အဆက်အသွယ် ၁
Vol. 58 Ch. 571
ကုချွန်ချောက်သည် မနက်ခင်းတိုင်းလိုလိုသည် တံခါးနီမျှော်စင်သို့ သွားရောက်ပြီး ကျန်းမင်တို့လင်မယား၏ လက်ရာဖြစ်သော အလွှာတစ်ထောင်မုန့်နှင့် မြေအောင်းမှိုဆန်ပြုတ်အား တွဲဖက်စားသောက်ရခြင်းကို အလွန်နှစ်သက်၏။ ၎င်းကို သူ့ဘဝ၏ အကောင်းဆုံး အစိတ်အပိုင်းဟု မှတ်ယူထားလေသည်။
စားသောက်ပြီးသည်နှင့် ကုချွန်ချောက်သည် သီချင်းငှက်တစ်ရာခြံဝင်းသို့သွားကာ တေးသီချင်းများ နားထောင်လေ့ရှိ၏။ နေလည်စာကိုတော့ သူက စားသောက်ဆိုင်တဆိုင်ဆိုင်တွင် စားသောက်လေ့ရှိသည်။ စားသောက်ပြီးလျင် နေ့လည်ခင်းတွင် ရေမိုးချိုးကာ ကုချွန်ချောက်တယောက် နာမည်ကြီးဆောင်ကြာမြိုင်တခုခုဆီသို့ ဦးတည်လေ့ရှိ၏။ တခါတရံတွင်တော့ ဆောင်ကြာမြိုင်ကို မသွားပဲ လောင်းကစားရုံ တရုံရုံတွင် သူ အချိန်ဖြုန်းနေတတ်၏။ နိုင်သည်ရှုံးသည်ကို ကုချွန်ချောက် ဂရုမစိုက်။ စိတ်လှုပ်ရှားရသည်ကို သဘောကျ၍ ကစားခြင်းမျှသာ။
ကုချွန်ချောက်သည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ဖြစ်သည်။ သူ၏ နတ်ဆိုးသခင်အဆင့်သွေးဗီဇသည် မြင့်မားလာသည်နှင့်အမျှ နောက်ဆုံးတွင် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ရောက်သွားတော့မည် ဖြစ်သည်။ ဤသည်မှာ လူသားများ၏ မပြောင်းလဲနိုင်သော ကျင့်ကြံခြင်းလမ်းကြောင်းပေတည်း။ သွေးဗီဇမပါသူ သာမာန်လူများအတွက် အမြင့်ဆုံးရောက်ရှိနိင်သည့်နယ်ပယ်မှာ သွေးဆူပွက်ခြင်းနယ်ပယ်သာ ဖြစ်သည်။ သွေးနှောများမှာကား အလင်းတုန်ခါခြင်းနယ်ပယ်ထိ ရောက်ရှိနိုင်၏။ နတ်ဆိုးဘုရင်အဆင့်သွေးဗီဇအောက်ရှိ ကျန်သွေးဗီဇပိုင်ရှင်များမှာကား ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ထိ ရောက်နိုင်ကြလေသည်။
သို့သော်...
နတ်ဆိုးသခင်အဆင့်သွေးဗီဇပိုင်ရှင်များအနေနှင့် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်ခြင်းသည် အလွန်အန္တရာယ်များပြီး အောင်မြင်နိုင်ချေကလည်း နည်းလှ၏။ ကုချွန်ချောက်ကား အဆိုပါအောင်မြင်မှုထက် လူ့ဘဝ၏ အနှစ်သာရကိုသာ ပို၍ အလေးထားတတ်သူဖြစ်သည်။
သူ့စိတ်ထဲတွင် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ခြင်းမှာ ဘာမှအရေးမကြီးလှဟု ခံယူထား၏။
တနည်းအားဖြင့် သူ လက်လျော့လိုက်ပြီ ဖြစ်သည်။
နှစ်ရာပေါင်းများစွာ မူးရူးပျော်ရွှင်၍ နေထိုင်ရခြင်းသည် အန္တရာယ်ရှိသောလမ်းကို လျှောက်ရခြင်းထက် ပို၍ကောင်းသည် မဟုတ်ပါလော။
လက်ရှိအချိန်သည်ကား သူ တသက်တာပျော်မွေ့စွာ နေထိုင်နိုင်ရန် နေရာသစ်တခု ရှာဖွေရမည့်အချိန်ပေတည်း။
၎င်းမှာ ကုမျိုးနွယ်စုများသာ ပိုင်ဆိုင်ထားသည့် အထူးအခွင့်အရေးဟု ဆိုသော်ရ၏။ မူလသတ္တဝါကြီးသွေးဗီဇအား ကျိန်စာဟုပြောပြော၊ ဘုရားပေးသည့် လက်ဆောင်ဟုဆိုဆို ကုမျိုးနွယ်များအနေနှင့် ထိုသွေးဗီဇကြောင့်ပင် ထိုသို့ နေထိုင်ရန် ရွေးချယ်ခွင့်ရှိကြသည်ကတော့ အမှန်ပင်။ ဆက်ကြိုးစားမလား။ ကြိုးစားပါက သင်သည် အန္တရာယ်ရှိသောလမ်းကို လျှောက်ရမည်။ မူလသတ္တဝါကြီးသွေးဗီဇအား နိုးထမိစေပါက ရာသက်ပန် အထီးကျန်စွာ နေထိုင်ရပေလိမ့်မည်။ မကြိုးစားတော့ပဲ လက်လျှော့လိုက်ပါက ဘဝတလျှောက်လုံး သက်တောင့်သက်သာ နေထိုင်သွားနိုင်ပေလိမ့်မည်။
ထိုနေ့ကစ၍ ကုချွန်ချောက်သည် ဘဝကို ရိုးရိုးရှင်းရှင်းသာ ဖြတ်သန်းတော့၏။ သက်တောင့်သက်တာသာ နေထိုင်တော့၏။ သူ၏ တနေ့တာအချိန်များအား ကျင့်ကြံအားထုတ်ခြင်းနှင့် အချိန်ကုန်ခံမနေတော့။
တကယ်တော့ ထိုသို့နေထိုင်သည်မှာ ကုမျိုးနွယ်စုထဲတွင် ကုချွန်ချောက်တယောက်တည်း ရှိနေသည်မဟုတ်။ ကုချွန်ချောက်နှင့် ထပ်တူဆုံးဖြတ်ခဲ့သူများလည်း အများအပြားပင် ရှိနေ၏။ သူတို့အားလုံးသည်လည်း ကုချွန်ချောက်ကဲ့သို့ပင် ဘဝက်ို အနှစ်သာရရှိရှိ ဖြတ်သန်းနေကြလေသည်။
ဤမနက်တွင်လည်း ကုချွန်ချောက်သည် အိပ်ယာမှနိုးသည်နှင့် ထုံးစံအတိုင်း တံခါးနီဆီသို့ တည့်တည့်မတ်မတ်ပင် လျှောက်လာခဲ့၏။
တံခါးနီသို့ ရောက်သည်နှင့် ကျန်းမင်တို့လင်မယား၏ မုန့်ဆိုင်လေးနေရာတွင် ဟာလာဟင်းလင်း ဖြစ်နေကြောင်း သူ တွေ့လိုက်ရသည်။
"ဟာ ဆရာကျန်းတို့ ဒီနေ့ ဆိုင်မထွက်ဘူးလား"
ကုချွန်ချောက် မေးလိုက်၏။
ဘေးနားတွင် တို့ဖူးစွပ်ပြုတ်ရောင်းနေသော အဖွားကြီးက ကုချွန်ချောက်၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။
"ထွက်ပါ့ရှင် နေရာပဲပြောင်းသွားတာ ခုဆို သူ့ဆိုင်က သင်းပျံကြိုင်မျှော်စင်ကို ရောက်သွားပြီ သင်းပျံ့ကြိုင်မျှော်စင်က သူ့ဆိုင်ကိုပါ ဝယ်လိုက်တော့ သူလဲ ဟိုမှာသွားရောင်းရတော့တာပေါ့"
"သင်းပျံ့ကြိုင်မျှော်စင် ဟုတ်လား"
ပြောရင်းနှင့်ပင် တစုံတခုအား ကုချွန်ချောက် သတိရလာ၏။
"အော် စုအိမ်တော်ပေါ့ ဟုတ်လား"
ယခုတလော တမုဟုတ်ချင်း နာမည်ကြီးလာသော စုအိမ်တော်ကို သူမသိပဲ အဘယ်မှာ ရှိမည်နည်း။
"ဟုတ်ပါ့ စုအိမ်တော်အကြီးအကဲပဲပေါ့ သူက သိပ်ပြီးချမ်းသာတာကလား"
အဖွားကြီးက ရယ်မောရင်း ပြောလိုက်၏။
ထိုအခါ ကုချွန်ချောက်က ရေရွတ်လိုက်၏။
"ဒီ လက်ဖွာတဲ့ကောင်လေး ဘယ်ကလာသလဲဆိုတာ ဘယ်သူသိနိုင်မလဲ ဒီကောင်လေးဟာ ဝါးမြိုခြင်းမြစ်က ရှိသမျှ အရာတွေကို သူ့အတွက် လိုက်ဝယ်နေတာပဲ"
ထိုသို့ပြောပြီးသည်နှင့် ကုချွန်ချောက်သည် သင်းပျံ့ကြိုင်မျှော်စင်သို့ ဦးတည်လိုက်လေသည်။
မျှော်စင်သို့ ရောက်သည်နှင့် ကုချွန်ချောက်သည် အထဲသို့ လှမ်းဝင်လာခဲ့၏။ သူ့မျက်နှာတွင်ကား မနှစ်မြို့သော အမူအရာမျိုး ပေါ်ပေါက်နေလေသည်။ စုအိမ်တော်ကြောင့် နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့သော သူ့အလေ့အထ ပျက်စီးသွားရသည်ဟု သူ့စိတ်ထဲတွင် ယူဆမိနေသည် မဟုတ်ပါလား။ သို့သော် အထဲသို့ ရောက်သည်နှင့် ကျန်းမင်တို့မုန့်ဆိုင်၏ ရှင်းလင်းသောအပြင်အဆင်၊ သန့်ရှင်းသော နေရာထိုင်ခင်းတို့ကြောင့် အပြင်ဖက်တွင် ဖုန်တထောင်းထောင်းနှင့် စားသောက်ရသည်ကို သူ သတိရလာ၏။ တဆက်တည်းမှာပင် အထဲတွင် စားသောက်ရသည်မှာ ပို၍ အဆင်ပြေကြောင်း တွေးမိပြီး သူ အတော်လေး သဘောကျသွားလေသည်။
ထိုအချိန်မှာပင် မျက်စေ့စူးရှဟန်တူသော စားပွဲထိုးတယောက်က သူ့အား ခရီးဦးကြိုပြုလာ၏။
"ဟာ စတုတ္တအကြီးအကဲကုပါလား ကြွပါခင်ဗျာ ကြွပါ"
ထို့နောက် သူက ချက်ချင်းပင် ကုချွန်ချောက်အတွက် နေရထိုင်ခင်း ပြင်ဆင်ပေးလိုက်သည်။
ကုချွန်ချောက်က ဂရုမထားဟန်ဖြင့် မေးလိုက်၏။
"ဒီတော့ ကျုပ် ဘယ်သူဆိုတာ မင်းသိတယ်ပေါ့"
"သိတာပေါ့ခင်ဗျာ ကျန်းမောင်နှံက စတုတ္တအကြီးအကဲရဲ့အကြောင်းကို တဖွဖွနဲ့ ပြောနေတာကလား ပြီးတော့ ကျုပ်တို့ရဲ့သူဌေးကလဲ ကုမျိုးနွယ်စုက ဧည့်သည်တွေရောက်လာရင် အထူးဂရုစိုက်ဖို့ မှာထားပါတယ် ထိုင်ပါခင်ဗျာ ထိုင်ပါ"
သိပ်မကြာမီ ကုချွန်ချောက်၏ စားပွဲပေါ်သို့ မြေအောင်းမှိုဆန်ပြုတ်၊ အလွှာတထောင်မုန့်နှင့်အတူ စားစရာတချို့ ရောက်လာ၏။
ကုချွန်ချောက် ခေါင်းညိတ်ပြလိုက်သည်။
"အပြင်အဆင်မတူပေမဲ့ အရသာကတော့ အရင်အတိုင်းပါပဲလား ဆန်ပြုတ်က လေးတယ် မုန့်ကတော့ မွှေးတယ် ပေါ့ပါးတယ် လုပ်တာကိုင်တာလဲ မြန်သားပဲ"
စားပွဲထိုးလေးက ရယ်မောလိုက်၏။
"စတုတ္ထအကြီးအကဲရဲ့ အကြိုက်ပဲမလားခင်ဗျ ဒါနဲ့ စားသောက်ပြီးရင် အကြီးအကဲ သီချင်းငှက်တရာခြံဝင်းကို သွားအုံးမလားဗျ"
"ကောင်လေး မင်းကိုကြည့်ရတာ ကျုပ် ဘာလုပ်တတ်သလဲ သိထားပုံပဲ မင်း ကျုပ်ကို လုပ်ကြံဖို့ ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်"
စားပွဲထိုးလေးက မြန်မြန်ဆန်ဆန်ပင် ပြန်ပြောလိုက်သည်။
"စတုတ္ထအကြီးအကဲ မဟုတ်တာခင်ဗျာ ကျွန်တော် စဥ်းတောင်မစဥ်းစားရဲပါဘူး ကျန်းမင်တို့လင်မယားနဲ့ သူဌေး ပြောပြထားလို့ သိနေတာပါခင်ဗျာ ဧည့်သည်တွေ ဘာကြိုက်တတ်သလဲ သိထားမှ ကျွန်တော်တို့ဘက်က အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်မှာမလား အကြီးအကဲ အဲဒီကို သွားမယ်ဆိုရင် ကျွန်တော်တို့က နေရာကောင်းတခု ကြိုပြင်ဆင်ခိုင်းထားမလို့ပါ ခုက ကျွန်တော်တို့ဆိုင်တွေအားလုံးက သူဌေးတဦးတည်းပိုင်တာဆိုတော့ ဝန်ဆောင်မှုပေးရတာ အရမ်းအဆင်ပြေသွားပြီ အကြီးအကဲအနေနဲ့ နေရာကောင်းမရမှာ စိတ်ပူနေစရာမလိုတော့ဘူး"
"မဆိုးဘူး စိတ်ဝင်စားဖို့ကောင်းသားပဲ ကောင်းပြီကွာ ကျုပ်အတွက် နေရာကြိုပြင်ထားလိုက် ဒါနဲ့ ဒီမုန့်တွေကို စားလိုက်ရင် ငွေပိုကုန်သွားမှာလားကွ"
ကုချွန်ချောက်က စားပွဲပေါ်ရှိ တခြားမုန့်များကို လက်ညိုးထိုးပြီး မေးလိုက်သည်။ စားပွဲထိုးက ပြန်ဖြေလိုက်၏။
"စားပါခင်ဗျာ ဒီမုန့်တွေက အကြီးအကဲအတွက် အပိုဆောင်းပေးတာတွေက ငွေပိုမကုန်ပါဘူး"
"မင်းတို့သူဌေးက ပါးရည်နပ်ရည်အတော်ရှိတာပဲ"
ကုချွန်ချောက်က ပြောလိုက်၏။
စားသောက်ပြီးသည်နှင့် ကုချွန်ချောက်သည် သီချင်းငှက်တရာခြံဝင်းဆီသို့ ထွက်လာခဲ့၏။
တစုံတယောက်ကတော့ သူ့ကို တကယ် ဂရုစိုက်နေပုံပင်။ ခြံဝင်းတွင် သူအကြိုက်ဆုံးသီချင်းဖြစ်သော နဂါးအထိအတွေ့အမည်ရှိ သီချင်းကို သီဆိုဖျော်ဖြေနေ၏။
သီချင်း အထွတ်အထိပ်သ်ို့ အရောက်မှာပင် အပြင်ဘက်ဆီမှ လူတစု လှမ်းဝင်လာကြောင်း ကုချွန်ချောက် မြင်တွေ့လိုက်ရသည်။ အမှတ်တမဲ့ ကြည့်လိုက်ရုံနှင့် ရှေ့ဆုံးမှ လျှောက်လာသောလူငယ်မှာ သာမာန်လူမဟုတ်ကြောင်း သိသာနေလေသည်။
ကုချွန်ချောက် ရင်ခုန်သံ အနည်းငယ် မြန်လာ၏။
ထိုလူငယ်ထိုင်ပြီး သိပ်မကြာမီမှာပင် အစေခံတယောက်က ကုချွန်ချောက်ဆီသို့ အပြေးတပိုင်းနှင့် လှမ်းလာပြီး ဖိတ်စာတစောင်က်ို ကမ်းပေးလိုက်သည်။ ထို့နောက် သူက တရိုတသေနှင့် ပြောလိုက်သည်။
"စတုတ္ထအကြီးအကဲ ကုရောက်နေတယ်ဆိုလို့ ကျုပ်တို့သူဌေးက နှုတ်ခွမ်းဆက်သခိုင်းလိုက်ပါတယ်ခင်ဗျာ ခနနေရင် သူကိုယ်တိုင်လာပြီး ဂါရဝပြုပါလိမ့်မယ်"
ကုချွန်ချောက် ဖိတ်စာအား လှမ်းယူလိုက်သည်။ ရွှေရောင်ဖိတ်စာပေါ်တွင် ဖောင်းကြွစာလုံးနှစ်လုံး ရှိနေသည်။
စုချန်း...
လက်စသတ်တော့ တကယ်ပဲ သူ ဖြစ်နေတာကိုး
ထိုအခါ ကုချွန်ချောက်က အစေခံအား ပြောလိုက်သည်။
"ဒါဆိုလဲ မင်းတို့သူဌေးကို ပြောလိုက်ကွာ ကျေးဇူးပြုပြီး ကျုပ်နဲ့အတူ လာထိုင်ပါလို့"
သိပ်မကြာမီ ကုချွန်ချောက်ရှေ့သို့ စုချန်း ရောက်လာလေသည်။
"စုချန်း အကြီးအကဲကုကို ဂါဝရပြုပါတယ် ဒါက ကျွန်တော့ရဲ့ မဖြစ်စလောက် လက်ဆောင်လေးပါ"
သူ အမူအရာပြလိုက်သည်နှင့် အနီးရှိ လူတယောက် ရှေ့ထွက်လာပြီး လက်ဖက်ခြောက်အိတ်ကလေးများနှင့် ပြည့်နေသည့် အနီရောင်ခွက်တခွက်အား ကမ်းပေးလာ၏။ အိတ်ကလေးများမှာ နုပျိုခြင်းနွေဦးပယင်းနှင့် ပြုလုပ်ထားပြီး စျေးမကြီးလှသော်လည်း အလွန်ရှား၍ ရှာရခက်လှသည်။
ကုချွန်ချောက်ကလည်း လက်ဆောင်က််ို အသာတကြည်ပင် လက်ခံလ်ိုက်သည်။
"မင်းသားလေးစု ထိုင်ပါ"
စုချန်း ထိုင်ချလိုက်သည်။ ကုချွန်ချောက်က စကားဆက်လိုက်ပြန်သည်။
"မင်းသားလေးစုရဲ့ နာမည်ကို လပိုင်းလောက်အတွင်းမှာ မိုးခြိမ်းသံလို ကျုပ် ကြားနေရတယ်"
စုချန်း မသိမသာ ပြုံးလိုက်၏။
"ဒီလပိုင်းအတွင်း ဒီမှာ အခြေချနိုင်ဖို့ ခပ်ကြမ်းကြမ်းလေး လုပ်ခဲ့ရတယ် ဒီအတွက် ကျွန်တော့ကို ခွင့်လွှတ်ပေးပါခင်ဗျာ"
"ကျုပ် အရင်ကထင်က မင်းသားလေးစုဟာ ငွေကို အကျိုးမရှိ ဖြုန်းတီးနေတာပဲလို့ ဒါပေမဲ့ ကျုပ်ထင်တာ မမှန်ဘူးပဲ ခုကြည့်ရသလောက် မင်းသားလေးစုဟာ ပြောတတ်ဆိုတတ်တယ် အတိုင်းအတာနဲ့ လုပ်ဆောင်တတ်တယ် မင်းသားလေးစု ဆွေကြီးမျိုးကြီးက ဆင်းသက်လာတာ ဘာမှ အံ့သြစရာမရှိဘူးပဲ"
"အကြီးအကဲ ကျွန်တော့ကို မြှောက်ပင့်လွန်းနေပြီ"
ထို့နောက် သူတို့နှစ်ယောက်သည် အတန်ကြာအောင် စကားပြောဆိုကြ၏။
ပြောရင်းဆိုရင်းနှင့် ကုချွန်ချောက်သည် စုချန်းအား ပို၍ သဘောကျလာ၏။ သူတို့နှစ်ယောက်မှာလည်း ပို၍ ရင်းနှီးလာလေသည်။
အတန်ကြာစကားပြောဆိုပြီးနောက် စုချန်းက ကုချွန်ချောက်အား နှုတ်ဆက်ကာ ထွက်ခွာသွား၏။
စုချန်း ထွက်ခွာသွားသည်ကိုကြည့်ရင်း ကုချွန်ချောက် မသိမသာပြုံးကာ ရေရွတ်လိုက်သည်။
"ဒီကောင်လေး စုချန်းရဲ့ စရိုက်က တယ်လဲ စိတ်ဝင်စားဖို့ကောင်းပါလား"
စုချန်းကား ကုမျိုးနွယ်အကြီးအကဲတဦး၏ အပြုသဘောဆောင်သည့်မှတ်ချက်ကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့လေပြီ။
***