မြွေပျံများ ၂
Vol. 56 Ch. 556
ကောင်းကင်ပေါ်တွင် တောင်ခွဲဓားသည် တောင်ပံများကိုဖြန့်ကာ ရှေ့မှနောက်သို့ လူးလားပျံသန်းနေ၏။ ဓားရောက်ရှိသွားသော နေရာတိုင်းလိုလိုပင် သွေးများရဲခနဲ ဖြစ်ကုန်ကြလေသည်။
သဲမျိုးစိတ်ဝင်စစ်သားများထဲမှတယောက်သည် တောင်ခွဲဓားအား ပြန်လည်တိုက်ခိုက်လိုက်၏။ တောင်ခွဲဓားသည် အနှီ သဲမျိုးစိတ်ဝင်၏ တိုက်ခိုင်မှုကို ရှောင်တိမ်းလိုက်ရုံမက ရုတ်ချည်းပင် ပြန်လည်တိုက်ခိုက်လိုက်လေသည်။ တောင်ခွဲဓားချက်သည် သဲမျိုးစိတ်ဝင်၏ လည်မြိုကို ဖောက်ဝင်သွားသည့်အပြင် မြွေပျံကိုပါ ထက်ပိုင်းပြတ်သွားစေ၏။ မြွေပျံသည် စူးရှစွာ အော်ဟစ်ပြီး မြေကြီးပေါ်သို့ ပြုတ်ကျလာတော့သည်။
တဖန် တောင်ခွဲဓားသည် လေဟုန်ခွင်းလျက်ပျံသန်းနေရာမှ ချက်ချင်းပင် လမ်းကြောင်းပြောင်းသွားပြန်၏။ သဲမျိုးစိတ်ဝင်များ၏ တိုက်ခိုက်မှုအချို့ကို ရှောင်တိမ်းပြီးသကာလ ဓား၏ အလျင်သည် ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လာလေသည်။
ထို့နောက် ရွှီခနဲ အသံတချက် ထွက်ပေါ်လာပြီး ဓားမှ ထွက်ပေါ်လာသော အားလှိုင်းများကြောင့် သဲမျိုးစိတ်ဝင်သုံးဦး၏ ကိုယ်သည် ထက်ပိုင်းကွဲထွက်ကုန်၏။
တဖန် တောင်ခွဲဓားသည် အလင်းရောင်တချက် ဝင်းလက်လာပြီး ဂငယ်ပုံလမ်းကြောင်းအတိုင်း နောက်လှည့်ပြန်သန်းကာ ကြောက်ဖွယ်ရာဓားချက်များကို ဖော်ထုတ်လိုက်ပြန်သည်။
ဓားမှ ထွက်ပေါ်လာသော အလင်းတန်းများသည် သဲမျိုးစိတ်ဝင်များ၏ ကိုယ်ကို ဖောက်ထွင်းသွားပြီး သွေးများဖြင့် ရဲခနဲ ဖြစ်သွားစေ၏။ ဓား၏ ပျံသန်းနှုန်းမှာကား အလင်းတန်းတမျှ မြန်ဆန်လှသည်။
လူတိုင်းလိုလိုသည် အလင်းတန်းတခု ဟိုမှသည်မှ ပျံသန်းနေသည်ကို ငေးကြည့်နေကြ၏။ ကြည့်နေရင်းမှာပင် ကောင်းကင်ပေါ်မှ ခြေပြတ်လက်ပြတ်များ၊ ခေါင်းပြတ်များ၊ အသားတစ်များ မိုးရွာသွန်းသည့်နှယ် ပြုတ်ကျလာကြသည်။
အလောင်းများ နေရာအနှံ့တွင် ပလူပျံနေ၏။ ကိုယ်ခန္ဓာအပိုင်းအစများမှာ မြင်၍ပင်မကုန်။ ကျူးမျိုးနွယ်များနှင့် ရှင်သန်ခြင်းကျောင်းတော်အဖွဲ့ဝင်များမှာ ပါးစပ်အဟောင်းသားနှင့် ဖြစ်နေကြလေသည်။
"ဒါ...ဒါ ဘယ်လိုနတ်ဆိုးလက်နက်မျိုးလဲ"
ကျူးရှန်းယောင် အံ့သြတကြီးနှင့် ရေရွတ်လိုက်သည်။
"ဒါ ဝိညာဥ်လက်နက်လေကွာ"
စုချန်းက ပြုံးစေ့စေ့နှင့် ပြန်ဖြေလိုက်သည်။
ဝိညာဥ်လက်နက်ဆိုပါကလား...
လူတိုင်း တယောက်မျက်နှာကို တယောက် ပြန်ကြည့်လိုက်ကြသည်။
"ဒါ ရှင် မနေ့ညက လုပ်ခဲ့တဲ့ စမ်းသပ်မှုမလား"
ညတစ္ဆေက ဝင်မေးလိုက်၏။
စုချန်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ် ဝိညာဥ်ပူးကပ်နေတဲ့ မူလကိရိယာတမျိုးပဲ ဆိုပါတော့ သူ့ဟာသူ ပျံသန်းနိုင်တယ် သူ့ဟာသူ တိုက်ခိုက်နိုင်တယ် သူများ ထိန်းချုပ်နေစရာ မလိုတော့ဘူး စတုန်းကတော့ ဒီလက်နက် ဒီလောက်ထိ အသုံးဝင်မယ်လို့ ကျုပ် ထင်မထားဘူး ခုတော့ ကျုပ်အထင် လွဲသွားပြီ ဒီလက်နက် တကယ်ကို အသုံးဝင်တာပဲ"
ထိုအချိန်ထိ တောင်ခွဲဓားမှာ ဆက်လက်တိုက်ခိုက်နေသေး၏။ သဲမျိုးစိတ်ဝင်များကား အကြီးအကျယ် ဒုက္ခတွေ့နေခဲ့လေပြီ။
တကယ်တော့ သဲမျိုးစိတ်ဝင်များသည် ညံ့လှသူများမဟုတ်။ သို့သော် လေထဲတွင်ရောက်နေ၍ ၎င်းတို့အနေနှင့် တိုက်စွမ်းအားကို အပြည့်အဝ ဖော်ထုတ်နိုင်ခြင်းမရှိပဲ ဖြစ်နေ၏။ ထို့ပြင် ၎င်းတို့သည် တောင်ခွဲဓားကဲ့သို့သော ရန်သူမျိုးနှင့်လည်း တခါမှ ရင်မဆိုင်ဖူးလေရာ မည်သ်ို့ ခုခံရမှန်းမသိပဲ ဖြစ်နေ၏။ ထို့ကြောင့် ၎င်းတို့အနေနှင့် ရုပ်ပျက်ဆင်းပျက် ထိုးနှက်ခံနေရခြင်းပင်။
တောင်ခွဲဓားအား ရင်ဆိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ လေးလံသောလက်နက်များကိုသုံးပြီး အင်တိုက်အားတိုက် တိုက်ခိုက်ခြင်းသာဖြစ်မှန်း သူတို့ မသ်ိကြပေ။
သို့သော် မြွေပျံများကို စီးနင်းကာ လေကြောင်းမှ ချီတက်လာသော သဲမျိုးစိတ်ဝင်များတွင် လေးလံသောလက်နက်ဟူ၍ အဘယ်မှာ ပါလာအံ့နည်း။ လေးလံသော ဝန်ပိုများသည် မြွေပျံများကို များစွာ နှေးကွေးသွားစေနိုင်သည် မဟုတ်ပါလား။ ထို့ပြင် အနှီလက်နက်များကို လေပေါ်တွင် အသုံးပြုပါက မြွေပျံများကို မှားယွင်းထိုးခုတ်မိသော အန္တရာယ်မျိုးကလည်း ရှိနိုင်သေးသည်။
ထိုအခါ သဲမျိုးစိတ်ဝင်များသည် တောင်ခွဲဓား၏ တိုက်ခိုက်မှုအား မည်သို့ခုခံရမှန်းမသိပဲ ဖြစ်နေကြရှာသည်။ တိုက်ပွဲမှာကား တဖက်သတ်ဖြစ်နေတော့၏။
ထိုအချိန်တွင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် သဲမျိုးစိတ်ဝင်နှစ်ဦးအနက် တစ်ဦးသည် မိမိတပ်ဖွဲ့ဝင်များ အလူးအလဲခံနေရသည်ကို ကြည့်နိုင်တော့ပုံမရ။ တောင်ခွဲဓားဆီသို့ ချိန်ရွယ်ပြီး လက်သီးနှင့် ထိုးချလိုက်လေသည်။
သို့သော်ငြားလည်း တောင်ခွဲဓားဟူသည်မှာ အလွန်မာကျောသော သတ္တုမျိုးနှင့် သွန်းလောင်းထားခြင်းဖြစ်ပြီး ၎င်းအပေါ်တွင် ဝိညာဥ်တကောင်ကလည်း တွယ်ကပ်နေလေရာ ကိုယ့်ကိုယ်ကို မူလစွမ်းအင်များနှင့် ကာကွယ်နိင်စွမ်းရှိနေ၏။ ထို့ကြောင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်သည်ပင် လက်သီးတချက်တည်းနှင့် တောင်ခွဲဓားကို ဖျက်ဆီးနိုင်ရန် ခဲယဥ်း၏။
သူ ကြည့်နေခိုက်မှာပင် တောင်ခွဲဓားသည် အဝေးဆီသို့ လှစ်ခနဲ ပျံသန်းသွား၏။ ၎င်းကို အခွင့်ကောင်းယူပြီး အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်က အမိန့်ပေးလိုက်သည်။
"နောက်ဆုတ်"
"ထွက်ပြေးချင်တယ်ပေါ့ ဟုတ်လား အနည်းဆုံး မင်းတို့ထဲက တယောက်တော့ ကျန်ခဲ့မှရမယ် လက်ချောင်းတချောင်းကို ချိုးပစ်တာဟာ လက်ချောင်းဆယ်ချောင်းလုံးကို ဒဏ်ရာရစေတာထက် ပိုကောင်းတယ် ကျန်တဲ့လူတွေ ထွက်ပြေးရင်ပြေးနိုင်လိမ့်မယ် ဒါပေမဲ့ မင်းကတော့ သေချာပေါက် သေရမယ်"
စကားဆုံးသည်နှင့် စုချန်းသည် တောင်ခွဲဓားအား တိုက်ခိုက်လိုက်သည့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ကို လက်ညိုးနှင့်ထိုးပြလိုက်၏။
"နားလည်ပြီ"
ချီမင်းဖန်နှင့် ကျူးပိုင်ယုတို့က ပြိုင်တူရယ်မောရင်း ပြောလိုက်သည်။
စုချန်းသည် သူတို့၏ သခင်မဟုတ်။ သို့သော် စုချန်း ပြောလိုက်သည့် စကားလုံးများ၏ နောက်ကွယ်မှ အဓိပ္ပာယ်က်ို နားလည်သဖြင့် သူတို့နှစ်ယောက်လုံး စုချန်း၏ စကားကို နားထောင်လိုက်ကြခြင်းပင်။
ထို့နောက် သူတို့နှစ်ယောက်သည် အဆိုပါ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အား ပြိုင်တူဝင်တိုက်လိုက်ကြ၏။ ၎င်းကိုမြင်သောအခါ ကျန်သဲမျိုးစိတ်ဝင်စစ်သားများက ဝင်ကူရန် ဟန်ပြင်လိုက်ကြ၏။
ထိုအချိန်တွင် စုချန်းက အေးစက်သောလေသံနှင့် ရယ်မောလိုက်ပြီး မိုးကြိုးရေနဂါးလွန်းပျံယာဥ်ကို ဆွဲထုတ်လိုက်လေသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် လွန်းပျံယာဥ်သည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အား အုန်းခနဲ ဝင်တိုက်လိုက်ပြီ ဖြစ်သည်။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ တုံ့ပြန်မှုကလည်း မြန်ဆန်လှ၏။ ရှောင်တိမ်းရန် အချိန်မရလိုက်သည့်တိုင်အောင် သဲအကာအကွယ်တခု ၎င်း၏ ပတ်ပတ်လည်တွင် ပေါ်ပေါက်လာပြီး လွန်းပျံယာဥ်၏ ဝင်တိုက်မှုကို ကာကွယ်ထားလိုက်သည်။
လွန်းပျံယာဥ်သည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ ကိုယ်ခန္ဓာအား ဖိထားလိုက်၏။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် မျက်လုံးကြီးပြူးကာ စုချန်းအား စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။
"မင်း"
"ဟုတ်တယ် ကျုပ်ပဲ"
စုချန်း ပြုံးစေ့စေ့နှင့် ပြောလိုက်သည်။ ထို့နောက် သူက လွန်းပျံယာဥ်အား ထပ်မံ နှိုးဆွလိုက်ပြန်သည်။
လွန်းပျံယာဥ်သည် တဆတ်ဆတ် တုန်ခါလာပြီး မြန်ဆန်လှသော အရှိအဟုန်နှင့် ပျံသန်းကာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အား အဝေးသို့ သယ်ဆောင်သွားတော့၏။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အနေနှင့် ဤသို့သော တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု အိပ်မက်ပင်မမက်စဖူး။ စုချန်း၏ လွန်းပျံယာဥ်သည်ကား သူ၏ ကိုယ်တွင်းအင်္ဂါများကို ကြိတ်ချေလျက်ရှိလေပြီ။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ ကိုယ်တွင်းစွမ်းအင်အဆင့်အတန်းမှာ သာမာန်မဟုတ်။ အင်အားကလည်း ကြီးမားလှ၏။ သို့သော် ၎င်းသည် လွန်းပျံယာဥ်၏ ကြောက်စရာဖိအားကို မတွန်းလှန်နိုင်ပဲ ဖြစ်နေ၏။
ပျံသန်းနိုင်သည့် နတ်ဆိုးသားရဲများ ခြုံခိုက်မတိုက်နိုင်သည့် လေထုထဲသို့ အရောက်တွင်တော့ စုချန်းက လွန်းပျံယာဥ်ကို ရပ်တန့်လိုက်သည်။
ထို့နောက် သူက ပြောလိုက်၏။
"ကဲ နှုတ်ဆက်ပါတယ်ကွာ"
စုချန်း၏ ထူးဆန်းသောအမူအရာကို မြင်သည်နှင့် အခြေအနေမဟန်တော့မှန်း သဘောပေါက်လ်ိုက်သော အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်က ကြောက်လန့်တကြားနှင့် ထအော်လိုက်၏။
"မဟုတ်ဘူး"
ထိုအချိန်တွင် လွန်းပျံယာဥ်၏ ကိုယ်ထည်ဆီမှ မျက်စေ့ကျိန်းစပ်မတတ် အလင်းရောင်များ ထွက်ပေါ်လာ၏။
အလင်းတန်းအမြောက်ပေတည်း။
အလင်းတန်းအမြောက် ထွက်ပေါ်လာသည်နှင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်သည် ဘောလုံးတလုံးသဖွယ် မိုးကုပ်စက်ဝိုင်းဆီသို့ လွင့်စင်သွား၏။ ၎င်း၏ ပါးစပ်မှ "ငါ ပြန်လာမယ်" ဟုပင် မကြွေးကြော်နိုင်လိုက်ရှာ။
ရန်သူ မသေသေးမှန်း စုချန်း ကောင်းကောင်းသဘောပေါက်ထား၏။ သဲမျိုးစိတ်ဝင်များဟူသည် မွေးရာပါ အင်အားကြီးကြသည် မဟုတ်ပါလား။ သို့တိုင်အောင် တိုက်ပွဲမှ ၎င်းအား ဖယ်ထုတ်လိုက်နိုင်ခဲ့ပေပြီ။ ဒါကိုပင်လျင် အမြတ်ဟု စုချန်းက ယူဆထား၏။
ထို့နောက် စုချန်းသည် လွန်းပျံယာဥ်ကို နောက်လှည့်ကာ ပြန်လည်ပျံသန်းလာခဲ့၏။
ထိုအချိန်တွင် တိုက်ပွဲကား ပြီးသလောက်ဖြစ်သွားခဲ့ချေပြီ။
တိုက်ပွဲစည်းဝိုင်းအတွင်း၌ ကျန်ခဲ့သော အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်သည် သူကိုယ်တိုင် မလွတ်မြောက်နိုင်တော့မှန်း သဘောပေါက်လိုက်သည်နှင့် ကျန်သဲမျိုးစိတ်ဝင်များ လွတ်မြောက်နိုင်ရန် ပြင်းထန်စွာ တိုက်ခိုက်တော့၏။
တဖက်တွင်လည်း ပိတ်လော့သည် တောင်ခွဲဓားအား ထိန်းချုပ်ကာ အလွန်သွက်လက်မြန်ဆန်စွာ တိုက်ခိုက်နေသော်လည်း သဲမျိုးစိတ်ဝင်တချို့မှာ မြွေပျံများကို စီးနင်းကာ လွတ်မြောက်ကုန်ကြ၏။ ထိုအခါ ပိတ်လော့သည် သက်ပြင်းချကာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ကိုသာ ဝိုင်းဝန်းတိုက်ခိုက်တော့သည်။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်သည်ကား သုံးယောက်တစ်ယောက် ဝိုင်းတိုက်ခြင်းခံရ၍ အတော်ပင် အခြေအနေဆိုးနေခဲ့လေပြီ။ ထိုအချိန်တွင် စုချန်းပြန်ရောက်လာခြင်းသည် သူ့အား ဒုက္ခလှလှကြီး ရောက်သွားစေ၏။
စုချန်းသည် လွန်းပျံယာဥ်အား အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ ဘေးမလှမ်းမကမ်းတွင် ရပ်တန့်ကာ အလင်းတန်းအမြောက်နှင့် အားရပါးရ ပစ်ခတ်တော့သည်။
သုံးယောက်နှင့်တစ်ယောက် ပတ်ချာလည်အောင် ခုခံနေရသည့်အထဲ စုချန်းက အလင်းတန်းအမြောက်နှင့် အဆက်မပြတ် ပစ်ခတ်နေသောအခါ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်မှာ မခုခံနိုင်တော့။ ပြင်းထန်စွာဒဏ်ရာရသွားတော့သည်။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်သည် နာကျင်စွာ အော်ဟစ်လိုက်၏။ ထို့နောက် သူက မီးကုန်ယမ်းကုန် တိုက်ခိုက်တော့သည်။ သို့သော် သူ၏ တိုက်ခိုက်မှုများအားလုံးသည် အဟောသိကံသာ ဖြစ်သွားကုန်၏။
သူ ယခုအချိန်ထိ မသေသေးသည့် တခုတည်းသော အကြောင်းပြချက်မှာ စုချန်းက မသေစေချင်သေး၍သာ ဖြစ်သည်။
"ကျုပ်မှာ အစမ်းသပ်ခံတွေ လိုတယ်ဗျ"
စုချန်းက ရေရွတ်လိုက်သည်။
"အထူးသဖြင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အစမ်းသပ်ခံမျိုးပေါ့"
"မင်းမှာ ဆော့ခ် ရှိနေပြီမဟုတ်လားကွ"
"အစမ်းသပ်ခံ တစ်ယောက်ထက်စာရင် နှစ်ယောက်က ပိုကောင်းတာပေါ့ဗျာ"
စုချန်းက အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။ သူ့မျက်လုံးအစုံမှာ အရောင်တောက်နေ၏။
စုချန်း၏ အကြည့်၊ စုချန်း၏ အပြုံးကြောင့် ချီမင်းဖန်နှင့် ကျူးပိုင်ယုတို့သည် ကျောစိမ့်ကုန်ကြ၏။ ကြက်သီးမွှေးညင်းများ ထကုန်ကြ၏။
ထူးဆန်းလှချေသည်တကား။
သူတို့ထက် စွမ်းအင်အဆင့်အတန်းနိမ့်သူတယောက်အား သူတို့ အဘယ်ကြောင့် ကြောက်ရွံ့သလို ခံစားလိုက်ရချေသနည်း။
***