စိတ်ဓာတ်ခိုင်မာရန်လိုသည်
Vol. 57 Ch. 568
စုချန်းနှင့် ကုကျင်းတန်တို့နှစ်ယောက်သည် အတန်ကြာအောင် စကားပြောဆိုနေကြသေး၏။ ထို့နောက် အစားအသောက်များအား ဝလင်အောင် စားသောက်ပြီးသကာလ ကုကျင်းတန်သည် ဟိတ်ကြီးဟန်ကြီးနှင့် လမ်းလျှောက်ထွက်ခွာသွားလေသည်။
ကုကျင်းတန်အား သူ ရောက်နေကြောင်း ကုချိန်းလွှာကို အသိပေးရန် စုချန်း မှာကြားလိုက်၏။ တခြားလူများကို အသိမပေးရန်တော့ နှုတ်ပိတ်ထားလေသည်။
သိပ်မကြာမီ မွှေးရနံ့တထောင်နန်းဆောင်တံခါးဝင်တွင် ကုချိန်းလွှာ၏ ပုံရိပ်ပေါ်လာ၏။ စုချန်းကို မြင်သည်နှင့် သူမသည် ဝမ်းသာအားရဖြစ်ကာ စုချန်းရင်ခွင်ထဲသို့ ပြေးဝင်လိုက်လေသည်။ သူမထံမှ မွှေးပျံ့သောရနံ့များ စုချန်းထံသို့ ပျံ့လွင့်လာ၏။
စုချန်းက သူမအား လေထဲမှာပင် ပွေ့ယူလိုက်သည်။ ထို့နောက် တံခါးအား ပိတ်ထားရန် သံမဏိအား အချက်ပြလိုက်၏။ ထို့နောက် သူက ကုချိန်းလွှာကို မေးခွန်းထုတ်လိုက်သည်။
"မင်း ဘယ်လိုလာသလဲ ဘယ်သူမှ မင်းနောက်လိုက်မလာတာ သေချာတယ်မလား"
စုချန်း၏ အမူအရာကြောင့် ကုချိန်းလွှာ အံ့သြသွား၏။
"ရှင်ပြောတဲ့အတိုင်း လာတာပါပဲ အညောင်းပြေအညာပြေလမ်းလျှောက်မယ်ပေါ့ ဒါနဲ့ ရှင်က ဘယ်လိုဖြစ်လို့ ဒီလောက်ထိ လျှို့ဝှက်နေရတာလဲ"
စုချန်း သက်ပြင်းချလိုက်သည်။
"ဘာကြောင့်လဲဆိုတော့ မင်းကို လက်ထပ်မဲ့ကိစ္စဟာ အချိန်ယူပြီး လုပ်ရမှာမို့လို့ပဲ"
ကုချိန်းလွှာ နားလည်သွား၏။ သူမ ခေါင်းငုံ့ကာ ပြောလိုက်သည်။
"ဒီတော့ ရှင်...ကျွန်မ စေ့စပ်ကြောင်းလမ်းမဲ့ကိစ္စကို သိပြီးပြီပေါ့"
စုချန်း၏ ရင်သည် ဒိန်းခနဲ တုန်ခါသွား၏။
တကယ်တော့ ပြသနာဟာ မင်းရဲ့စေ့စပ်ကြောင်းလမ်းမဲ့ကိစ္စကြောင့်မဟုတ်ဘူး ချိန်းလွှာရဲ့...ကျုပ်ကြောင့် ဖြစ်နေတာ...
မှန်၏။ စုချန်းသည် ကုချိန်းလွှာနှင့် စေ့စပ်မည့် ကျုံးချိန်းကောင်းအား ထည့်၍ပင်တွက်မထားချေ။
အနီရောင်မျက်လုံးသွေးဗီဇသည် အစွမ်းထက်သည်ဆိုသော်ငြား ကောင်းကင်မြေခွေးသွေးဗီဇလောက် အစွမ်းထက်နိုင်ပါမည်လော။
နတ်ဆိုးဧကရာဇ်အဆင့်သွေးဗီဇပိုင်ရှင် တော်ဝင်မျိုးနွယ်စုသည်ပင် သူ့စွမ်းရည်အား အသိအမှတ်ပြုခဲ့ပြီး ဖြစ်သည်။ နတ်ဆိုးဘုရင်အဆင့်သွေးဗီဇက ဘာမို့လို့ပေနည်း။
တောင်ခွဲဓားကို အသုံးမပြုပဲနှင့်ပင် နတ်ဆိုးဘုရင်သွေးဗီဇပိုင်ရှင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်အဆင့်များအား သူ့အနေနှင့် အလွယ်တကူ စိစိညက်ချေပစ်နိုင်မည်ဟု စုချန်း ယုံကြည်ထား၏။
သို့သော် ယခုတော့ ပြသနာက သူကိုယ်တိုင်ပင် ဖြစ်နေ၏။ ထိုအခါ စုချန်းသည် သူနှင့်ကျူးရှန်းယောင်အကြောင်းကို ကုချိန်းလွှာအား မည်သို့မည်ပုံ ပြောပြရမည်မှန်း စဥ်းစားမရနိုင်ပဲ ဖြစ်နေလေသည်။
ဤယနေ့ခေတ်၊ ယခုအသက်အရွယ်တွင် မိန်းမအများကြီး ယူထားခြင်းမှာ သာမာန်ကိစ္စသာ ဖြစ်သည်။ ထိုသို့ဆိုရုံနှင့် မိန်းမတိုင်းက ထိုကိစ္စကို လက်သင့်ခံလိမ့်မည်ဟုတော့ တထစ်ချ ယူဆ၍မရပေ။
တခါတရံတွင် တချို့ကိစ္စများသည် ယုတ္တိဗေဒအရ လက်သင့်ခံနိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာခံစားချက်အရ လက်မခံနိုင်ပဲ ဖြစ်နေတတ်သည် မဟုတ်ပါလား။
ထို့ကြောင့် ကုချိန်းလွှာကိုယ်တိုင်နှင့် ကုမျိုးနွယ်စုသည် သူ့အား ဘေးတဖက်တချက်စီမှ ပိတ်ဆို့ထားသည့်နှယ် ဖြစ်နေ၏။
ကုမျိုးနွယ်စုအနေနှင့်ကား စုချန်းတွင် ဇနီးများစွာ ရှိနေခြင်းက အရေးမကြီး။ စုချန်း၏ သွေးဗီဇနှင့် စုချန်းသည် ကုချိန်းလွှာနှင့် လက်ထပ်ရန် ထိုက်တန်ခြင်း ရှိမရှိကသာ အရေးကြီး၏။
ကုချိန်းလွှာအတွက်ကျပြန်တော့ စုချန်း၏ အဆင့်အတန်း၊ သွေးဗီဇက အရေးမကြီး။ သူမအနေနှင့် သူမ လက်ထပ်လိုသူနှင့် လက်ထပ်ရမည့်ကိစ္စကသာ အရေးကြီး၏။
ဤသည်မှာပင် ပြသနာ၏ သဘောသဘာဝပေတည်း။
ထို့ကြောင့် လက်ရှိတွင် စုချန်းအနေနှင့် ကျူးရှန်းယောင်အကြောင်းကို ကုချိန်းလွှာအား မပြောပြနိုင်သေး။
ကုချိန်းလွှာ၏ အကူအညီနှင့် ကုမျိုးနွယ်စုဘက်မှ ပြသနာများကို အရင်ရှင်းရပေအုံးမည်။ အနှီပြသနာများ ရှင်းလင်းသွားပြီးမှ ကိုယ်ရေးကိုယ်တာပြသနာကို ကိုင်တွယ်ရပေမည်။
သို့သော် အစီအစဥ်ကို ဤသို့ လျာထားလိုက်ရသည့်အတွက် သူ့ကိုယ်သူ ရွံစရာကောင်းလှသည်ဟု စုချန်း ခံစားလိုက်ရသည်ကတော့ အမှန်ပင်။
စုချန်း အံကိုတင်းတင်းကြိတ်လိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"ဟုတ်တယ် ကျုပ် ကုကျင်းတန်နှင့် တွေ့ပြီးပြီ လောလောဆယ် ပြသနာနှစ်ခုရှိတယ် ပထမပြသနာက စေ့စပ်ပွဲကို ဖြစ်တဲ့နည်းနဲ့ တားဖို့ပဲ ဒုတိယပြသနာကတော့ ကျုပ်တို့ကို မျိုးနွယ်စုအဖွဲ့က သဘောတူလာအောင် လုပ်ဖို့ပဲ"
ကုချိန်းလွှာ စိတ်ပူလာ၏။
"နှစ်ခုလုံးက မလွယ်ဘူးရှင့်"
"ကြိုးစားဖို့ပဲ လိုပါတယ်ကွာ မင်းသာ ကျုပ်ဘေးနားမှာ ရှိနေရင် လုပ်နိုင်မယ်လို့ ကျုပ် ယုံကြည်တယ်"
ကုချိန်းလွှာ ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ ဘာတွေပဲဖြစ်ဖြစ် ကျွန်မကို ရှင်ပဲ ပိုင်ဆိုင်ရမယ်"
" အလုပ်ထက် အပြောကတော့ အများကြီး ပိုလွယ်တာပေါ့ကွာ"
"ဘာလဲ ရှင်က ကျွန်မကို မယုံလို့လား"
"မဟုတ်ပါဘူးကွာ ကျုပ်က ဒီအတိုင်း ပြောလိုက်တာပါ လောလောဆယ် ကျုပ်တို့မှာ အခက်အခဲတွေ အများကြီးရှိနေတယ် မင်းတို့မျိုးနွယ်စုနဲ့ မင်းတို့ စေ့စပ်ကြောင်းလမ်းပွဲဟာ ဒီအခက်အခဲတွေအများကြီးထဲကမှ တချို့ပဲ ရှိသေးတယ် နောက်ထပ် ဘယ်လိုအခက်အခဲတွေ ကြုံလာမလဲဆိုတာ ကျုပ်တို့ မသိနိုင်သေးဘူး တချို့ပြသနာတွေဟာ သိပ်ပြီး ခေါင်းကိုက်စရာကောင်းရင်လဲ ကောင်းနေမယ် ဥပမာ တိုက်ပွဲကြီးတိုက်ဖို့ ကျုပ် ထွက်သွားရနိုင်တယ် တိုက်ပွဲမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရလို့ ကျုပ် ပျောက်ကွယ်သွားနိင်တယ် ဒါမှမဟုတ် မိန်းမတယောက် ဝုန်းဆိုပေါ်လာပြီး သူ့ကလေးဟာ ကျုပ်နဲ့ရတဲ့ကလေးပါလို့ စွတ်စွဲကောင်း စွတ်စွဲလာနိုင်တယ် ကျုပ်တို့ရဲ့ ရန်သူတွေဟာ နည်းလမ်းပေါင်းစုံ သုံးလာနိုင်တယ် ဒါကြောင့် ကျုပ်တို့ စိတ်ဓာတ်ခိုင်မာဖို့လိုတယ် ကျုပ်တို့ ကြံ့ကြံ့ခံဖို့ လိုတယ် ကျုပ်တို့...အချင်းချင်း ယုံကြည်ဖို့လိုတယ်"
ကုချိန်းလွှာ၏ မျက်လုံးထဲတွင် သံသယဖြစ်ဟန်များ ပေါ်လာ၏။
"ရှင့်မှာ တရားမဝင် သားသမီးရှိတယ်လို့ ကျွန်မကို ပြောဖို့ ရှင် ကြိုးစားနေတာ ဟုတ်တယ်မလား"
စုချန်းက ချက်ချင်းပင် ပြန်ပြောလိုက်သည်။
"ကျုပ်မှာ ဒီလိုသားသမီး တယောက်တောင် မရှိပါဘူးလို့ မူလစွမ်းအင်ကို သစ္စာပြုပြီး ကျိန်ရဲပါတယ်ကွာ"
ကုချိန်းလွှာ၏ အမူအရာမှာ ချက်ချင်းပင် နူးညံ့သွား၏။
"ရှင် ဆိုလိုတာ ကျွန်မ နားလည်ပါတယ်ရှင် အရေးကြီးတာက ကျွန်မတို့ ကြံ့ကြံ့ခံထားဖို့ အရှုံးမပေးဖို့ပဲ ဘာတွေပဲ ဖြစ်လာပါစေ ကျွန်မတို့ အတူတကွ ဖြေရှင်းကြမယ်"
"ဒီလိုမှပေါ့ကွာ"
စုချန်း စိတ်သက်သာရသွားဟန်ဖြင့် ပြောလိုက်သည်။
တချို့အခြေအနေများတွင် ကုချိန်းလွှာသည် ညတစ္ဆေကဲ့သို့ပင် ကလေးဆန်၏။ အပြစ်ကင်း၏။ သို့သော် သူမသည် နုံအခြင်းကား မရှိ။ မအသည့်အပြင် ညဏ်ပင် ထက်မြက်နေသေးသည် ။ သို့သော် တခါတရံတွင်တော့ သူမသည် မိန်းကလေးပီပီ မိုက်မဲတတ်ပေသည်။
ထိုအချက်ကို ကောင်းစွာ နားလည်ထားသော စုချန်းအနေနှင့် ကုချိန်းလွှာကို လိမ်လည်ရန်မှာ ဘာမှမခက်လှချေ။
အချင်းချင်းအပြန်အလှန်ကတိပြုပြီးကြသည့်နောက်ပိုင်း ပြသနာကို ကိုင်တွယ်ဖြေရှင်းရန် အချိန်ကျလာခဲ့ပြီ ဖြစ်သည်။
သူတို့ ပထမဆုံးလုပ်ရမည့်အရာမှာ စေ့စပ်ပွဲအား တားဆီးရန်ပင်။
"ကျွန်မ စိတ်ကူးတခုရတယ်ရှင့်"
ကုချိန်းလွှာက ပြောလိုက်၏။
"ကျုံးချိန်းကောင်းအတွက် မိန်းကလေးတယောက် ရှာမယ် သူ့ကို ကျုံးချိန်းကောင်းနဲ့ အတူအိပ်အောင် မြူဆွယ်ခိုင်းမယ် ကျွန်မတို့က သူတို့ကို လက်ပူးလက်ကြပ် ဖမ်းလိုက်မယ် ပြီးရင် ကျွန်မဖက်က စေ့စပ်ကြောင်းလမ်းတာကို ဖျက်သိမ်းလိုက်မယ်"
ဖွီး...
ကုချိန်းလွှာ၏ မဟာစိတ်ကူးကြောင့် သူ့အဖြစ်ကို သူပြန်တွေးရင်း စုချန်း ကျောစိမ့်သွား၏။
"ဒီစိတ်ကူးက သိပ်မကောင်းလှဘူး ဒီခေတ်ကြီးမှာ မိန်းမသုံးလေးယောက်ယူတာ ဘာမှမဆန်းဘူး ပြီးတော့ ဒီလူက လက်မထပ်ရသေးဘူးလေ မင်းအနေနဲ့ သူတို့ကို လက်ပူးလက်ကြပ်မိလဲ အလကားပဲ ဒါ လတ်တလောဆန္ဒကို ဖြေဖျောက်တဲ့သဘောလောက်ပဲလို့ သူက ပြောလိမ့်မယ် စေ့စပ်ပွဲ ဖျက်သိမ်းလောက်တဲ့အထိ အရာရောက်မှာ မဟုတ်ဘူး"
ကုချိန်းလွှာ မကျေမနပ် ဖြစ်သွား၏။ ထို့နောက် ခါးထောက်ရင်း သူမက ပြောလိုက်သည်။
"ဘာလို့အရာမရောက်ရမှာလဲရှင့် ကျွန်မဟာ ကုမျိုးနွယ်စုရဲ့ သခင်မလေးလေ ဒီလို မျက်နှာများတဲ့လူမျိုးနဲ့ ကျွန်မက လက်ထပ်ရမှာလား ရှင် ကျွန်မလူ ဖြစ်ချင်ရင် ကမ္ဘာတည်သရွေ့ ကျွန်မ တယောက်တည်းနဲ့ပဲ ရှိနေရမှာပေါ့"
"မင်း ပြောတာလဲ မှန်ပါတယ် ဒါပေမဲ့ ကျုပ် စိတ်ပူတာက ဒီသတင်းသာ ပျံ့သွားရင် မင်းဖက်က စေ့စပ်ပွဲ မဖျက်သိမ်းနိုင်ခင် သူတို့ဘက်က အရင်နောက်ဆုတ်သွားမှာကိုပဲကွ ဒါဆိုရင် မင်းတို့ရဲ့ ဂုဏ်သတင်း...."
ဂုဏ်သတင်းသည် မည်သည့်အခြေအနေတွင်မဆို အရေးကြီးနေတတ်သေးသည် မဟုတ်ပါလား။ အထူးသဖြင့်မိန်းကလေးတယောက်သည် သဘောထားကျဥ်းမြောင်းကြောင်း လူအများကြား သတင်းမွှေးသွားခြင်းသည် သိပ်မကောင်းလှပေ။
ထို့ကြောင့် ထိုခေတ်ထိုအခါက မိမိတို့၏ လင်ယောကျာ်းများ နောက်မိန်းမယူသောအခါ အနှီ မိန်းမအနေနှင့် သဘောမကျသည့်တိုင်အောင် အလွန်အမင်း ရုပ်မပျက်သောအခြေအနေမျိုးတွင် ဒေါသထွက်ပြရမည့်အစား၊ မနာလိုဖြစ်ရမည့်အစား သဘောထားကြီးဟန်ဆောင်ကာ ခွင့်လွှတ်ပေးကြရ၏။ နားလည်ပေးကြရ၏။
ထိုအခါ ကုချိန်းလွှာက မေးလိုက်၏။
"ဒီတော့ ရှင်က ဘယ်လိုလုပ်ဖို့ စဥ်းစားထားတာလဲ"
"ကိစ္စက အရေးကြီးတယ်ဆိုတော့ ဂရုတစိုက်လုပ်မှရမယ်"
စုချန်းက ခေတ္တစဥ်းစားရင်း မေးလိုက်သည်။
"ဒါနဲ့ ကျုံးချိန်းကောင်း ဒီကို ဘယ်တော့လောက် ရောက်မလဲ"
"မိသားစုအလုပ်ကိစ္စပြီးတာနဲ့ လာမယ်လို့ပြောတယ် ခုနှစ်ရက် ဒါမှမဟုတ် ရှစ်ရက်လောက်ပေါ့"
စုချန်း အတန်ကြာအောင် စဥ်းစားနေ၏။
"အချိန်တော့နည်းတယ် ကျုပ်တို့ ဒီထက် အချိန်လိုတယ် မိသားစုအလုပ်ကိစ္စ...မိသားစုအလုပ်ကိစ္စ...ဟေ့ သံမဏိ"
"ရှိပါတယ်သခင်"
စုချန်းက အရိပ်မီးတောက်လက်အိပ်ကို သံမဏိထံသို့ ပစ်ပေးရင်း အမိန့်ပေးလိုက်သည်။
"မင်း ဟေးချန်းကိုသွား ကျုံးချိန်းကောင်းအတွက် အလုပ်ကိစ္စလေး နည်းနည်းပါးပါး ဖန်တီးပေးလိုက် ကြာလေကောင်းလေပဲကွာ"
"ကောင်းပါပြီသခင်"
***