တပ်ဖြန့်ခြင်း
Vol. 57 Ch. 569
ကြည်လင်မြစ်မြို့တော် စုအိမ်တော်တွင် ဖြစ်သည်။
မင်ချူးတယောက် အိမ်တော်ဝင်းအတွင်းဝယ် ပျင်းရိငြီးငွေ့စွာ ထိုင်နေပြီး ငြီးငြူလိုက်၏။
"ပျင်းလိုက်တာကွာ"
"ပျင်းရင်လဲ လာလေ့ကျင့်လေ့ကွာ မင်းကြည့်ရတာ အပျင်းကြီးလွန်းလို့ထင်တယ် ဖက်တီးဖြစ်လာပြီ"
ကျူးဟုန်က အားကျိုးမာန်တက် လေ့ကျင့်နေရင်း ပြောလိုက်သည်။
"ကျုပ်မှာ အားမရှိတော့ဘူး လေ့ကျင့်ချင်စိတ်လဲ မရှိတော့ဘူးဗျာ"
မင်ချူးက ပြန်ပြောလိုက်၏။
"ဒီကမ္ဘာကြီးပေါ်မှာ လေ့ကျင်သင်ယူချင်တဲ့လူတွေ အများကြီးရှိတယ် ဒါပေမဲ့ မင်းလိုအခွင့်အရေး မရကြဘူး မင်းကတော့ အခွင့်အရေးရတာတောင် အပျင်းကြီးနေတယ်"
ကျူးဟုန်က မင်ချူးအား အပြစ်တင်လိုက်လေသည်။
"သခင်လေး ဒီမှာမှ မရှိတာ ပြင်းပြင်းထန်ထန် လေ့ကျင့်နေလို့ ဘာထူးမှာလဲဗျ"
မင်ချူးက အထက်ပါအတိုင်း ရေရွတ်လိုက်ပြန်၏။
"သခင်လေး ထွက်သွားပြီး လုံးဝ ပြန်မလာတော့မှာမှ မဟုတ်တာ ဒီနေရာဟာ သူ့အိမ် ဖြစ်နေတုန်းပဲကွ သူ အနှေးနဲ့အမြန် ပြန်လာမှာပဲ သူ ပြန်လာရင် မင်းကို စစ်ဆေးလိမ့်မယ် သူ စစ်ဆေးလို့ မင်းဟာ သွေးဆူပွက်ခြင်းနယ်ပယ် အစောပိုင်းအဆင့်မှာပဲ ရှိနေသေးတာကို သိသွားရင် မင်းတော့နာပြီ သေချာပေါက် အပြစ်ပေးခံရမှာပဲ"
"သူ ထွက်သွားတာ တနှစ်တောင်ကျော်နေပြီ ကျုပ်တို့ကို ဘာမှလဲ အကြောင်းမကြားဘူး သူ ဘယ်ချိန်ပြန်လာမယ်ဆိုတာ ဘယ်သူသိမှာလဲဗျ"
မင်ချူးက နှုတ်ခမ်းစူရင်း ပြောလိုက်သည်။
သူတို့နှစ်ယောက် အချီအချပြောနေစဥ်မှာပင် ကောင်းကင်ပေါ်တွင် လွန်းပျံယာဥ်တစီး ပေါ်ပေါက်လာ၏။ ထိုယာဥ်သည် တနေရာမှ တနေရာသို့ ပို့ဆောင်ခြင်းခံလိုက်ရသည့်နှယ် မျက်စေ့တမှိတ်အတွင်း သူတို့ရှေ့သို့ ရောက်လာသည်။ လွန်းပျံယာဥ်၏ကြောက်စရာ အမြန်နှုန်းကြောင့် သူတို့ ထိုသို့မြင်လိုက်ရခြင်းပင်။
"မိုးကြိုးရေနဂါးလွန်းပျံယာဥ်ပါလား"
မင်ချူး စိတ်လှုပ်ရှားခြင်းကြီးစွာနှင့် ထအော်လိုက်လေသည်။
"သခင်လေး သခင်လေး ပြန်လာပြီ"
ကျူးဟုန်သည် ချက်ချင်းဆိုသလိုပင် လေ့ကျင့်နေခြင်းကို ရပ်တန့်ပြီး လွန်းပျံယာဥ်ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်၏။
"ကျူးဟုန် သခင်လေးကို နှုတ်ခွမ်းဆက်သပါတယ်ခင်ဗျာ"
စုချန်းက လွန်းပျံယာဥ်ပေါ်မှ ခုန်ဆင်းရင်း မေးလိုက်၏။
"မင်းတို့အခြေအနေ ဘယ်လိုရှိသလဲ"
"သခင်လေးရဲ့မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ အခြေအနေတွေ အကုန်ကောင်းနေပါတယ်ခင်ဗျာ မြို့တော်အရှင်သခင်အန်းဟာလဲ သခင်လေးမရှိပေမဲ့ သခင်လေးရှိတုန်းကလိုပဲ လူတိုင်းကို ဂရုစိုက်ပါတယ် သခင်လေး ဂရုစိုက်သလောက်တော့ မပြည့်စုံဘူးပေါ့ ဒါပေမဲ့ အဆင်ပြေပါတယ် ဘယ်သူမှ ကျုပ်တို့ကို အနိုင်မကျင့်ဝံ့ဘူးသခင်လေး"
ကျူးဟုန်က စုချန်း၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။
"အင်း ဒါဆိုရင် ကောင်းတာပေါ့ကွာ"
စုချန်းက ခေါင်းတချက်ညိတ်ရင်း ပြောလိုက်၏။
စုချန်း မရှိသည့်နောက်ပိုင်း စုအိမ်တော်တွင် ဖိအားမရှိလှတော့။ လူတိုင်းအတွက် မည်သူမှ ပြသနာလာမရှာလျင်ပင် လုံလောက်နေခဲ့လေပြီ။
ကျူးဟုန်က စကားဆက်လိုက်ပြန်၏။
"ဒါပေမဲ့ ကြည်လင်ခြင်းအဖွဲ့နဲ့ တစ္ဆေကျားအဖွဲ့တို့ကတော့ မြို့တော်အရှင်သခင်အတွက် ဆတ်ကြေးတွေ အများကြီး ပေးနေရတယ် သခင်လေး"
စုချန်း မျက်မှောင်ကုတ်လိုက်၏။
"ဟေ ဒီတော့ သူတို့ အတော်ဒုက္ခရောက်နေကြတယ်ပေါ့ ဟုတ်လား ရှိပါစေတော့ကွာ သူတို့အနေနဲ့ ကိုယ့်ကြမ္မာကို ကိုယ်တိုင်ပဲ ဖန်တီးကြပါစေ ကဲ လီရှု ကွေ့တာရှန်းနဲ့ ကျန်အစေခံတွေအားလုံးက်ို ကျုပ်ဆီ ခေါ်ခဲ့စမ်းဗျာ"
ကျူးဟုန် ရင်တုန်သွား၏။
"ဒီက အိမ်ယာခြံမြေတွေကို စွန့်လွှတ်တော့မလို့လား သခင်လေး"
"စွန့်လွှတ်တယ်ဆိုတဲ့စကားဟာ မှန်ကန်တဲ့ အသုံးအနှုံး မဟုတ်ဘူးဗျ ကျုပ်တို့အနေနဲ့ ကွဲပြားခြားနားတဲ့ နေရာတခုကို သွားပြီး အဖွဲ့ခွဲလေးတဖွဲ့ ထူထောင်တယ်လို့ပြောမှ မှန်လိမ့််မယ်"
စုအိမ်တော်၏ အစေခံနှင့်အစောင့်များ အားလုံးပေါင်းလျင် အယောက် ၃၀၀ကျော်ခန့်ပင် ရှိ၏။ ထိုအထဲမှ တချို့မှာ အလံလေးခုစီရင်စုမှ စုချန်း ဖမ်းလာသော ဓားပြများ ဖြစ်သည်။ တချို့မှာကား ပင်လယ်ဓားပြများ ဖြစ်သည်။ တချို့မှာ ဒုစရိုက်အဖွဲ့များမှ ရာဇာဝတ်သားများ ဖြစ်သည်။ တချို့မှာ ဘယ်ကလာမှ မယ်မယ်ရရပင် မပြောနိုင်ကြချေ။
သို့သော် သူတို့အားလုံးသည် စုချန်းအပေါ် အကြွင်းမဲ့ သစ္စာရှိသူများ ဖြစ်၏။ သူတို့အားလုံးတွင် သွေးနီဥပြိုကွဲဆေးမင်များ ကိုယ်စီ ရေးထိုးထားပြီး သူတို့၏ တိုက်စွမ်းအားကလည်း မခေလှချေ။
ဝါးမြိုခြင်းမြစ်မြို့တော်တွင် ဂုဏ်သတင်းတရပ်ကို ထူထောင်ရန် စုချန်း တယောက်တည်းနှင့် မလုံလောက်ချေ။ ထို့ကြောင့် သူ့လက်အောက်ငယ်သားများကိုပါ တပါတည်းခေါ်သွားရန် စုချန်းက ဆုံးဖြတ်လိုက်ခြင်းပင်။
ထိုအတွက်ကြောင့် ကြည်လင်ခြင်းမြစ်မြို့တော်ရှိ စီးပွားရေးလုပ်ငန်းများအားလုံးကို စွန့်လွှတ်ရန်အထိပင် စုချန်းက တွေးထား၏။ တကယ်တော့ ဤမြို့ရှိ စီးပွားရေးလုပ်ငန်းများမှ ရနိုင်သမျှ အဆီအနှစ်များအား စုချန်း ညှစ်ထုတ်ထားခဲ့ပြီးလေပြီ။ ဤမြို့တွင် သူ့အနေနှင့် နောက်ထပ်ရနိုင်စရာ အကျိုးအမြတ် များများစားစား မကျန်တော့။ ထို့ကြောင့် စုအိမ်တော်အား အန်းစီယွမ်လက်ထဲ ထည့်ပေးလိုက်ရန် စုချန်း ဆုံးဖြတ်ထားပြီးလေပြီ။
အန်းစီယွမ်နှင့် ဆွေးနွေးနေစဥ်မှာပင် ကြည်လင်ခြင်းအဖွဲ့နှင့် တစ္ဆေကျားအဖွဲ့များအား ကိုင်တွယ်ရန် စဥ်းစားနေကြောင်း ၎င်းက စုချန်းက ပြောလာ၏။ ထိုကိစ္စကို စုချန်း မကန့်ကွက်။ ဒုစရိုက်အဖွဲ့များဖက်မှ လက်နက်ချလာပါက ဝန်ဝေစင်းနှင့် တခြားသူများကို အသက်ချမ်းသာပေးသင့်ကြောင်းသာ သူက အန်းစီယွမ်အား အကြံပြုခဲ့လေသည်။
နောက်ဆုံးတွင် အန်းစီယွမ်ကလည်း စုချန်း၏ အကြံပြုချက်အား လက်ခံလိုက်၏။
အနှီပုဂ္ဂိုလ်ကား ညဏ်ကောင်းလှပြီး ဘယ်အချိန်တွင် ရှေ့တိုးရမည်၊ ဘယ်အချိန်တွင် နောက်ဆုတ်ရမည်ကို ကောင်းကောင်းသိထားကြောင်း စုချန်း ကြိတ်၍ချီးကျူးမိလေသည်။
ကိစ္စဝိစ္စများအား ရှင်းပြီးသည်နှင့် စုချန်းသည် လီရှု၊မင်ချူး၊ ကွေ့တာရှန်းနှင့် ကျန်လူများအား မိုးကြိုးရေနဂါးလွန်းပျံယာဥ်ပေါ်တင်ကာ ထွက်ခွာလာခဲ့လေသည်။ ကျန်လူများမှာကား အနီးဆုံးမြို့တမြို့သို့ ဦးစွာသွားရောက်ပြီး အကြီးစားလွန်းပျံယာဥ်တစီးကို ငှားယမ်းကာ သုံးရက်ခန့်အကြာတွင် စုချန်းနောက်သို့ လိုက်ပါလာကြရမည် ဖြစ်သည်။
ထို့နောက် စုချန်းသည် အနောက်လိုင်နာရဲတိုက်မှာ အရိပ်မူလပစ္စည်းများကို သုံးပြီး နောက်ထပ်လူခြောက်ယောက်ကို အရိပ်အစေခံများအဖြစ် ပြောင်းလဲလိုက်ပြန်သည်။ ထို့ကြောင့် အရိပ်အစေခံဆယ်ဦးထိ စုချန်း ဖန်တီးနိုင်ခဲ့ပေပြီ။
နှစ်ရက်ခန့်အကြာတွင်တော့ သူတို့၏ မိုးကြိုးရေနဂါးလွန်းပျံယာဥ်သည် ဝါးမြိုခြင်းမြစ်မြို့တော်သို့ ဆိုက်ရောက်လာခဲ့၏။
"ဒီမြို့က ဝါးမြိုခြင်းမြစ်မြို့တော်တဲ့လား လောချိနိုင်ငံရဲ့ အကြီးဆုံးမြို့တွေထဲမှာ ဒီမြို့ပါနေတာ အံ့သြစရာမရှိတော့ဘူးပဲ မြောက်ပိုင်းမြို့တော်နဲ့ တခြားစီပဲဗျိို့"
လီရှုနှင့် ကျန်လူများက တယောက်တပေါက်နှင့် အော်ဟစ်ပြောဆိုလိုက်ကြသည်။
"ကျုပ် လမ်းမှာ ပြောလာတာ ခင်ဗျား အားလုံးကို သတိရရဲ့မလား"
"ရပါတယ်သခင်လေး"
လီရှုက ကျုံးနွံစွာ ပြောလိုက်သည်။
"ကောင်းပြီ ဒါဆို ကျုပ်တို့ အလုပ်စကြမယ်"
_________×××_________×××_________
သံမဏိသည် ကျုံးအိမ်တော်ရှေ့တွင် နဝေတိမ်တောင်နှင့် ရပ်နေ၏။
သူတဦးတည်း တာဝန်ထမ်းဆောင်ရခြင်းမှာ ဤတကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။
သူ ဘာလုပ်ရမည်မှန်း၊ ဘယ်လိုလုပ်ရမည်မှန်း တယောက်မှ မပြောလိုက်ချေ။
တောင်ရိုးကမ်းပါးမျိုးစိတ်များဟူသည် ညဏ်သုံးတတ်သူများမဟုတ်။
သူတို့သည် ဇွဲရှိ၏။ ရဲရင့်၏။ လုံ့လထုတ်တတ်၏။ သို့သော် ညဏ်တော့မသုံးတတ်။
ထိုအထဲတွင် သံမဏိတော့ မပါချေ။ အကြောင်းမှာ သူ့သခင်သည် စုချန်း ဖြစ်နေသောကြောင့်ပင်။
စုချန်းက သံမဏိအား
"မင်းအနေနဲ့ ညဏ်သုံးနိုင်ဖို့ ကြိုးစားရမယ် ခေါင်းသုံးပြီး ပြသနာတခုကို ဖြေရှင်းနိုင်ရန် အကြမ်းပတမ်းလုပ်နေစရာမလိုတော့ဘူးပေါ့ကွာ"
ဟု အမြဲတစေ ဆုံးမလေ့ရှိသည်။
အစပိုင်းတွင် ဦးနှောက်ကို အသုံးပြုနိုင်အောင် ကြိုးစားရခြင်းမှာ သံမဏိအတွက် လွန်စွာ ခက်ခဲလှ၏။
သို့သော် စုချန်းကား စိတ်ရှည်လှသည်။ အကြောင်းအရာတခု ကြုံလာတိုင်း သံမဏိ နားလည်လာစေရန် စိတ်ရှည်လက်ရှည်ပင် ရှင်းပြလေ့ရှိသည်။
ထိုအခါ အချိန်ကြာလာသည်နှင့်အမျှ သံမဏိမှာ များစွာ တိုးတက်လာတော့သည်။
သူသည် အခြေခံအကျဆုံး အကြောင်းအရာများမှတဆင့် ရှုပ်ထွေးသောအခြေအနေများကိုပါ နားလည်နိုင်စပြုလာ၏။
နောက်ပိုင်းတွင် သံမဏိသည် စုချန်း၏ ရန်သူများအပေါ် လှည့်စားပုံ၊ အကွက်ချပုံ၊ အစီအစဥ်အောင်မြင်ရန် ကြိုတင်ပြင်ဆင်ထားပုံများကိုပါ သတိထားမိစပြုလာ၏။ လူ့သဘောသဘာဝများကိုလည်း နားလည်စပြုလာလေသည်။
တဖက်တွင်လည်း စုချန်း၏ ရှုပ်ထွေးလှသော စမ်းသပ်မှုများက သံမဏိအား တဖက်တလမ်းမှ အကျိုးရှိစေခဲ့၏။ ထိုစမ်းသပ်မှုများအား ကူညီဆောင်ရွက်နေရင်းမှာ သံမဏိသည် စိတ်ရှည်ခြင်း၊ အသေးစိတ်အချက်အလက်များအား ဂရုစိုက်ခြင်း စသည့်အရည်အချင်းများကို သင်ယူနိုင်ခဲ့၏။
နောက်ဆုံးတွင်တော့ အသိပညာဟူသည် ပြုစုပျိုးထောင်နိုင်သော အင်အားနှင့်တူကြောင်း သံမဏိ နားလည်လာခဲ့လေသည်။
သို့သော်ငြားလည်း မိမ်ိ၏ အရည်အချင်းကို ဤယနေ့မတိုင်ခင်ထိ ကိုယ်တိုင်စမ်းသပ်ခွင့်ကို သံမဏိ တခါမှ မရဖူးသေး။
စုချန်းက သံမဏိအား ကျုံးမျိုးနွယ်စုထံသို့ စေလွတ်လိုက်ခြင်းမှာလည်း သံမဏိအား စမ်းသပ်လို၍ မဟုတ်။
သို့သော် သံမဏိ၏ စိတ်ထဲတွင် မိမ်ိသခင် မျှော်လင့်ထားသည်ထက် ပို၍ ပြောင်မြောင်အောင် ဆောင်ရွက်ပြလိုစိတ်များ တဖွားဖွား ပေါ်ပေါက်နေ၏။
ယခုလည်း သံမဏိသည် ကျုံးမျိုးနွယ်အိမ်တော်ရှေ့တွင် ရပ်ရင်း အထပ်ထပ်အခါခါ စဥ်းစားနေ၏။ သူ၏ ခံစားချက်မရှိသော မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ပြတ်သားခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်ခြင်း စသော အရိပ်အယောင်များ ပေါ်ပေါက်နေ၏။
သူ့ကို လမ်းခုလတ်မှာ ဝင်တိုက်တာက သိသာလွန်းတယ်...ဒီလိုလုပ်လို့မဖြစ်ဘူး...အိမ်တော်ထဲမှာ ပြသနာတက်အောင်လုပ်ပြန်ရင်လဲ သူ့အိမ်မှာ အတွေ့အကြုံရင့် အိမ်တော်ထိန်းတွေရှိရင် ဒီလူတွေကို ထားခဲ့ပြီး သူ ထွက်သွားနိုင်သေးတယ်...ဒါမှမဟုတ် သူ့ သိပ်ဂရုစိုက်ရတဲ့ လူတယောက် ရုတ်တရက် နာမကျန်းဖြစ်သွားရင်ကော...
သံမဏိ၏ မျက်လုံးအစုံသည် ဝင်းခနဲ ဖြစ်သွား၏။
လူတွေဟာ သာရေးထက် နာရေးကို ဦးစားပေးလေ့ရှိတယ်...မိသားစုထဲက အရေးကြီးတဲ့လူတယောက် နာမကျန်းဖြစ်နေတဲ့အချိန်မှာတောင် စေ့စပ်ကြောင်းလမ်းပွဲ အထမြောက်ဖို့ သူ ကြိုးစားနေရင် သူဟာ မိသားစုမဆန်တဲ့သူ ဖြစ်သွားလိမ့်မယ်...ဟုတ်ပြီ ဒါ အလုပ်ဖြစ်နိုင်တယ်...ဒါဆို လူတယောက်ကို တကယ်မသတ်ပဲ သေလုမြောပါဖြစ်သွားစေလောက်မဲ့ အရာတခုခု များ တွေ့နိုင်မလား ငါ ရှာကြည့်မှ ဖြစ်မယ်...
***