မျိုးနွယ်စုအဖွဲ့
Vol. 57 Ch. 567
တစုံတယောက်၏ အိပ်မက်များကို အကောင်အထည်ဖော်ဖို့ဟူသည်မှာ ထင်သလောက်မလွယ်လှချေ။
ရင်းနှီးမြုပ်နှံမှု အများအပြား လိုအပ်၏။ တခါတရံတွင် စတေးမှုတချို့ပင် လိုအပ်တတ်လေသည်။
သွေးဗီဇမပိုင်ဆိုင်သူ သာမာန်လူများအတွက် ကျင့်ကြံခြင်းလမ်းကြောင်းတရပ် ဖန်တီးခြင်းဟူသောလမ်းစဥ်မှာ ရှေးအဆက်ဆက် ပါရမီရှင်များ လျှောက်ခဲ့ဖူးသော လမ်းဟောင်းသာ ဖြစ်သည်။ ယခင်ကဆိုလျင် သွေးဗီဇမရှိသူများ အမြင့်ဆုံး ရောက်ရှိနိုင်သော ကျင့်ကြံခြင်းနယ်ပယ်မှာ သွေးဆူပွက်ခြင်းနယ်ပယ်မျှသာ ဖြစ်သည်။ သူတို့အနေနှင့် ထိုထက်မြင့်သော နယ်ပယ်သို့ ရောက်ရှိလို၍ အားကိုးစရာ ကံတရားမှအပ အခြားမရှိ။
အကြောင်းမှာ ဤလမ်းကြောင်းသည် စကတည်းက အလွန်တရာ ခက်ခဲနေသောကြောင့်ပင်။
သို့တိုင်အောင် ရှီကိုင်းဟွမ်သည် ထိုအခြေအနေမှ ဖောက်ထွက်ပြီး လမ်းကြောင်းသစ်နှစ်ခုကို ရှာဖွေနိုင်ခဲ့၏။ အဘယ်ကြောင့်ပေနည်း။
အဘယ်ကြောင့်ဆိုသော် သူသည် တခြားလူများ ချခဲ့သည့်အုတ်မြစ်ကို အခြေခံကာ ထိုးထွင်းကြံဆခွင့် ရခဲ့ခြင်းကြောင့်အပြင် တဖက်တွင် စုချန်းက ကူညီနေသောကြောင့်သာ ဖြစ်သည်။
ဤသို့ဆိုလျင် စုချန်း၏ အကူအညီသည် ဘယ်ကနေ ဆင်းသက်လာသနည်း။ ရှင်းပါသည်။ မြောက်မြားလှစွာသော အရင်းအမြစ်များကိုသုံးကာ ထပ်ခါထပ်ခါ ပြုလုပ်ခဲ့သည့် စမ်းသပ်မှုများနှင့် နှစ်ပေါင်းများစွာ လေ့လာထားသည့် သီအိုရီဆိုင်ရာ အချက်အလက်များမှာ ဆင်းသက်လာ၏။
တဖက်တွင်လည်း ရှီကိုင်းဟွမ်သည် လိုအပ်သော အရင်းအမြစ်များ ဝယ်ယူရန်အတွက် ငွေကို တကူးတက ရှာနေစရာမလ်ို။ လိုအပ်သောငွေမှန်သမျှကို စုချန်းကသာ ဒိုင်ခံရှာဖွေပေးနေသည် မဟုတ်ပါလား။
၎င်းမှာ ဤလမ်းကြောင်းကို ဆက်လျှောက်ရန် စုချန်းအား ရှီကိုင်းဟွမ် ရွေးချယ်လိုက်ရသည့် အကြောင်းရင်းများစွာထဲမှ တချက်လည်း ဖြစ်သည်။
ထို့ကြောင့် သွေးဗီဇမလိုအပ်သော ကျင့်ကြံခြင်းလမ်းကြောင်းသည် ငွေကြေးကြောင့် လျှောက်လှမ်းရသည်မှာ ပို၍ ချောမွေ့လာခဲ့သည််ဟု ဆိုနိုင်၏။ အနာဂတ်တွင် ငွေကြေးမှာ ပို၍ အရေးပါလာဖွယ်ရာ ရှိနေ၏။ စုချန်းအနေနှင့် ဖြစ်နိုင်ဖွယ်ရာ လမ်းကြောင်းမှန်သမျှကို ရှာဖွေရန် လိုအပ်သည် မဟုတ်ပါလား။ မဖြစ်နိုင်သည့် လမ်းကြောင်းများကို ဖယ်ထုတ်နိုင်ရန်အတွက်ပင် ငွေအမြောက်အများ သုံးစွဲရဖွယ်ရှိလေရာ ငွေကြေးနှင့် အောင်မြင်မှုမှာ နောင်တွင် ပို၍ တိုက်ရိုက်အချိုးကျလာဖွယ်ရှိနေသည်မှာ အမှန်ပင်။
ထို့ကြောင့် စုချန်းအနေနှင့် ငွေအမြောက်အများ လိုအပ်နေ၏။
တဖက်တွင် စမ်းသပ်မှုများ ပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများကို စုချန်းတယောက် ရှင်းရှင်းလင်းလင်းပင် သဘောပေါက်ထားပေသည်။
ရှေးအတီတေကာလဆီမှ ပါရမီရှင်များစွာနှင့်ယှဥ်လျင် စုချန်း၏ အကြီးမားဆုံး အားသာချက်မှာ ပရမတ်မျက်လုံးများပင် ဖြစ်သည်။ ထိုမျက်လုံး၊ ထိုအမြင်အာရုံကြောင့် မရေမတွက်နိုင်သော အောင်မြင်မှုများကို သူ ဆွတ်ခူးနိုင်ခဲ့သည် မဟုတ်ပါလား။
သို့သော် နောက်ခြေလှမ်းဖြစ်သည့် သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းကို ရှာတွေ့ရန်မှာ စုချန်းအတွက် အလွန်ပင် ခက်ခဲနေသေး၏။ ထိုအတွက် ဘာစိတ်ကူးမျှပင် စုချန်း မရသေး။
ထိုအခြေအနေတွင် ငွေကြေးသာ မလုံလောက်ပါက ရှိစုမဲ့စု မျှော်လင့်ချက်လေးပင် ပျောက်ဆုံးသွားဖွယ်ရာ ရှိပေသည်။ ဘီလျံနှင့်ချီသော မူလကျောက်တုံးများသည် အလွန်များပြားသော ပမာဏဖြစ်သည်ကတော့ အမှန်ပေ။ သို့သော် စုချန်းအတွက်တော့ မလုံလောက်။
ထို့ကြောင့် စုချန်းအနေနှင့် ထိုမူလကျောက်တုံးများအား ကုမျိုးနွယ်စုလက်ထဲသို့ အလွယ်တကူ ထည့်မပေးနိုင်။
မိန်းမတယောက်အတွက် ပေးခဲ့သော ကတိသည် မိန်းမတယောက်ကြောင့် အလွယ်တကူ ချိုးဖောက်မိတတ်သည်ဟု စုချန်းအား ရှီကိုင်းဟွမ် တချိန်က ပြောခဲ့ဖူး၏။
သို့သော် စုချန်းကား ကံကောင်းခဲ့၏။ ရှီကိုင်းဟွမ်၏ လမ်းညွှန်မှုကြောင့် အနာဂတ်ကာလတွင် သူ့အိပ်မက်သည် ကုချိန်းလွှာနှင့် လားလားမျှ မဆိုင်တော့။ ထို့ကြောင့် ကုချိန်းလွှာကို မည်သည့်နည်းနှင့်မှ သူ ငွေနှင့်စက်၍ ဝယ်ယူလိမ့်မည်မဟုတ်။
ထိုသို့ ဆိုလိုက်ရုံနှင့် ကုချိန်းလွှာကို စုချန်း အလုံစုံ လက်လွှတ်လိုက်ပြီဟုတော့ ဆို၍မရသေးချေ။ မူလကျောက်တုံး ပမာဏတချို့တော့ ကုချိန်းလွှာအတွက် စုချန်း အသုံးပြုလိုသေး၏။
ထိုအခါ သူက ပြောလိုက်သည်။
"ဒီကိစ္စအတွက် မူလကျောက်တုံး ဆယ်မီလျံထက်ပိုပြီး ကျုပ် သုံးမှာမဟုတ်ဘူးကွ"
ကုကျင်းတန်၏ မျက်နှာ မဲခနဲ ဖြစ်သွားသည်။
"ဒါဆိုရင်တော့ ကိစ္စတွေက ရှုပ်ထွေးကုန်တော့မှာပဲဗျ မူလကျောက်တုံး ဆယ်မီလျံဆိုတာ မနည်းပါဘူး ဒါပေမဲ့ ကျုပ်ဦးလေးတယောက်တည်းနဲ့ ကိစ္စက မပြီးဘူးလေ ခင်ဗျားအနေနဲ့ မျိုးနွယ်စုက တခြားအကြီးအကဲတွေနဲ့လဲ အဆင်ပြေဖို့လိုသေးတယ်"
"ဒီတော့ ချိန်းလွှာ လက်ထပ်တဲ့ကိစ္စဟာ ကုမျိုးနွယ်အကြီးအကဲတယောက်တင် မဟုတ်ပဲ မျိုးနွယ်စုက လူတိုင်း သဘောတူဖို့ လိုတာပေါ့ ဟုတ်လား"
စုချန်းက မေးလိုက်၏။
ကုကျင်းတန်က ပြန်ဖြေလိုက်သည်။
"သတ္တမမြောက်ညီမလေးဟာ သတ္တမမြောက်ဦးလေးရဲ့ သမီးပဲ သာမာန်အခြေအနေဆိုရင် သူ့အဖေ တယောက်တည်း သဘောတူရုံနဲ့ လုံလောက်တယ် ပြသနာက ချိန်းလွှာနဲ့ ကျုံးချိန်းကောင်း လက်ထပ်တာဟာ သာမန်ဆိုပေမဲ့ ကျုံးချိန်းကောင်းနေရာမှာ ခင်ဗျား ဖြစ်သွားရင်တော့ သာမာန်မဟုတ်တော့ဘူး ဒါက အဆင့်နိမ့်မျိုးနွယ်စုက လူနဲ့ လက်ဆက်တဲ့သဘော ဖြစ်သွားပြီ.."
".........."
စုချန်း ခေတ္တ စဥ်းစားလိုက်၏။ ထို့နောက် သူက မေးလိုက်ပြန်သည်။
"ဒီတော့ ကျုပ်ကို မင်းတို့မျိုးနွယ်စုထဲက လုပ်ပုံကိုင်ပုံလေးတွေ နည်းနည်းလောက် ရှင်းပြစမ်းပါအုံး သိထားတာများလေ ပိုကောင်းလေပဲပေါ့"
ကုကျင်းတန်၏ မျက်နှာပေါ်တွင် တွန့်ဆုတ်ဆုတ်အမူအရာ ပေါ်လာ၏။
"ဟာ ဒါကြီးကျတော့ မသင့်တော်ဘူးနဲ့ တူတယ်ဗျ ခင်ဗျားက ကျုပ်တို့မျိုးနွယ်စုရဲ့ ရန်သူတော့ မဟုတ်ဘူး ဒါပေမဲ့ မျိုးနွယ်စု လျှို့ဝှက်ချက်တွေကို ခင်ဗျားကို ပြောဖို့ကျ ကျုပ်စိတ်ထဲမှာ သတင်းရောင်းစားသလို ခံစားရတယ်"
ချက်ချင်းဆိုသလိုပင် စုချန်းက ကတ်တကတ်ကို ဆွဲထုတ်လိုက်သည်။ ထ်ိုကတ်မှာ ဟွေ့တောင်းအဖွဲ့အစည်း၏ မူလကျောက်တုံး ငါးသောင်းတန် ငွေလွှဲကတ်ပင် ဖြစ်သည်။
ကုကျင်းတန် ခေါင်းကိုသွင်သွင်ခါယမ်းလိုက်၏။
"ခင်ဗျား ကျုပ်ကို အထင်သေးနေပြန်ပြီ ငွေကြေးနဲ့ ကျုပ်က်ို စိတ်ပြောင်းအောင် လာလုပ်လို့မရဘူးဗျ ကျုပ် ခင်ဗျားအတွက် ဒါကို မလုပ်ပေးနိုင်ဘူး"
စုချန်းက နောက်ထပ် ကတ်တကတ်ကို ဆွဲထုတ်လိုက်ပြန်သည်။
မူလကျောက်တုံး တသိန်းကား စားပွဲပေါ် ရောက်နေခဲ့လေပြီ။
ကုကျင်းတန် စိတ်ဆိုးလာ၏။
"ကျုပ် အပြတ်ပြောပြီးပြီနော် ဒါမျိုး လုပ်မနေတော့နဲ့"
စုချန်းက နောက်ထပ် ကတ်တကတ်ကို ထပ်မံ ဆွဲထုတ်လိုက်ပြန်သည်။
ကုကျင်းတန် ထအော်လိုက်၏။
"ခင်ဗျားကတော့ ကျုပ်က်ို အခက်တွေ့အောင် လုပ်နေတာပဲဗျ"
စုချန်းက နောက်ထပ် ကတ်တကတ်ကို ဆွဲထုတ်ရင်း ပြောလိုက်သည်။
"ကုချိန်းလွှာဆိုရင် ကျုပ်က်ို အလကား ပြောပြမယ်မှန်း မင်း သိပါတယ်ကွာ"
ကုကျင်းတန် မနေနိုင်တော့။ ကတ်လေးကတ်အ သိမ်းဆည်းရင်း စကားစလိုက်သည်။
"လက်ရှိ ကုမျိုးနွယ်အကြီးအကဲက ကျုပ်ဦးလေး ကုချွန်းမြန်ပဲ ဒါပေမဲ့ သူဟာ နေ့တဓူဝ ဖြစ်ပေါ်လာတဲ့ ပြသနာတွေကိုပဲ တာဝန်ယူရတယ် တကယ့်နောက်ကွယ်မှာတော့ မျိုးနွယ်စုအဖွဲ့ဆိုတာ ရှိသေးတဲ့အပြင် သူ့အထက်မှာ မျိုးနွယ်စုတည်ထောင်သူလဲ ရှိနေသေးတယ် မျိုးနွယ်စုအဖွဲ့ဟာ မျိုးနွယ်စုအကြီးအကဲတွေ ခန့်အပ်တာ ဖြုတ်ချတာ စစ်ကြေငြာတာ စတဲ့ ကိစ္စကြီးတွေကို တာဝန်ယူရတယ် မျိုးနွယ်စုတည်ထောင်သူကတော့ များသောအားဖြင့် ပြသနာတွေမှာ ဝင်ပါလေ့မရှိဘူး ဒါကြောင့် ခင်ဗျားအနေနဲ့ ဒီကိစ္စမှာ သူ့ကို ထည့်မတွက်ထားလို့ရတယ် ယေဘုယျအားဖြင့်ပေါ့ဗျာ ကျုပ်တို့ရဲ့ သတ္တမမြောက်ညီမလေး လက်ထပ်တဲ့ကိစ္စဟာ သာမာန်ပဲဆိုတော့ ဒါက နေ့တဓူဝ ဖြေရှင်းပေးရမဲ့ ကိစ္စထဲမှာပါတယ် ဒါကြောင့် ဒီလက်ထပ်ထိမ်းမြားခြင်းကို ကျုပ်တို့ဦးလေးက တာဝန်ယူစီစဥ်ပေးရတယ် ဒါပေမဲ့ သွေးဗီဇမပါတဲ့ သာမာန်လူနဲ့ လက်ထပ်ဖို့ကျတော့ ကွဲပြားခြားနားတဲ့ ကိစ္စကြီး ဖြစ်သွားပြီ သာမာန်အားဖြင့် ချိန်းလွှာဟာ ကုမျိုးနွယ်စုထက် အဆင့်နိမ့်တဲ့ တော်ဝင်မျိုးနွယ်စုဝင်တယောက်နဲ့ လက်ထပ်ရင်ကို ပြသနာမရှိဘူး လူတိုင်း လက်ခံနိုင်သေးတယ် ဒါပေမဲ့ သွေးဗီဇမပါတဲ့ သာမာန်လူနဲ့ကျတော့ ရှက်စရာကြီး ဖြစ်သွားပြီ ဒီသတင်းသာ ပျံ့နှံ့သွားရင် လူတိုင်းစိတ်ထဲမှာ မျိုးနွယ်စုကံကြမ္မာဟာ ဗြောင်းတ်ိဗြောင်းဆန် ဖြစ်ကုန်ပြီလို့ ပြောကြလိမ့်မယ် ရှေးလူကြီးတွေ ပြောကြသလိုပေါ့ဗျာ...."
ကုကျင်းတန် ချောင်းတချက် ဟန့်လိုက်၏။ ထို့နောက် သူ့လက်ပင်းကို နှိပ်နယ်ပြီး စကားဆက်ပြန်သည်။
"ဒီသတင်းသာ ပျံ့နှံ့သွားရင် ကျုပ်တို့ လောင်ချိနိုင်ငံမှာ ဘယ်လိုမျက်နှာပြတော့မလဲ ဒါဆိုရင် လူတွေက ကျုပ်တို့ကို အထင်သေးသွားမယ် ရန်စဖို့ ကြိုးစားလာကြလိမ့်မယ်"
ကုကျင်းတန် ဆက်ပြောလိုက်ပြန်၏။
"ဒီတော့ ခင်ဗျားအနေနဲ့ လုပ်နိုင်တာ သိပ်အများကြီး မရှိဘူး ပြသနာကို မျိုးနွယ်စုအဖွဲ့က ကိုင်တွယ်မှာ သေချာတယ် သူတို့စိတ်ထဲမှာ ဒီကိစ္စက အရှက်ရစရာကြီးလို့ စဥ်းစားနေကြလိမ့်မယ် ဒီတော့ ဘာအကျိုးအမြတ်မှ မရှိပဲ ခင်ဗျားနဲ့ ချိန်းလွှာ လက်ထပ်မဲ့ကိစ္စကို သူတို့ ဘယ်လိုလုပ် သဘောတူမှာတုန်း"
စုချန်းကား ဘာပြောရမှန်းမသိပဲ ဖြစ်သွားလေပြီ။
အတန်ကြာသော် စုချန်းက မေးလိုက်ပြန်သည်။
"မျိုးနွယ်စုအဖွဲ့မှာ လူဘယ်နှစ်ယောက် ပါသလဲ"
ကုကျင်းတန်က ပြန်ဖြေလိုက်၏။
"မျိုးနွယ်စုဘိုးဘေးတွေဟာ အတော့ကို ကလေးမွေးထူးချွန်တယ်ပြောရမလားပဲ ကျုပ်အဖေနဲ့ကျုပ်ဦးလေးမျိုးဆက်မှာဆိုရင် မွေးချင်းခြောက်ယောက်အထိ ရှိတယ် ကျုပ်အဖိုးကတော့ မွေးချင်းခုနှစ်ယောက်ရှိတယ် သုံးယောက်သေတယ်ဆိုတော့ လေးယောက်ကျန်တယ် သူတို့က ဆင်းသက်လာတဲ့ သားစဥ်မြေးဆက်တွေ ပေါင်းလိုက်ရင် စုစုပေါင်း အယောက်လေးဆယ်ထိ ရှိတယ် ဒါပေမဲ့ သူတို့ထဲက ဆယ့်လေးယောက်ပဲ မျိုးနွယ်စုအဖွဲ့မှာပါတယ် ပြီးတော့ ကျုပ် အဘေးနဲ့အဘေးမရဲ့ မျိုးဆက်ခုနှစ်ယောက်ရှိသေးတယ်ဗျ ငါးယောက်ကတော့ သေသွားပြီပေါ့ အိုး ပြီးတော့ ကျုပ်တို့ရဲ့ အဘီကြီးဟာ ခုထိ အသက်ရှင်သေးသဗျ သူက ကျုပ်အဖိုးရဲ့ အဖိုးဆိုပါတော့ သူကနေ ဆင်းသက်လာတဲ့ မျိုးဆက်တွေလဲ ရှိသေးတယ် သူတို့ထဲက တချို့လဲ မျိုးနွယ်စုအဖွဲ့မှာ ပါတယ် ဒီတော့ စုစုပေါင်း နှစ်ဆယ့်ခုနှစ်ယောက် ရှိတယ်ဆိုပါတော့"
"ဒီတော့ မင်းတို့မျိုးနွယ်စုတည်ထောင်သူဟာ မင်းရဲ့ အဘီပေါ့"
ကုကျင်းတန် ခေါင်းခါလိုက်သည်။
"မဟုတ်ဘူးဗျ ကျုပ်တို့မျိုးနွယ်စု တည်ထောင်သူဟာ မျိုးနွယ်စုအဖွဲ့မှာ မပါဘူး ဒါပေမဲ့ အဖွဲ့က သူ့စကားကို နားထောင်ရတယ် သူဟာ ကျုပ် အဘီရဲ့ အဖိုးပဲ ခုဆိုရင် သူ့အသက် ၄၀၀လောက်ရှိရောပေါ့ ကျုပ်လဲ သူ့အသက်က်ို အတိအကျ မသိဘူး ကျုပ်တို့မျိုးနွယ်စုမှာ လူတွေက များလွန်းတော့ လူတိုင်းကို ကျုပ် မသိနိုင်တော့ဘူးလေ"
***