← Chapters

ဝါးမြိုမြစ်မြို့တော်

Vol. 57 Ch. 566

ဝါးမြိုမြစ်မြို့တော်

Vol. 57 Ch. 566

လောင်စန်းနိုင်ငံတွင် နဂါးဝါတောင်ဟု အမည်ရသည့် တောင်တန်းရှည်ကြီး ရှိနေ၏။

အနှီ တောင်တန်းကြီးသည် လောင်စန်းနိုင်ငံတွင် အရှည်လျားဆုံးသော တောင်ဖြစ်ပြီး မြောက်မှ တောင်ထိ ကီလိုမီတာ တစ်သောင်းခန့်ရှည်လျားကာ နယ်မြေ၆ခုအား ပိုင်းခြားထားလေသည်။

လောင်ချိနိုင်ငံမှာကား နဂါးဝါတောင်၏ အနောက်ဘက်အရပ်တွင် ရှိ၏။ မူလက ၎င်းကို အနောက်ဘက်နဂါးနယ်မြေဟု ခေါ်ကြပြီး နှစ်ကာလရွေ့လျားလာရာမှ လောင်ချိနိုင်ငံဟူ၍ ဖြစ်လာခြင်းပင်။

မိုးထိမြို့တော်မှ လောင်ချိနိုင်ငံသို့ သွားရာလမ်းမှာ အတော်ပင် ဝေးကွာလှပြီး အမြန်ဆုံး မြင်းတကောင်နှင့် ခရီးနှင်လျင်ပင် လပေါင်းအတော် ကြာမြင့်လေ့ရှိသည်။

သို့သော် ကျေးဇူးတင်စရာကောင်းသည်မှာကား စုချန်းတွင် အလွန်လျင်မြန်သည့် မိုးကြိုးရေနဂါးလွန်းပျံယာဥ် ရှိနေခြင်းဖြစ်သည်။ ထို့ပြင် စုချန်းအနေနှင့် အလျင်စလို ဖြစ်နေခြင်းလည်း မရှိ။

ကုမျိုးနွယ်စုမှာကား လောင်ချိနိုင်ငံတွင် ကြီးမားလှသော မျိုးနွယ်စုဖြစ်ပြီး နိုင်ငံအနှံ့အပြားတွင် ​အခြေချနေထိုင်ကြသည်။ ပင်မမျိုးနွယ်စုမှာကား ဝါးမြိုခြင်းမြစ်မြို့တော်တွင် နေထိုင်ကြကုန်၏။

ဝါးမြိုခြင်းမြစ်မြို့တော်သည် မြစ်တစင်းအနားတွင် တည်ရှိ၏။ သို့သော် ထိုမြစ်၏ အမည်မှာ ဝါးမြိုခြင်းမြစ်တော့မဟုတ်။ အသက်ရှည်မြစ်သာ ဖြစ်သည်။ ထိုအနီးတွင် ဝါးမြိုခြင်းရေလက်ကြားဟု အမည်ရသော ရေလက်ကြားတခုလည်း ရှိနေ၏။

အနှီမြစ်နှင့် ရေလက်ကြား နှစ်ခုပေါင်းကာ မြို့တော်သည်လည်း ဝါးမြိုခြင်းမြစ်မြို့တော်ဟု အမည်ရလာတော့သည်။

ကုမျိုးနွယ်၏ ပင်မမျိုးနွယ်စုသည်ကား ဝါးမြိုခြင်းမြစ်မြို့တော်၏ အလယ်ဗဟိုတွင် နေထိုင်ကြ၏။

စုချန်း၏ မိုးကြိုးရေနဂါးလွန်းပျံယာဥ်သည် မြို့တော်၏ အစွန်အဖျားရပ်ကွက်များဆီသို့ တဖြည်းဖြည်း နီးကပ်လာ၏။ မြို့တော်၏ လေပိုင်နက်မှာကား အစောင့်အကြပ်များ ရှိလေသည်။ စုချန်းသာ မဆင်မခြင် ပျံသန်းပါက မုချအတိုက်ခိုက်ခံရပေလိမ့်မည်။

မြေပြင်သို့ ဆင်းသက်ပြီးသည်နှင့် စုချန်းသည် လွန်းပျံယာဥ်ကို သိမ်းဆည်းပြီး မြို့တော်အတွင်းပိုင်းဆီသို့ လျှောက်လာခဲ့လေသည်။

ကုမျိုးနွယ်အိမ်တော်မှာကား မြို့တော်၏ အနောက်ဝက်သစ်ချလမ်းပေါ်တွင် ရှိလေသည်။

အနောက်ဝက်သစ်ခြလမ်းပေါ်ရောက်သည်နှင့် စုချန်း မြင်တွေ့လိုက်ရသည်မှာကား မီးထွက်ကျောက်တမျိုးနှင့် ထွင်းထုထားသည့် ချိုမပါ ရွှေနဂါးကြီးနှစ်ကောင် ခြံရံထားသော ကြေးနီတံခါးကြီးတချပ်ပင် ဖြစ်လေသည်။ တံခါးရှေ့တွင် ဆွေကြီးမျိုးကြီးမှ အစောင့်များဟု သိသာနိုင်သည့် ချီစုဆောင်းခြင်းနယ်ပယ် အစောင့်နှစ်ဦး ရှိနေ၏။

တံခါးရှေ့တွင် စောင့်ကြပ်နေသည့် အစောင့်များမှာ အတော်ပင် ယဥ်ကျေးပုံရ၏။ စုချန်းကို မြင်သည်နှင့် သူတို့က အောက်ပါအတိုင်း မေးလိုက်သည်။

"မင်း ဘယ်သူ့ကို ရှာနေတာလဲ"

စုချန်းက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ပြောလိုက်သည်။

"ကျုပ်ဟာ ကြည်လင်မြစ်မြို့တော်ရဲ့ မူလဗျူရိုအကြီးအကဲဟောင်း စုချန်းပဲ ကျုပ် မင်းသားလေးကျင်းတန်ကို ရှာနေတာ"

စုချန်းကား ကုချိန်းလွှာနှင့် တိုက်ရိုက်တွေ့ဆုံခြင်းမှာ မသင့်မှန်းသိ၍ ကုကျင်းတန်အား တွေ့လိုကြောင်း ပြောလိုက်ခြင်းပင်။

အစောင့်သည် စုချန်းအား မူလဗျူရိုအကြီးအကဲဟောင်း ဖြစ်ရုံသာမက ကုကျင်းတန်၏ သူငယ်ချင်းမှန်း သိသွားသည်နှင့် အထူးတလည်း မေးခွန်းထုတ်နေခြင်းမရှိတော့ပဲ မြန်မြန်ဆန်ဆန်ပင် သတင်းပို့လိုက်၏။ သိပ်မကြာမီ ကုကျင်းတန် ရောက်လာလေသည်။

စုချန်းအား မြင်သည်နှင့် ကုကျင်းတန် အလွန် ဝမ်းသာသွား၏။

"ဟာ အစ်ကိုစု မင်းနော် မင်း တကယ်ပဲ ဒီကို ရောက်လာပြီပေါ့...ဟေ့ ချိန်း...."

စုချန်းက ကုကျင်းတန် စကားဆုံးအောင် မပြောနိုင်ခင်မှာပင် မြန်ဆန်စွာ ပွေ့ဖက်နှုတ်ဆက်လိုက်၏။

"ဟေး ညီလေးကု မတွေ့တာ အတော်တောင်ကြာသွားပြီနော် ကျုပ်က မင်းကို သတိရနေတာကွ"

ထို့နောက် သူက ကုကျင်းတန်အား နောက်သ်ို့ ဆွဲခေါ်သွား၏။

စုချန်း၏ အမူအရာကို ကြည့်ပြီး ကုကျင်းတန် ချက်ချင်း သဘောပေါက်သွားသည်။

"ဘာလဲ ခင်ဗျားက ကုချိန်းလွှာကို မသိစေချင်ဘူးလား"

"အချိန်မကျသေးဘူးကွ ကျုပ်တို့ စကားအရင်ပြောကြတာပေါ့"

"ခင်ဗျားစကားက စိတ်ဝင်စားစရာပဲ ကောင်းပြီလေ တနေရာသွားပြီး အေးအေးဆေးဆေး စကားပြောကြတာပေါ့"

ကုကျင်းတန်က ရယ်မောရင်း ပြောလိုက်သည်။

မွှေးရနံ့တထောင်နန်းဆောင်တွင် ဖြစ်သည်။

စုချန်းနှင့် ကုကျင်းတန်သည် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ သံမဏိမှာကား ရှေ့တံခါးဝတွင် စောင့်ကြပ်နေ၏။

"ကဲ အရင်စားကြသောက်ကြတာပေါ့ ရှည်လျားရစ်ခွေမြို့တော်မှာ ဆုံပြီးကတည်းက ကျုပ်တို့မတွေ့တာ အတော်တောင်ကြာသွားပြီ အေးလေ ကျုပ်တို့လို ကျင့်ကြံသူတွေရဲ့ဘဝဆိုတာ ဒီလိုပဲကိုး အချိန်တွေ မျက်စေ့တမှိတ်အတွင်း ကုန်သွားတာပဲ အဲဒီတုန်းက အဖြစ်အပျက်တွေကို ကျုပ် မျက်လုံးထဲမယ် မြင်ယောင်နေတုန်းပဲဗျို့ ခင်ဗျားသတင်းတွေ ကျုပ် ကြားပါတယ် ခင်ဗျား ကြည်လင်မြစ်မြို့တော်ကို ပြန်လာတယ် တော်ဝင်မျိုးနွယ်စုဆယ်စုကို ရှင်းပစ်တယ် ကျုပ်ဖြင့် တကယ်ကို အထင်ကြီးမိပါပေတယ်ဗျာ"

ကုကျင်းတန်က ပလုပ်ပလောင်း စားသောက်ရင်း ပြောလိုက်၏။

တဖန် ကုကျင်းတန်က စကားဆက်ပြန်သည်။

"ခင်ဗျားတခါ ပြောဖူးတယ် ကျင့်ကြံသူတွေဟာ အသက်များကြီးရှည်တဲ့အတွက် အချိန်ဆိုတာ ပြသနာမဟုတ်ဘူးလို့ ဒါပေမဲ့ လိုအပ်တာထက် အချိန်ယူတာလဲ မကောင်းလှဘူးလို့ ကျုပ် ထင်တယ် ခုဆိုရင် သတ္တမမြောက်ညီမလေးဟာလဲ အရွယ်ရောက်လာပြီ သူ လက်ထပ်သင့်တဲ့ အရွယ်လို့ သတ်မှတ်လို့တော့ ရနေပြီ"

စုချန်းက ပြန်ပြောလိုက်၏။

"ဒါကို ကျုပ် သဘောပေါက်ပါတယ် ဒါကြောင့်မို့လို့လဲ တာဝန်ပြီးဆုံးတာနဲ့ ဒီကို အမြန်ဆုံးရောက်အောင် ကျုပ် လာခဲ့တာပဲ ဒါပေမဲ့ မမျှော်လင့်တဲ့ အခြေအနေတချို့ကြောင့် လမ်းမှာ ကျုပ် အတော်ကို အချိန်ကုန်သွားတယ် ဒီအတွက် ဘာမှဆိုးဆိုးဝါးဝါး ဖြစ်မလာဖို့တော့ မျှော်လင့်ရတာပဲကွာ"

"ဘာမှဆိုးဆိုးဝါးဝါး ဖြစ်လာစရာမရှိပါဘူးဗျာ အေးအေးဆေးဆေးပါ"

ကုကျင်းတန်က ပြန်ပြောလိုက်သည်။

"ခင်ဗျား ကျုပ်ကို အရင်ဆုံးလာတွေ့တာကိုက ညဏ်ကောင်းလှပြီ ကုချိန်းလွှာကိုသာ အရင်ဆုံးသွားတွေ့ရင် ပြသနာတက်ပြီး ခင်ဗျား ပြေးပေါက်မှားမှာပဲ"

"အိုး ဘယ်လိုကြောင့်တုန်း ညီလေးကုက ရှင်းပြစမ်းပါအုံး"

"ပြသနာကတော့ ကြီးတယ်ဗျ ကျုပ်ဦးလေးဟာ ကုချိန်းလွှာအတွက် လူတယောက် ရှာတွေ့သွားပြီ"

"စေ့စပ်ကြောင်းလမ်းဖို့ပေါ့ ဟုတ်လား"

စုချန်း မျက်မှောင်ကုတ်လိုက်၏။

ကုကျင်းတန်က အောက်ပါအတိုင်း ရှင်းပြလိုက်လေသည်။

သိပ်မကြာသေးမီကမှ ကုချိန်းလွှာ၏ ဖခင်ဖြစ်သူ ကုချွန်းမြန်သည် သူမနှင့် သင့်တော်သူတယောက်အား တွေ့သွားခဲ့၏။ ထိုလူမှာ ကြိုးကြာမြို့တော် ကျုံးမျိုးနွယ်စုမှ ကျုံးချိန်းကောင်းပင် ဖြစ်သည်။ သိပ်မကြာမီ လက်ထပ်ပွဲဆိုင်ရာ ထုံးတမ်းစဥ်လာများ ပြင်ဆင်ရန် ကျုံးချိန်းကောင်းအနေနှင့် ကုမျိုးနွယ်စုထံသို့ လာရောက်ဖွယ်ရာ ရှိနေ၏။

"ဒါနဲ့ ကျုံးချိန်းကောင်းဆိုတာ ဘယ်လိုလူစားလဲ"

စုချန်းက မေးခွန်းထုတ်လိုက်၏။

"ခင်ဗျား ဟင်းရိုင်းကြိုးကြာဆိုတာများ ကြားဖူးသလား"

ကုကျင်းတန်က ပြန်မေးလိုက်သည်။

စုချန်း၏ မျက်နှာ မဲခနဲ ဖြစ်သွား၏။

"မင်းပြောနေတာ အနီရောင်မျက်လုံးနတ်ဆိုးဘုရင်လား"

ဧကရာဇ်ကြီးပင်း၏ လက်ထက်တွင် တိုင်းပြည်သည် အင်အားယုတ်လာခဲ့လေရာ ပြင်ပမှ ရန်သူများ ထိုးဖောက်ဝင်ရောက်လာခဲ့လေသည်။ သားရဲမျိုးစိတ်များသည် နိုင်ငံအဝှမ်းတွင် ကပ်ဆိုးများ ပေါ်ပေါက်စေခဲ့၏။ နတ်ဆိုးသားရဲများသည်လည်း လူသားများအကြား အလစ်ငိုက်ဝင်ရောက်လာခဲ့လေသည်။

အဆိုပါ ထင်ရှားသည့် နတ်ဆိုးသားရဲများအနက် ကြောက်စရာကောင်းသည့် သားရဲတမျိုးမှာ အဆိုပါ အနီရောင်မျက်လုံးနတ်ဆိုးဘုရင်ပင် ဖြစ်သည်။

အနီရောင်မျက်လုံးနတ်ဆိုးဘုရင်ဟူသည် ၎င်း၏ နာမည်အတိုင်း နတ်ဆိုးဘုရင်အဆင့်ရှိ သားရဲဖြစ်ပြီး အချိန်မရွေး သွေးဆာနေသော သဘောသဘာဝတွင် ရှိနေ၏။ တခြားသားရဲများနှင့် မတူသည်မှာ တခြားသားရဲများသည် လူသားများကို အစားအစာအတွက်သာ သတ်ဖြတ်ခြင်း ဖြစ်သည်။ သို့သော် အနီရောင်မျက်လုံးနတ်ဆိုးဘုရင်ကတော့ လူသားများကို ပျော်ရွှင်မှုအတွက် သတ်ဖြတ်တတ်၏။ အထူးသဖြင့် ၎င်းတို့သည် ချီစွမ်းအားပညာရှင်များကိုသာ အမဲလိုက်လေ့ရှိလေသည်။ ကြောက်စရာကောင်းသော အမြန်နှုန်းမျိုးကို ပိုင်ဆိုင်ထားသောကြောင့် လူပေါင်းများစွာ ဝန်းရံပိတ်ဆို့ထားသည့်တိုင်အောင် အနီရောင်မျက်လုံးနတ်ဆိုးဘုရင်ကား အမြဲတစေ လွတ်မြောက်သွားလေ့ရှိ၏။

နောက်ဆုံးတွင်တော့ မူလသားရဲများ၏ သွေးဗီဇကို ပိုင်ဆိုင်ထားသော တုမျိုးနွယ်စုများက အနီရောင်မျက်လုံးနတ်ဆိုးဘုရင်အား သုတ်သင်နိုင်ခဲ့ကြလေသည်။

ကြည့်ရသည်မှာ ကြိုးကြာမြို့တော်မှ ကျုံးမျိုးနွယ်စုသည် အနီရောင်မျက်လုံးနတ်ဆိုးဘုရင်သွေးဗီဇကို ဆက်ခံနိုင်ခဲ့သည့် မျိုးနွယ်စု ဖြစ်ပုံရ၏။

ကုမျိုးနွယ်စုသည် မူလသားရဲသွေးဗီဇကို ပိုင်ဆိုင်ထားသော မျိုးနွယ်စု ဖြစ်သည်။ သို့သော် ထိုသွေးဗီဇမှာ တိမ်မြုပ်နေ၍ ထိုအစား ၎င်းတို့သည် ပျံသန်းနေသောမြွေသွေးဗီဇကိုသာ အစားထိုးအသုံးပြုနေရ၏။ ပျံသန်းနေသောမြွေသွေးဗီဇမှာ နတ်ဆိုးသခင်အဆင့်သာ ရှိလေရာ နတ်ဆိုးဘုရင်အဆင့် သွေးဗီဇနှင့် ယှဥ်လျင် နိမ့်ပါးနေပေသည်။ ထို့ကြောင့် ကုချိန်းလွှာ၏ ဖခင်ဖြစ်သူက သူတို့ထက် အဆင့်မြင့်သော ကျုံးမျိုးနွယ်စုမှ သခင်လေးကို သူ့သမီးနှင့် လက်ဆက်ရန် ရွေးချယ်ခဲ့ခြင်းပင်။ ထိုဆုံးဖြတ်ချက်မှာ ဘာမှမဆန်း။ သာမာန်ပင် ဖြစ်သည်။

သို့သော် ယခုတော့ စုချန်း ရောက်လာခဲ့ပေပြီ။ သာမာန်အခြေအနေများအနေနှင့် ဆက်လက်တည်ရှိနိုင်စရာ အကြောင်းမရှိတော့။

"ကဲ ခင်ဗျား ဘယ်လိုထင်သလဲ ဖိအားကတော့ ကြီးတယ်မလား ကျုပ်ရဲ့ သတ္တမညီမလေးနဲ့ လက်ဆက်ဖို့ဆိုတာ ထင်သလောက် မလွယ်တော့ဘူးနော်"

ကုကျင်းတန်က ရယ်မောရင်း ပြောလိုက်သည်။

"ဒါပေမဲ့ လုံးဝ မဖြစ်နိုင်တော့တာတော့ မဟုတ်ပါဘူးလေ ကျုပ်မှာ မျှော်လင့်ချက်ရှိသေးတယ်ဆိုတာ မင်း သိတယ်မလား"

"ဒါပေါ့ ခင်ဗျားမှာ ပိုက်ဆံရှိတယ်လေ ပိုက်ဆံအများကြီးရှိရင် သူဌေးပဲ ဟုတ်တယ်မလား"

တကယ်လည်း စုချန်းတွင် သွေးဗီဇမရှိသည့်တိုင်အောင် ကျုံးမျိုးနွယ်များအား ရှုံးနိမ့်လိမ့်မည်ဟု ကုကျင်းတန် မထင်ချေ။

အကြောင်းမှာ စုချန်းတွင် ငွေအများကြီး ရှိနေသောကြောင့်ပင်။

အရင်းအမြစ် အများကြီးလိုအပ်သည့် သူတို့လောကတွင် ငွေကြေးသည် အလွန်အရေးပါသည် မဟုတ်ပါလော။

စုချန်း၏ လက်ထဲတွင် မူလကျောက်တုံးများ ဘီလျံနှင်ချီ၍ ရှိနေသေး၏။ ထိုပမာဏမှာ တော်ဝင်မျိုးနွယ်စုတစုအား ဝယ်ယူရန် လုံလောက်ပေသည်။

ထို့ပြင် စုချန်းတွင် ငွေရှာနိုင်သည့် နည်းစနစ်များစွာ ကျန်နေသေး၏။

ကျူးမျိုးနွယ်စုမှ စုချန်းနှင့် ကျူးရှန်းယောင်၏ ပတ်သက်မှုကို မသိကျိုးကျွန်ပြုခဲ့ခြင်းကို ကြည့်ပါ။ နတ်ဆိုးဧကရာဇ်သွေးဗီဇပိုင်ရှင် တော်ဝင်မျိုးနွယ်စုသည်ပင် စုချန်းပိုင်ဆိုင်ထားသည့် ချမ်းသာကြွယ်ဝမှုနှင့် မက်လုံးများအား မလွန်ဆန်နိုင်ခဲ့။ နတ်ဆိုးသခင်အဆင့် သွေးဗီဇလောက်ကိုသာ ပိုင်ဆိုင်ထားသော ကုမျိုးနွယ်စုအနေနှင့် အဘယ်မှာ လွန်ဆန်နိုင်အံ့နည်း။

စုချန်းသာ မီလျံနှင့်ချီသော မူလကျောက်တုံးတချို့ ပစ်ချပေးလိုက်ပါက ကုချွန်းမြန် ခေါင်းညိတ်လာလိမ့်မည်သာ။

ဤနေရာတွင် စုချန်းအနေနှင့် ထိုတန်ရာတန်ကြေးအား ပေးချေလိုပါ့မလားဟူသော မေးခွန်းသာ ကျန်တော့၏။

စုချန်း၏ အဖြေကတော့ ရှင်းသည်။

သူ တပြားမှ မပေးနိုင်။

***

All Chapters