← Chapters

နှုတ်ဆက်ခြင်း

Vol. 57 Ch. 565

နှုတ်ဆက်ခြင်း

Vol. 57 Ch. 565

စမ်းသပ်မှုများသည် ဘာလိုလိုနှင့် နှစ်ဝက်ခန့်ထိ ကြာသွားလိမ့်မည်ဟု စုချန်း လုံးဝ ထင်မထားခဲ့။

အနှီ နှစ်ဝက်ဟူသောအချိန်အတွင်း စုချန်းနှင့် ကျူးရှန်းယောင်သည် တပူးပူးတတွဲတွဲ ရှိနေကြ၏။ တချိန်လုံး လူမြင်ကွင်းတွင် သူတို့နှစ်ဦးအား ဇနီးမောင်နှံသဖွယ် တွေ့ရတတ်လေသည်။

လူငယ်နှစ်ယောက်၏ ပတ်သက်မှုနှင့် ပတ်သက်၍ ကျူးပိုင်ယုသည် တခွန်းတလေမှပင် ဟန့်တားခြင်းမရှိ။ ဘာကြောင့် ကြန့်ကြာနေရသည်ဆိုသည့် အခြေအနေကိုသာ ကျူးမျိုးနွယ်စုထံသို့ အသိပေးလိုက်၏။ ထိုသတင်းကြောင့် ကျူးမျိုးနွယ်စုအကြီးအကဲများသည် အရူးတပိုင်း ခံစားလိုက်ကြရလေသည်။

ပျော်ရွှင်မှုကြောင့် ဖြစ်ပေါ်လာသည့် ရူးသွပ်မှုပင် ဖြစ်သည်။

တော်ဝင်မျိုးနွယ်စုတိုင်းလိုလိုသည် ၎င်းတို့၏ သွေးဗီဇကို မူလထက် သန်မာအားကောင်းလာစေလိုသည်မှာ ဓမ္မတာသာ။ ၎င်းသည် မျိုးနွယ်စုတခုလုံး၏ အင်အားကို ကြီးမားလာစေနိုင်သည် မဟုတ်ပါလား။

စုချန်းသည် ကျူးမျိုးနွယ်များအား ထိုအခွင့်အရေးကို ပေးခဲ့၏။ မကြုံစဖူးသော အခြေအနေကြောင့် ကျူးမျိုးနွယ်စုဝင်များ အပျော်လွန်ကုန်ကြသည်မှာ သိပ်မဆန်းဟုပင် ဆိုရပေတော့မည်။

ဝိညာဥ်မျိုးစိတ်များသည် ၎င်းတို့ထက် သန်မာသည့် လူသားများအား စိတ်ဝိညာဥ်ကို တိုက်ရိုက်တိုက်ခိုက်ကာ ထိန်းချုပ်နိုင်ကြ၏။ သို့သော် ထိုသို့ ထိန်းချုပ်နိုင်ရန် အနှီလူသားသည် ၎င်းတို့ထက် စိတ်ဝိညာဥ်စွမ်းအား နိမ့်ပါးရန် လိုပေသည်။

လျောင်ယဲဲ့မျိုးနွယ်စု၊ အိပ်မက်နဂါးမျိုးနွယ်စုများသည်လည်း ၎င်းတို့ထက် အင်အားကြီးမားသူများကို ထိန်းချုပ်နိုင်ကြ၏။ သို့သော် ၎င်းတို့သည် တဖက်လူ၏ အိပ်မက်အတွင်း အလစ်ဝင်ရောက်ပြီးမှသာ ထိန်းချုပ်နိုင်​သောကြောင့် ၎င်းတို့နည်းလမ်းမှာ တိုက်ပွဲအတွင်းတွင် အသုံးမတည့်ချေ။

တခြားမျိုးနွယ်စုငယ်များဖြစ်သော ညှို့ငင်လိပ်ပြာမျိုးနွယ်စု၊ နတ်ဆိုးပင့်ကူမျိူးနွယ်စုများဆိုလျင်တော့ ပြောနေစရာပင် မလိုတော့။ ၎င်းတို့သည် ၎င်းတို့နှင့် အဆင့်တူ သို့်မဟုတ် ၎င်းတို့ထက် အဆင့်နိမ့်သူများကိုသာ ထိန်းချုပ်နိုင်ကြလေသည်။

ထို့ကြောင့် မိမိထက် ကိုယ်ခန္ဓာစွမ်းအင်နယ်ပယ် အဆင့်မြင့်သူတယောက်အား ထိန်းချုပ်နိုင်ခြင်းဟူသည်မှာ မယုံနိုင်လောက်စရာ ခုန်ပျံကျော်လွှားတိုးတက်မှုကြီးပင်။ သုံးနှစ်စာ စွမ်းအင်အဆင့် လျော့ကျသွားသော်လည်း ကျိူးမျိိုးနွယ်ကဲ့သို့ မျိုးနွယ်စုကြီးများအတွက် ပြသနာမဟုတ်။ ငွေသာရှိလျင် အချိန်တိုအတွင်း သူတို့ မူလအနေအထားသို့ ပြန်ရောက်လာနိုင်သည် မဟုတ်ပါလား။

ထို့ကြောင့် ကျူးမျိုးနွယ်စုအနေနှင့် စုချန်း၏ အနေအထားအား ကန့်ကွက်ရန် အကြောင်းမရှိ။ တဖက်တွင်လည်း ကျူးရှန်းယောင်သည် သွေးဗီဇဆိုင်ရာစမ်းသပ်မှုများအတွက် စုချန်းအား ကူညီနေရကြောင်း ကျူးမျိုးနွယ်စုအား ကျူးပိုင်ယုက ရှင်းပြထားလေရာ အရာအားလုံးမှာ ချောမွေ့နေတော့သည်။

တကယ်တော့ ကျူးမျိုးနွယ်စုသည် စုချန်း၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ တကယ်ပင် အံ့မခန်းဖြစ်နေကြ၏။ သွေးဗီဇကိုအသာထားအုံး၊ စုချန်း ဖော်စပ်ပေးသည် ဆေးစွမ်းကပင် ထူးခြားလှသည် မဟုတ်ပါလား။ အဓိကကျသည်မှာ သူတို့အနေနှင့် သူတို့ထက် အဆင့်မြင့်သော ရန်သူများအား ထိန်းချုပ်နိုင်ဖို့ပင်။ ဆေးနှင့် ထိန်းချုပ်သည်ဖြစ်စေ၊ သွေးဗီဇစွမ်းရည်ပင် ဖြစ်စေ နည်းလမ်းကို မည်သူက ဂရုစိုက်နေမည်နည်း။

အရေးအကြီးဆုံးအရာမှာ ထိုနည်းလမ်းအား သူတို့ချည်းသီးသန့် ပိုင်ဆိုင်ထားဖို့ပင်။

နှစ်ဝက်ခန့်အကြာတွင်တော့ စုချန်းသည် ကျူးရှန်းယောင်၏ သွေးဗီဇအား တိုးတက်လာအောင် စွမ်းဆောင်နိုင်ခဲ့၏။

ဤတကြိမ်တိုးတက်မှုမှာ အခြေခံအကျဆုံး တိုးတက်မှု ဖြစ်သည်။ ဤတိုးတက်မှုကြောင့် ကျူးရှန်းယောင်သည် ဘယ်အခြေအနေတွင်မဆို သူမထက် အဆင့်မြင့်သူအား ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။ သူမ၏ သားစဥ်မြေးဆက်သည်လည်း ဤစွမ်းရည်အား မွေးရာပါအဖြစ် ဆက်ခံသွားနိုင်တော့မည်ဖြစ်သည်။

"နောက်ဆုံးတော့ မင်းဟာ ကျူးမျိုးနွယ် သွေးဗီဇသစ်ရဲ့ ပထမဆုံးပိုင်ရှင် ဖြစ်လာခဲ့ပြီပဲ"

စုချန်းက အားရပါးရ ပြုံးရင်း ပြောလိုက်သည်။

ကျူးရှန်းယောင်သည် တကိုယ်လုံး ဗလာကျင်းလျက်ရှိပြီး စုချန်း၏ ရင်ခွင််ထဲတွင် လဲလျောင်းလျက်ရှိသည်။

"နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာခဲ့ပြီပေါ့လေ ကျွန်မတို့ ဒီနေ့ကိုရောက်ဖို့ အချိန်အကြာကြီး စောင့်ခဲ့ရတယ် တကယ်တမ်းရောက်လာတော့ မပျော်နိုင်ပဲ ဖြစ်နေပါလား"

"မင်းပြောတာ မှန်တယ်"

စုချန်း သဘောတူလိုက်သည်။

ကျူးရှန်းယောင်သည် စုချန်းအား ကြည်နူးဟန်ဖြင့် စိုက်ကြည့်လိုက်၏။

"ဒီတော့ ရှင် ကျွန်မနဲ့ မခွဲချင်ဘူးလို့ ဝန်ခံလိုက်ပြီပေါ့လေ ဒါဆိုလဲ ကျွန်မနဲ့ ကျူးမျိုးနွယ်စုဆီ လိုက်ခဲ့ပါလား ရှင့်အရည်အချင်းနဲ့ဆိုရင် ကျူးမျိုးနွယ်စုတခုလုံးကို ထိန်းချုပ်ဖို့ဆိုတာ ဘာမှခက်တဲ့ကိစ္စမဟုတ်ဘူး"

"ဒီလိုလုပ်လို့ မဖြစ်သေးဘူဆိုတာ မင်း သိပါတယ်လေ ပြီးတော့"

စုချန်း၏ အသံသည် တဖြည်းဖြည်း တိမ်ဝင်သွား၏။

ကျူးရှန်းယောင်၏ ရွှင်ပြသော မျက်နှာသည် မဲ့ခနဲ ဖြစ်သွား၏။ ထို့နောက် သူမက စုချန်းအား ကြည့်ရင်း ပြောလိုက်သည်။

"ရှင် သူ့ကို သတိရနေတုန်းပဲကိုး"

စုချန်း ဘာမှပြန်မပြော။

ပြန်ပြောနေစရာလည်း မလ်ို။

ကျူးရှန်းယောင်က စကားဆက်ပြန်သည်။

"ဘာပဲဖြစ်ဖြစ် ကျွန်မဟာ စုမျိုးနွယ်စုရဲ့ ချွေးမဖြစ်လာဖို့ သဘောတူလိုက်ပြီ ကုချိန်းလွှာ ဘယ်လိုပဲ သဘောထားပါစေ ကျွန်မ ဂရုမစိုက်ဘူး ရှင်နဲ့ သူနဲ့ အရင်ဆုံး ချစ်ခဲ့ကြတယ်ဆိုပေမဲ့ ရှင့်ရဲ့ ပထမဆုံးအကြိမ်ကတော့ ကျွန်မနဲ့ ဖြစ်ခဲ့တာပဲ ဒါကြောင့် ကျွန်မလဲ ကုချိန်းလွှာနဲ့ တန်းတူ အဆင့်အတန်းမျိုး ရချင်တယ် ပြီးတော့ ရှင့်နဲ့ကျွန်မ သားသမီးတွေ မွေးလာရင် သူတို့ထဲကတယောက်ရဲ့ မျိုးနွယ်စုအမည်ဟာ ကျူး ဖြစ်ရ...

"

ကျူးရှန်းယောင်သည် သူမ၏ လိုလားချက်များကို အဆက်မပြတ် ရွတ်ပြလိုက်၏။

စုချန်းအဖို့ကား ရယ်မောနေရုံမျှသာ တတ်နိုင်တော့သည်။

လဝက်ဟူသောအချိန်သည် မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွား၏။

သူတို့နှစ်ယောက် ခွဲခွာရမည့်အချိန်ကား ရောက်ရှိလာခဲ့ပေပြီ။ ထိုနေ့တွင် ကျူးရှန်းယောင်သည် ရှိုက်ကြီးတငင်ပင် ငိုယို၏။

ထို့နောက် သူမက စုချန်း၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး မေးလိုက်သည်။

"ရှင် ကျွန်မက်ို သေချာပေါက် လာရှာပြီး လက်ထပ်မှာမလား"

စုချန်းကလည်း ခိုင်ခိုင်မာမာပင် ကတိပေးလိုက်သည်။

"ဒါပေါ့ကွာ ဒါ ကျုပ်က်ို မင်းမေးတာ ၁၈၇၂ကြိမ်မြောက်ပဲ မင်း ကျုပ်ကို စိတ်ချပါ ဘာပဲဖြစ်ဖြစ် ကျုပ် မင်းဆီပြန်လာပြီး သေချာပေါက် လက်ထပ်ယူမှာပါ မင်း စုချန်းဆိုတဲ့ ကျုပ်ကို ပိုင်ဆိုင်သွားပါပြီ ကျုပ်ကလဲ မင်းကို လက်လွတ်မခံတော့ပါဘူး ဒါကြောင့် ကျူးမျိုးနွယ်စုဆီပြန်ပြီး ကျုပ်အလာကို စိတ်ချလက်ချသာ စောင့်နေစမ်းပါတော့"

ထိုကတိကို ကြားလိုက်သည်နှင့် ကျူးရှန်းယောင်သည် အားရပါးရ ရယ်မောလိုက်၏။ ကျူးပိုင်ယုနှင့် ကျောက်ကျင်းဝင်တို့က သူမအား ရထားလုံးဆီသို့ အတင်းပင် ဆွဲခေါ်သွားကြသည်။ ယူထျန်းယန်၏ မျက်နှာမှာကား ငိုမဲ့ငိုမဲ့ဖြစ်လျက်ရှိ၏။

မြင်းခွာသံများ ထွက်ပေါ်လာ၏။ ရထားလုံးသည် အဝေးဆီသို့ တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။

ကျူးရှန်းယောင် ထွက်ခွာသွားသည်နှင့် စုချန်းသည် သူ့နှလုံးသားအတွင်းရှိ အစိတ်အပိုင်းတခု ပျောက်ဆုံးသွားသည့်နှယ် ခံစားလိုက်ရ၏။

ခံစားချက်ဟူသည် ဖြစ်တည်လာရန် တခါတရံတွင် အချိန်ယူရတတ်ပုံရ၏။ ယခင်က ကျူးရှန်းယောင်ကို သူ မချစ်ကြောင်း စုချန်း အတိအကျ ပြောရဲသည်။ သို့သော် လက်ရှိတွင်တော့ စုချန်း ထိုသို့ မပြောနိုင်တော့။ မပြောရဲတော့။

မည်သို့ဆိုစေ ယခုအချိန်သည်ကား ကုချိန်းလွှာနှင့် သွားတွေ့ရမည့်အချိန်ပင်။

တချို့အရာများအား မဖြစ်မနေ ရှင်းပြရန် လိုအပ်သည် မဟုတ်ပါလား။ ကုချိန်းလွှာ သူ့အပေါ် နားလည်ပါစေဟုသာ မျှော်လင့်ရပေတော့မည်။

အချိန်ဘယ်လောက်ကြာအောင် အတွေးနယ်ချဲ့မိနေသည် မသိ။ သူ့နောက်မှ စကားသံတသံကို စုချန်း ကြားလိုက်ရသည်။

"ဘာလဲ ရှင်က သူ့ကို ထွက်မသွားစေချင်ဘူးလား"

စုချန်း အထိတ်တလန့်နှင့် နောက်လှည့်ကြည့်လိုက်သည်။ စကားပြောလိုက်သူမှာ တခြားသူမဟုတ်။ ယွဲ့လောင်ရှပေတည်း။

"မင်း ဘယ်ကနေ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ ဒီရက်ပိုင်းတွေမှာ ကျုပ်ကို စောင့်ကြည့်နေတာလား"

စုချန်း အံ့သြသွား၏။

ယွဲ့လောင်ရှ မျက်လုံးပြူးသွား၏။

"ဘယ်ကလာ ရှင့်ကို စောင့်ကြည့်နေရမှာလဲရှင့် ကိစ္စတခုရှိလို့လာတာ ကိစ္စက ပေါလ်များ ရှင့်လက်ထဲမှာ အသက်ရှင်လျက် ရှိအုံးမလားလို့ သူက သဲမျိုးစိတ်ခေါင်းဆောင်ဆိုတော့ တန်ဖိုးက အထိုက်အလျောက်တော့ ရှိသေးတယ်လေ"

"မင်း စောစောက လာလိုက်တာမဟုတ်ဘူး ပြီးခဲ့တဲ့လကပဲ စမ်းသပ်ရင်း ကျုပ် လက်လွန်သွားပြီ"

စုချန်းက ပုခုံးတွန့်ရင်း ပြောလိုက်သည်။

"အဲဒီလိုလား ဒါဆိုလဲ ထားလိုက်ပါလေ ကျွန်မက လမ်းကြုံလို့ ဝင်မေးတဲ့သဘောပါ"

ယွဲ့လောင်ရှက ဂရုမထားဟန်ဖြင့် ပြောလိုက်သည်။ မည်မျှပင် ဟန်ဆောင်နေစေကာမူ ပေါလ် ကိစ္စ သက်သက်နှင့် သူမ ရောက်လာခြင်းမဟုတ်မှန်း သိသာနေပေသည်။

ယွဲ့လောင်ရှက မေးလိုက်ပြန်သည်။

"ဒါနဲ့ ရှင်နဲ့ကျူးရှန်းယောင်က ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ အဆင်ပြေသွားတာတုန်း ကုချိန်းလွှာကို ရှင် ဘယ်လိုလုပ်မလဲ"

သူမ၏ မေးခွန်းမှာ ရိုးစင်းဟန်ရှိသည်။ သို့သော် ကွဲပြားခြားနားသော အဓိပ္ပာယ်တမျိုးပါဝင်နေကြောင်း စုချန်း ခံစားလိုက်ရ၏။

သို့သော် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများအား ယွဲ့လောင်ရှကို စုချန်းက ပြောပြလိုက်လေသည်။ နောက်ဆုံးတွင် သက်ပြင်းချရင်း စုချန်း ရေရွတ်လိုက်၏။

"အဖြစ်အပျက်တွေက ဒီအခြေအနေထိ ရောက်ကုန်လိမ့်မယ်လို့ ကျုပ် လုံးဝ ထင်မထားမိခဲ့ဘူး ခြေတလှမ်းမှားလိုက်တာနဲ့ အကုန်ကသောင်းကန်း ဖြစ်ကုန်တော့တာပါပဲကွာ"

"သူ ထွက်သွားတော့ ရှင် အတော်လေးကို ဝမ်းနည်းနေပုံပေါ်တာပဲ ဒါကိုကြည့်ရင် ​အရမ်းကြီး ခြေလှမ်းမှားတယ် မခေါ်ပါဘူးလေ"

စုချန်း ရှက်ကိုးရှက်ကန်းဖြစ်သွား၏။

"ကျုပ်က အဆိုးဆုံးအခြေအနေမှာ အကောင်းဆုံးဖြစ်အောင် လုပ်နေတာကွ"

ယွဲ့လောင်ရှက မေးလိုက်ပြန်သည်။

"ဒါနဲ့ စုချန်း ရှင် ကုချိန်းလွှာအပေါ်ထားတဲ့ သစ္စာတရားကို ပစ်ပယ်လိုက်ပြီလား"

စုချန်း သက်ပြင်းချလိုက်ပြန်သည်။

"ဒီကမ္ဘာပေါ်မှာ မိန်းမလှတွေ အများကြီးပဲ ဒါပေမဲ့ ကျုပ် သူ့တယောက်တည်းကိုပဲ ချစ်ခဲ့တယ် အခြေအနေတွေက ဒီလို ဖြစ်လာတော့ ကျုပ်မှာ ရွေးစရာမရှိခဲ့ဘူး သူ နားလည်နိုင်ဖို့ပဲဆုတောင်းရတော့မှာပဲ"

"ဒါပေမဲ့ သူ နားမလည်ပေးရင်ရော ရှင် ကျူးရှန်းယောင်ကို လက်လွှတ်လိုက်မှာလား"

စုချန်း တွေခနဲဖြစ်သွား၏။ ထို့နောက် သူက ပြောလိုက်သည်။

"ကျုပ် လက်မလွှတ်ဘူး အခြေအနေတွေ ဒီထိဖြစ်လာတော့ ကျုပ် ဒါကို တာဝန်ယူရမှာပဲ ဒီလိုမှမဟုတ်ရင်လဲ ကျုပ် ယောကျာ်းမဟုတ်တော့ဘူး ဘာတွေဘယ်လိုပဲဖြစ်လာပါစေ ကျူးရှန်းယောင်အတွက် ကျုပ် နောက်ဆုံးအချိန်ထိ တာဝန်ယူသွားမယ်"

ယွဲ့လောင်ရှ ပြုံးလိုက်၏။

"ထင်သားပဲ ရှင် ကျွန်မကို စိတ်ပျက်အောင် မလုပ်ပါဘူးဆိုတာ"

"ဟင် မင်း ဘာကိုဆိုလိုတာလဲ"

ယွဲ့လောင်ရှက ပေါ့ပါးသော လေသံနှင့် ပြောလိုက်သည်။

"အချစ်နဲ့ ပတ်သက်လာရင် ရှင်ဟာ ကတိသစ္စာခိုင်မာတဲ့လူဆိုတာ ယုံမှားစရာမရှိဘူး ဒါပေမဲ့ ဆုံးဖြတ်ချက်တခုချပြီးရင်တော့ ရှင်ဟာ နောက်ပြန်မလှည့်တတ်ဘူး နောင်တမရတတ်ဘူး နောက်ဆိုရင် ရှင်ဟာ ကုချိန်းလွှာတယောက်တည်းကိုပဲ တွယ်ကပ်နေတော့မှမဟုတ်ဘူး စုချန်း ဒီစကားကို မှတ်ထားပါ ရှင့်ရဲ့ တံခါးတချပ် ပွင့်သွားပြီ ကုချိန်းလွှာအပြင် ရှင့်မှာ တခြားမိန်းကလေးတွေ နှစ်ယောက်မကတောင် ရှိလာနိုင်တယ်"

ဟင်...

စုချန်း ကြောင်သွား၏။

ယွဲ့လောင်ရှက စကားဆက်ပြန်သည်။

"ကျွန်မက ညတစ္ဆေကို ပြောနေတာ ဒီမိန်းကလေးဟာ ရှင့်ကို သိပ်ပြီး သဘောကျနေပုံမပေါ်ဘူးလား"

"သူက သိပ်ကို စိတ်သဘောထားရိုးရှင်းတဲ့ မိန်းကလေးပါကွာ ဒီလို ရှုပ်ထွေးတဲ့ကိစ္စတွေ သူ နားမလည်ပါဘူးလေ"

"ဒါပေမဲ့ လူဆိုတာ အချိန်ကြာလာတာနဲ့အမျှ ရင့်ကျက်လာတတ်တယ် တနေ့ကျရင် သူ နားလည်သဘောပေါက်သွားနိုင်တယ်"

ထိုအခါ စုချန်းက မေးလိုက်၏။

"ဒါနဲ့ မင်းက ဘာဖြစ်လို့ ဒီကိစ္စတွေကို စိတ်ဝင်စားနေရတာလဲ မင်းကော သူတို့ထဲက တယောက်ဖြစ်ချင်လို့လား"

စုချန်း၏ မေးခွန်းကြောင့် ယွဲ့လောင်ရှ၏ မျက်နှာတွင် ဒေါသထွက်ဟန်ပေါ်လာသည်။

"မဟုတ်ကဟုတ်ကတွေ ကျွန်မက အလုပ်ကိစ္စရှိလို့လာတာ တော်ပြီ ရှင့်အချိန်တွေကို ကျွန်မ မဖြုန်းတော့ဘူး သွားတော့မယ်"

ထိုသို့ပြောပြီးသည်နှင့် ယွဲ့လောင်ရှသည် ထိုနေရာမှ ချာခနဲ လှည့်ထွက်သွား၏။

စုချန်းက နောက်မှလှမ်းအော်လိုက်သည်။

"မင်း ဒီကို ပေါလ်ကြောင့်လာတာမဟုတ်ဘူး ဟုတ်တယ်မလား"

ယွဲ့လောင်ရှ တုံ့ခနဲ ဖြစ်သွား၏။ ထို့နောက် သူမက နောက်ပြန်လှည့်မကြည့်ပဲ စုချန်းအား လက်ပြကာ လူအုပ်ကြားထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။

***

All Chapters