← Chapters

မြွေပျံများ ၁

Vol. 56 Ch. 555

မြွေပျံများ ၁

Vol. 56 Ch. 555

မနက်မိုးလင်းသည်နှင့် စုချန်းသည် အခန်းပြင်သ်ို့ ထွက်လာ၏။ အခန်းပြင်တွင်ကား ညတစ္ဆေသည် အခန့်သား ထိုင်လျက်ရှိနေ၏။

ထိုအခါ စုချန်းက ညတစ္ဆေဆီသို့ လျှောက်သွားပြီး ပြုံးရင်း မေးလိုက်သည်။

"ဘာလဲ ခင်ဗျားက ခုထိ ကျုပ်ကို မကျေမနပ် ဖြစ်နေတုန်းပဲလား"

ညတစ္ဆေက ဘာမှပြန်မပြော။ မျက်စောင်းထိုးလျက် မျက်နှာကို တဖက်သို့ လှည့်ထားလိုက်၏။

"ကောင်းပြီ ကောင်းပြီ ကျုပ် ရှင်းပြမယ် မနေ့ညက ကျုပ်မှာ အရေးတကြီးလုပ်စရာလေးရှိနေလို့ပါကွာ ပြီးတော့ ခင်ဗျားက မိန်းကလေးလေ ကျုပ်နဲ့ အမြဲရှိနေရင် ခင်ဗျားရဲ့ ဂုဏ်သိက္ခာ ထိခိုက်ကုန်မယ်"

ညတစ္ဆေကား စိတ်ကောက်ပြေပုံမရ။ တုံဏှိဘာဝေသာ ရှိလေ၏။

ထိုအခါ စုချန်းက မုန့်အိတ်ငယ်တအိတ်ကို ဆွဲထုတ်ပြီး ညတစ္ဆေဆီသို့ ကမ်းပေးရင်း ပြောလိုက်သည်။

"ရော့ ဒီမှာ ခင်ဗျားအတွက်"

ညတစ္ဆေက စုချန်းက မျက်စောင်းထိုးလိုက်၏။

"ဘာလဲ ရှင်က မုန့်အိတ်လေးတစ်အိတ်နဲ့ ကျွန်မကို ချော့ချင်တာပေါ့ ဟုတ်လား"

စုချန်းက နောက်ထပ် မုန့်အိတ်တစ်အိတ်ကို ဆွဲထုတ်လိုက်ပြန်သည်။

ညတစ္ဆေက စုချန်း လက်ထဲမှ မုန့်အိတ်များအား လှမ်းကြည့်လိုက်၏။ ထို့နောက် သူမက လက်သုံးချောင်းထောင်ပြရင်း ပြောလိုက်သည်။

"အနည်းဆုံး သုံးအိတ်လောက်မှ"

စုချန်းကား အနည်းငယ်မှ တွန့်ဆုတ်ခြင်းမရှိ။ နောက်ထပ် မုန့်အိတ်တအိတ်ကို ထပ်မံဆွဲထုတ်လိုက်ပြန်၏။ ထိုအခါ ညတစ္ဆေသည် စုချန်းလက်ထဲမှ မုန့်အိတ်များကို ကပျာကသီ ဆွဲယူရင်း ပြောလိုက်သည်။

"ကောင်းပြီလေ ဒီနေ့အဖို့တော့ ရှင့်ကို ခွင့်လွှတ်လိုက်မယ်"

"ကြည့်ရတာ မုန့်အိတ်သုံးအိတ်လောက်ဆိုရင် ခင်ဗျားဆီက တရက်စာဒေါသကို ဝယ်ဖို့လုံလောက်တယ်နဲ့ တူတယ်"

"အံမယ် ကျွန်မထပ်ပြီး ဒေါသထွက်လိုက်ရမလား"

"အောင်မလေး နေပါစေကွာ ခင်ဗျားနိင်ပါတယ် ကျေနပ်ပြီလား"

ထို့နောက် သူတို့နှစ်ယောက်သည် တယောက်မျက်နှာကို တယောက်ကြည့်ပြီး အားရပါးရ ရယ်မောလိုက်ကြ၏။

ထိုစဥ် ညတစ္ဆေက တစုံတရာကို သတိရသွားဟန်ဖြင့် မေးလိုက်သည်။

"ဒါနဲ့ ရှင် မနေ့က ဘာတွေစမ်းသပ်နေတာတုန်း"

"ခင်ဗျားက ဘာလို့သိချင်တာတုန်း"

"ဒီမေးခွန်းကို ကျူးရှန်းယောင်သာ မေးရင် ရှင် အလွယ်တကူ ဖြေလိုက်မှာပဲမလား"

ညတစ္ဆေက မျက်လုံးထောင့်ကပ်ပြီး မေးခွန်းထုတ်လိုက်၏။

ထိုအခါ စုချန်းက ကပျာကယာပင် ဖြေလိုက်ရသည်။

"ဆက်မပြောတော့နဲ့ ကျုပ် ဖြေပါမယ် ကျုပ် မနေ့က ဘာတွေစမ်းသပ်သလဲဆိုတော့ ဝိညာဥ်အမျိုးအစား မူလအမှုန်တွေရဲ့ အသုံးဝင်ပုံ ပြောင်းလဲပုံ သက်ရောက်ပုံတွေကို စမ်းသပ်နေတာ ဘယ်လို စမ်းသလဲဆိုတော့ ကက်ပီးယပ်စ်ရဲ့ နည်းလမ်းတွေကို အာရုံယူပြီးတော့ စမ်းတယ်ပဲဆိုပါ....."

စုချန်း၏ စကားပင် မဆုံးလိုက်။ ညတစ္ဆေက တောင်းပန်ဟန် အမူအရာလုပ်ရင်း ပြောလိုက်သည်။

"ခနလေး နေပါအုံး ခနလေး နေပါအုံး ကျွန်မ စဥ်းစားဖို့ တစက္ကန့်လောက် အချိန်ပေးအုံးမှပေါ့ရှင့်"

ညတစ္ဆေ၏ အမူအရာကိုကြည့်ရင်း စုချန်း ပုခုံးတွန့်ပြလိုက်သည်။

ညတစ္ဆေက လက်နှစ်ဖက်ပေါ် ခေါင်းမှီပြီး ပြောလိုက်ပြန်သည်။

"​ရှင် ပြောစမ်း ကျွန်မဟာ ဘယ်နေရာမှာမှ သုံးစားမရဘူးလို့ ရှင်မထင်ဘူးလား"

"မထင်ပါဘူးကွာ"

စုချန်းက ခေါင်းခါပြလိုက်၏။

"မင်းဟာ သိပ်ပြီးကောင်းတဲ့မိန်းကလေးပါ"

"ရှင် ကျွန်မကို သနားနေစရာမလိုပါဘူးလေ"

ညတစ္ဆေက ပြန်ပြောလိုက်၏။

"ကျွန်မ ဘယ်နေရာမှာမှ အသုံးမကျမှန်း ကျွန်မ သိပြီးသားပါ ကျွန်မဟာ အင်အားအရာမှာဆိုရင်လဲ သာမာန်ပဲရှိတယ် စကားကိုလဲ မဆင်မခြင် ပြောတတ်တယ် ပြီးတော့ ကျွန်မဟာ မိုက်မဲလွန်းလို့ လူတိုင်းလိမ်တာလဲ ခံရသေးတယ် ဒီတလျှောက်လုံး ရှင့်အတွက် ဆတ်သားတယောက်အဖြစ် တာဝန်ထမ်းဆောင်ပေးခဲ့ရလို့ ကျွန်မဟာ ခုဆိုရင် လုပ်ကြံသတ်ဖြတ်ရေးသမားကောင်းတယောက်တောင် မဟုတ်တော့ဘူး ရှင် ကျွန်မကို ဆတ်သားအဖြစ် ရွေးခဲ့တယ်ဆိုတာလဲ ကျွန်မ အသုံးမကျမှန်း ရှင် သိနေလို့ပဲမလား"

နောက်ဆုံးတော့ အနုံဆုံးဟု ထင်ရသော ညတစ္ဆေတွင်လည်း ကိုယ်ပိုင်အမြင်ရှိနေသည်တကား။

ထိုအခါ စုချန်းက ချောင်းတချက်ဟန့်ကာ ညတစ္ဆေအား နှစ်သိမ့်ရပြန်၏။

"ဒီလိုမပြောစမ်းပါနဲ့လေ ခင်ဗျားဟာ ကြင်နာတတ်တယ် ချစ်စရာကောင်းတယ် ခင်ဗျားဟာ သိပ်ကောင်းတဲ့ မိန်းကလေးပါ ကျုပ် ခင်ဗျားကို အများကြီး သဘောကျတယ်"

"ဒါပေမဲ့ သူတို့က ပြောတယ် ညဏ်မထက် မလှ တခြား ချီးကျူးစရာမရှိတဲ့ မိန်းကလေးမျိုးကိုသာ လူတွေက ချစ်စရာကောင်းတယ်ဆိုတဲ့ အသုံးမျိုး သုံးတတ်သတဲ့"

စုချန်း ဒေါသထွက်လာဟန်တူ၏။

"ဘယ်လူမိုက်က ဒီလိုပြောတာလဲ"

ထို့နောက် သူက စကားဆက်လိုက်ပြန်သည်။

"တခြားလူတွေပြောတာ နားထောင်မနေစမ်းပါနဲ့ ခင်ဗျားဟာ သိပ်ကောင်းတဲ့ မိန်းကလေးပါ"

"ကျွန်မကို အမှန်အတိုင်း ပြောစမ်းပါရှင်"

ညတစ္ဆေက အလောသုံးဆယ်နှင့် မေးလိုက်ပြန်သည်။

"ကောင်းပြီ ခင်ဗျား ဒီလောက် သိချင်နေမှတော့ ကျုပ် ပြောမယ် ခင်ဗျားဟာ တခါတလေကျရင်တော့ မိုက်မဲတယ် ဒါပေမဲ့ ဒီလို မိုက်မဲတာလေးက သဘောကျစရာကောင်းတယ် ဒီကမ္ဘာလောကကြီးမှာ ဘယ်လိုလူစားမျိုးက အသန်မာဆုံးလဲ ခင်ဗျား သိသလား"

"ဘယ်လိုလူစားမျိုးလဲ"

"ဘယ်လိုလူစားမျိုးလဲဆိုတော့ တစုံတယောက်က သဘောကျနှစ်သက်ခြင်းကို ခံရတဲ့လူစားမျိုးပေါ့ဗျာ"

စုချန်းက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

"ခင်ဗျားဟာ တခါတရံမှာ မိုက်မဲတယ် ဒီတော့ ဘာဖြစ်သလဲ ခင်ဗျားအတွက် ပေးဆပ်ချင်တဲ့ တစုံတယောက် ရှိနေသ၍ ဒါ ဘာပြသနာမှ မရှိဘူး"

ညတစ္ဆေ၏ မျက်လုံးအစုံသည် အရောင်တောက်လာ၏။

"ဒီတော့ ကျွန်မကို သဘောကျတဲ့သူ ကျွန်မက်ို လိုအပ်နေတဲ့သူ ရှိတယ်ပေါ့"

"ဒါပေါ့ ကျုပ် ခင်ဗျားကို လိုအပ်တယ်လေ ကျုပ်သာမဟုတ်ဘူး ခင်ဗျားကို လိုအပ်တဲ့လူ အများကြီးရှိလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်"

စုချန်း၏ လေသံမှာ ငြင်သာနူးညံ့နေ၏။

ညတစ္ဆေ မျက်တောင်များကို ပုတ်ခပ်ပုတ်ခပ်လုပ်လိုက်၏။ စုချန်း တကယ်ကြီး အတည်ပေါက်ပြောနေသည်ဟု သူမ ခံစားရလေသည်။ ထိုအခါ ကနဦး သူမ ခံစားနေရသော သိမ်ငယ်စိတ်သည် အလိုလို ပျောက်ကွယ်သွား၏။ ထို့နောက် သူမက တခစ်ခစ်နှင့် ရယ်မောလိုက်လေသည်။

ထိုစဥ်...

အဝေးဆီမှ မဲနက်နေသော တိမ်စိုင်တိမ်လိပ်ကြီးများ ပေါ်ပေါက်လာကြောင်း သူတို့ မြင်တွေ့လိုက်ရ၏။

မျက်စေ့တမှိတ်အတွင်းမှာပင် အနှီ အနက်ရောင်တိမ်တိုက်ကြီးသည် သူတို့နှင့် နီးကပ်လာ၏။ အနီးကပ်မြင်ရတော့မှ အဆိုပါ တိမ်တိုက်ကြီးသည် မရေမတွက်နိုင်သော မြွေပျံများဖြစ်ကြောင်း သူတို့ သိလိုက်ရသည်။ မြွေပျံများ၏ ဦးခေါင်းတွင် တစုံတဦး တက်ထိုင်နိုင်လောက်သည်အထိ ကြီးမားသည့် တော်ဝင်ရေတကောင်းကဲ့သို့သော သရဖူတခုစီ ရှိနေ၏။

သရဖူဆောင်းမြွေပျံဟူသည် အထီးကျန်ငန်းနယ်မြေအတွင်းဝယ် တမျိုးတည်းသော ယဥ်ပါးသည့် သားရဲမျိုးစိတ်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုကြလေ့ရှိသည်။ မြွေပျံ၏ သယ်ဆောင်နိုင်စွမ်းမှာ ကန့်သတ်ချက်ရှိသော်လည်း အမြန်နှုန်းကတော့ သြချစရာကောင်းလှပေသည်။

ယခု စုချန်းတို့ မြင်တွေ့နေရသည့် မြွေပျံတကောင်ချင်းစီ၏ ဦးခေါင်းပေါ်တွင် သဲမျိုးစိတ်ဝင်တဦးကျစီ ရှိနေကြောင်း စုချန်းတို့ အတိုင်းသား မြင်တွေ့နေရ၏။

"ကျုပ်တို့နောက်ကို လိုက်လာတဲ့ သဲမျိုးစိတ်ဝင်တွေပဲ"

အခြေအနေကို ချက်ချင်းသဘောပေါက်လိုက်သော စုချန်းက ရေရွတ်လိုက်သည်။

ပေါလ်တယောက် အနောက်လိုင်နာရဲတိုက်တိုက်ပွဲတွင် ထွက်ပြေးသွားရသော်လည်း သူတို့အား အလွယ်တကူတော့ လွှတ်ပေးမည်မဟုတ်။ ထို့ကြောင့် ဤအချိန်အတွက် လူတိုင်းက ကြိုတင်ပြင်ဆင်ထားပြီးသားပင်။

ထိုအချိန်တွင် မြွေပျံစီးသဲမျိုးစိတ်ဝင်များက စုချန်းတို့အား ​မြင်တွေ့သွားဟန်တူသည်။ လေချွန်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းတို့၏ လက်များအား ပြိုင်တူလှုပ်ရှားလိုက်ကြရာ ​သဲမုန်တိုင်းကြီး ပေါ်ပေါက်လာတော့သည်။

အနှီ သဲမုန်တိုင်းကား စုချန်းတို့အား တိုက်ခိုက်ရန် ရည်ရွယ်ထားသည်မဟုတ်။ မိမိတို့၏ ရန်သူများ ဤနေရာတွင် ရှိနေကြောင်း ဘက်တော်သားများ သိရှိစေရန် အချက်ပြလိုက်သည့် သဘောသာ ဖြစ်သည်။

၎င်းကိုမြင်သည်နှင့် ကျူးပိုင်ယုနှင့် ချီမင်းဖန်တို့၏ မျက်နှာတွင် အေးစက်တင်းမာဟန်များ ပေါ်လာသည်။

"ဒီခွေးမသားတွေ သေချင်နေပြီကိုး"

ထို့နောက် သူတို့နှစ်ယောက်သည် မြွေပျံများရှိရာသို့ ဦးတည်ပျံသန်းသွားကြလေသည်။

ထိုစဥ် မြွေပျံများအတွင်းမှ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှစ်ဦးပေါ်ပေါက်လာပြီး ကျူးပိုင်ယုနှင့် ချီမင်းဖန်တို့အား ကြားဝင်ဟန့်တားလိုက်သည်။

သဲမျိုးစိတ်ဝင်အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှစ်ဦးနှင့် ကျူးပိုင်ယု၊ချီမင်းဖန်တို့သည် လေထဲတွင် ရင်ဆိုင်တွေ့မိကြလေသည်။ ထိုအတောအတွင်းဝယ် မြွေပျံများသည် စုချန်းတို့နှင့် ပို၍နီးကပ်လာ၏။ သဲမုန်တိုင်းမှာလည်း ပို၍ ပြင်းထန်လာလေသည်။ သဲမှုန်များ၏ ပွတ်တိုက်မှုကြောင့် စုချန်းတို့ဝယ်ယူထားသည့် ကုလားအုတ်မြေခွေးများသည် မြေကြီးပေါ်တွင် ပြားပြားဝပ်ကာ အော်ဟစ်နေကြလေသည်။ သို့သော် ထွက်ပြေးကြမည့်ဟန်တော့ မပေါ်ချေ။

"ကျင်းဝင် ရှင် လေးသမားတချို့ကိုခေါ်ပြီး အဲဒီကောင်တွေကို ပစ်ချစမ်း"

ကျူးရှန်းယောင်က ကျောက်ကျင်းဝင်အား အမိန့်ပေးလိုက်၏။

"မလွယ်လှဘူး သခင်မလေး ကျုပ်တို့ဘက်မှာ လေးသမားကောင်းတွေ မရှိဘူး ပြီးတော့ သဲမုန်တိုင်းက ပြင်းထန်လွန်းလို့ မျက်လုံးတောင်ဖွင့်မရဘူး"

ကျောက်ကျင်းဝင်က ပြန်အော်လ်ိုက်သည်။

ကျူးရှန်းယောင် ဒေါသထွက်လာ၏။ သို့သော် သူမ ဘာမှမတတ်နိုင်။

သူမသည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်မဟုတ်။ ထို့ကြောင့် လေပေါ်တွင် မပျံနိုင်။ သူမတွင် လေဟုန်ခွင်းနိုင်သည့် လက်နက်မျိုးလည်း မရှိ။

ဤအနေအထားတွင် သူမ ဘာတတ်နိုင်အုံးမည်နည်း။

ထိုအခိုက်ဝယ် သတ္တုသံသဲ့သဲ့ပေါ်လာပြီး လေထုကို ထိုးခွင်းကာ မြွေပျံများဆီသို့ ဦးတည်ပျံသန်းသွားကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။ စုချန်း၏ တောင်ခွဲဓားပေတည်း။

"အလကားပဲရှင့် အသုံးဝင်မှာမဟုတ်ဘူး"

စုချန်း၏ လုပ်ရပ်က်ို သဘောပေါက်ဟန်ဖြင့် ကျူးရှန်းယောင်က သက်ပြင်းချရင်း ပြောလိုက်သည်။

စုချန်းအနေနှင့် မည်မျှပင်အင်အားကြီးမားပါစေ ဤနည်းအတိုင်း ဓားနှင့်လှမ်းပေါက်ပါက တဖက်ရန်သူသည် အလွယ်တကူပင် ရှောင်တိမ်းသွားနိုင်သည် မဟုတ်ပါလား။

တကယ်လည်း တောင်ခွဲဓား ဝင်လာသည်နှင့် မြွေပျံသည် ဘေးသို့ ရှောင်တိမ်းလိုက်၏။

ထိုအချိန်မှာပင် ရင်သပ်ရှုမောလောက်စရာ မြင်ကွင်းတခု ပေါ်ပေါက်လာတော့သည်။ တောင်ခွဲဓားသည် အရှိန်ကုန်သည်နှင့် မြေပေါ်သို့ ပြန်ကျလာရမည့်အစား ချက်ချင်းပင် လမ်းကြောင်းပြောင်းကာ မြွေပျံနောက်သို့ ထပ်ချပ်မကွာ လိုက်ပါသွား၏။

ဓားချက်ကြောင့် မြွေပျံသည် နှစ်ပိုင်းပြတ်သွား၏။ သဲမျိုးစိတ်ဝင်သည်လည်း မြေကြီးပေါ်သို့ ပြုတ်ကျကာ အသက်ပျောက်သွားတော့သည်။

"ဘာကြီးလဲဟ"

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

သူတို့ကြည့်နေစဥ်မှာပင် တောင်ခွဲဓားအတွင်းမှ တောင်ပံနှစ်ဖက် ထွက်လာပြန်၏။ ထို့နောက် အနှီ ဓားပျံသည် လေထဲတွင် လှည့်ပတ်ပျံသန်းကာ မြွေပျံများအား လိုက်လံတိုက်ခိုက်နေတော့သည်။

***

All Chapters