အာဂလူ
Vol. 57 Ch. 570
လင်းမျိုးနွယ်စုသည် သူတို့၏ ပင်မခြံဝင်းအား ရောင်းချလိုက်၏။
ထိုသတင်းသည် ဝါးမြိုခြင်းမြစ်မြို့တော်၏ အဓိကလမ်းမကြီးများမှသည် လမ်းကြိုလမ်းကြားများတိုင်အောင် တမုဟုတ်ချင်း ပျံ့နှံ့သွား၏။
လင်းမျိုးနွယ်စုသည် ဝါးမြိုခြင်းမြစ်မြို့တော်တွင် သာမညောင်ည မျိုးနွယ်စုမဟုတ်။ မြို့တော်အတွင်းဝယ် အိမ်တော်သုံးလုံးအထိ ပိုင်ဆိုင်ထားသော မျိုးနွယ်စု ဖြစ်သည်။ သူတို့ရောင်းချလိုက်သော အိမ်တော်မှာ မြို့စွန်တွင်ရှိပြီး သူတို့ပိုင်ဆိုင်သော အိမ်သုံးလုံးအနက် အကြီးဆုံးဖြစ်သည်။ လင်းမျိုးနွယ်စု အကြီးအကဲသည် အဆိုပါ အိမ်တော်အား အလွန်သဘောကျပြီး မကြာခန သွားရောက်နေထိုင်လေ့ရှိ၏။
ဤသို့ဆိုလျင် ထိုအိမ်တော်ကို သူတို့ အဘယ်ကြောင့် ရောင်းချလိုက်သနည်း။
လင်းမျိုးနွယ်စု၏ စီးပွားရေးလုပ်ငန်းများ အရှုံးပေါ်နေသည်ဟူ၍လည်း မည်သူမှ မကြားမိချေ။
သိပ်မကြာမီ လူသားတို့၏ ထုံးစံအတိုင်း လေသတင်း လေညှင်းဆောင်ဆိုသကဲ့သို့ ကောလဟလတချို့ ပေါ်ထွက်လာ၏။
အိမ်တော်ကို ရောင်းချလိုက်ခြင်းမှာ လင်းမျိုးနွယ်ပိုင်စီးပွားရေးလုပ်ငန်းများ အရှုံးပေါ်နေ၍ မဟုတ်။ ဝယ်သူက အဆမတန် စျေးပေးလာ၍သာ လင်းမျိုးနွယ်အကြီးအကဲအနေနှင့် တင်းမခံနိုင်တော့ပဲ ရောင်းချလိုက်ရသည် ဟူ၏။
စျေးနှုန်းမှာ ရွှေစင်တသိန်းခွဲပေတည်း။
ရွှေစင်တသိန်းခွဲဟူသော ပမာဏမှာ မနည်းလှ။ အိမ်တော်ကာလပေါက်စျေးထက် နှစ်ဆခန့်ပင် ရှိနေ၏။ ထိုအခါ လင်းမျိုးနွယ်အကြီးအကဲ ထိုအိမ်တော်အား ရောင်းချလိုက်ခြင်းကို မည်သူမှ မအံ့သြတော့ပေ။
ပိုင်ရှင်သစ်ပြောင်းလာသာအခါ အတော်ပင် အုတ်အော်သောင်းနင်း ဖြစ်သွားသေး၏။ သို့သော် ပိုင်ရှင်သစ်၏ မျက်နှာကို မည်သူမှ ဂဃနဏ မမြင်လိုက်ရ။ သူတို့ သိလိုက်ရသမျှမှာ ပိုင်ရှင်သစ်သည် လူငယ်တဦး ဖြစ်နေကြောင်းပင်။
သူနှင့်အတူ ဇနီးမယား ပါလာသည်ကိုတော့ မတွေ့ရချေ။
ထိုအခါ မြို့ခံလူထုများအကြားတွင် ချမ်းသာသော မျိုးနွယ်စုမှ ဆင်းသက်လာပုံရသည့် ပိုင်ရှင်သစ်သည် ဘယ်ကလာသနည်းဟူသော မေးခွန်းအပေါ် အငြင်းအခုန်များ စတင်ဖြစ်ပေါ်လာတော့သည်။
အိမ်တော်ရှေ့တံခါးပေါ်ရှိ ဆိုင်းဘုတ်တွင် ရေးထိုးထားသော "စုအိမ်တော်"ဟူသည့် အမည်နာမကြောင့် ပိုင်ရှင်သစ်၏ မျိုးနွယ်စုနာမည်သည် စု ဖြစ်ကြောင်း သိပ်မကြာမီ သူတို့အားလုံး သိလိုက်ရ၏။
သာမာန်အားဖြင့် သတင်းတပုဒ်၊ ကောလဟလတခုဟူသည် ရက်ပိုင်းမျှသာ ခံတတ်၏။
သို့သော် သိပ်မကြာမီ စုအိမ်တော်၏ ပိုင်ရှင်သစ်သည် ကြီးမားသော လှုပ်ရှားမှုတရပ်ကို ပြုလုပ်လိုက်ပြန်သည်။
၎င်းမှာ သူက "မိန်းမလှအိမ်"အား ဝယ်ယူလိုက်ခြင်းပင်။
မိန်းမလှအိမ် ဟူသည်ကား ဝါးမြိုခြင်းမြစ်မြို့တော်၏ နံပါတ်တစ် ဆောင်ကြာကြာမြိုင်ဖြစ်ပြီး အရာရှိကြီးများ၊ သူဌေးသူကြွယ်များသာ လာရောက်လေ့ရှိသည့် နေရာ ဖြစ်သည်။
တနေ့ရွှေဥတလုံး ဥပေးနေသောငန်းကို ရောင်းလိုက်သတဲ့လား။
မြို့တော်ရှိ လူအများသည် မေးရိုးနှင့်ကြမ်းပြင် ထိသည်အထိ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။
သို့သော် အဖြစ်အပျက်များကတော့ ထိုအတိုင်း အတိအကျပင်။ စုအိမ်တော်မှ မိန်းမလှအိမ်အား ဝယ်ယူလိုက်သည့် သတင်းမှာ ခိုင်လုံ၏။ သို့သော် မိန်းမလှအိမ်တွင် အပြောင်းအလဲဟူ၍ ပိုင်ရှင်သစ်ပြောင်းသွားခြင်းသာ ရှိ၏။ ထိုအိမ်တွင် အလုပ်လုပ်ကြသော လူများမှာ ယခင်အတိုင်း ဆက်လက်လုပ်ကိုင်နေကြသလို စီးပွားရေးလုပ်ငန်းမှာလည်း ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေလေသည်။
လူအများအနေနှင့် ဘာမှ မတတ်နိုင်တော့သည့်တိုင် စုအိမ်တော်က မိန်းမလှအိမ်ကို မည်သို့်မည်ပုံ ဝယ်ယူလိုက်ကြောင်းကိုတော့ သိလိုကြ၏။
"ဘာလို့ရောင်းလိုက်တာလဲ ဟုတ်လား ငွေကြောင့်ပေါ့ကွာ ထိုက်တန်တဲ့ ငွေကြေးရလို့ ရောင်းလိုက်တာပေါ့"
ကောက်တာကျန်း၏ ခွန်းတုံ့ပြန်သံပင် ဖြစ်သည်။
မိန်းမလှအိမ်သည် ငွေဝင်အလွန်ကြမ်းသည်ကတော့ မှန်၏။ သို့သော် အလွန်ဆုံးရမှ တနေ့တွင် ရွှေစင်သုံးထောင်က အလွန်ဆုံးပင်။ ထိုပမာဏမှာ တနှစ်လျင် ရွှေစင်တစ်မီလျံထက် ပိုလာစရာ အကြောင်းမရှိ။ ထို့ပြင် ဆောင်ကြာမြိုင်ဟူသည့် အလုပ်မျိုးက အကာအကွယ်ကောင်းကောင်းမရှိပဲ လုပ်ကိုင်၍ရသည့် အလုပ်မျိုးမဟုတ်။ အရာရှိများသည် အခွန်ကောက်ခံကြ၏။ ဒုစရိုက်အဖွဲ့များက ဆတ်ကြေးကောက်ကြ၏။ သူတို့ကို ဗိုက်ဝအောင် ပေးမထားလျင် ကောက်တာကျန်းအနေနှင့် အလုပ်ပင်လုပ်ရလိမ့်မည်မဟုတ်။
ဤအနေအထားတွင် စုချန်းက ငွေကြေးဘယ်လောက်နှင့် ကွေ့တာကျန်းကို ကမ်းလှမ်းခဲ့သနည်း။
စုချန်းက ကွေ့တာကျန်းကို မိန်းမလှအိမ်အတွက် ရွှေစင်၁.၅မီလျံနှင့် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
ထိုပမာဏနှင့်ဆိုလျင် ကွေ့တာကျန်းအနေနှင့် နောက်ထပ် ဆောင်ကြာမြိုင် ၄/၅ခုခန့်ပင် ဖွင့်ပစ်၍ ရနေ၏။
သို့သော် စုချန်းက မိန်းမလှအိမ်အား ဝယ်ယူရာတွင် နောက်ထပ် တခုကို တောင်းဆိုခဲ့သေး၏။ ၎င်းမှာ ကွေ့တာကျန်းအနေနှင့် တနှစ်ခွဲအတွင်း နောက်ထပ် ဆောင်ကြာမြိုင်တဆောင် ထပ်မဖွင့်ရန်ပင်။
တနှစ်ခွဲအတွင်း ကွေ့တာကျန်းသာ ကတိတည်ပါက စုချန်းထံမှ နောက်ထပ် မူလကျောက်တုံး ခုနှစ်သိန်းတိတိကို သူ ထပ်ရအုံးမည် ဖြစ်သည်။ ထိုမူလကျောက်တုံးများကို သူ အလိုရှိသည့်အချိန်တွင် အချိန်မရွေး လာရောက်ယူငင်နိုင်၏။ အကယ်၍ စုချန်းဘက်မှ ကတိပျက်ပါက ကွေ့တာကျန်းအနေနှင့် မိန်းမလှအိမ်ကို ပြန်လည်ပိုင်ဆိုင်ခွင့်ရသွားမည် ဖြစ်သည်။ သဘောမှာ မိန်းမလှအိမ်အား ကွေ့တာကျန်းက တနှစ်ခွဲခန့် ငှားယမ်းလိုက်သည်နှင့် တူနေ၏။
ကွေ့တာကျန်း သဘောမတူစရာ ဘာအကြောင်းမှမရှိ။
နောက်ထပ်တရက်အကြာတွင် လေမီးခိုးအိမ်ကိုလည်း စုချန်း ထပ်မံဝယ်ယူလိုက်ပြန်၏။
၎င်းမှာ ဝါးမြိုခြင်းမြစ်မြို့တော်၏ ဒုတိယမြောက် ဆောင်ကြာမြိုင်ပင်ဖြစ်သည်။
နောက်ထပ်ရက်တချို့အကြာတွင် စုချန်းသည် ဆောင်ကြာမြိုင်သုံးဆောင်အား ဆက်တိုက်ဆိုသလို ဝယ်ယူလိုက်ပြန်၏။ ထိုသတင်းသည် မြို့တော်အတွင်း တောမီးပမာ ပျံ့နှံ့သွားလေသည်။ လူတိုင်း ပါးစပ်အဟောင်းသာ ဖြစ်ကုန်ကြ၏။
အနှီ စုအိမ်တော်၏ ပိုင်ရှင်သည် ဝါးမြိုခြင်းမြစ်မြို့တော်မှ ဆောင်ကြာမြိုင်များကို တစုတစည်းတည်း ပြုလုပ်ရန် ကြံစည်နေလေသလော။
အရောင်းအဝယ်စျေးနှုန်းများက ထုံစံအတိုင်း ပေါ်ထွက်လာပြန်လေရာ မည်သူမှ မအံ့သြပဲမနေနိုင်တော့။
သင့်တွင် ငွေကြေးအလုံအလောက်ရှိနေလျင် အဘယ်ကြောင့် စီးပွားရေးလုပ်ငန်းတခုက်ို စတင်အစမပျိုးသနည်း။ အဘယ်ကြောင့် တခြားလူများ၏ စီးပွားရေးကို ဝယ်ယူနေရသနည်း။ အဘယ်ကြောင့် မတန်တဆ စျေးပေးနေရသနည်း။
ထိုမေးခွန်းများကို စုအိမ်တော်၏ အိမ်တော်ထိန်းကြီး လီရှုက
သူ့သခင်သည် အချိန်တိုအတွင်း အကျိုးအမြတ်များအောင် လုပ်ကိုင်ရသည်ကို သဘောကျကြောင်း၊ စီးပွားရေးလုပ်ငန်းတခု စတင်တည်ထောင်မည်ဆိုပါက မြေနေရာ၊ အလုပ်သမားရွေးရသည်ကပင် အချိန်ကုန်ကြောင်း၊ ထိုအထဲ မိမိ တည်ထောင်လိုက်သည့် စီးပွားရေးလုပ်ငန်း ဂုဏ်သတင်းကြီးလာအောင် စွမ်းဆောင်ရသည်ကလည်း မလွယ်လှကြောင်း၊ ထိုလုပ်ရပ်များမှာ အလောင်းအစားလုပ်ရသည်နှင့် တူကြောင်း၊ အချိန်နှင့်ငွေကို ဖြုန်းတီးသည်နှင့်တူကြောင်း၊ သူ့သခင်အနေနှင့် ဝါးမြိုခြင်းမြစ်မြို့တော်တွင် ပိုက်နက်နယ်မြေတခု တည်ထောင်လိုသည်ဆိုပါက ထိုသို့ ရှုပ်ထွေးစွာ လုပ်က်ိုင်နေရန် မလိုအပ်ကြောင်း၊ ငွေကြေးအလုံအလောက်ရှိနေခြင်းကြောင့် မြန်ဆန်သည့်နည်းလမ်းကို ရွေးချယ်နိုင်စွမ်း ရှိနေကြောင်း
စသည်ဖြင့် စီကာပတ်ကုံးပင် ဖြေကြားလိုက်လေသည်။
ထိုအကြောင်းကို ကြားရသောလူတိုင်းလိုလိုသည် သက်ပြင်းချမိကုန်ကြ၏။ စုချန်းသည်လည်း အမှန်တကယ် ချမ်းသာကြွယ်ဝသူဖြစ်ကြောင်း သဘောပေါက်သွားကြလေသည်။
စုချန်းကား သူ့နာမည် ဝါးမြိုခြင်းမြစ်မြို့တော်အတွင်း ကျော်ကြားလာစေရန် ပထမဆုံး ခြေတလှမ်းကို အောင်မြင်စွာ အစပျိုးနိုင်ခဲ့လေပြီ။
သိပ်မကြာမီ အလွန်ချမ်းသာကြွယ်ဝသော သူဌေးလေးစုချန်းအား သမက်ဖမ်းရန်ကြိုးစားသူများ အလျှိုလျှို ပေါ်လာတော့သည်။
သို့သော် သူဌေးလေးစုချန်းကား ထိုသမီးရှင်များကို ဧည့်ခံရန် စိတ်ဝင်စားပုံမရ။ အေးဆေးစွာသာ နေထိုင်လေ့ရှိ၏။ ထိုအခါ အိမ်တော်သို့ အဆက်မပြတ်လာရောက်နေသော ဧည့်သည်များအား အိမ်တော်ထိန်းကြီးလီရှုကသာ ဒိုင်ခံ၍ ဧည့်ခံရတော့သည်။ ဤနည်းနှင့် လီရှုသည်လည်း မြို့တော်တွင် နာမည်ကြီးလာ၏။
သိပ်မကြာမီ စုအိမ်တော်က နောက်ထပ် ခြေတလှမ်းအား ထပ်မံ လှမ်းလိုက်ပြန်သည်။ ၎င်းမှာ သူတို့က ထာဝရပျော်ရွှင်ခြင်းအိမ်အား ဝယ်ယူလိုက်ခြင်းပင်။
ထာဝရပျော်ရွှင်ခြင်းအိမ်မှာ ဆောင်ကြာမြိုင်မဟုတ်။ လောင်းကစားရုံ ဖြစ်သည်။
ဝါးမြိုခြင်းမြစ်မြို့တော်၏ နံပတ်တစ်လောင်းကစားရုံအား မြို့တော်ရှိ တော်ဝင်မျိုးနွယ်စုလေးစုအနက် တစုဖြစ်သည့် ဟေးမျိုးနွယ်စုက ပိုင်ဆိုင်ထားပေသည်။
ဤတကြိမ်တွင်လည်း ထာဝရပျော်ရွှင်ခြင်းအိမ်အတွက် စုအိမ်တော်မှ ဟေးမျိုးနွယ်စုအား မငြင်းဆန်နိုင်လောက်သည့် စျေးနှုန်းနှင့် ကမ်းလှမ်းခဲ့သည်မှာ သံသယဖြစ်စရာမလိုတော့။
သို့သော် သင်သည် ဆောင်ကြာမြိုင်များဘက်သို့ အာရုံစိုက်နေရာမှ ဘယ်အချိန်တွင် လောင်းကစားရုံများဘက်သို့ မြားဦးလှည့်လာသနည်း။
လောကကြီးတွင် အလွန်ညဏ်ကောင်းသူများသာ အခွင့်အရေးအား အကျိုးအမြတ်အဖြစ် ပြောင်းလဲနိုင်ကြ၏။
ထိုအခါ အသေးစားလောင်းကစားရုံပိုင်ရှင်များသည် ၎င်းတို့ပိုင်ဆိုင်သည့် လောင်းကစားရုံများအား ၎င်းတို့ဆန္ဒအလျောက် စုချန်းထံတွင် လာရောက်ရောင်းချကြလေသည်။
ဤနည်းအားဖြင့် စုအိမ်တော်အမည်နာမအောက်တွင် လောင်းကစားရုံများ အလျှိုလျှို ပေါ်ပေါက်လာပြန်၏။
ဝါးမြိုခြင်းမြစ်မြို့တော်သို့ စုအိမ်တော်ရောက်လာပြီး ၂၁ရက်မြောက်နေ့တွင် လူအများအား ရူးသွပ်သွားစေလောက်သည့် သတင်းတခု ထပ်မံ ထွက်ပေါ်လာပြန်သည်။
ထိုသတင်းမှာ စုအိမ်တော်က ဝမ်းနည်းမှုပြယ်ပျောက်ခြင်းအိမ်အား ထပ်မံ ဝယ်ယူလိုက်ပြီဟူသော သတင်းပင်။
ဝမ်းနည်းမှုပြယ်ပျောက်ခြင်းအိမ်မှာ လောင်းကစားရုံမဟုတ်။ ဝိုင်အရက်ဆိုင်ပင် ဖြစ်သည်။
ထိုသတင်းသည် စုချန်းတွင် မကုန်နိုင်မခန်းနိုင်လောက်သည့် ငွေကြေးများ ပိုင်ဆိုင်ထားကြောင်း အဓိပ္ပာယ်ပေါက်နေစေ၏။ ယခုတော့ သူဌေးလေးစုချန်းက ဝိုင်အရက်ဆိုင်လုပ်ငန်းအား မျက်စေ့ကျနေခဲ့ပြန်ချေပြီ။
နောက်ထပ်ဆယ်ရက်ခန့်အကြာတွင်တော့ မြို့တော်၏ ထိပ်တန်းဝိုင်အရက်ဆိုင်တိုင်းလိုလိုသည် စုချန်းလက်ထဲသို့ ရောက်ကုန်တော့သည်။
တလဟူသော အချိန်တိုလေးအတွင်းမှာပင် စုအိမ်တော်သည် မြို့တော်၏ အကောင်းတကာအကောင်းဆုံးဟု ဆိုရမည့် ဆောင်ကြာမြိုင်ငါးဆောင်၊ လောင်းကစားရုံလေးရုံနှင့် ဝိုင်အရက်ဆိုင်ခြောက်ဆိုင်တို့အား ပိုင်ဆိုင်ထားခဲ့လေပြီ။
၎င်းမှာ အကုန်မဟုတ်သေး။ ထိုအတောအတွင်းဝယ် စုအိမ်တော်သည် မြို့တော်၏ အကောင်းဆုံးဟု ဆိုရမည့် ဇာတ်အဖွဲ့လေးဖွဲ့၊ ပြဇာတ်ရုံနှစ်ရုံနှင့် အများသုံးရေချိုးကန်နှစ်ကန်ကိုလည်း ဝယ်ယူထားသေး၏။
ထိုလုပ်ငန်းများအားလုံးကို ဝယ်ယူရန် စုအိမ်တော်သည် ရွှေစင်သန်းသုံးဆယ်ခန့် သုံးစွဲခဲ့ရသည်ဟု လူအများက ခန့်မှန်းမိကြသည်။ ထိုအထဲမှ တဝက်ခန့်သာ ကနဦး ပေးချေထားရသေးသော်လည်း ရွှေစင်ဆယ့်ငါးသန်းဟူသည် ရူးသွပ်လောက်စရာ ပမာဏပင်တည်း။
ရွှေစင်ဆယ့်ငါးသန်း ပိုင်ဆိုင်သည့် မျိုးနွယ်စုပေါင်း များစွာရှိ၏။ သို့သော် ချီစွမ်းအားပညာရှင် တဦးတွင် ထ်ိုပမာဏမျိုး ပိုင်ဆိုင်ထားသည်ကတော့ အံ့သြစရာကောင်းနေသည်မှာ အမှန်ပင်။
တကယ်တော့ ကြာပန်းသုံးပွင့်အဆင့်ရှိ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးတွင် ထိုငွေကြေးပမာဏမျိုး ရှိနိုင်ပေသည်။ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်ဆိုလျင် ထိုထက်မကသော အရင်းအမြစ်မျိုးကိုပင် ပိုင်ဆိုင်ထားနိုင်သေးသည်။
သို့မဟုတ် တချို့မူလချီစွမ်းအားပညာရှင်များသည်လည်း စုချန်းကဲ့သို့ပင် ချမ်းသာကြွယ်ဝနိုင်သေးသည်။ သို့သော် ၎င်းတို့အားလုံးသည် ထိုချမ်းသာကြွယ်ဝမှုအား ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များ ဝယ်ယူရန်သာ သုံးကြလေ့ရှိပြီး စုချန်းကဲ့သို့ ငွေကြေးကို ပစ္စလက်ခ သုံးစွဲသူ တဦးတလေမျှပင် မရှိ။
ထိုအခါ လူအများကြားဝယ် စုချန်း၏ နောက်ကြောင်းရာဇဝင်သည် အထူးတလည် ဆွေးနွေးစရာ ခေါင်းစဥ်တခု ဖြစ်လာတော့သည်။
***