← Chapters

ခြုံခိုတိုက်ခိုက်ခြင်း

Vol. 57 Ch. 563

ခြုံခိုတိုက်ခိုက်ခြင်း

Vol. 57 Ch. 563

ကျူးရှန်းယောင်သည် လူသူရှုပ်ထွေးနေသော လမ်းတလျှောက် စုချန်းနှင့်အတူ လျှောက်နေရင်း အလွန်ပျော်ရွှင်နေရှာ၏။

လက်ရှိ သူမ၏ ပုံစံမှာ ပီဘိအရိုးခံမိန်းကလေးတဦးနှင့် တူလှသည်။ ဒေါသထွက်သည့်အချိန်တွင် ကြောက်စရာကောင်းလှသော်လည်း ကျန်အချိန်များတွင်တော့ ကျူးရှန်းယောင်သည် ချစ်စရာကောင်းလှ၏။ သူမကို လှမ်းကြည့်မိသူ မည်သူမဆို နှစ်ခါ ပြန်မကြည့်ပဲ မနေနိုင်။ သူမ၏ နူးညံ့သိမ်မွေ့လှသော မျက်နှာကို မြင်မိသူတိုင်းသည် ဒေါသများ အလိုလို လျော့ပါးကုန်ကြ၏။

မဆီမဆိုင် ကျူးရှန်းယောင်၏ ဘေးနားတွင် ရှိနေသော စုချန်းသာလျင် လူတိုင်း၏ ဒေါသအကြည့်နှင့် ရင်ဆိုင်နေရလေသည်။

ကျူးရှန်းယောင်ကား တလောကလုံးကို မေ့လျော့နေသည့်ပမာ မြူးထူးပျော်ရွှင်နေ၏။ ၎င်းကိုကြည့်ရင်း စုချန်းတယောက် စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါလိုက်လေသည်။

သိပ်မကြာမီ ပြသနာတက်တော့မည်မှန်း သူ သဘောပေါက်လိုက်၏။ မကောင်းသော အတိတ်နမိတ်များကို သူ ခံစားနေရသည် မဟုတ်ပါလား။

စုချန်း မျှော်လင့်ထားသည့်အတိုင်း ပြသနာသည် မြန်မြန်ဆန်ဆန်ပင် ဆိုက်ရောက်လာခဲ့၏။

လူတစုက လျင်မြန်စွာ ရှေ့သို့တိုးလာပြီး သူတို့နှစ်ယောက်အား လမ်းပိတ်ထားလိုက်လေသည်။

ထိုစဥ် မည်သည့်နေရာမှ ရောက်လာမှန်းမသိသည့် ဝတ်ကောင်းစားလှဝတ်ဆင်ထားသူတယောက်က ကျူးရှန်းယောင်အား သွားရေတမြားမြားနှင့် စိုက်ကြည့်ရင်း စုချန်းအား ပြောလိုက်သည်။

"ဒီမိန်းကလေးအတွက် ရွှေစင်တစ်ထောင်ပေးမယ် ကျုပ်ကို ရောင်းပါလား"

စုချန်း ဘာပြောရမှန်းပင် မသ်ိတော့။ သူက သူ့လက်မောင်းအား မှီနွဲ့ရင်း ရပ်နေသော ကျူးရှန်းယောင်အား လှမ်းကြည့်လိုက်သည်။

သာမာန်အချိန်ဆိုလျင် ဤသို့ စော်ကားခံရခြင်းအတွက် ကျူးရှန်းယောင် အလွန် ဒေါသထွက်သွားပေလိမ့်မည်။ သို့သော် ဤတကြိမ်တွင်တော့ သူမ ဒေါသမထွက်။ စုချန်း မည်သို့ တုံ့ပြန်မည်ကိုသာ စိတ်ဝင်တစားနှင့် စောင့်ကြည့်နေ၏။

စုချန်း ပုခုံးတွန့်လိုက်သည်။ ထို့နောက် သူက ဝတ်ကောင်းစားလှ ဝတ်ထားသူအား အသံတိုးတိုးနှင့် ပြောလိုက်သည်။

"နောက်မှ အသိမပေးဘူးရယ်လို့ ကျုပ်ကို အပြစ်မတင်နဲ့ မင်း ဝယ်ဖို့ကြိုးစားနေတဲ့ မိန်းကလေးဟာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်ပဲ ရွှေစင်တထောင်လောက်နဲ့ သူ့ကို ဝယ်လို့ရမယ်လို့ မင်းတကယ်ပဲ ထင်နေတာလား"

ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်ဆိုပါကလား။

ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသူ အကြီးအကျယ် ​ထိတ်လန့်သွား၏။ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တယောက်အား ဝယ်ယူရန် ကြိုးစားခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းသာဖြစ်ကြောင်း သူ ချက်ချင်းသဘောပေါက်လိုက်၏။ ကြောက်လွန်းအားကြီးသောကြောင့် ထိုလူ ဘာမှပင်မတုံ့ပြန်နိုင်တော့။ ချာခနဲလှည့်ကာ ခြေကုန်သုတ်တော့သည်။ ကျန်လူများမှာလည်း တင်ပါးနှင့်ဖနောင့် တသားတည်းကျအောင် ထွက်ပြေးကုန်ကြတော့သည်။

ကျူးရှန်းယောင် နှုတ်ခမ်းစူလိုက်၏။

"ရှင်က ပြသနာကို ဒီလိုပဲ ရှင်းလိုက်ရသလား"

"ကျုပ် ဘာလုပ်မယ်လို့များ မင်း ထင်နေတာတုန်း ပထမတော့ ​ကျုပ် ကြောက်သလို ဟန်ဆောင်မယ် ပြီးရင် သူတို့ တိုက်ခိုက်လာမယ် ကျုပ် သူတို့ကို တသက်မမေ့လောက်စရာ သင်ခန်းစာ ပေးလိုက်မယ် ဒါမှမဟုတ် သူတို့အား လုံးကို သတ်ပစ်လိုက်မယ် အဲဒီလိုလား"

စုချန်း စကားကို ခေတ္တရပ်ပြီး စဥ်းစားလိုက်ပြန်သည်။ ပြီးမှ သူက ပြောလိုက်၏။

"အော် သိပြီ မင်းအတွက် ကျုပ် ရန်ဖြစ်တာကို မင်း ကြည့်ချင်နေတာ ဟုတ်တယ်မလား"

ကျူးရှန်းယောင်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

"ကျွန်မအပေါ်မှာ ရှင့်ခံစားချက် ဘယ်လောက်ထိ နက်ရှိုင်းသလဲ ကျွန်မ သိချင်နေတာရှင့်"

"ဒါကို အစကတည်းက မင်း သိပြီးသားပဲလေကွာ"

စုချန်း၏ တုံ့ပြန်စကားကြောင့် ကျူးရှန်းယောင် တွေခနဲ ဖြစ်သွား၏။

မှန်သည်။ သူမအပေါ်ထားသည့် စုချန်း၏ ခံစားချက်ကို ရှေးမဆွကတည်းက သူမ သိထားပြီးသားပင်။ သို့တိုင်အောင် စုချန်း သူမအပေါ် အသေးအမွှားကအစ ဂရုစိုက်လာစေရန် သူမ အဘယ်ကြောင့် ငံ့လင့်နေမိသနည်း။

အကြောင်းမှာ သူမက စုချန်းအား ချစ်မိနေသောကြောင့်ပင်။ စုချန်းကလည်း သူမအား ပြန်ချစ်လာမည်ကို သူမ မျှော်လင့်နေမိသောကြောင့်ပင်။

သူမ၏ စိတ်ထဲတွင် စုချန်းသည် အနှီလူမိုက်တစုအား ကြောက်ချေးပန်းသည်အထိ ဆုံးမလိုက်သည်ကို မြင်တွေ့လိုနေ၏။ အကြောင်းမှာ စုချန်းက သူမအား အသေးအမွှားကအစ ဂရုစိုက်မည်၊ကာကွယ်မည်ကို လိုလားနေသောကြောင့်သာ။

တကယ်တော့ သူမသည် မည်သူတဦးတယောက်၏ ကာကွယ်မှုကိုမှ မလိုအပ်။ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းရှိ၏။

သူမလိုအပ်သည်မှာ စုချန်းတယောက်တည်း၏ ကာကွယ်မှုကိုသာ ဖြစ်သည်။

ကံဆိုးစွာပင် စုချန်းသည် သူမ ဆန္ဒရှိသလို လိုက်မလုပ်ခဲ့။

ပြသနာကို အရိုးရှင်းဆုံး၊ အလွယ်ကူဆုံးနည်းလမ်းဖြင့်သာ ဖြေရှင်းခဲ့၏။ တကယ်တော့ ပြသနာမှာ ကြီးလှသည်မဟုတ်၍ ကျူးရှန်းယောင်အနေနှင့် ဆန်းဆန်းတင့်နေစရာ မလိုလှချေ။ သို့သော် မိန်းမသားပီပီ စုချန်း၏ လုပ်ရပ်ကြောင့် သူမ စိတ်ပျက်သွားသည်ကတော့ အမှန်ပင်။

ထိုအခါ ကျူးရှန်းယောင် ဝမ်းနည်းလာ၏။ နာကျင်လာ၏။ သို့သော် စုချန်း နံဘေးမှ ဖယ်ခွာသွားလိုစိတ်လည်း သူမတွင် မရှိပဲ ဖြစ်နေပြန်၏။ ထိုအခါ သူမသည် ဘာမှမပြောတော့ပဲ စုချန်းအား ရီဝေစွာနှင့် စိုက်ကြည့်နေရှာသည်။

၎င်းကိုမြင်သော် စုချန်း သက်ပြင်းချလိုက်၏။

"ကျုပ်ကို မင်းအတွက် တိုက်ခိုက်ပေးစေချင်သလား ကောင်းပြီလေ ဒါကိုကြည့်"

ဟင်...ဘာလဲ...

ကျူးရှန်းယောင် ကြောင်အမ်းအမ်းဖြစ်သွား၏။

ထိုအခိုက်မှာပင် စုချန်းက ဓားကိုဆွဲထုတ်လိုက်လေသည်။

တောင်ခွဲဓားသည် လှစ်ခနဲ လှုပ်ရှားသွားပြီး အနီးရှိ နံရံကို ဖောက်ဝင်သွား၏။ ကျယ်လောင်လှသော အော်သံကြီး ထွက်ပေါ်လာပြီ လေထဲတွင် သွေးများ ရဲခနဲ ဖြစ်သွားလေသည်။ သဲမျိုးစိတ်ဝင်အလောင်းကြီး မြေကြီးပေါ်သို့ ဝုန်းခနဲ ပြုတ်ကျလာ၏။

ဒါ...ဒါ...

ကျူးရှန်းယောင် မျက်လုံးပြူးသွားလေသည်။

"သူ ငါတို့ကို တွေ့သွားပြီ"

အော်သံနှင့်အတူ ပတ်ဝန်းကျင်တခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြ၏။ လမ်းတလျှောက် ကုန်ပစ္စည်းမျိုစုံကို ရောင်းချနေသော သဲမျိုးစိတ်စျေးသည်များ စုချန်းဆီသို့ တဟုန်ထိုး ပြေးဝင်လာကြသည်။ မျက်စေ့တမှိတ်အတွင်း လမ်းတခုလုံး သဲမျိုးစိတ်ဝင်များနှင့် ပြည့်နှက်ကုန်၏။ ရာဂဏန်းမရှိသည့်တိုင် အနည်းဆုံး ဆယ်ဂဏန်းတော့ ရှိပေလိမ့်မည်။

သဲမျိုးစိတ်ဝင်များကား သူတို့၏ သွေးကြွေးကို ပြန်လာတောင်းပြီမှန်း ကျူးရှန်းယောင် ချက်ချင်းသဘောပေါက်လိုက်သည်။

ပေါလ် သေဆုံးသွားသည့်တိုင်အောင် ၎င်းအပေါ် သစ္စာရှိနေသေးသည့် လူယုံတော်တချို့သည် စုချန်းတို့နောက်သို့ သဲကြီးမဲကြီး လိုက်လာပုံပင်။ စုချန်းနှင့် ကျူးရှန်းယောင်တို့နှစ်ယောက်တည်း အပြင်ထွက်လာခြင်းသည် ၎င်းတို့အတွက် အခွင့်အရေးတခု ဖြစ်သွားပုံရ၏။

ပိုဆိုးသည့်အချက်မှာ သဲမျိုးစိတ်ဝင်များနှင့်အတူ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှစ်ဦးထိ ပါလာခြင်းပင်။

စုချန်း၏ လက်ရှိအဆင့်အတန်းမှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးတည်းဆိုလျင် မှုလောက်စရာမဟုတ်တော့။ သူတင်ကိုယ်တင် ရင်ဆိုင်နိုင်ပြီ ဖြစ်သည်။ သို့သော် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှစ်ဦးအပြင် အခြားသဲမျိုးစိတ်ဝင်များကိုပါ ထည့်ပေါင်းလိုက်သောအခါ စုချန်းအတွက် အလားအလာ မကောင်းလှ။

ထိုထက်ပို၍ဆိုးသည်မှာ သဲမျိုးစိတ်ဝင်များသည် ပတ်ဝန်းကျင်တခုလုံးကို မူလစွမ်းအင်ပြောင်း​ပြန်အားကိုသုံး၍ ပိတ်ဆို့ထားလိုက်ခြင်းပင်။ ဤအနေအထားတွင် မိုးကြိုးရေနဂါးလွန်းပျံယာဥ်သည် အသုံးမတည့်တော့။

"သူတို့ကိုသတ်"

ထိပ်ဆုံးမှ ဦးဆောင်လာသော အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်သည် စုချန်းဆီသို့ ခုန်ဝင်လာပြီး အမိန့်ပေးလိုက်သည်။

"မြန်မြန် မင်း ဒီနေရာက အမြန်ဆုံး ထွက်သွားပေတော့"

စုချန်းက ပြောပြောဆိုဆို ကျူးရှန်းယောင်၏ လက်ကိုဆွဲပြီး သူ့နောက်ကျောဆီသို့ လွှင့်ပစ်လိုက်သည်။

စုချန်း၏ လက်အားကြောင့် ကျူးရှန်းယောင် ပေတစ်ရာခန့်အကွာအဝေးထိ လွင့်စင်သွား၏။ သူမခမျာ ဘာမှ တုံ့ပြန်ချိန်ပင် မရလိုက်။ သူမ မြင်တွေ့လိုက်ရသည်မှာကား စုချန်းသည် သဲမျိုးစိတ်ဝင်ဆယ်ဦးနှင့် ရင်ဆိုင်နေခြင်းပင်။

"မဟုတ်ဘူး"

ကျူးရှန်းယောင် ငယ်သံပါအောင် အော်ဟစ်လိုက်၏။

မိန်းကလေးတိုင်းလိုလိုသည် မိမ်ိအား အသက်ပေး၍ ကာကွယ်ပေးမည့်သူမျိုးကို အလိုရှိကြကုန်၏။ ကျူးရှန်းယောင်လည်း ကျန်မိန်းကလေးများနှင့် အတူတူသာ။

သို့သော် ထိုအခိုက်အတန့်နှင့် ကိုယ်တိုင်ကြုံတွေ့ရသောအခါ ကျူးရှန်းယောင်၏ ရင်အစုံသည် နာကျင်လှချေသည်တကား။

ထိုခနမှာပင် ကျူးရှန်းယောင်သည် ​စုချန်း တစုံတခု ဖြစ်သွားမည်ကို စိတ်ပူလာ၏။ ကြောက်လန့်လာ၏။ ထို့နောက် နောင်တအကြီးအကျယ်ရလာတော့သည်။ သူမ၏ မျက်လုံးအစုံမှလည်း မျက်ရည်များ ထိမ်းမနိုင်သိမ်းမရ စီးကျလာ၏။

လေထဲ၌ လွင့်စင်သွားစဥ်မှာပင် စုချန်းသည် မရေမတွက်နိုင်သော သဲမျိုးစိတ်ဝင်များနှင့် ရင်ဆိုင်တွေ့နေပြီဖြစ်ကြောင်း ကျူးရှန်းယောင် မြင်တွေ့နေရသည်။

တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရမည်ဖြစ်ကြောင်း သဲမျိုးစိတ်ဝင်များဘက်မှ ကောင်းစွာ သဘောပေါက်ထား၏။ ထို့ကြောင့် စတိုက်ပြီဟေ့ဆိုသည်နှင့် ၎င်းတို့ဘက်မှ မီးကုန်ယမ်းကုန် တိုက်ကြတော့သည်။

ထိုအချိန်တွင် သဲမျိုးစိတ်ဝင်အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှစ်ဦးအနက် တဦးသည် ကျူးရှန်းယောင်ဆီသို့ ခုန်ဝင်လာ၏။ ၎င်း၏ လှုပ်ရှားမှုမှာ အလင်းတမျှ မြန်ဆန်လှသည်။ ၎င်း၏ မျက်နှာပေါ်တွင်လည်း ယုံကြည်မှုရှိသည့် အပြုံးတရပ် ပေါ်ပေါက်နေသည်။

တယ်လှတဲ့ လူသားမိန်းကလေးပါလား...

မင်းလို ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်အဆင့်က ငါ့လက်ကလွတ်ရင် ရာဇဝင်ရိုင်းလှချည်ရဲ့...

အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် အားရပါးရ ပြုံးလိုက်သည်။

အပြုံး။ အောင်ပွဲခံသောအပြုံး။

လှလိုက်တဲ့ကလေးမ...ဒင်းလေးကိုဖမ်းပြီး ငါ့ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းလိုက်ရင်တော့...

သဲမျိုးစိတ်ဝင်အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာကြီးကို မြင်တွေ့လိုက်ရ၍ ကျူးရှန်းယောင် ထိတ်လန့်သွား၏။ သူမ၏ မျက်နှာတခုလုံးမှာလည်း သွေးဆုတ်သွားသည်။ သူမ၏ မျက်ဝန်းထောင့်မှလည်း မျက်ရည်စများ ယိုစီးလာ၏။

သနားစရာကောင်းလှသော မျက်နှာလေး...

ကျူးရှန်းယောင်၏ မျက်နှာကိုကြည့်ရင်း အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ပို၍ စိတ်ကြွလာ၏။

"ကလေးမ ငါ့ရဲ့စောင့်ရှောက်မှုအောက်မှနေတာ မင်းအတွက် ပိုကောင်းလိမ့်မယ်"

စကားဆုံးသည်နှင့် သဲလက်ကြီးတဖက်က ကျူးရှန်းယောင်အား ဖမ်းဆွဲလိုက်သည်။

ကျူးရှန်းယောင်သည် မတုန်မလှုပ် ကျောက်ရုပ်သဖွယ် ရှိနေလေရာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ လက်ထဲတွင် ကြက်ကလေးငှက်ကလေးသဖွယ် အဖမ်းခံလိုက်ရ၏။ သူမ၏ အသက်အား ရန်သူ့ထံသို့ ဝကွက်အပ်လိုက်ရပေပြီ။

ထိုအခါ ကျူးရှန်းယောင်၏ မျက်နှာသည် ပို၍ သနားစဖွယ် ကောင်းလာ၏။ မျက်ရည်စများ တွဲခိုနေပုံမှာ အထူးပင် ဂရုဏာသက်ဖွယ် ကောင်းလှသည်။ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ နှလုံးသားသည် ဆတ်ခနဲ တုန်လှုပ်သွား၏။ သူ့ဖမ်းချုပ်မှုမှာလည်း မသ်ိမသာ ပြေလျော့သွားလေသည်။

"ရှင်...ရှင် ကျွန်မကိုတော့ မသတ်ပါဘူးနော် ဟုတ်တယ်မလား"

"ဒါပေါ့ကွာ ကျုပ် မင်းကို မသတ်ပါဘူး"

အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်က နူးညံ့သောလေသံနှင့် ပြောလိုက်သည်။

"ရှင် ကျွန်မကို ချစ်မယ်မလား ဂရုစိုက်မယ်မလား"

"ဒါပေါ့ကွာ ကျုပ် မင်းကို ချစ်မှာ ဂရုစိုက်မှာပေါ့"

"ရှင် ကျွန်မကို ကာကွယ်ပေးမှာမလား ဘယ်သူမ ရန်မပြုနိုင်အောင် စောင့်ရှောက်ပေးမှာမလား"

"ဒါပေါ့ကွာ ကျုပ် မင်းကို ကာကွယ်ပေးမယ် ရန်ပြုလာသူတွေကို ချေမှုန်းပစ်မယ်"

အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်က ခိုင်ခိုင်မာမာပင် ကတိပြုလိုက်သည်။

"ရှင် ကျွန်မရဲ့ အမိန့်ကို နာခံမယ် ကျွန်မခိုင်းတာ အကုန်လုပ်မယ်မလား"

"ဒါပေါ့ကွာ ကျုပ် မင်းအမိန့်ကို နာခံမယ် မင်းခိုင်းတာမှန်သမျှ အကုန်လုပ်မယ်"

"ရှင် ကျွန်မကို လေးစားမယ် ရှင့်ခေါင်းဆောင်အဖြစ် သတ်မှတ်မယ် ကျွန်မ အမိန့်ပေးရင် မီးပုံထဲတောင် ခုန်ဆင်းပြီး ကျွန်မအတွက် အသက်စွန့်ရဲတယ် ဟုတ်တယ်မလား"

"ဒါပေါ့ကွာ ကျုပ် မင်းကို လေးစားမယ် မင်းကို ကျုပ်ရဲ့ခေါင်းဆောင်အဖြစ် သတ်မှတ်မယ် မင်းသာ အမိန့်ပေးလာရင် မီးပုံထဲခုန်ဆင်းပြီး မင်းအတွက် အသက်စွန့်မယ်"

စကားဆုံးသည်နှင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်သည် ကျူးရှန်းယောင်၏ ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်လေသတည်း။

***

All Chapters