နတ်ဆိုးကပ်ဘေး ၃
Vol. 59 Ch. 583
စုချန်းထံမှ စကားသံထွက်ပေါ်လာသည်နှင့် ကောင်းကင်အရောင်သည် ရုတ်ချည်းပင် ပြောင်းလဲသွား၏။
အဝေးဆီမှ ထွက်ပေါ်လာဟန်တူသော မိုးပြာရောင်အလင်းတန်းတခုသည် ကောင်းကင်ကို ဖြတ်သန်းကာ ပေါ်လာ၏။ ထိုအလင်းတန်းသည် ကုမျိုးနွယ်အကြီးအကဲဖြစ်သော ကုယောက်ယိထံသို့ တည့်တည့်မတ်မတ်ပင် ဦးတည်နေလေသည်။
စုချန်း၏ အထိတ်တလန့် သတိပေးသံကြောင့်သာ မဟုတ်လျင် ထိုတိုက်ခိုက်မှုကြောင့် ကုယောက်ယိတယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပေလိမ့်မည်။
ယခုတော့ စုချန်း၏ သတိပေးမှုကြောင့် ကုယောက််ယိတယောက် မြန်မြန်ဆန်ဆန်ပင် တုံ့ပြန်နိုင်လိုက်သည်။ သူ့ကိုယ်ခန္ဓာသည် ရုတ်ချည်းပင် ထွင်းဖောက်မြင်နိုင်သည်အထိ ကြည်လင်သွား၏။ ထို့နောက် သူသည် အမှောင်ထုနှင့် ရောနှောသွားပြီး မှောင်မဲနေသောကောင်းကင်တွင် မျက်စေ့နှင့် မတွေ့မြင်နိုင်လောက်သည်အထိ ပျောက်ကွယ်သွားတော့သည်။
မိုးပြာရောင်အလင်းတန်းသည် ကုယောက်ယိအား ထိမှန်သွား၏။ သို့သော် ၎င်းသည် ရေပြင်ကိုထိမှန်သွားသည့်နှင့် လှိုင်းဂယက်မျှသာ ထလာ၏။ ကုယောက်ယိကား ဒဏ်ရာအနည်းငယ်မျှပင် မရလိုက်။
ထို့နောက်တွင်ကား ဘလိတ်ဓားကဲ့သို့ ထက်ရှဟန်တူသည့် ဓားရောင်များ ကောင်းကင်တလွှား ယှက်သန်းလာ၏။ အပြာရောင်အလင်းတန်းသည် တဖက်ရန်သူ၏ ဓားချက်များအား လေထဲမှာပင် ဝေ့ကာဝိုက်ကာနှင့် ရှောင်တိမ်းလိုက်လေသည်။ ထို့နောက် ၎င်းသည် မူလပုံစံ မိုးပြာရောင်သားမွေးမြေခွေးအဖြစ် ပြန်လည်ပြောင်းလဲသွားလေသည်။
၎င်းက အပေါ်စီးမှနေ၍ ငုံ့ကြည့်ရင်း ပြောလိုက်သည်။
"သနားစရာကောင်းလိုက်လေ နောက်ဆုံးတော့ အန်မတန် နုံနဲ့တဲ့ လူသားတွေကို ငါ တွေ့လိုက်ရပြီပဲ"
"သခင်အဆင့် ဒါကြီးက သခင်အဆင့် သားရဲပဲ"
ဖန်းမျိုးနွယ်ဝင်တဦးက ကျယ်လောင်စွာ ထအော်လိုက်သည်။
"ချွန်းမြန် မင်းတို့တွေ ဒီကောင်က်ို တာဝန်ယူလိုက် မြွေကြီးကို ကျုပ်တာဝန်ယူလိုက်မယ်"
ကုယောက်ယိက ကုချွန်းမြန်အား အမိန့်ပေးလိုက်သည်။ တဖန် သူက စုချန်းအား အဓိပ္ပာယ်ဖော်ထုတ်ရန်ခက်ခဲသည့် မျက်နှာပေးနှင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဒီက သခင်လေးကို ကျေးဇူးတင်ပါတယ်ကွာ"
စုချန်း၏ သတိပေးမှုကြောင့်သာမဟုတ်လျင် သူ့အနေနှင့် အပြင်းအထန် ဒဏ်ရာရှိသွားနိုင်သည် မဟုတ်ပါလား။
ထိုအချိန်မှစ၍ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်လေးဦးနှင့် နတ်ဆိုးဘုရင်အဆင့် မြွေကြီးက တတွဲ၊ ကျန်အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များနှင့် နတ်ဆိုးသခင်အဆင့် မြေခွေးကြီးတို့က တတွဲ တိုက်ပွဲ နှစ်ပွဲပေါ်ပေါက်လာတော့သည်။
စုချန်းသည် မျက်မှောင်ကုတ်ကာ အခြေအနေကို သုံးသပ်နေ၏။
မိုးပြာရောင်သားမွေးမြေခွေး ရောက်လာခြင်းကြောင့် မြွေကြီးအပေါ် ကျရောက်နေသည့် ဖိအားမှာ များစွာ လျော့နည်းသွားခဲ့၏။ မူလတိုက်ခိုက်နေသူလူစုထဲမှ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များ ခွဲထွက်လိုက်ရသည် မဟုတ်ပါလား။ ထိုအခါ လူသားများဘက်မှ အသန်မာဆုံး အုပ်စုဖြစ်သော ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်လေးဦးအုပ်စုသည် အကြီးမားဆုံးသော အားနည်းချက်ဖြစ်လာတော့သည်။
ထိုအခိုက်အတန့်ဝယ် ကုယောက်ယိဦးဆောင်သည့် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင် လေးဦးအုပ်စုအနေနှင့် ကုချွန်းမြန်တို့လူစု မြေခွေးကြီးအား အမြန်ဆုံး သုတ်သင်ပြီး သူတို့အား လာကူရန် ဆုတောင်းနေရုံသာ ရှိတော့သည်။
၎င်းကို မြေခွေးကြီးကလည်း ကောင်းစွာ သဘောပေါက်ထားပုံရ၏။ သူသေကိုယ်သေ တိုက်ခိုက်ရမည့်အစား လေထဲတွင် ခုန်ပျံကျော်လွှားကာ ကုချွန်းမြန်တို့လူစုအား အလုပ်ရှုပ်စေလျက်ရှိသည်။ မြွေကြီးက ကုယောက်ယိတို့လူစုအား အပြီးသတ်ရှင်းလင်းမည့်အချိန်ကို သူ စောင့်ဆိုင်းနေခြင်းပင်။
"ကျုပ်တို့ ဒီလိုအချိန်မှာ ထွက်သွားလို့မဖြစ်ဘူး သူတို့ကို ကူညီပြီး မြွေကြီးကို ပြန်တိုက်မှရမယ် မဟုတ်ရင် တမြို့လုံး ကုန်မှာပဲ"
စုချန်းက ပြောလိုက်၏။
"သခင်ခုနက ထွက်ပြေးဖို့ စီစဥ်နေတာ မဟုတ်ဘူးလား ဒါ ကျွန်တော်တို့ ဝင်ပါနိုင်မဲ့ တိုက်ပွဲမျိုး မဟုတ်ဘူးလေဗျာ"
သံမဏိက စုချန်းအား ဖြောင်းဖျလိုက်လေသည်။
"နတ်ဆိုးဘုရင်ကို သတ်ပစ်မယ်လို့ ကျုပ်မပြောပါဘူးကွ ဒါနဲ့ပဲ သူတို့ကို မကူညီဘူးလို့ မဆိုလိုဘူးလေ"
ပြောပြောဆိုဆို စုချန်းက မတ်တပ်ရပ်ရင်း အမိန့်ပေးလိုက်သည်။
"ကဲ ကျုပ် သူတို့ကို သွားပြီး ကူညီလိုက်အုံးမယ် မင်းက မြို့ထဲမှာပဲ နေပြီး လူတွေကို ဘေးကင်းအောင် ကူညီပေး"
စကားဆုံးသည်နှင့် စုချန်းသည် မိုးကြိုးရေနဂါးယာဥ်ကို စတင်မောင်းနှင်လိုက်လေသည်။
ကောင်းကင်ပေါ်တွင်ကား ရှုပ်ရှက်ခတ်နေ၏။ နေရာတိုင်းတွင် မီးလျံများ၊ မိုးကြိုးများ၊ ချီအားလှိုင်းများနှင့်သာ ပြည့်နှက်နေလေသည်။ လေထုအတွင်း ဖြစ်ပေါ်နေသော ဖိအားမှာလည်း ထိလိုက်သည်နှင့် အသက်ပျောက်သွားလောက်အောင် ကြောက်စရာကောင်းလှ၏။ မီးတောက်မီးလျံများ ၊ နှင်းခဲများမှာကား ကောင်းကင်ပေါ်တွင် လှပစွာ ကခုန်နေသကဲ့သို့ ထင်မှတ်ရသည်။
အနှီအားလှိုင်းများ၊ ဖိအားများသည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင် သို့မဟုတ် ထိုထက်နိမ့်သော သူများအား တိုက်ပွဲစည်းဝိုင်းအတွင်း မဝင်နိုင်အောင် တားဆီးထားလျက်ရှိသည်။
စုချန်းသည် မိုးကြိုးရေနဂါးယာဥ်က်ို မောင်းနှင်လျက် ပြင်းထန်သော တိုက်ပွဲအတွင်းသို့ တိုးဝင်လာ၏။ ယာဥ်အတွင်း ထိုင်နေလျက်နှင့်ပင် ပြင်းထန်သော ဖိအားကို သူ ခံစားနေရသည်။ သို့သော် သူ အနည်းငယ်မှ ကြောက်ရွံ့ခြင်းမရှိ။ ပို၍သာ သွေးဆူလာ၏။
တကယ့်သူရဲကောင်းများသည် နေရာဒေသမရွေး၊ အချိန်အခါမရွေး သတ္တိရှိကြသည် မဟုတ်ပါလား။
ယာဥ်မျက်နှာပြင်အား ရိုက်ခတ်လာသော စွမ်းအင်လှိုင်းများကို သူ စိုက်ကြည့်နေ၏။ မရေမတွက်နိုင်သော အလင်းကန့်လန့်ကာများသည် ပုံစံအမျိုးမျိုးနှင့် သူ့နောက်တွင် ကျန်ရစ်ခဲ့လေသည်။
"စုချန်း မင်း ဘာလာလုပ်တာလဲ"
ကုချွန်ချောက် ကျယ်လောင်စွာ အော်ဟစ်မေးမြန်းလိုက်၏။
ထိုအခိုက်အတန့်တွင် သူတို့အားလုံးသည် မြေခွေးကြီးနှင့် ပြင်းထန်သော တိုက်ပွဲကို ဆင်နွဲနေရလေသည်။ ထို့ကြောင့် စုချန်း ဘယ်နေရာကပေါ်လာမှန်း မည်သူမှ သတ်ိမထားမိလိုက်။
စုချန်းသည် သူတို့အား လုံးဝလစ်လျူရှုကာ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်များထံသို့သာ ယာဥ်ကို ဦးတည်လိုက်သည်။ ကုချွန်ချောက်၊ ကုချွမ်းမြန်တို့မှာ မျက်လုံးပြူးနေကြ၏။
ဒီကောင် ဘာလုပ်တာလဲ...ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ...
ဒီကောင်သေရင် ငါတို့ ရင်းနှီးမြုပ်နှံထားတာလေးတွေတော့ ကုန်ပါပြီကွာ...
ထိုအချိန်တွင် ကုယောက်ယိတို့လူစုသည် နတ်ဆိုးဘုရင်အဆင့် မြွေကြီးနှင့် ရင်ဆိုင်နေရလေရာ ပြင်းထန်သော ဖိအားဒဏ်ကို ခံစားနေရ၏။ အလင်းပင်လယ်ပြင်ကြီးက သူတို့အား ဖုံးလွှမ်းထားလေသည်။ မရေမတွက်နိုင်သော အားလှိုင်းများက သူတို့အား အဆက်မပြတ် ရိုက်ခတ်နေ၏။ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်လေးဦးကား အသက်လုနေရလေပြီ။
စုချန်း ကြိုတင်တွေးဆထားသကဲ့သို့ပင် ကုယောက်ယ်ိတို့လေးဦးမှာ အခြေအနေ မကောင်းလှ။
ထိုနေရာသို့ စုချန်းရောက်သွားသည်နှင့် အလင်းပင်လယ်ပြင်ကြီးက စုချန်းကိုလည်း ရစ်ပတ်လာ၏။
စုချန်း၏ ယာဥ်သည် ဤမျှ ကြီးမားသော ဖိအားကိုတော့ မခံနိုင်။ ထိုအခါ မိုးကြိုးရေနဂါးယာဥ်သည် မုန်တိုင်းမိသော ငှက်ငယ်ကဲ့သို့ ချာချာလည်နေလေသည်။ သို့သော် ထ်ိုငှက်ကလေးမှာ ဇွဲကောင်းလှသည်။ ဦးတည်ရာသို့သာ မဆုတ်မနစ် ပျံသန်းနေ၏။ နောက်ဆုံးတွင် ကုယောက်ယ်ိအနီးသို့ သူ ရောက်ရှိလာလေသည်။
"အကြီးအကဲ"
စုချန်းက ကျယ်လောင်စွာ အော်ဟစ်လ်ိုက်သည်။
ကုယောက်ယိသည် မြွေကြီးနှင့် ပြင်းထန်စွာ တိုက်ခိုက်နေရလေရာ စုချန်းအား အာရုံမထားနိုင်။ တချက်မျှသာ လှည့်ကြည့်နိုင်၏။ သူ့မျက်နှာတွင်တော့ အံ့သြသော အရိပ်အယောင်များ ယှက်သန်းနေလေသည်။
ထိုအခိုက်မှာပင် စုချန်းသည် လျင်မြန်စွာ လှုပ်ရှားလိုက်၏။ သူသည် ယာဥ်တံခါးကို ဖွင့်ကာ ဆေးပုလင်းငယ်တလုံးကို ကုယောက်ယိထံသို့ ပစ်ပေးလိုက်လေသည်။
"သောက်လိုက်"
စုချန်း၏ အော်သံ ထွက်ပေါ်လာသည်။
ဆေးပုလင်းကို ကုယောက်ယိ မူလစွမ်းအင်လက်တံများ ဆန့်ထုတ်ကာ ဖမ်းထားလိုက်၏။ အဖုံးကို ဖွင့်လိုက်သည်နှင့် သင်းပျံ့သော ရနံ့များ သူ့နှာခေါင်းဝသို့ တိုးဝင်လာလေသည်။ သူ့နှလုံးသား ဆတ်ခနဲ တုန်ခါသွား၏။ စုချန်း၏ ဆေးမှာ တန်ဖိုးကြီးဆေးဝါးမှန်း မေးခွန်းထုတ်နေစရာမလိုတော့။
ထိုအခါ ကုယောက်ယိသည် ဆေးပုလင်းကို တကျိတ်တည်း မော့ချလိုက်လေသည်။
ဆေးသောက်ပြီးသည်နှင့် ကုယောက်ယိထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာလေသည်။ ထို့နောက် စုချန်း ထံသို့ ဦးတည်နေသော လျပ်စီးကြောင်းအား ကြီးမားသော လက်ကြီးတချောင်းက ဟန့်တားလိုက်သည်။ ကုယောက်ယိ၏ လက်ပင်တည်း။ လျပ်စီးကြောင်းသည် ကုယောက်ယ်ိ၏ လက်ထဲတွင် ယက်ကန်ယက်ကန်နှင့် ဖြစ်နေလေသည်။
ကုယောက်ယ်ိ အားရပါးရ ရယ်မောလိုက်သည်။
"မဆိုးဘူးဟေ့ မင်းဟာ ထူးချွန်တဲ့ အဂ္ဂိရတ်ပညာရှင် ဖြစ်လိမ့်မယ်လို့ ကျုပ် ထင်မထားဘူး မင်းမှာ ဆေးတွေ ထပ်ရှိသေးလား"
"ရှိတာပေါ့ခင်ဗျာ"
စုချန်းသည် ဆေးပုလင်းတချို့အား ကုယောက်ယိထံသို့ ပစ်ပေးလိုက်ပြီး ယာဥ်ကို ကျန်သုံးဦးထံသို့ ဦးတည်လိုက်၏။
ထိုအချိန်မှာပင် အလင်းတန်းအစုအဝေးကြီးသည် မိုးကြိုးပစ်ချလိုက်သည့်ပမာ စုချန်း ထံသို့ ကျရောက်လာ၏။
ကနဦးကတော့ အလင်းတန်းမြွေကြီးသည် စုချန်းအား အရေးမပါ အရောမရောက်သော ပိုးဟပ်လေးတကောင်သဖွယ်သာ သဘောထားခဲ့၏။ ယခုတော့ ပိုးဟပ်လေးက သူ၏ အသုံးဝင်ပုံကို ပြသခဲ့လေပြီ။ ထို့ကြောင့် စုချန်းအား တချီတည်းနှင့် ရှင်းပစ်ရန် မြွေကြီး ကြံစည်လိုက်ခြင်းပင်။
ကုယောက်ယိသည် လက်ဝါးရိုက်ချက်သုံးချက်ကို ဆက်တိုက်လိုလို ဖော်ထုတ်ပြီး အော်ဟစ်လိုက်သည်။
"မြန်မြန် သူ ပေးတဲ့ဆေးကို မြန်မြန်ယူသောက်လိုက်ကြ"
ကျန်သုံးဦးသည် ကုယောက်ယ်ိ၏ အသံက်ို ကြားသည်နှင့် စုချန်းရှိရာသို့ အသီးသီး ဆုတ်လာကြသည်။
စုချန်းက သူ့လက်အစုံကို လျင်မြန်စွာ လှုပ်ရှားလိုက်၏။
များပြားလှသော ဆေးပုလင်းများ လေထဲတွင် ပလူပျံသွားလေသည်။
***