လှည့်စားမှု
Vol. 57 Ch. 564
သူမသာ အသက်အန္တရာယ်နှင့် ကြုံနေပါက သူမအတွက် အသက်စွန့်မည်လားဟု ကျူးရှန်းယောင်က စုချန်းအား တချိန်က မေးခဲ့ဖူး၏။ ထိုစဥ်က စုချန်း၏ အဖြေမှာ အောက်ပါအတိုင်း ဖြစ်သည်။
"လူနှစ်ယောက် အသက်အန္တရာယ်နဲ့ ကြုံရလို့ သေတဲ့အထိ ခုခံတိုက်ခိုက်နေရင် ရလဒ်က သူတို့သေခြင်းပဲဖြစ်လိမ့်မယ် တကယ်လို့ တယောက်က တတ်နိုင်သလောက် အချိန်ဆွဲထားပြီး ကျန်တယောက်က စစ်ကူသွားတောင်းနိုင်ရင်တော့ မျှော်လင့်ချက်ရေးရေးလေး ရှိတယ် စစ်ပွဲနည်းဗျူဟာအနေနဲ့ ဒါက မဖြစ်မနေ လုပ်သင့်တယ်လို့ ကျုပ် ယူဆတယ်"
ထိုစကားကို ကြားခဲ့စဥ်က စုချန်းအား ကျူးရှန်းယောင် အလွန်ဒေါသထွက်သွား၏။ သူမ စိတ်ဆိုးအောင် စုချန်း တမင်ပြောလိုက်သည်ဟု သူမ ထင်ခဲ့၏။
တကယ်တော့ ထိုသို့ စိတ်ဆိုးရခြင်းမှာ စုချန်း၏ တွေးခေါ်ပုံအား ကျူးရှန်းယောင် သဘောမပေါက်၍သာ ဖြစ်သည်။
စုချန်းသည် မည်သည့်အခြေအနေ၊ မည်သည့်အချိန်အခါတွင်မဆို ထိုအတိုင်းသာ စဥ်းစားတွေးခေါ်လုပ်က်ိုင်လေ့ရှိ၏။
ယခု ကျဥ်းထဲကျပ်ထဲ အခြေအနေတွင်လည်း စုချန်းက ဤအတိုင်းသာ စဥ်းစား၏။ ကျူးရှန်းယောင်သာ လွတ်မြောက်သွားပါက သူတို့ အသက်ရှင်သန်ခွင့် ပို၍ ရှိလာမည်ဖြစ်သည်။ ထို့ပြင် ကျူးရှန်းယောင်နောက်သ်ို့ သဲမျိုးစိတ်ဝင်စစ်သားတချို့အား လိုက်ပါသွားမည်ဖြစ်၍ စုချန်းအနေနှင့် ပို၍ လူးသာလွန့်သာရှိလာပေလိမ့်မည်။
စုချန်းတဦးတည်း အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှစ်ဦးအား မယှဥ်နိုင်သည်ကတော့ သေချာနေ၏။ သို့သော် သူ့တွင် အားဖြည့်ဆေးများ၊ မရဏရေညှိမျှင်နှင့် တခြားဝှက်ဖဲများ အလုံအလောက် ရှိနေသည်။ ထို့ကြောင့် ရန်သူများအား အချိန်တခုကြာအောင် တောင့်ခံထားနိုင်မည်ဟု စုချန်းက ယူဆထားလေသည်။
အခြေအနေတခုလုံးကို စုချန်း အနုလုံပဋိလုံ သုံးသပ်ပြီးလေပြီ။
သို့သော် မမျှော်လင့်သော အပြောင်းအလဲတချို့ ပေါ်ပေါက်လာမည်ကိုတော့ စုချန်း လုံးဝ မျှော်လင့်မထားခဲ့။
ပထမဆုံးအပြောင်းအလဲမှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှစ်ဦးအနက် တဦးသည် ကျူးရှန်းယောင်နောက်သ်ို့ လိုက်ပါသွားခြင်းပင်။ စုချန်း အလွန် စိတ်ပူသွား၏။ သူမအား ကယ်တင်နိုင်ရန် ကြိုးစားသော်လည်း ကျန်အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ တားဆီးမှုကြောင့် စုချန်းခမျာ ဘာမှမတတ်နိုင်ပဲ ဖြစ်နေလေသည်။
ဒုတိယအပြောင်းအလဲမှာကား ကျူးရှန်းယောင်နောက်သို့ လိုက်ပါသွားသော အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်သည် ရုတ်ချည်းပင် နောက်သို့ ပြန်လည်ခုန်ဆုတ်လာခြင်း ဖြစ်သည်။ ဤတကြိမ်တွင်တော့ သူ့အမူအရာမှာ ထူးခြားနေ၏။
၎င်းသည် ရုတ်ချည်းဆိုသလိုပင် စုချန်းနှင့် တိုက်ခိုက်နေသော အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အား အင်တိုက်အားတိုက်နှင့် ဝင်ရောက်တိုက်ခိုက်တော့သည်။ သူက သဲလက်သီးကြီးနှင့် သူ့မိတ်ဆွေအား ထိုးချလိုက်၏။
"ဟာ ဟေ့ကောင် ဂရွန် မင်း ရူးနေတာလား ဘာကြောင့် ငါ့ကို လာတိုက်နေတာတုန်း"
အတိုက်ခိုက်ခံလိုက်ရသော အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ဒေါသတကြီးနှင့် ထအော်လိုက်သည်။
ဂရွန်အမည်ရှိ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ကား ဂရုပင်မစိုက်။ စုချန်းအား ဝိုင်းဝန်းတိုက်ခိုက်နေသော သဲမျိုးစိတ်ဝင်များအား လက်ဝါးနှင့် အဆက်မပြတ် ရိုက်ချလိုက်၏။ လက်ဝါးရိုက်ချက်မိကုန်သော သဲမျိုးစိတ်ဝင်များမှာ အရိုးများ ကျိုးကြေလျက် လွင့်စင်ကုန်ကြသည်။
တိုက်ပွဲ၏ ချိန်ခွင်လျှာမှာ လျင်မြန်စွာ ပြောင်းလဲသွား၏။ စုချန်းအတွက် အခွင့်အရေး ရလာခဲ့ပေပြီ။
ထိုအခါ သူက ကျူးရှန်းယောင်အား လှမ်းကြည့်လိုက်သည်။ ကျူးရှန်းယောင်သည် အလွန်ရဲဝံ့သော အမူအရာနှင့် ရှေ့သို့တိုးလာကြောင်း သူ မြင်တွေ့လိုက်ရ၏။
လေသည် တသွင်သွင် တိုက်ခတ်နေ၏။ လေတိုးမှုကြောင့် ကျူးရှန်းယောင်၏ ဆံစများသည် လေနှင့်အတူ လွင့်နေ၏။ ထိုအခိုက်အတန့်ဝယ် သူမ၏ ပုံစံမှာ သူရဲကောင်းဆန်လှသည်။
သူမ၏ မျက်လုံးထဲတွင် ဒေါသမီးလျံများ အလျံညီးညီး တောက်လောင်နေ၏။ သူမက ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။
"မလွတ်စေနဲ့ တယောက်မှ မလွတ်စေနဲ့"
ဂရွန်အမည်ရှိ သဲမျိုးစိတ်ဝင်အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်သည် ကျူးရှန်းယောင်၏ အမိန့်အတိုင်း အရူးတယောက်ပမာ တိုက်ခိုက်နေ၏။ ပတ်ဝန်းကျင်တခုလုံး သဲမှုန်များဖြင့် ပလူပျံနေလေသည်။
"ဒါ ညှို့ငင်ဖမ်းစားထားတာပဲ ဒါ..ဒါ...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်းဟာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်မှာပဲ ရှိနေသေးတဲ့ဟာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်ကို ထိန်းချုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဟေ့ ဂရွန် ခွေးမသား သေတော့မှာပဲ မြန်မြန်သတိရပါတော့ဟ"
၎င်း၏ အော်ဟစ်သတ််ပေးမှုမှာကား အချည်းနှီးသာ။ ဂရွန်သည် အရူးတယောက်ပမာ ဆက်လက်တိုက်ခိုက်နေ၏။ ၎င်း၏ဓားချက်ကြောင့် သဲမျိုးစိတ်ဝင်များ တယောက်ပြီးတယောက် လဲကျကုန်ကြလေသည်။
တကယ်တော့ ဂရွန်၏ အင်အားမှာ သဲမျိုးစိတ်ဝင်များအားလုံးကို ရှင်းပစ်ရန် မလုံလောက်။ သို့သော် မိမိတို့ဖက်မှ ထိပ်တန်းပညာရှင်တယောက် ရန်သူ၏ ထိန်းချုပ်မှုကို ခံနေရခြင်းကြောင့် ကျန်သဲမျိုးစိတ်ဝင်များအားလုံး တုန်လှုပ်နေကြပြီဖြစ်သည်။ သူတို့အနေနှင့် အင်အားကို အပြည့်အဝ ဖော်ထုတ်နိုင်စွမ်းမရှိတော့။ ကျန် သဲမျိုးစိတ်ဝင်အလင်းပညာရှင်သည်လည်း ထိုအတိုင်းသာ။
သိပ်မကြာမီ အခြေအနေမဟန်တော့မှန်း အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် သဘောပေါက်လိုက်၏။ သူ့အနေနှင့် ဂရွန်ကို အားမနာနိုင်တော့။ အင်အားကို အပြည့်အဝ ဖော်ထုတ်တိုက်ခိုက်ရန် သူ ဆုံးဖြတ်လိုက်သည်။
သို့သော် များစွာ နောက်ကျသွားခဲ့လေပြီ။ ဂရွန်၏ တိုက်ခိုက်အားက အထွတ်အထိပ်အခြေအနေသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ တဖက်တွင် စုချန်း၏ တောင်ခွဲဓားကလည်း ဂရွန်အား အထောက်အကူပြုပေးနေ၏။
ထိုအချိန်မှာပင် စုချန်းကလည်း ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်တိုက်ခိုက်လိုက်၏။ သူ့တိုက်ခိုက်မှုမှာ တခြားမဟုတ်။ "သေစေနိုင်သောစုန်းမ"ကိုသုံးကာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အား ခေတ္တမျှ တွေခနဲ ဖြစ်သွားစေခြင်းပင်။
စက္ကန့်ပိုင်းမျှသော အချိန်သည်ပင် လုံလောက်နေခဲ့လေပြီ။ ဂရွန်၏ လက်ဝါးသည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ ရင်ဘတ်ကို တည့်တည့်မတ်မတ်ပင် ကျရောက်သွားပြီး ၎င်း၏ မူလစွမ်းအင်အကာအကွယ်ကို ပျက်စီးသွားစေ၏။ ထိုအချိန်တွင် စုချန်း၏ တောင်ခွဲဓားက ၎င်း၏ ဦးခေါင်းအား ဖြတ်တောက်သွားတော့သည်။
တိုက်ပွဲကား ပြီးသလောက် ဖြစ်သွားခဲ့လေပြီ။ စုချန်းနှင့် ကျူးရှန်းယောင်တို့လည်း အချိန်မဖြုန်းပဲ ထိုနေရာမှ အမြန်ဆုံး ထွက်ခွာလာခဲ့ကြ၏။ ဂရွန်သည်လည်း သူတို့နောက်မှ ကပ်လျက်လိုက်ပါလာလေသည်။
စုချန်းက ဂရွန်ကို ငဲ့ကြည့်ပြီး မေးလိုက်သည်။
"ထာဝရကျွန်ပြုခြင်း ဟုတ်လား"
ကျူးရှန်းယောင် ခေါင်းငုံ့ရင်း ဖြေလိုက်သည်။
"ဟုတ်တယ်"
ထာဝရကျွန်ပြုခြင်းဟူသည်မှာ ကျူးမျိုးနွယ်စု တစုတည်းသာ ပိုင်ဆိုင်သော နည်းစနစ်ဖြစ်သည်။ ထိုနည်းလမ်းနှင့် ထိန်းချုပ်ခံရသူသည် ပြန်ကောင်းလာစရာ အကြောင်းမရှိတော့။ ၎င်းမှာ ညှို့ငင်လိပ်ပြာသွေးဗီဇနှင့်လည်း သိပ်မတူလှ။ နတ်ဆိုးဧကရာဇ်သွေးဗီဇ၏ အင်အား မည်မျှ ပြင်းထန်ပြီးကြောက်စရာကောင်းသည်ကို ဖော်ပြနေသော ပြယုဂ်လည်း ဖြစ်လေသည်။
သို့သော် ထာဝရကျွန်ပြုခြင်းနည်းစနစ်ကို သုံးပါက အသုံးပြုသူသည်လည်း တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရ၏။ ထိုနည်းစနစ်ကို သုံးလိုက်တိုင်း အသုံးပြုသူ၏ ကိုယ်တွင်းစွမ်းအင်အဆင့်အတန်းသည် သုံးနှစ်စာခန့် နောက်သို့ဆုတ်သွားလေ့ရှိသည်။
ထို့ကြောင့် ကျူးမျိုးနွယ်သည် ထာဝရကျွန်ပြုခြင်းနည်းစနစ်အား ကိုယ်တွင်းစွမ်းအင်အဆင့်အတန်းနိမ့်သူများအနေနှင့် မိမိထက် အဆင့်မြင်သူများနှင့် ရင်ဆိုင်ရာတွင် အသုံးမပြုရန် ကန့်သတ်ထား၏။ ကျူးရှန်းယောင်ကိုယ်တိုင်လည်း ဤနည်းစနစ်ကို တကြိမ်မှ အသုံးမပြုဖူး။ သူမအနေနှင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ဖြစ်လာမှသာ ဤနည်းစနစ်က်ို အသုံးပြုနိုင်ပေလိမ့်မည်။
သို့သော် စုချန်း၏ မူလပစ္စည်းအကူအညီနှင့် ကျူးရှန်းယောင်သည် သူမထက် အဆင့်မြင့်သော အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အား အလွယ်တကူ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ ကြီးမားသော အောင်မြင်မှုဟု ဆိုနိုင်၏။
သို့သော် ကျူးရှန်းယောင်ကား ပျော်ရွှင်ဟန်မတူ။ အပြစ်ရှိသည့် ကလေးငယ်ပမာ ခေါင်းငုံ့လျက်သာ ရှိနေ၏။
စုချန်း သက်ပြင်းချမိပြန်သည်။
"ဒီတော့ ညှို့ငင်ဖမ်းစားရမ္မက်ဇော မူလပစ္စည်းရဲ့ အသုံးပြုသူအပေါ် သက်ရောက်နေတဲ့ ဘေးထွက်ဆိုးကျိူးပြသနာကို အရင်ကတည်းက ဖြေရှင်းနိုင်ခဲ့ပြီပေါ့ ဟုတ်လား"
မှန်၏။
စုချန်းကား အမှန်တရားကို သိရှိသွားပြီ ဖြစ်သည်။
ကျူးရှန်းယောင်သည် ဂရွန်အား ထိန်းချုပ်နိုင်ခဲ့၏။ သူမအပေါ် မည်သည့် သက်ရောက်ခြင်းမှ မရှိပဲ ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ သူမ တချိန်လုံး လိမ်ညာထားခြင်းပင်။
အံ့သြစရာမရှိ။
သူ တချိန်လုံး ရှာဖွေနေခဲ့သည့်တိုင် ဤပြသနာကို ဖြေရှင်းနိုင်မည့် အဖြေတခု ရှာမတွေ့ခဲ့ခြင်းမှာ အံ့သြစရာမရှိ။
ကျူးရှန်းယောင်သည် တချိန်လုံး သူ့အား လိမ်ညာထားခဲ့သည် မဟုတ်ပါလား။
ကျူးရှန်းယောင် စုချန်းအား စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းတွင် မျက်ရည်စများ ရစ်ဝဲနေ၏။
"ဟုတ်တယ် ကျွန်မ ရှင့်ကို လိမ်ထားခဲ့တယ် ပြသနာကို ပထမဆုံးလကတည်းက ရှင် ဖြေရှင်းနိုင်ခဲ့ပေမဲ့ ကျွန်မ ဘာမှ မပြောခဲ့ဘူး ကျွန်မ သိတယ် ဒီပြသနာကို ရှင်းပြီးတာနဲ့ ရှင် ကျွန်မကို ထားသွားမယ် ပြီးရင် ရှင် လောင်ချိနိုင်ငံကို သွားမယ် ကုချိန်းလွှာကို ရှာမယ်...ဒါမျိုး...ကျွန်မ...ကျွန်မ အဖြစ်မခံချင်ဘူး"
စုချန်း သက်ပြင်းချလိုက်၏။
"ကျုပ် မင်းကို အပြစ်မတင်ပါဘူးကွာ"
ဖြောင်း!!!
ကျူးရှန်းယောင်က စုချန်းအား ပါးချလိုက်ခြင်းပင်။
ထို့နောက် သူမသည် အရူးတယောက်ပမာ အော်ဟစ်လိုက်ပြန်၏။
"ဘာကြောင့် ရှင်က ကျွန်မကို အပြစ်တင်ရမှာလဲ ဒီလိုပြောလိုက်လို့ ရှင်က ကြင်နာတတ်သူကြီးပေါ့လေ ကျွန်မကို အပြစ်မတင်လို့ ရှင် သဘောထားကြီးလှပြီပေါ့လေ ဟုတ်လား ကျွန်မ ရှင့်ကို ချစ်တယ် ရှင်နဲ့အတူ အိပ်ချင်တယ် ရှင်ကတော့ ကျွန်မကို ဒီအတွက် ခွင့်လွှတ်ပေးဖို့ ကြိုးစားနေတယ် ...ရှင်...ရှင် အလကားလူ"
စုချန်း ကြက်သေသေသွားလေပြီ။
တဖက်တွင်လည်း ကျူးရှန်းယောင်၏ စကားမှာ ကြောင်းကျိုးခိုင်လုံသည်ဟု သူ ခံစားလိုက်ရ၏။
ထိုအခါ သူက သူမအား တောင်းပန်ရန် ဟန်ပြင်လိုက်သည်။
ထိုအချိန်မှာပင် ကျူးရှန်းယောင်က စုချန်းအား တင်းကြပ်စွာ ပွေ့ဖက်ပြီး ပြောလိုက်ပြန်၏။
"ကျွန်မ တောင်းပန်ပါတယ်ရှင် ကျွန်မ ရှင့်ကို မရိုက်သင့်ဘူး ခုနတုန်းက ရှင် ကျွန်မကို လွှင့်ပစ်လိုက်တော့ ကျွန်မ အရမ်းပျော်သွားတယ် ရှင် ကျွန်မကို မသေစေချင်ဘူးမလား ဒါနဲ့များ ကျွန်မကို ဘာကြောင့် ဒီလို ဆက်ဆံနေရတာလဲ နည်းနည်းလောက် နူးနူးညံ့ညံ့ဆက်ဆံပေးလို့မရဘူးလား"
ထို့နောက် ကျူးရှန်းယောင် ငိုချလိုက်လေသည်။
စုချန်း တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်၏။ သူ့အစီအစဥ်ကို အဆုံးသတ်ရန် အလွန်ခက်ခဲသွားပြီမှန်း သူ သိလိုက်၏။
ကျူးရှန်းယောင်၏ သနားစရာကောင်းလှသော ဟန်ပန်က်ို မြင်မိသည့်ခနမှာပင် စုချန်း၏ အသည်းနှလုံးသည် အတိုင်းအတာတခုထိ နူးညံ့ပျော့ပြောင်းသွားလေသည်။
ကျူးရှန်းယောင်က စကားဆက်လိုက်ပြန်သည်။
"ထားလိုက်ပါလေ ကျွန်မ အရမ်းမျှော်လင့်မိနေသလို ဖြစ်နေတယ် ဒါပေမဲ့ ရှင်က ရှင်ပဲလေ ရှင့်ပင်ကိုယ်ဗီဇအရကိုယ်က နူးနူးညံ့ညံ့ မဆက်ဆံတတ်တာမျိုး ဖြစ်ရင်ဖြစ်မယ် ဒါမှမဟုတ် ကျွန်မအပေါ် ဒီလို မဆက်ဆံချင်တာမျိုးလဲ ဖြစ်ကောင်းဖြစ်မယ် ကဲ အခု ကျွန်မ လိမ်နေမှန်း ရှင်သိသွားပြီ ကျွန်မကို မောင်းထုတ်တော့မှာလား"
စုချန်း ခေတ္တ စဥ်းစားလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။
"ခုနက မင်း လုပ်ပြခဲ့တဲ့ စွမ်းရည်ဟာ ဆေးစွမ်းကြောင့်ပဲကွ ဒါကြောင့် သူ့ရဲ့ ညှို့ငင်ဖမ်းစားတဲ့စွမ်းရည်ဟာလဲ ယာယီလောက်ပဲ ဖြစ်ဖို့များတယ် ဒါက မင်းရဲ့ သွေးဗီဇစွမ်းရည်အဆင့်ကို မရောက်သေးဘူး ကျုပ် မင်းကို ပေးခဲ့တဲ့ ကတိက မင်းတို့ရဲ့ သွေးဗီဇကို ပိုပြီးအားကောင်းလာအောင် လုပ်ပေးဖို့လေ ဒီတော့ မင်းအနေနဲ့ မိုးထိမြို့တော်မှာပဲ ခနတဖြုတ် ဆက်နေတာ ပိုကောင်းမယ်ထင်တယ်"
စုချန်း၏ စကားကြောင့် ကျူးရှန်းယောင် အားရပါးရ ပြုံးလိုက်လေသည်။
***