မှတ်မိပြီ
Vol. 56 Ch. 558
မြွေပျံတပ်ဖွဲ့များကား တယောက်မှမကျန်အောင် သုတ်သင်ရှင်းလင်းခံရပြီးနောက် ထပ်မံ ပေါ်မလာတော့ချေ။
သို့တိုင်အောင် ချီမင်းဖန်ကား အထီးကျန်ငန်းနက်နယ်မြေမှာ အမြန်ဆုံး ထွက်ခွာနိုင်ရန် တပ်ဖွဲ့ဝင်များအား လောဆော်နေ၏။
ဂဲရစ်ဆန်ရဲတိုက်မှ ထွက်ခွာခဲ့ပြီး ခြောက်ရက်မြောက်နေ့တွင် အဝေးဆီမှ တလိမ့်လိမ့်ထလာသော ဖုန်မှုန့်ကြီးများကို လူတိုင်း မြင်တွေ့လိုက်ရသည်။
၎င်းကိုမြင်သည်နှင့် ချီမင်းဖန်နှင့်ကျူးပိုင်ယုတို့သည် လေထဲသို့ ခုန်တက်သွားကာ အခြေအနေက်ို စစ်ဆေးလိုက်ကြ၏။ ထို့နောက် မြေပေါ်သို့ ပြန်ဆင်းလာပြီး ချီမင်းဖန်က ပြောလိုက်သည်။
"ဒီကောင်တွေ ကျုပ်တို့နောက် တောက်လျှောက်လိုက်လာကြပုံပဲ ဒီတခေါက်တော့ လူ အတော်များတယ် ပေါလ်လဲ ပါလာတာတွေ့တယ်"
"စစ်သားဘယ်နှစ်ယောက်လောက်ပါလာသလဲ"
စုချန်းက မေးလိုက်၏။
"သုံးထောင်လောက်ရှိမယ် ဒီထက် များရင်လဲများမယ်"
"များလှချီလား ဒီအတိုင်းဆိုရင်တော့ ကျုပ်တို့ နောက်ထပ် တိုက်ပွဲကြီးတပွဲ ဆင်နွှဲရအုံးမှာပေါ့"
ပါ့လီယွမ်က သက်ပြင်းချရင်း ပြောလိုက်လေသည်။
"ခင်ဗျားပြောသလို ဟုတ်ချင်မှဟုတ်မှာပါ"
စုချန်း၏ စကားကြောင့် လူတိုင်း ကြောင်တောင်တောင်ဖြစ်သွား၏။
အမ်...ဒီကောင် ဘာစကားပြောလိုက်တာလဲဟ...
ထိုစဥ် စုချန်းက ကောင်းကင်ကို မော့ကြည့်ရင်း ပြောလိုက်ပြန်သည်။
"အစ်ကိုကြီးချီ ခင်ဗျားအနေနဲ့ လေစီးကြောင်းတခု ဖန်တီးပြီး သူတို့ဘက်ကို တိုက်ခတ်အောင် လုပ်နိုင်မလား"
"ကျုပ် လုပ်နိုင်ပါတယ်"
ထိုအခါ စုချန်းက သူ့အိပ်အတွင်းမှ ဆေးပုလင်းငယ်တလုံးကို ဆွဲထုတ်ပြီး ပြောလိုက်သည်။
"ဒါဆိုလဲ အစ်ကိုကြီးချီ ကျုပ်အနေနဲ့ ဒီအထဲက အရာတွေကို သူတို့ဆီ လွင့်သွားစေချင်တယ်"
ချီမင်းဖန်၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ယှက်သန်းလာ၏။
"ဒါ..."
"ဒါကို အရင်က ခင်ဗျား မြင်ဖူးပါတယ်လေ"
ချီမင်းဖန်သည် စုချန်းလက်ထဲမှ ပုလင်းကိုယူပြီး အဖုံးကို ဖွင့်ကြည့်လိုက်၏။ ပုလင်းဝဆီမှ ပန်းရောင်အခိုးအငွေ့များ အူခနဲ ထွက်လာသည်။ ထိုအခိုးအငွေ့များသည် အန္တရာယ်များလှကြောင်း ချီမင်းဖန် ချက်ချင်းသဘောပေါက်လိုက်၏။ ထို့နောက် သူက ချက်ချင်းပင် လေစီးကြောင်းတခုဖန်တီးကာ အဆိုပါ ပန်းရောင်အခိုးအငွေ့များအား သဲမျိုးစိတ်ဝင်တပ်ဖွဲ့များဆီသို့ လွင့်မြောသွားစေလိုက်၏။ သိပ်မကြာမီ ပန်းရောင်အခိုးအငွေ့များသည် လေနှင့်အတူ အစအနပင် မကျန်တော့ပဲ ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်မှာပင် ထောင်နှင့်ချီသော သဲမျိုးစိတ်ဝင်စစ်သားများသည် ပန်းရောင်အခိုးအငွေ့များရှိရာသို့ တဟုန်ထိုးချီတက်လာကြ၏။
၎င်းကိုကြည့်ရင်း ပါ့လီယွမ်က မှတ်ချက်ပြုလိုက်သည်။
"ကြည့်ရတာ ဘာမှလဲမဖြစ်သလိုပါကလား"
"သိပ်အလျင်မလိုပါနဲ့လေ ခင်ဗျား သိပ်မကြာခင် မြင်ရပါလိမ့်မယ်"
စုချန်းက ရယ်မောရင်း ပြောလိုက်သည်။
ထိုအချိန်တွင် ကုလားအုတ်မြေခွေးများအား စီးနင်းလာသည့် သဲမျိုးစိတ်ဝင်စစ်သားများသည် လေထဲတွင် ပျံ့နှံ့နေသော ပန်းရောင်အခိုးအငွေ့များနှင့် စတင်ဆုံတွေ့မိပြီ ဖြစ်သည်။ ရုတ်ချည်းဆိုသလိုပင် ပထမဆုံး ထိတွေ့မိပုံရသော သဲမျိုးစိတ်ဝင်သည် နာကျင်စွာ ထအော်လိုက်၏။ တချိန်တည်းမှာပင် ၎င်း၏ မျက်နာပေါ်ရှိ အသားစိုင်များသည် အရည်ပျော်သွားပြီး အရိုးချည်းသာ ကျန်ရစ်တော့သည်။ ၎င်းစီးနင်းလာသော ကုလားအုတ်မြေခွေးသည်လည်း နာကျင်စွာ ငြီးငြူပြီး မြေကြီးပေါ်သို့ ဘိုင်းခနဲ ပစ်လဲသွားတော့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် အနှီ ဆွေးမြေ့စေတတ်ပုံရသော အခိုးလှိုင်းကြီးနှင့် ပိုမိုများပြားသော ကုလားအုတ်မြေခွေးများသည် ထိပ်တိုက်ရင်ဆိုင်မိကြကုန်၏။ ကုလားအုတ်မြေခွေးများ၏ နာကျင်စွာ အော်ဟစ်ငြီးငြူသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။
ယန်ဖွင့်လှစ်ခြင်းနယ်ပယ် သို့မဟုတ် ထိုထက်ပိုမြင့်သော နယ်ပယ်တွင် ရှိနေသည့် သဲမျိုးစိတ်ဝင်စစ်သားများသာလျင် အနှီ အဆိပ်အခိုးအငွေ့များကို ရှောင်ရှားနိုင်ကြ၏။
သိပ်မကြာမီ အဆိပ်သင့်နေသော သဲမျိုးစိတ်ဝင်စစ်သားများ၏ အော်သံများ၊ ငြီးငြူသံများ ပျောက်ကွယ်သွားပြီး အလုံးစုံ တိတ်ဆိတ်သွားတော့သည်။ ဖုန်ဆိုးမြေတခွင်တွင်လည်း ကြောက်စရာကံကြမ္မာဆိုးနှင့် ရင်ဆိုင်လိုက်ရသော သဲမျိုးစိတ်ဝင်စစ်သားများနှင့် ပြည့်နှက်နေ၏။
အလွန်ကံကောင်းသော တချို့သာလျင် ယခုအချိန်ထိ မားမားမတ်မတ် ရပ်နေနိုင်ကြလေသည်။ သို့တိုင်အောင် ကြောက်စရာမြင်ကွင်းကို မျက်ဝါးထင်ထင်မြင်လိုက်ရသောအခါ ၎င်းတို့သည် ငယ်သံပါအောင် အော်ဟစ်ကြကုန်၏။
ကျူးပိုင်ယုကိုယ်တိုင်ပင် ယောင်တောင်ပေါင်တောင်နှင့် မေးလိုက်မိသည်။
"ဒီလောက်တောင် ကြောက်စရာကောင်းတာ ဘာအဆိပ်မို့လို့လဲ"
"အလောင်းကောင်ဝိညာဥ်ပန်းကနေ ထုတ်ထားတဲ့ အဆိပ်တမျိုးပဲ ဆိုပါတော့"
စုချန်းက ပြန်ဖြေလိုက်သည်။
အလောင်းကောင်ဝိညာဥ်ပန်းများဟူသည်ကား လွန်စွာ အဆိပ်ပြင်းလှသည်။ ၎င်းတို့ထံမှ ထုတ်နှုတ်ဖန်တီးထားသော ပလိပ်ရောဂါဆေးကဲ့သို့သော ဆေးမျိုးသည် လူအမြောက်အများကို သေဆုံးသွားစေနိုင်၏။ စုချန်း၏ ဆေးမှာ ထိုမျှလောက်ပင် အစွမ်းမထက်သေးချေ။ သို့တိုင်အောင် သဲမျိုးစိတ်ဝင်ထောင်ဂဏန်းကို စက္ကန့်ပိုင်းမျှနှင့်ပင် ရှင်းပစ်နိုင်သေးသည်။ ကြောက်စရာအစွမ်းပေတည်း။
အဂ္ဂိရတ်ပညာရှင်တစ်ယောက်သည် ဤမျှ ကြောက်စရာကောင်းမှန်း တယောက်မှ ထင်မထားချေ။ ထိုအခါ လူတိုင်းသည် စုချန်းအား ကြောက်လန့်တကြားနှင့် စိုက်ကြည့်မိကြတော့သည်။
ကျူးပိုင်ယုက မေးလိုက်ပြန်သည်။
"မင်းအနေနဲ့ ဒီလိုအဆိပ်မျိုးကို ကျူးမျိုးနွယ်စုဆီ မရောင်းပေးချင်ဘူးလား"
စုချန်းက ခေါင်းခါပြလိုက်သည်။
"မေ့လိုက်ပါဗျာ ဒီကိစ္စကို စဥ်းတောင်မစဥ်းစားပါနဲ့ ဒီအဆိပ်က ကြောက်စရာကောင်းလွန်းတယ် မြို့တမြို့ကိုတောင် အလွယ်တကူ ရှင်းပစ်နိုင်တယ် ကျုပ်အနေနဲ့ လူစိတ်မရှိတဲ့ သဲမျိုးစိတ်ဝင်တွေကို ရှင်းပစ်ရမှာမို့သာ ဒီအဆိပ်ကို ထုတ်သုံးတာ ကျန်တဲ့အချိန်ဆိုရင် တွေးတောင်မတွေးဘူး"
ထိုစကားကို ကြားသောအခါ ကျူးပိုင်ယုက ထပ်မံတိုက်တွန်းခြင်းမပြုတော့။
"ဒါဆိုလဲ ရှိပါစေတော့ ဒီအဆိပ်က တကယ်လဲ ကြောက်စရာကောင်းလွန်းတယ် ဒါမျိုးအဆိပ်သာ ပျံ့နှံ့သွားရင် ကပ်ဆိုက်တာထက် ဆိုးလိမ့််ယ်"
"ကောင်းပြီ ဒါဆိုလဲ ကျုပ်တို့ ဘာကြောင့်အချိန်ဖြုန်းနေအုံးမှာလဲ တိုက်ရမဲ့တိုက်ပွဲက တိုက်ကိုတိုက်ရမှာပဲ သူတို့ဘက်မှာ ရှင်ကျန်သူတွေ ရှိသေးတယ်ဆိုတာ ခင်ဗျားတို့ မမေ့ကြနဲ့လေ"
စုချန်းက တောင်ခွဲဓားကို ဆွဲထုတ်ပြီး ပြောလိုက်၏။
ထိုအချိန်တွင် ကျန်သဲမျိုးစိတ်ဝင်စစ်သားများကား ပြန့်ကျဲနေသော တပ်ဖွဲ့များကို ပြန်လည်စုစည်းပြီး စစ်ချီရန် ပြင်ဆင်နေကြလေပြီ။ပေါလ်ကိုယ်တိုင်လည်း အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၂ယောက်၊ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်အယောက်၂၀ကျော်နှင့်အတူ ထိုနေရာတွင် ရှိနေ၏။
ပေါလ်၏ သန်စွမ်းသော ကိုယ်ခန္ဓာသည် သဲမျိုးစိတ်များအကြားတွင် ထိုးထိုးထောင်ထောင်နှင့် ရှိနေ၏။ ၎င်းက ချီမင်းဖန်နှင့်ကျန်လူများရှိရာသို့ လှမ်းကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။
"အားလုံး ရှေ့ကိုချီတက်"
"ချီတက် ငါတို့ညီအစ်ကိုတွေအတွက် လက်စားချေမယ်"
ကျန်သဲမျိုးစိတ်ဝင်စစ်သားများကလည်း ပြိုင်တူအော်ဟစ်ကြွေးကြော်လိုက်ကြသည်။
သံပြိုင်ကြွေးကြော်သံအဆုံးဝယ် ဖုန်မှုန့်များ တအူအူထွက်လာ၏။ သူတို့ စတင်ချီတက်လာကြလေပြီ။
စုချန်း၏ အဆိပ် မည်မျှပင် အစွမ်းထက်စေကာမူ တိုက်ပွဲကတော့ ရှောင်လွှဲရတော့မည့်ဟန်မပေါ်။
"သူတို့ဘက်မှာ နောက်ထပ် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ပါလာသကွ"
ချီမင်းဖန်က ထိုသို့ ပြောလိုက်ပြီး စုချန်းအား ငဲ့ကြည့်လိုက်၏။
စုချန်းကား ဘာလုပ်ရမည်မှန်း တွေးထားပြီးလေပြီ။
"ဒါကို ကျုပ်တာဝန်ထားလိုက်ဗျာ"
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များနှင့် အဆက်မပြတ် ရင်ဆိုနေရခြင်းကြောင့် စုချန်းသည် ၎င်းတို့အင်အားအား များစွာ သဘောပေါက်နားလည်လာခဲ့ပြီ ဖြစ်သည်။ သူနှင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များအကြား ကွာဟချက်မှာလည်း ပို၍ ကျဥ်းမြောင်းလာခဲ့ပြီ ဖြစ်သည်။ ဝိညာဥ်ပေါင်းစပ်ထားသော တောင်ခွဲဓားအား ထည့်ပေါင်းလိုက်သောအခါ စုချန်းအနေနှင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှင့် ရင်ဆိုင်ရန် ကြောက်ရွံ့ခြင်းမရှိတော့။
စုချန်း၏ စကားကိုကြားသောအခါ ချီမင်းဖန်က မသိမသာပြုံးရင်း ပြောလိုက်သည်။
"သွေးဗီဇတောင်မရှိတဲ့ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်က အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နဲ့ တိုက်ခိုက်မတဲ့လား ဒီအတိုင်းဆိုရင် မင်းသားလေးစုရဲ့အမည်နာမက ကောင်းကင်ဘုံထိ ပဲ့တင်ရိုက်ခတ်ကုန်တော့မှာပဲ"
စုချန်းက အေးဆေးတည်ငြိမ်သောလေသံနှင့် ပြန်ဖြေလိုက်သည်။
"ကျုပ်နာမည် ကောင်းကင်ဘုံအထိ ရိုက်ခတ်နေစရာ မလိုပါဘူးဗျာ ခုချိန်မှာကျုပ်သိတာ တခုပဲ ရှိတယ် အဲတာဘာလဲဆိုတော့ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တွေဟာ ကျုပ်အတွက် အစမ်းသပ်ခံတွေ ဆိုတာပဲ ဒီတော့ ခင်ဗျား ကျုပ်ကို ကူညီချင်ရင် စကားအပိုတွေ ပြောမနေနဲ့ သူတို့ကို အသက်ရှင်လျက် လက်ရဖမ်းပြီး ကျုပ်ဆီ လက်လွှဲပေး"
"ဒါပေမဲ့ ကြာပန်းငါးပွင့်အဆင့် ပညာရှင်တယောက်ို ရင်ဆိုင်ဖို့ဆိုတာ မလွယ်လှဘူးကွ"
ကျူးပိုင်ယု၏ စကားသံ ဖြစ်သည်။
"ရော့"
ချက်ချင်းဆိုသလို ဆေးပုလင်းတချို့ကို ဆွဲထုတ်ကာ ကျူးပိုင်ယုထံသို့ စုချန်းက ပစ်ပေးလိုက်၏။
ထိုဆေးပုလင်းတို့ကို မြင်သော် ကျူးပိုင်ယု၏ မျက်နှာတွင် နှစ်ထောင်းအားရဟန်ပေါ်လာသည်။
"ဒါတွေနဲ့ဆိုရင်တော့ ပိုပြီး လွယ်ကူသွားတာပေါ့ကွာ"
"ဒါဆို ကျုပ်တို့ တိုက်ပွဲအတွက် ပြင်ဆင်ကြတာပေါ့"
ပြောပြောဆိုဆို စုချန်းသည် ဆေးအသီးသီးကို ဆွဲထုတ်ကာ လူတိုင်းလက်ထဲသို့ ထည့်ပေးလိုက်သည်။
အဂ္ဂိရတ်ပညာရှင်တယောက်ကား နေရာတကာတွင် အသုံးဝင်လှချေသည်တကား။
ထိုအချိန်တွင် ချီတက်လာသော သဲမျိုးစိတ်ဝင်များသည် စုချန်းတို့နှင့် နီးကပ်လာပြီ ဖြစ်သည်။ အော်ဟစ်ကြွေးကြော်သံများ သောင်းသောင်းဖြညံနေ၏။ ကြမ်းတမ်းရက်စက်သော တိုက်ပွဲကား အစပြုခဲ့ချေပြီ။ သနားညှာတာခြင်း အလျင်းမရှိပဲ အလုံးစုံ သွေးလွှမ်းသောတိုက်ပွဲ ဖြစ်သည်။ ဤအခိုက်အတန့်တွင် သဲမျိုးစိတ်ခေါင်းဆောင်သည်ပင် ကျန်တပ်ဖွဲ့ဝင်များနှင့်အတူ တိုက်ပွဲဝင်နေခဲ့လေပြီ။
သွေးများ ၊ဖုန်မှုန့်များ နေရာအနှံ့တွင် ပလူပျံနေ၏။ လူတိုင်းသည် ရေကုန်ရေခန်း တိုက်ပွဲဝင်နေကြပြီဖြစ်သည်။
လူအများထဲတွင် အနည်းငယ်သက်တောင့်သက်သာရှိသူမှာ ကျူးရှန်းယောင်တယောက်သာ ရှိသည်။ သူမသည် ကောင်းကင်မြေခွေးသွေးဗီဇ၏ ဖမ်းစားခြင်းနည်းစနစ်များကိုသုံးကာ သဲမျိုးစိတ်ဝင်များအား ထိန်းချုပ်၏။ ၎င်းတို့အား သူမတို့ဘက်မှ ဝင်တိုက်စေ၏။
အချိန်တိုင်းလိုလိုတွင် သူမသည် တိုက်ပွဲစည်းဝိုင်း၏ အပြင်တွင်သာ ရှိနေလေသည်။ ရံဖန်ရံခါတွင်တော့ သူမသည် အရေးနိမ့်နေသည့် မိမ်ိ တပ်ဖွဲ့ဝင်များအား ဝင်ရောက်ကူညီလေ့ရှိသည်။ သို့သော် အချိန်အများစုတွင် သူမ၏ အကြည့်သည် စုချန်းထံတွင်သာ ရှိနေ၏။
စုချန်းသည် ကြောက်စရာကောင်းလှသော စွမ်းအားများကို ဖော်ထုတ်တိုက်ခိုက်နေ၏။ သူ၏ ကမ္ဘာဦးသွေးပုံရိပ်သည် အနက်ရောင်အခိုးအငွေ့များ တလျှံလျှံနှင့် ရှိလေသည်။ ထိုအထဲတွင် တောင်ခွဲဓား၏ အင်အားကိုပါ ပေါင်းစပ်လိုက်သောအခါ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်သည်ပင် အရေးမလှပဲ ရှိနေ၏။
စုချန်းကား ကြောက်စရာကောင်းလှချေသည်တကား။
စုချန်း၏ တိုက်ခိုက်ပုံကိုကြည့်ရင်း ကျူးရှန်းယောင် ရင်တုန်ပန်းတုန် ခံစားလိုက်ရသည်။
သွေးဗီဇမရှိသူတဦး၏ ပကတိအင်အားကို ဖော်ထုတ်ပြနေသော စုချန်း။ ၎င်းကိုကြည့်ရင်း သွေးဗီဇအပေါ် ကျူးရှန်းယောင်၏ အထင်ကြီးမှုများသည်ပင် ယိမ်းယိုင်စပြုလာ၏။
တဆက်တည်းမှာပင် ယွဲ့လောင်ရှ၏ စကားသံများအား သူမ ပြန်လည်ကြားယောင်လာလေသည်။ ထို့နောက် အတိတ်မှ အကြောင်းချင်းရာများနှင့် ပတ်သက်သည့် ပကတိအမှန်တရားအား သူမ ပြန်လည်သတိရစပြုလာ၏။
သူမ၏ စိတ်အစဥ်သည်လည်း အတိတ်ဆီသို့ ပြန်လည်ပြေးလွှားသွားလေသည်။
ထိုကနေ့ ညနေခင်းတွင် သူမနှင့်စုချန်းအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲ၊ တောအုပ်ငယ်အတွင်းမှ ပြင်းထန်သော တိုက်ပွဲကြီး၊ နဂါးကျောင်းတော်အတွင်းဝယ် တဦးနှင့်တဦး ကတုံးပေါ်ထိပ်ကွက်ရန် ကြိုးစားနေကြပုံများ စသည် စသည်တို့သည် ရုပ်သေကားချပ်များသဖွယ် ကျူးရှန်းယောင်၏ အာရုံအတွင်းဝယ် ထင်ဟပ်လာ၏။
တဆက်တည်းမှာပင် စုချန်းနှင့်သူမတို့သည် တယောက်နှင့်တယောက် စကားစမြည်ပြောလျက် လမ်းလျှောက်လာပုံကို ကျူးရှန်းယောင် မြင်ယောင်လာသည်။
"ရှင့်အနေနဲ့ ဒါဟာ ကျော်လွှားဖို့ မဖြစ်နိုင်တဲ့ အကွာအဝေးလို့များ မထင်ဘူးလား"
"ဘာလို့ထင်ရမှာတုန်းဗျ ကျုပ်စိတ်ထဲမှာ ဒီကိစ္စဟာ ကျင့်ကြံခြင်းနယ်ပယ်ခုနှစ်မျိုးကို သွေးဗီဇမပါပဲ ဝင်ရောက်နိုင်မဲ့နည်းလမ်းမျိုး တီထွင်ရတာလောက်တောင် ခက်လိမ့်မယ်လို့ မထင်ဘူး ပြီးတော့ မိုင်ထောင်နဲ့ချီနေတဲ့ ခရီးစဉ်ကို ပထမခြေတလှမ်းကနေ စရတာပဲလေဗျာ သွားရမဲ့ခရီးက အရမ်းဝေးနေရင် ကျုပ်အနေနဲ့ ပိုပြီး မြန်မြန်သွားရုံပေါ့"
"သဘောတူညီချက်ရဲ့ နောက်ဆုံးပိုင်းကို ရှင့်အနေနဲ့ နည်းနည်းပါးပါး မပြောင်းပေးနိုင်ဘူးလား"
"ရှင်တို့ဟာ နောက်ဆုံးမှာ မိန်းကလေးယွဲ့နဲ့ ကျွန်မနဲ့ အတူရှိနေတယ်ဆိုတဲ့ လံကြုတ်ဇာတ်လမ်းကို ခင်းဖို့ မူလက စီစဉ်ထားတယ်မလား...အဲဒီနေရာမှာ မိန်းကလေးယွဲ့အစား ရှင့်ကိုယ်ရှင် အစားထိုးလိုက်လို့ရမလား"
ရှင့်ကိုယ်ရှင် အစားထိုးလိုက်လို့ရမလား..
ရှင့်ကိုရှင်....
ကျူးရှန်းယောင်၏ တကိုယ်လုံးသည် ပြင်းထန်စွာ တုန်ယင်သွား၏။
မှတ်မိပြီ...
အရာခတ်သိမ်းအား သူမ မှတ်မိသွားလေပြီ...
လက်စသတ်တော့ ရှေးယခင်ကတည်းက စုချန်းအား သူမ သဘောကျမိနေခြင်းပေတကား။
***