စမ်းသပ်မှုများ
Vol. 56 Ch. 557
သီးသန့်ပြင်ဆင်ထားသော ရထားလုံးသည် သာမာန်ရထားလုံးနှင့် မတူ။ များစွာ တည်ငြိမ်လှ၏။ ယုတ်စွအဆုံး ရေအပြည့်ထည့်ထားသော ရေခွက်သည်ပင် ရေတစက်တလေမှ ဖိတ်စင်မကျလောက်သည်အထိ တည်ငြိမ်လှသည်။
သဲမျိုးစိတ်ဝင်အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်သည် စမ်းသပ်ကုတင်ပေါ်တွင် လဲလျောင်းနေ၏။ သူ သတိပြန်ရလာသောအခါ သူ့တကိုယ်လုံးအား အဖြူရောင်အဝတ်များ ဖုံးလွှမ်းနေကြောင်း တွေ့လိုက်ရသည်။
သူ့ဘေးတွင် တစုံတယောက် မတ်တပ်ရပ်နေ၏။ ထိုလူမှာ စုချန်းပင်။ စုချန်း၏ လက်ထဲတွင် ခွဲစိတ်ရာ၌ အသုံးပြုသည့် ဓားငယ်တလက်ကို ကိုင်ထား၏။ စုချန်းသည် သူ့ဝမ်းဗိုက်အား အာရုံစိုက်လျက်ရှိပြီး တစုံတရာ ပြုလုပ်နေဟန်ပေါ်သည်။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်သည် ခေါင်းမော့ပြီး ကြည့်ရန် ကြိုးစားလိုက်၏။ ထိုအခါကျမှ သူ့တကိုယ်လုံး လှုပ်ရှား၍မရမှန်း သူ သဘောပေါက်လိုက်သည်။
သူ့ကိုယ်ခန္ဓာ၌ မူလစွမ်းအင်များကို စုစည်းနိုင်ဖို့ဝေးစွ၊ အားအင်ဟူ၍ပင် တစက်လေးမျှ မရှိ။ သူ့လက်ချောင်းလေးတစ်ချောင်းကိုပင် မလှုပ်ရှားနိုင်ပဲ ဖြစ်နေ၏။
"မင်း နိုးလာပြီကိုး"
စုချန်းသည် နီရဲသော အသားတစ်အား အနီးရှိ ငွေလင်ပန်းပေါ်သို့ ပစ်တင်ပြီး သူ့အား စိုက်ကြည့်ကာ ပြောလာ၏။
"မင်း...မင်း...ငါ့ကို...ဘာ...တွေ...လုပ်နေတာတုန်း"
"မင်းကို ဘာတွေလုပ်နေတာတုန်း ဟုတ်လား"
စုချန်းက ရယ်ကျဲကျဲနှင့် ပြောလိုက်၏။
"ဘာတွေလုပ်နေတုန်းဆိုတော့ မင်းကိုယ်ခန္ဓာရဲ့ ခန္ဓာဗေဒဖွဲ့စည်းပုံကို လေ့လာနေတာလေကွာ အော် မင်း ဘာမှမမြင်ရဘူးထင်တယ် ကျုပ် နည်းနည်းကူပေးမယ်"
ထို့နောက် စုချန်းက ဓားကိုချပြီး အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ ခေါင်းကို မပေးလိုက်၏။
ထိုအခါကျမှ သူ့ဝမ်းဗိုက်တခုလုံး ဟင်းလင်းပွင့်လျက်ရှိကြောင်း အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် မြင်တွေ့လိုက်ရသည်။ အနှီ ပွင့်နေသော ဝမ်းဗိုက်အတွင်းမှ နီရဲသော ကိုယ်တွင်းအင်္ဂါများကို သူ အတိုင်းသား မြင်တွေ့နေရ၏။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ကြက်သေသေသွားလေသည်။
"မင်း...မင်း..."
ရုတ်ချည်းပင် အသက်ရှုရခက်လာသလို သူ ခံစားလိုက်ရ၏။
"မင်း မြင်ရပြီမလား"
စုချန်းက အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ ဦးခေါင်းကို ပြန်ချပေးရင်း ပြောလိုက်သည်။
"ဘာမှစိတ်မပူနဲ့ မင်း မနာစေရဘူး မနာဘူးမလား ဒါ ကျုပ် အထူးဖော်စပ်ထားတဲ့ ထုံဆေးပဲ ဘယ့်နှယ်လဲ ကျုပ်ဆေး အစွမ်းထက်တယ်မလား လွန်ခဲ့တဲ့ နှစ်တချို့က ကျုပ်တို့ ရွှေရောင်အပျက်အစီးသိုက်ထဲဝင်တုန်း ကျုပ် သူငယ်ချင်းတယောက် ထိခိုက်ဒဏ်ရာရသွားခဲ့တယ် သူ့ကို ကျုပ် ပြုစုကုသပေးခဲ့တယ် အဲဒီတုန်းက သူ ဘယ်လောက်တောင်နာကျင်သလဲ မင်း တွေးမိသလား ကုသခံမဲ့အစား အသေခံလိုက်တာကောင်းမယ်လို့တွေးမိတဲ့အထိ နာကျင်သကွ အဲဒီကတည်းက ကျုပ်ဟာ နာကျင်မှုဝေဒနာကို ပိတ်ဆို့ပေးနိုင်တဲ့ ဆေးတမျိုး ဖန်တီးရင်ကောင်းမယ်လို့ ကျုပ် တွေးမိလာခဲ့တယ် အရင်တုန်းကတော့ ကျုပ်ဆေးဟာ ကိုယ်ခန္ဓာစွမ်းအင်နိမ့်ပါးတဲ့လူတွေမှာပဲ အသုံးပြုနိုင်ခဲ့တယ် မင်းလို အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တွေအပေါ်မှာ မသုံးနိုင်ဘူး ဒါကြောင့် ကျုပ်ဟာ ဒီဆေးကို တိုးတက်လာအောင် အမြဲတမ်း တီထွင်ကြံဆနေခဲ့တယ် တနေ့ကပဲ ကက်ပီးယပ်စ်ရတနာတွေထဲမှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်ကို စိတ်ထွေပြားသွားအောင် လုပ်နိုင်တဲ့ နည်းလမ်းတမျိုးကို ကျုပ် တွေ့ခဲ့တယ် ဒါကို နည်းနည်းပါးပါး ပြောင်းလဲပြီး ကျုပ်ဆေးနဲ့ ပေါင်းစပ်လိုက်တယ် ခု ဒီဆေးကို မင်းအပေါ်သုံးကြည့်တာ မဆိုးဘူးပဲ အတော်လေး ထိရောက်ဟန်တူတယ်"
စုချန်း၏ ပုံစံမှာ အတော်လေး နှစ်ထောင်းအားရ ဖြစ်နေဟန်ပင်။
"မင်း...ငါ့ကို သတ်ပစ်လိုက်"
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်က ထအော်လိုက်၏။
"ဟာ ဘယ်ဖြစ်မလဲ မင်း ဒီလောက် လွယ်လွယ်နဲ့သေလို့ မရဘူးကွ မင်းတို့သဲမျိုးစိတ်တွေဟာ လူသားတွေနဲ့ အနီးစပ်ဆုံး တူတယ် အလင်းတုန်ခါခြင်းနယ်ပယ်ထဲဝင်နိုင်ဖို့ တူညီတဲ့နည်းလမ်းကို အသုံးပြုကြတယ် ဒါကြောင့် မင်းလောက်ကောင်းတဲ့ အစမ်းသပ်ခံရယ်လို့ ရှိပါအုံးမလားကွာ ကျုပ်အနေနဲ့ သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်ထဲ ဝင်နိုင်မဲ့နည်းလမ်း ရှာတွေ့ဖို့ဆိုရင် မင်းအကူအညီကို လိုတယ်ကွ"
"မင်း အိပ်မက်မက်နေတာပဲကွ"
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်က ဝမ်းခေါင်းသံကြီးနှင့် ထအော်လိုက်ပြန်၏။
စုချန်း သက်ပြင်းချလိုက်၏
"ဟုတ်တယ် မင်းပြောသလို ဒါ အိပ်မက်ပဲ ဒါပေမဲ့ မင်းလဲသိတဲ့အတိုင်းပဲ မင်း များများလုပ်လေလေ ကောင်းတာများများ ရလေလေပဲကွ အိပ်မက်တွေဟာလဲ ဒီအတိုင်းပဲပေါ့ကွာ ကျုပ်ဆရာဟာ အိပ်မက်နှစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဒါကြောင့် ဒီအိပ်မက်ဟာ ဘာမျှော်လင့်ချက်မှ မရှိတဲ့ ခြောက်အိပ်မက်မျိုး မဟုတ်တော့ဘူး တကယ် ဖြစ်နိုင်ချေရှိတဲ့ အိပ်မက်မျိုး ဖြစ်လာပြီ...ဒါ အရေးကြီးဆုံးပဲလေကွာ"
ဤနေရာအရောက်တွင် စုချန်းက စကားကို ခေတ္တရပ်တန့်လိုက်၏။ တဖန် သူက စကားဆက်လိုက်ပြန်သည်။
"အိပ်မက်နောက်ကိုလိုက်တယ်ဆိုတာ အင်မတန် အန္တရာယ်များတဲ့ လုပ်ငန်းစဥ်ပဲကွ ဒါပေမဲ့ ကျုပ်မှာ ဒါဟာ ဖြစ်နိုင်ချေရှိပြီး အကောင်အထည်ဖော်နိုင်မဲ့ အိပ်မက်ဆိုတာ ယုံကြည်ချက်အပြည့်ရှိတယ် ဒါကြောင့်လဲ ခုလို စဥ်ဆက်မပြတ် လေ့လာနေရတာပေါ့ကွာ"
"ခွေးမသား...ဒါ ငါနဲ့ ဘာဆိုင်သလဲ"
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်က အံကြိတ်ရင်း ထအော်လိုက်၏။
စုချန်းက ပုခုံးတွန့်ပြလိုက်သည်။
"မင်းဟာ ကျုပ်ရဲ့ အစမ်းသပ်ခံပဲလေကွာ သဘောကက ကျုပ်မှာ မင်းနဲ့ လုပ်စရာရှိတယ်လို့ ဆိုလိုတာပဲ"
"ခွေးမသား မင်းကိုငါ သတ်မယ်"
စုချန်းသည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အား ဂရုမစိုက်တော့ပဲ မှတ်စုထဲတွင် အောက်ပါအတိုင်း ရေးမှတ်လိုက်၏။
'နှလုံးသားကင်းမဲ့ခြင်းဆေးသည် နာကျင်မှုအား အထူးတလည် တားဆီးနိုင်စွမ်းရှိသည်။ အစမ်းသပ်ခံသည် ကောင်းမွန်စွာ သတိရလျက်ရှိပြီး ကိုယ်တွင်းအင်္ဂါများမှာလည်း အကောင်းပကတိပင်။ မည်သည့် ဘေးထွက်ဆိုးကျိုးမှ မတွေ့ရ။ ထို့ကြောင့် ဤဆေးအား အသုံးမပြုရန် မည်သည့်အကြောင်းပြချက်မှ မတွေ့ရ'
မှတ်စုအတွင်း ရေးမှတ်ပြီးသည်နှင့် စုချန်းက အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အား တောင်းပန်သည့်လေသံနှင့် ပြောလိုက်ပြန်သည်။
"ဒါနဲ့ ကျုပ် တောင်းပန်ပါတယ်ကွ ကျုပ် နည်းနည်းလမ်းလွဲသွားတယ် ကျုပ်တို့ရဲ့ အဓိကရည်ရွယ်ချက်က သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်ထဲ ဝင်နိုင်မဲ့နည်းလမ်းကို ရှာတွေ့ဖို့ပဲမလား ကျုပ် လေ့လာချင်တာတွေက များနေတော့ ဟိုရောက်ဒီရောက် ဖြစ်ကုန်ပြီ ဒါပေမဲ့ မင်း စိတ်မပူပါနဲ့ ကျုပ်တို့ မကြာခင် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်သွားမှာပါ ဟုတ်ပြီလား"
"ဘာ လမ်းကြောင်းမှန် ဟုတ်လား...ခွေးမသား"
ထို့နောက် စုချန်းသည် ဓားကိုပြန်ကိုင်ပြီး အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အား ခွဲစိတ်လိုက်ပြန်သည်။ ဤတကြိမ်တွင်တော့ သူက ၎င်း၏ ဝမ်းဗိုက်မှ ရင်ဘတ်တိုင်အောင် ခွဲချလိုက်လေသည်။ ခွဲနေရင်းနှင့်ပင် သူက အောက်ပါအတိုင်း ပြောလိုက်ပြန်၏။
"မင်းရဲ့ရင်ဘတ်ကို ဖွင့်လိုက်ပြီ ကိုယ်တွင်းအင်္ဂါတွေသာ မထိခိုက်ရင် မင်းတို့လို အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တွေဟာ ဒီလိုအနေအထားနဲ့ သုံးရက်လောက်ထိ အသက်ရှင်နိုင်တယ် ဒါပေမဲ့ ကျုပ်က မူလစွမ်းအင်ထိန်းချုပ်ဆေးကို သုံးထားတော့ မင်းဟာ မူလစွမ်းအင်ကို မသုံးနိုင်ဘူး အပြင်အားကိုလဲ မထုတ်နိုင်ဘူး ဒါကြောင့် မင်းဟာ သုံးနာရီလောက်ပဲ အသက်ရှင်နိုင်တော့ဘူး ဒီထက်ပိုပြီး အသက်ရှင်ချင်ရင်တော့ မင်းအနေနဲ့ ကြာပန်းအုတ်မြစ်ကို အစွမ်းကုန် နိုးဆွထားဖို့ပဲ ရှိတော့တယ်"
"ငါ့ကို သေခွင့်ပေးပါတော့ကွာ"
စုချန်း သက်ပြင်းချလိုက်ပြန်သည်။
"မင်း ဒီလိုမလုပ်ချင်ရင် လုပ်ချင်လာအောင် ငါက ဖိအားပေးရမှာလဲ ဒါဆိုရင် အတော်လေး နာကျင်လိမ့်မယ်နော်"
စကားဆုံးသည်နှင့် စုချန်းက အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အား လက်ညိုးနှင့် ထောက်ချလိုက်သည်။
အား!!!
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် နာကျင်စွာ အော်ဟစ်ငြီးငြူလိုက်၏။
စုချန်းအနေနှင့် နှလုံးသားကင်းမဲ့ခြင်းဆေးကို သုံးထားသည့်တိုင် သူ ဘာကြောင့် ဤမျှ နာကျင်သွားမှန်း အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် နားမလည်နိုင်ပဲ ဖြစ်နေ၏။
စုချန်းက ရှင်းပြလိုက်ပြန်သည်။
"ဒါ ဝိညာဥ်ထိုးဖောက်ခြင်းအပ်လို့ ခေါ်သကွ တစုံတယောက်ရဲ့ ဝိညာဥ်ကို တိုက်ရိုက်တိုက်ခိုက်တဲ့ နည်းစနစ်တရပ်ပဲ ဆိုပါတော့ ဒီလိုအနေအထားမျိုးမှာ နှလုံးသားကင်းမဲ့ခြင်းဆေးက မစွမ်းတော့ဘူးကွ ဒါလဲ ကက်ပီးယပ်စ်လျှို့ဝှက်အခန်းထဲက ကျုပ်ရလိုက်တဲ့ နည်းလမ်းတမျိုးပဲ ဒီနည်းလမ်းကို ကျုပ် သိပ်မကျွမ်းသေးဘူး ခုတော့ အတော်ပဲ မင်းကိုအကြောင်းပြုပြီး ကျွမ်းကျင်အောင် လေ့ကျင့်ခွင့်ရတော့မယ် ခဲတလုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်သလိုပေါ့ကွာ"
စကားဆုံးသည်နှင့် စုချန်းက ထရယ်လိုက်လေသည်။
စုချန်း၏ ရယ်သံမှာ နတ်ဆိုးတကောင်၏ ရယ်မောသံနှင့် တူလှသည်ဟု အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ စိတ်ထဲတွင် ခံစားနေရ၏။
ပြင်းထန်လှသော နာကျင်မှုကြောင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ ဝိညာဥ်မှာ ငရဲသို့ ဆွဲခေါ်ခံနေရသကဲ့သို့ ရှိလေသည်။
စုချန်း၏ လက်ညိုးတကြိမ် ထိုးစိုက်လာတိုင်း အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်သည် အူသည်းလှိုက်သည်းနာကျင်မှုကို ခံစားရ၏။ ထိုနာကျင်မှုကို အလိုအလျောက် ခုခံရန် ၎င်း၏ ကိုယ်ခန္ဓာက ကြိုးစားနေ၏။ သိပ်မကြာမီ ၎င်း၏ တကိုယ်လုံးသည် အဖြူရောင်တောက်ပလာတော့သည်။
အဆိုပါ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာသည်နှင့် စုချနးသည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ ကိုယ်တွင်းရှိ စွမ်းအင်များ မည်သို့ဖြန့်ဖြူးသည်ကို အသေးစိတ်လေ့လာကာ ထိုစွမ်းအင်ကို မည်သို့ဖန်တီးရမည်ကို နည်းလမ်းရှာ၏။
ယခင်က စုချန်းသည် ဝေပိုင်၏ ကိုယ်ခန္ဓာအား လေ့လာဖူးသော်လည်း ဝေပိုင်သည် လက်နက်ချသွားပြီဖြစ်၍ ၎င်းအပေါ် သွေးထွက်သံယိုနည်းလမ်းများ အသုံးပြုရန် မသင့်လျော်လှ။ ထို့ကြောင့် စုချန်းအနေနှင့် ဝေပိုင်၏ ကိုယ်ခန္ဓာအား ကျကျနန မလေ့လာနိုင်ခဲ့။
ယခုတော့ သဲမျိုးစိတ်ဝင်အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ အကူအညီနှင့် အရာခတ်သိမ်းမှာ များစွာ လွယ်ကူသွားခဲ့လေပြီ။ စုချန်းသည် ရန်သူအပေါ် ညှာတာတတ်သူမဟုတ်။ ထို့ကြောင့် သူသည် နည်းလမ်းပေါင်းစုံကိုသုံးကာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ ကိုယ်ခန္ဓာအား အသေးစိတ် လေ့လာတော့သည်။
ဤနေရာတွင် အကောင်းဆုံးအပိုင်းမှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များဟူသည် လွန်စွာ အသက်ပြင်းပြီး လွယ်လွယ်နှင့် သေနိုင်သူများမဟုတ်။ ထို့ကြောင့် စုချန်းအနေနှင့် အစမ်းသပ်ခံအား အကြိမ်ပေါင်းများစွာ လေ့လာနိုင်ခြင်းပင်။
အချိန်ကြာလာသည်နှင့်အမျှ မဆုတ်မနစ်သော လုံလစိုက်ထုတ်မှုနှင့် အမြင်သန်မှုကြောင့် စုချန်းသည် သဲမျိုးစိတ်ဝင်အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ ကြာပန်းအုတ်မြစ်လျှို့ဝှက်ချက်များအား ပို၍ နားလည်လာ၏။ နောက်ဆုံးတွင်တော့ သူသည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ ကိုယ်ခန္ဓာအား ကာယကံရှင်ထက်ပင် ပို၍ သိရှိလာတော့သည်။
ဤတကြိမ်တွင် စုချန်းသာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှင့် ထိပ်တိုက်ရင်ဆိုင်ရပါက အနိုင်မရသည့်တိုင်အောင် တရက်ခန့် သူတင်ကိုယ်တင် ယှဥ်ပြိုင်နိုင်စွမ်းရှိလာပြီ ဖြစ်သည်။
နှစ်နာရီခန့်အကြာတွင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်သည် သေလုမြောပါး ဖြစ်လာ၏။ ထိုအခါကျမှ စုချန်းက စမ်းသပ်ခြင်းကို ရပ်တန့်လိုက်လေသည်။
"သိပ်ကောင်းတယ် ငါ့အနေနဲ့ ဒီထက် မြန်မြန် ခရီးရောက်ချင်ရင် အစမ်းသပ်ခံတွေ လိုကိုလိုတယ် ကံဆိုးတာက သူ့ကို တကြိမ်သုံးပြီးရင် ဆယ်ရက်လောက် အနားပေးထားရတော့ နောက်တခေါက် စမ်းသပ်ဖို့ ဆယ်ရက်ထပ်စောင့်ရတာပဲ"
သို့သော် စုချန်း၏ အမူအရာမှာကား အနည်းငယ်မျှ နောင်တရဟန်မတူပဲ နှစ်ထောင်းအားရနေဟန်ရှိသည်။
ထို့နောက် စုချန်းသည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ ဒဏ်ရာများအား ကျကျနန ဆေးထည့်ပေးပြီး ၎င်းအား ရေခဲအိတ်ထဲတွင် ထည့်ထားလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"တွေ့လား ဘယ်လောက်လွယ်သလဲဆိုတာ ကဲ မင်းလဲ အနားယူလိုက်အုံး ကျုပ် အလုပ်ဆက်လုပ်လိုက်အုံးမယ်"
***