နတ်ဆိုးကပ်ဘေး ၅
Vol. 59 Ch. 585
နတ်ဆိုးဘုရင်သားရဲကြီး၏ အော်သံသည် ကောင်းကင်ဘုံသို့တိုင် ပျံ့လွင့်သွား၏။
လူသားနယ်မြေအတွင်း နေထိုင်ကြသော နတ်ဆိုးသားရဲများဟူသည် ၎င်းတို့၏ ဘုရင်ကို တခါမှပင် မမြင်ဖူး။ သို့သော် ဘုရင်၏ အမိန့်ကို နာခံရမည်ဟူသော ဗီဇက မွေးကတည်းကပင် ပါလာကြပုံရ၏။
နတ်ဆိုးဘုရင်မြွေကြီး၏ အော်သံ ထွက်ပေါ်လာသည်နှင့် နေရာအနှံ့အပြားရှိ သားရဲများသည် အော်ကြ၏။ ဟစ်ကြ၏။ သောင်းကျန်းကြ၏။
ထို့နောက် ဘယ်နေရာကမှန်းမသိသော သားရဲအုပ်ကြီးသည် ခေါ်သံရှိရာသို့ ဦးတည်ရွေ့လျားလာကြတော့သည်။
ထိုအထဲတွင် အတောင်ပံခတ်လိုက်ရုံနှင့် မုန်တိုင်းကြီးများကို ပေါ်ပေါက်လာစေနိုင်သည့် ခေါင်းသုံးလုံးငှက်ကြီးများ၊ သံမဏ်ိကဲ့သို့သော အမြီးရှိ လိပ်ကြီးများ၊ အပေါ်ပိုင်း၌ လူသားကိုယ်ခန္ဓာနှင့် မြေကြီးပေါ်တွင် အလင်းကဲ့သို့ နှုန်းထားဖြင့် ရွေ့လျားနိုင်သော ပင့်ကူကြီးများ၊ ကောက်ရိုက်တုတ်ကဲ့သို့ ခြေထောက်များ၊ အကိုင်းအခက်များနှင့် သစ်ပင်ကြီးများပါ ပါဝင်နေ၏။ အနှီ သစ်ကိုင်းများပေါ်ဝယ် အသက်ကင်းမဲ့နေမှန်း သံသယဖြစ်စရာမလိုသည့် အလောင်း ခုနှစ်လောင်း သို့မဟုတ် ရှစ်လောင်းခန့်မှာလည်း တွဲလွဲချိတ်နေ၏။ သို့သော် အဆိုပါ အလောင်းများသည် ထူးထူးဆန်းဆန်းပင် တွန့်လိန်ကွေးကောင်လျက်ရှိသည်။
၎င်းတို့အားလုံးလိုလိုသည် လူသားနယ်နိမိတ်အစွန်အဖျားတွင် ပုန်းအောင်းလျက်ရှိသည့် နတ်ဆိုးသားရဲသတ္တဝါများပင်တည်း။ ထိုအထဲမှ တချို့သည် တိတ်တဆိတ် ပုန်းအောင်းနေကြ၏။ တချို့သည် လူသားနယ်နိမိတ်အတွင်း စိမ့်ဝင်နေကြ၏။ တချို့မှာ လူသားများအဖြစ် အသွင်ပြောင်းနေထိုင်ကြသည်။ ယခုတော့ ၎င်းတို့အားလုံး ဘုရင်ကြီး၏ အမိန့်နှင့် စုဝေးရောက်ရှိလာကြလေပြီ။
ကုချွန်းမြန်အပါအဝင် လူတိုင်းလိုလိုသည် ၎င်းကိုမြင်သည်နှင့် ထိတ်လန့်တုန်လှုပ်ကုန်ကြ၏။
သားရဲများထဲမှ တချို့သည် အရိုင်းအစိုင်း သားရဲများ ဖြစ်သည်။ အနည်းစုသာလျင် နတ်ဆိုးသားရဲများ ဖြစ်ပြီး အင်အားမကောင်းလှ။ သို့သော် ၎င်းတို့အားလုံးပေါင်းလိုက်သောအခါ လျော့တွက်၍ မရတော့။ သားရဲများထဲမှ တချို့သည်ကား အပြစ်မဲ့အရပ်သားများရှိနေသည့် မြို့တော်ဆီသို့ တိုက်ရိုက်ပင် ဦးတည်နေကြလေသည်။
မြို့တော်အနှံ့မှ ငိုသံများ၊ အထိတ်တလန့်အော်ဟစ်သံများ အဆက်မပြတ် ပေါ်ထွက်လာ၏။ အပြစ်မဲ့သူများ ဘယ်နှစ်ယောက် အသတ်ခံလိုက်ရမှန်း မည်သူမှ မသိနိုင်တော့။
ထိုအချင်းအရာကို မြင်သည်နှင့် စုချန်း၏ မျက်လုံးအစုံသည် ရဲခနဲ ဖြစ်သွား၏။ ထို့နောက် သူက ယာဥ်ကို အောက်သို့ ဦးတည်လိုက်သည်။ မိုးကြိုးရေနဂါးယာဥ်မှာ ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လှ၏။ ၎င်း လမ်းကြောင်းတလျှောက်ရှိ သားရဲများမှာ အသားတစ်များအဖြစ် အပိုင်းပိုင်း ပြတ်ထွက်ကုန်လေသည်။
စုချန်းသည် မိုးကြိုးရေနဂါးယာဥ်ကို နောက်လှည့်ပြီး အဖိုးကြီးတဦးအား တိုက်ခိုက်ရန် ကြံစည်နေသည့် သားရဲကြီးတကောင်အား အလင်းတန်းအမြောက်နှင့် ပစ်ခတ်လိုက်၏။ ပစ်ချက်ကြောင့် သားရဲကြီးသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး နေရာအနှံ့တွင် သွေးများ ပြန့်ကျဲကုန်လေသည်။
ထို့နောက် စုချန်းသည် မိုးကြိုးရေနဂါးယာဥ်အား အကြီးဆုံး သားရဲအုပ်ဆီသို့ ဦးတည်လိုက်သည်။ ပစ်မှတ်ဆီသို့ ရောက်သည်နှင့် ယာဥ်တံခါးပွင့်သွားပြီး အထဲမှ ဓားကြီးတချောင်း ထွက်ပေါ်လာ၏။ ယာဥ်ဖြတ်သန်းသွားရာလမ်းတလျှောက်ရှိ သားရဲများမှာ ဓားချက်ကြောင့် အပိုင်းပိုင်းပြတ်ကုန်ကြသည်။ ၎င်းတို့ဆီမှ သွေးများသည် မြစ်ရေသဖွယ် တသွင်သွင် စီးဆင်းကုန်ကြလေသည်။
ရက်စက်ကြမ်းကြုတ်လှသော တိုက်ခိုက်နည်းကြောင့် သားရဲများသာမက လူသားများပါ အံ့သြထိတ်လန့်ကုန်ကြ၏။ တခနကြာသော် ကြီးမားသော ဓားကြီးသည် လေထဲတွင် ဝေ့ကာဝိုက်ကာနှင့် သားရဲအုပ်ကြီးဆီသို့ တိုးဝင်သွားပြန်သည်။
၎င်းမှာ စုချန်း၏ လက်ကုန်မဟုတ်သေး။ သိပ်မကြာမီ မူလကိရိယာဓားလေးလက် လေထဲသို့ ပျံသန်းလာပြီး သားရဲများအား တကောင်ပြီးတကောင် သုတ်သင်ပစ်လေသည်။ စုချန်း ထပ်မံဖန်တီးထားသည့် ဝိညာဥ်လက်နက်များပင်။
အထက်ပါ ဝိညာဥ်ဓားလေးလက်အား စုချန်းက သဲမျိုးစိတ်ဝင်အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်လေးဦး၏ ဝိညာဥ်များဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့မှာ ပိတ်လော့နှင့်တော့ မတူချေ။ စုချန်းက ၎င်းတို့အား အမိန့်နာခံတတ်ရုံသာ ဖန်တီးထားခြင်းဖြစ်၍ ပိတ်လော့ ခိုဝင်နေသည့် တောင်ခွဲဓားလောက်တော့ အဆိုပါဓားများက မစွမ်း။ သို့သော် ၎င်းဓားလေးလက်စလုံးသည် လေထဲတွင် ကိုယ့်ဟာကိုယ် ပျံသန်းပြီး ရန်သူများအား တိုက်ခိုက်နိုင်စွမ်းရှိကြ၏။
ဝိညာဥ်ဓားလေးလက်ကား လေထဲတွင် ကခုန်လျက်ရှိ၏။ သားရဲများကား အတုံးအရုံးပင်တည်း။
ထိုအချိန်မှာပင် အပေါ်ပိုင်း လူကိုယ်ခန္ဓာနှင့် ပင့်ကူကြီးသည် လှံကိုမြောက်ကာ စုချန်းထံသို့ ခုန်ဝင်လာ၏။ လှံဖျားသည် ဝင်းလက်နေပြီး သတ္တုကိုပင် ဖောက်ထွင်းသွားနိုင်မည့်ဟန် ပေါ်နေလေသည်။ စုချန်းသည် ပင့်ကူ၏ လှံချက်အား ကမ္ဘာဦးသွေးပုံရိပ်နှင့် တားဆီးလိုက်ပြီး အလင်းတန်းအမြောက်နှင့် လက်စတုံးပေးလိုက်လေသည်။
ပင့်ကူကြီးပြီးနောက် ရုပ်ရည်ချောမောသော လူငယ်တဦး စုချန်းထံသို့ ပါးစပ်ကြီးဖြဲကာ ခုန်ဝင်လာပြန်သည်။ ၎င်း၏ လျှာမှာကား သေးသွယ်ရှည်လျားသော အဆိပ်ပြင်းမြွေတကောင်ပင်။ ၎င်းမြွေသည် ပါးစပ်မှ အဆိပ်ငွေ့များ မှုတ်ထုတ်ကာ စုချန်းအား တိုက်ခိုက်လာတော့သည်။
အဆိပ်ငွေ့များကြောင့် စုချန်း ယိမ်းထိုးသွား၏။ မိုးကြိုးရေနဂါးယာဥ်မှာလည်း ထိုနေရာတွင် ရပ်တန့်သွားလေသည်။ ကမ္ဘာဦးသွေးပုံရိပ်မှာလည်း ပျောက်ကွယ်သွား၏။
လူငယ်သည် ကောက်ကျစ်စဥ်းလဲသော ဟန်ပန်ဖြင့် ရယ်မောလိုက်၏။ ၎င်း၏ ပါးစပ်တွင်းမှ မြွေသည်လည်း စုချန်း ရစ်ပတ်လာတော့သည်။
ထိုအခိုက်အတန့်မှာပင် စုချန်း၏ မျက်လုံးအစုံသည် ဖြတ်ခနဲ ပွင့်လာ၏။ ကမ္ဘာဦးသွေးပုံရိပ်သည်လည်း ဖြတ်ခနဲ ပြန်ပေါ်လာပြီး မြွေကို ဖမ်းချုပ်လိုက်သည်။ ဘာတွေဖြစ်နေမှန်း ထိုအခါကျမှ လူငယ် သဘောပေါက်သွားပုံရ၏။ ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်လေသည်။
"မဟုတ်ဘူး"
ထိုအချိန်တွင် ကမ္ဘာဦးသွေးပုံရိပ်သည် လူငယ်၏ လျှာ သို့်မဟုတ် မြွေအား တစစီ ဆွဲဖြဲလိုက်ပြီ ဖြစ်သည်။ လူငယ်၏ ပါးစပ်အတွင်းမှ သွေးများ စီးကျလာ၏။ ၎င်း၏ တကိုယ်လုံးသည်လည်း ကွဲထွက်သွားပြီး အတွင်းမှ ကင်းမြီးကောက်တကောင် ထွက်လာတော့သည်။ လက်စသတ်တော့ မြွေအမြီးကင်းမြီးကောက်ပေတည်း။ ကမ္ဘာဦးသွေးပုံရိပ်သည် မြွေအမြီးကင်းမြီးကောက်အား အပိုင်းပိုင်း ဆွဲဖြတ်ရန် ဟန်ပြင်လိုက်သည်။ သို့တိုင်အောင် ကင်းမြီးကောက်၏ ကြီးမားသော လက်မကြီးနှစ်ခုက စုချန်းကို ကုတ်ဆွဲလာပြန်သည်။
စုချန်း လက်အစုံကို လှုပ်ရှားလိုက်၏။ အနီရောင်ပန်းပွင့်များသည် လှိုင်းလုံးကြီးများပမာ ရှေ့သို့ ပျံသန်းသွားလေသည်။
အနီရောင်ပန်းပွင့်များသည် လေထဲမှာပင် မီးလျံငှက်ကြီးများအဖြစ် ပြောင်းလဲသွားပြီး မြွေအမြီးကင်းမြီးကောက်အား ကြိတ်ချေလိုက်၏။ မီးတောက်မီးလျံများကလည်း ကင်းမြီးကောက်တကိုယ်လုံးအား ပြာကျသွားစေလေသည်။ ကြောက်စရာကောင်းလိုက်သည့် မီးလျံများပင်။ အင်အားမှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးနှင့်ပင် ညီမျှနေ၏။
ထိုအချိန်မှာပင် စုချန်း၏ မျက်နှာပေါ်သို့ အရိပ်တရိပ် အုပ်မ်ိုးလာ၏။
ကြီးမားသော သားရဲကြီးတကောင် သူ့ထံသို့ ခုန်ဝင်လာမှန်း စုချန်း ချက်ချင်းပင် လှမ်းမြင်လိုက်သည်။ အပြာရောင်မျက်လုံးခြင်္သေ့ ပင် ဖြစ်သည်။ ၎င်းသည် ပါးစပ်ကြီးကိုဟကာ စုချန်းအား ကိုက်ခဲရန် ကြိုးစားလာ၏။
စုချန်းသည် စွန်းဝူခုန်းမဟုတ်။ ထို့ကြောင့် သဘာဝလွန်စွမ်းရည်များကို ထုတ်မပြနိုင်။ ဤအခြေအနေတွင် သူ့အတွက် လုပ်စရာဟူ၍ တခုသာ ရှိတော့သည်။
ထိုအခါ စုချန်းသည် မိုးကြိုးရေနဂါးယာဥ်အား ဖြန်းခနဲ ရိုက်ချကာ ယာဥ်ကို ကြီးသွားစေလိုက်၏။ ယာဥ်ကိုယ်ထည် ကြီးမားလာခြင်းကြောင့် သားရဲကြီးအနေနှင့် စုချန်းအား မကိုက်ခဲနိုင်တော့။ မိုးကြိုးရေနဂါးယာဥ်ကြီးက သူ့ပါးစပ်ထဲတွင် ကန့်လန့်ခံနေ၏။
၎င်း ဒေါသတကြီးနှင့် အော်ဟစ်လ်ိုက်သည်။ ၎င်း၏ အာခံတွင်းမှ မနှစ်မြို့စရာကောင်းလှသော သွေးညှီနံ့များ စုချန်းထံသို့ ပျံ့လွင့်လာလေသည်။
ထိုအခိုက်မှာပင် စုချန်းသည် လက်တဖက်ကို လှုပ်ရှားပြီး တစုံတခုကိုလေထဲသို့ ပစ်လွှင့်လိုက်၏။
၎င်းမှာ သားရဲအရေခွံပင် ဖြစ်ပြီး ရှည်လျားရစ်ခွေမြို့တော်မှ စုချန်း ဝယ်ယူလာခြင်းပင်။
အရေခွံသည် လေထဲသို့ ရောက်သည်နှင့် ချက်ချင်းပင် အနက်ရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားပြီး ခြင်္သေ့၏ လည်မြိုအတွင်းသို့ တိုးဝင်သွား၏။ သိပ်မကြာမီ ခြင်္သေ့၏ လည်မြိုသည် ပုပ်သိုးဆွေးမြေ့လာပြီး ကျန်တကိုယ်လုံးကိုပါ ပျံ့နှံ့သွားတော့သည်။
ခြင်္သေ့ကြီး နာကျင်စွာ အော်ဟစ်လိုက်သည်။ စုချန်းလည်း ၎င်းကို အခွင့်ကောင်းယူကာ ခြင်္သေ့၏ ပါးစပ်တွင်းမှ ယာဥ်ပျံကို မောင်းထွက်လိုက်လေသည်။
ယာဥ်ပျံကို မောင်းနှင်ရင်းနှင့် နောက်သို့ပြန်လှည့်ကြည့်လိုက်ရာ ခြင်္သေ့ကြီးတကိုယ်လုံး ပုတ်သိုးဆွေးမြေ့သွားပြီး အရိုးကျသွားကြောင်း စုချန်း မြင်တွေ့လိုက်ရ၏။
သားရဲအုပ်ထဲတွင် အဆင့်မြင့်သားရဲဟူ၍ သိပ်များများစားစား မပါလှ။ ခြင်္သေ့ကြီးကတော့ အဆင့်မြင့်သားရဲအနည်းစုထဲမှ တကောင်ပင် ဖြစ်သည်။ ယခုတော့ ထိုသတ္တဝါအား စုချန်း သတ်ဖြတ်နိုင်ခဲ့ပေပြီ။
သို့သော် စုချန်း စိတ်မကျေနပ်နိုင်သေး။
သားရဲများသည် မြို့တော်အနှံ့အပြားသို့ ဝင်ရောက်ကုန်ပြီ ဖြစ်သည်။ ဤအတိုင်းသာဆိုလျင် လူပေါင်းအတော်များများ အသက်ပျောက်သွားဖွယ်ရာ ရှိသည်။
သူ့ပတ်ဝန်းကျင်ရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးကို ကြည့်ရင်း စုချန်း အကြီးအကျယ် ဒေါသထွက်လာ၏။ သူ့နှလုံးသားသည်လည်း ပြင်းစွာ နာကျင်လာ၏။
သူ အံကိုတင်းတင်းကြိတ်လိုက်သည်။ ထို့နောက် သူက ဆေးရည်တချို့ကို ယာဥ်ပျံပေါ်သို့ လောင်းချလိုက်တော့သည်။
တခြားဆေးရည်တော့မဟုတ်။ သားရဲညှို့ငင်ဆေးရည်ပင် ဖြစ်သည်။ သာမာန်ဆိုလျင် သားရဲများအား ဆွဲဆောင်ရန် ဆေးရည်အနည်းငယ်မျှနှင့်ပင် အလုပ်ဖြစ်၏။ ယခုတော့ စုချန်းက ဆေးတပုလင်းလုံးကို လောင်းချလိုက်ခြင်းပင်။
ဤမျှနှင့်ပင် စုချန်း အားမရသေး။ သူ့အိပ်ကပ်ထဲ ပါလာသမျှ သားရဲညှို့ငင်ဆေးရည်များအားလုံးကို ယာဥ်ပျံပေါ်သို့ လောင်းချလိုက်၏။
စူးရှသော အနံ့အသက်သည် ပတ်ဝန်းကျင်တခုလုံးသို့ ပျံ့နံ့သွား၏။
ရှိရှိသမျှသော သားရဲများအားလုံးသည် စုချန်းဆီသို့ စတင်ရွေ့လျားလာကြပြီ ဖြစ်သည်။
***