆေးများကို စုချန်း ဖော်စပ်ပြီးသွား၏။

လိုအပ်သော ဆေးများကို ဖော်စပ်ပြီးသည်နှင့် စုချန်းသည် တောင်ခွဲဓားကို ဂရုတစိုက်နှင့် ဆွဲထုတ်လိုက်လေသည်။ ထို့နောက် သူက ဓားမျက်နှာပြင်အား တလွှာပြီးတလွှာ ဆေးရည်များ လောင်းချလိုက်ပြီး တချိန်တည်းမှာပင် မူလပုံစံတချို့အား ထိုအလွှာများပေါ်တွင် ရေးထွင်းလိုက်ပြန်သည်။ ၎င်းမှာ အရိပ်မီးတောက်လက်အိပ်အား ဖန်တီးခဲ့စဥ်ကနှင့် ခပ်ဆင်ဆင်တူနေ၏။

မူလပုံစံများ ရေးထွင်းခြင်းမှာ နှေးကွေးသလောက် အလွန်လက်ဝင်သော လုပ်ငန်းစဥ် ဖြစ်သည်။ စတုတ္ထအလွှာထိ မူလပုံစံများ ရေးထွင်းပြီးချိန်တွင်တော့ စုချန်းက ပဥ္စမအလွှာပေါ်ကို ဆက်လက်ရေးထွင်းခြင်းမပြုတော့ပဲ ခေတ္တ ရပ်တန့်လိုက်၏။

ထိုအချိန်တွင် တောင်ခွဲဓားသည် ဖျော့တော့သောအပြာရောင်အလင်းတချို့နှင့် တောက်ပစပြုလာပြီဖြစ်သည်။ ထိုအပြာရောင်အလင်းတန်းသည် ဆန်းကြယ်လှပြီး ဝိညာဥ်ကျောက်ပြားမှ ထွက်လာသော အလင်းရောင်နှင့် ဆင်တူနေ၏။

ထို့နောက် စုချန်းသည် အနက်ရောင်ဆေးပုလင်းကိုယူပြီး ကျောက်ပြားပေါ်သို့ လောင်းချလိုက်ပြန်၏။

ဆေးရည်များသည် ကျောက်ပြားပေါ်ရှိ ကမ္ဗည်းစာများပေါ်သို့ ဖုံးလွှမ်းသွားသည်နှင့် ချက်ချင်းဆိုသလို ပိတ်လော့က ထအော်တော့သည်။

"နာတယ် သခင် နာတယ်...အား...ဒီလို နာကျင်မှုမျိုးကို မခံစားရတာ နှစ်ပေါင်းထောင်ချီတောင် ကြာခဲ့ပြီ ဟုတ်ပြီသခင် ဒီဆေးဟာ စိတ်ဝိညာဥ်အမျိုးအစား ဆေးပဲ သခင့်စိတ်ကူးက တကယ်ပြောင်မြောက်ပါပေတယ်"

"ဒါ ကျုပ်စိတ်ကူးမဟုတ်ဘူးဗျ ကက်ပီးယပ်စ်ရဲ့ စိတ်ကူး ကျုပ်က သူ ပြီးမြောက်အောင် မလုပ်နိုင်ခဲ့တဲ့ ကိစ္စကို လက်စသတ်ပေးရုံပဲ"

စုချန်းက နှေးကွေးလေးလံသော အသံနှင့် ရေရွတ်လိုက်၏။

တချိန်တည်းမှာပင် ပိတ်လော့၏ ဝိညာဥ်ပုံကိုယ်ခန္ဓာသည် တဖြည်းဖြည်း ကိုင်တွယ်ထိတွေ့၍ရသည့်ပုံစံအဖြစ် ပြောင်းလဲလာလေသည်။

နောက်ဆုံးကျန်သည့်ဆေးရည်များအား ကုန်စင်အောင် လောင်းချလိုက်သည့်နောက်တွင်တော့ ကျောက်ပြားမှ အဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်လာ၏။

ပိတ်လော့သည် လက်ကို ဟိုဆန့်သည်ဆန့်လုပ်ပြီး စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

"ကျုပ် ထိတွေ့လို့ရပြီသခင် ကျုပ် ပစ္စည်းတွေကို ကိုင်တွယ်ထိတွေ့လို့ရပြီ"

"ဂုဏ်ယူပါတယ်ဗျာ ဒါပေမဲ့ ဒါ အစပဲရှိသေးတယ် ကျုပ် ခင်ဗျားကို ကျောက်ပြားကနေ ခုပဲ ခွဲထုတ်လိုက်တော့မယ်"

ထို့နောက် စုချန်းသည် သူ့လက်အား အပေါ်သို့ သတိတကြီးနှင့် မတင်လိုက်၏။ ပိတ်လော့ကား ကျောက်ပြားမှ ခွဲခွာလျက် စုချန်း၏ လက်ပေါ်တွင် မတ်တပ်ရပ်လျက်ရှိသည်။

နောက်ဆုံးတော့ ပိတ်လော့တယောက် ဝိညာဥ်ကျောက်ပြားနှင့် ဆက်နွယ်မှုကို ဖြတ်တောက်နိုင်ခဲ့လေပြီ။ တနည်းအားဖြင့် သူ၏ ဝိညာဥ်ခန္ဓာသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာတခုအဖြစ် ပြောင်းလဲသွားပြီဖြစ်၍ ဝိညာဥ်ကျောက်ပြားအား အမှီသဟဲပြုနေစရာ မလိုတော့။

အတိုချုံးပြောရလျင် ပိတ်လော့သည် ဝိညာဥ်မျိုးစိတ်ဝင်တဦးအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

ဤသည်မှာပင် တခြားမျိုးစိတ်များအား ဝိညာဥ်မျိုးစိတ်အဖြစ် ပြောင်းလဲရန် ကက်ပီးယပ်စ် ဘဝတလျှောက်လုံး လိုက်လံရှာဖွေခဲ့ရသည့် တီထွင်မှု ဖြစ်သည်။

သို့သော် ကက်ပီးယပ်စ်ကား သူ့ရှာဖွေမှုကို အဆုံးမသတ်နိုင်ခဲ့။ သူ ရှုံးနိမ့်သွားခဲ့၏။

အနောက်လိုင်နာရဲတိုက်အတွင်းရှိ လျှို့ဝှက်ခန်းတွင် ရောင်ခြည်ဖြာထွက်ခြင်းစီမံကိန်းနှင့် ပတ်သက်သော စိတ်ကူးစိတ်သန်းများကို ကက်ပီးယပ်စ်က ချန်ထားရစ်ခဲ့၏။ တကယ်တော့ ရောင်ခြည်ဖြာထွက်ခြင်းစီမံကိန်းအား အဆုံးသတ်နိုင်ရန် နက်ရှိုင်းသည့် ဆေးပညာအုတ်မြစ် လိုအပ်ပေသည်။ သို့သော် ကက်ပီးယပ်စ်၏ ဆေးပညာအသိမှာ သူငယ်နှပ်စားအဆင့်မျှသာ ဖြစ်လေရာ ရောင်ခြည်ဖြာထွက်ခြင်းစီမံကိန်းမှာလည်း ကျရှုံးခဲ့ရခြင်းပင်။ သို့သော် စုချန်းကျတော့ တမျိုးတဖုံ ဖြစ်လာ၏။ ကပ်ပီးယပ်စ်၏ ကနဦး သုတေသနမှတ်တမ်းများကို မြင်သည်နှင့် စီမံကိန်းသည် ပြီးမြောက်အောင်မြင်ရန် ခြေတလှမ်းစာသာ လိုတော့ကြောင်း စုချန်းက ချက်ချင်းပင် သဘောပေါက်ခဲ့၏။

ထို့နောက် သူသည် ထိုခြေတလှမ်းစာကို အလွယ်တကူပင် လျှောက်လှမ်းပြီး ကပ်ပီးယပ်စ်၏ အိပ်မက်အား အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့လေသည်။

သို့သော် စုချန်း၏ တကယ့်ရည်ရွယ်ချက်မှာ ပိတ်လော့အား ဝိညာဥ်မျိုးစိတ်ဝင်တဦးအဖြစ် ပြောင်းလဲရန်မဟုတ်။ သီးခြားရည်ရွယ်ချက်တခု ရှိနေ၏။ သူ ဖန်တီးထားသော ဝိညာဥ်တည်ရှိခြင်းဆေးရည်ကလည်း ပိတ်လော့အား အချိန်တခုအထိသာ ဝိညာဥ်မျိုးစိတ်ဘဝတွင် တည်နေစေမည် ဖြစ်သည်။

ထိုအခါ စုချန်းက တောင်ခွဲဓားအား လက်ညိုးထိုးပြပြီး ပိတ်လော့အား ပြောလိုက်၏။

"ဒါ ခင်ဗျားရဲ့ အိမ်အသစ်ပဲ"

စုချန်း၏ စကားသံ ထွက်ပေါ်လာသည်နှင့် ပိတ်လော့သည် တောင်ခွဲဓားရှိရာသို့ ပျံသန်းသွား၏။ အလင်းရောင်တချို့ ထွက်ပေါ်လာပြီး နောက်ဆုံးတွင် ပိတ်လော့ ပျောက်ကွယ်သွားလေသည်။ တချိန်တည်းမှာပင် ဓားလက်က်ိုင်ရိုးတွင် မျက်လုံးတစုံ ပေါ်လာပြီး ဓားသွားတဖက်တချက်တွင် အတောင်များပေါ်လာကြောင်း စုချန်း တွေ့နေရ၏။

ထို့နောက် တောင်ခွဲဓားသည် သူ့အလိုလို လေပေါ်သို့ ပျံသန်းသွားတော့သည်။

တဖန် မျက်လုံးတစုံ၏ အောက်တွင် ပါးစပ်ပေါက် ပေါ်လာပြီး ပိတ်လော့၏ အသံ ထွက်ပေါ်လာ၏။

"သခင် အောင်မြင်သွားပြီ ကျုပ်မှာ ကိုယ်ခန္ဓာ ရှိသွားပြီ ဟား ဟား ဟား ကျုပ်ကို ဓားထဲ ပြောင်းထည့်ဖို့ စဥ်းစားမိတာဟာ တကယ် ပြောင်မြောက်တဲ့ စိတ်ကူးပဲ သခင်"

"ကျုပ် တွေ့ခဲ့တဲ့ သက်မဲ့ဝိညာဥ်တွေကြောင့် ဒီစိတ်ကူးကို ရလာတာပဲဗျ"

တကယ်တော့ စုချန်း၏ တကယ့်ရည်ရွယ်ချက်မှာ ပိတ်လော့အား တောင်ခွဲဓားအတွင်းသို့ ကူးပြောင်းစေရန်ပင် ဖြစ်သည်။ ဝိညာဥ်ပြောင်းလဲခြင်းဆေးကလည်း ထိုအတွက် သီးသန့်ဖန်တီးထားခြင်းသာ။ ထိုအတွက် စုချန်းက တောင်ခွဲဓားပေါ်တွင်လည်း ဆေးရည်အလွှာများ ဖုံးအုပ်စေပြီး မူလပုံစံကွက်များ ရေးထွင်းကာ ဝိညာဥ်ကျောက်ပြားနှင့် ပုံစံတူလာစေရန် ဖန်တီးပေးထားရ၏။ တနည်းအားဖြင့် ပိတ်လော့ ယခင်နေထိုင်ခဲ့သည့် ပတ်ဝန်းကျင်မျိုးကို တောင်ခွဲဓားထဲတွင် စုချန်းက ဖန်တီးပေးလိုက်သည့်သဘောပင်။ ထိုနည်းလမ်းမှာ အမှန်တကယ်ပင် ထိရောက်လှသည်။ ပိတ်လော့သည် တောင်ခွဲဓားအား လွယ်ကူစွာ ထိန်းချုပ်လာနိုင်၏။ ယခုဆိုလျင် ပိတ်လော့သည်ပင် ဓား၊ ဓားသည်ပင် ပိတ်လော့ ဖြစ်သွားခဲ့လေပြီ။

"ကဲ ခု ခင်ဗျားရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်ကြည့်မယ်"

ပြောပြောဆိုဆို စုချန်းက တောင်ခွဲဓားအား လက်သီးနှင့် လှမ်းထိုးလိုက်ရာ ကမ္ဘာဦးသွေးပုံရိပ်လက်သီးကြီး ဝုန်းခနဲ ပေါ်ပေါက်လာ၏။

ထိုအခါ တောင်ခွဲဓားသည် မည်သူတဦးတယောက်မှ ထိန်းချုပ်ထားခြင်းမရှိပဲ စုချန်း၏ လက်သီးကို သူ့အလိုလို ခုခံကာ ပြန်လည်တိုက်ခိုက်လာ၏။ တောင်ခွဲဓားဦးသည် စုချန်း၏ လည်မြိုဆီသို့ တိုးဝင်လာပြီ ဖြစ်သည်။

စုချန်းသည် တောင်ခွဲဓားဆီသို့ လက်သီးနှင့် သုံးချက်တိတ် ဆင့်ထိုးလိုက်၏။ တောင်ခွဲဓားသည် လေထဲတွင် ဝေ့ဝိုက်ပျံသန်းကာ စုချန်း၏ လက်သီးချက်များအား ရှောင်တိမ်းလိုက်လေသည်။ ထွင်းဖောက်မြင်နိုင်သည့် အတောင်များ တဖျတ်ဖျတ်ခတ်ကာ တောင်ခွဲဓားပျံသန်းနေပုံမှာ အထူးပင် ဆန်းကြယ်လှ၏။

"အရင်ကထက် အားကောင်းလာတာလား ဒီလိုတော့လဲ မဟုတ်သေးဘူး အသိညဏ်ရှိပြီး အန္တရာယ်ကို ကြိုမြင်လာတဲ့သဘောပဲ...မဆိုးဘူးဗျို့ အသုံးဝင်မဲ့ပုံပဲ"

စုချန်း အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။

"အသုံးဝင်ရုံတင် ဘယ်ကမလဲသခင် တကယ့်အံ့သြလောက်စရာ ရှာဖွေတွေ့ရှိမှုကြီးပဲ"

ပိတ်လော့ကလည်း ဝမ်းသာအားရ ပြန်ပြောလိုက်၏။

"သခင်ဟာ သာမာန်ရုပ်ဝတ္တုပစ္စည်းတွေကို အသက်ဝိညာဥ်ရှိလာအောင် စီမံနိုင်ခဲ့ပြီ ဝိညာဥ်ကျောက်ပြားထဲက ဝိညာဥ်တွေကို သခင် ခွဲထုတ်နိုင်ခဲ့ပြီ သခင့်ရဲ့ လက်နက်ကို သူ့အလိုအလျောက် တိုက်ခိုက်တတ်အောင် သခင် စွမ်းဆောင်နိုင်ခဲ့ပြီ ဒီသတင်းသာ ပျံ့နှံ့သွားရင် မူလကမ္ဘာကြီးတခုလုံး တုန်လှုပ်ကုန်တော့မှာပဲ"

ပြောနေရင်းမှာပင် တစုံတခုကို တွေးမ်ိသွားဟန်ဖြင့် ပိတ်လော့ ထိတ်လန့်တုန်လှုပ်သွား၏။

"ဒါနဲ့ ဒီနည်းလမ်းကိုတော့ သခင် ရောင်းမစားလောက်ပါဘူးနော် ဟုတ်တယ်မလား"

စုချန်းက ဘာမှမထူးခြားသော လေသံနှင့် ပြန်ဖြေလိုက်သည်။

"ကျုပ်လက်ထဲမှာ ဘီလျံနဲ့ ချီတဲ့ မူလကျောက်တုံးတွေ ရှိနေသေးတယ် ဒါတွေကိုတောင် ဖြုန်းလို့မကုန်သေးဘူး ဒီတော့ ဘာဖြစ်လို့ ရောင်းစားနေအုံးမှာလဲ"

ထိုအခါကျမှ ပိတ်လော့က စိတ်သက်သာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

"ကျုပ်လဲ ဒီလိုပဲ တွေးမိပါတယ်သခင် လူသားတွေအနေနဲ့လဲ တွေ့ကရာ လျှောက်ဝယ်မနေပဲ နည်းနည်းတော့ စဥ်းစားသင့်တယ်"

"ဒါပေမဲ့ နောင်အနာဂတ်ကျရင်တော့ ကျုပ် သေချာပေါက် ရောင်းဖြစ်လိမ့်မယ် တနေ့ကျရင် ဒီနည်းလမ်းဟာလဲ လူတိုင်း လေ့လာသင်ယူနိုင်တဲ့ နည်းလမ်းတခု ဖြစ်လာလိမ့်မယ်"

"တနေ့ကျရင်ပေါ့ သခင်..."

ထိုစဥ် ပိတ်လော့က တစုံတခုကို တွေးမိဟန်ဖြင့် လွှတ်ခနဲ မေးမြန်းလိုက်သည်။

"ဒါနဲ့ သခင်ဖန်တီးထားတဲ့ ဒီကိရိယာတွေကို ဘယ်လိုနာမည်ပေးမလဲ ခုဆိုရင် တောင်ခွဲဓားဟာ သာမာန်မူလကိရိယာသက်သက် မဟုတ်တော့ဘူးလေ ဂုဏ်ယူလောက်စရာ နာမည်တခုတော့ ရှိသင့်တာပေါ့"

စုချန်း ခေါင်းငုံ့၍ စဥ်းစားလိုက်၏။

"ဒီလက်နက်တွေမှာ ဝိညာဥ်ရှိသွားပြီဆိုတော့ ဝိညာဥ်လက်နက်တွေလို့ပဲ ခေါ်ကြတာပေါ့ဗျာ"

"ကောင်းတယ် သိပ်ကောင်းတယ်သခင် ဒီကနေ့ မူလကမ္ဘာကြီးပေါ်မှာ ပထမဆုံး ဝိညာဥ်လက်နက် ပေါ်ပေါက်လာခဲ့ပြီ ကျုပ်ဟာလဲ ဝိညာဥ်လက်နက်အပေါင်းရဲ့ ဘုရင်ကြီး ဖြစ်လာခဲ့ပြီ"

ပိတ်လော့ အားရပါးရ အော်ဟစ်ကြွေးကြော်လိုက်လေသည်။

***

All Chapters