နတ်ဆိုးကပ်ဘေး ၂
Vol. 59 Ch. 582
အလင််းပိုက်ကွန်ကြီး ပေါ်လာသည်နှင့် သူတို့ ဒုက္ခရောက်ပြီမှန်း စုချန်း ချက်ချင်းသဘောပေါက်လိုက်လေသည်။
အလင်းတန်းများ ထုတ်လွှတ်နေသည့် မြွေကြီးကား နတ်ဆိုးဘုရင်အဆင့်ရှိ သားရဲကြီးပေတကား။
နတ်ဆိုးသားရဲများနှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်လာသည့် လူသားအတွေ့အကြုံအရ ထိပ်တန်းအဆင့်ရှိ နတ်ဆိုးသားရဲတကောင်သည် ကြာပန်းငါးပွင့်အဆင့်ရှိ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှင့် ညီမျှ၏။ အရှင်သခင်အဆင့် နတ်ဆိုးသားရဲတကောင်သည်ကား ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်နှင့် ညီမျှပေသည်။ ဘုရင်အဆင့်ရောက်သွားလျင်တော့ အနှီသားရဲ၏ အင်အားသည် စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်ပညာရှင်တဦးအဆင့်နှင့် ညီမျှသွားတော့သည်။ ဧကရာဇ်အဆင့်သားရဲကတော့ အန္တိမဧကရာဇ်နယ်ပယ်ပညာရှင်နှင့် တူပေသည်။ ၎င်းမှာ လူသားများ ယခုအချိန်ထိ ရောက်ရှိနိုင်သော အမြင့်ဆုံး ကျင့်ကြံခြင်းနယ်ပယ်ပင်။ ထိုအဆင့်ကို ကျော်လွန်၍ ဘယ်လူသားမှ မကျင့်ကြံနိုင်သေး။ အကယ်၍ ဧကရာဇ်အဆင့်သားရဲများထက် ပို၍ သန်မာသော ကမ္ဘာဦးသားရဲကြီးများသည် လူသားတွင်ဆိုလျင် မည်သည့်ကျင့်ကြံခြင်းနယ်ပယ်နှင့် ညီမျှမည်နည်းဟု မေးစရာရှိသည်။ ကံဆိုးသည်မှာကား ဘယ်လူသားမှ ကမ္ဘာဦးသားရဲကြီးများအား အကူအညီမပါပဲ အနိုင်မရဖူးသေးချင်းပင်။
ကမ္ဘာဦးသားရဲကြီးတချို့အား အနိုင်ရရှိအောင် လူသားတို့ စွမ်းဆောင်ခဲ့ဖူးသည်မှာ မှန်ပေသည်။ သို့သော် ၎င်းအောင်ပွဲမှာ ဧကရာဇ်နိုင်ငံကြီးတခုလုံး၏ စုပေါင်းအားကြောင့်သာ ဖြစ်၏။ ထိုမျှသာမကသေး တခြားမျိုးစိတ်များမှ အင်အားကြီးသူ အများအပြား၏ အကူအညီလည်း ပါဝင်နေသေးသည်။
လူတိုင်းအနေနှင့် အလင်းတန်းမြွေကြီးအား နတ်ဆိုးသခင်အဆင့် သားရဲဟုသာ ပထမက ယူဆခဲ့မိကြ၏။ နတ်ဆိုးသခင်အဆင့် သားရဲသာဆိုပါက ဝိညာဥ်လောင်ကျွမ်းခြင်းပညာရှင်နှင့်သာ ညီမျှသဖြင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် နှစ်ဆယ်ကျော် ပေါင်းတိုက်ပါက သူတို့ဖက်မှ အနိုင်ရနိုင်ချေရှိသည် မဟုတ်ပါလား။
ယခုကျမှ မြွေကြီး၏ အင်အားအစစ်အမှန်အား သူတို့ သိလိုက်ရ၏။ မြွေကြီးကား နတ်ဆိုးဘုရင်အဆင့် သားရဲကြီးပေတည်း။ ဤအတိုင်းဆိုလျင် သူတို့ ဒုက္ခလှလှတွေ့ပေပြီ။
အင်အားကြီးမားသည့် အလင်းပိုက်ကွန်ကြီး နိမ့်ကျလာသည်နှင့် ချီစွမ်းအားပညာရှင်များသည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာ၏။
အဆိုပါ ချီစွမ်းအားပညာရှင်များမှာ သာမညောင်ညများ မဟုတ်။ လူသားမျိုးစိတ်များဟု ဒေါက်တိုင်များဟု သတ်မှတ်နိုင်သည့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များပင်။ သို့တိုင်အောင် ၎င်းတို့သည် မြွေကြီး၏ တချက်တည်းသော တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်မရှိကြပေ။ ဆွေးမြေ့နေသော သစ်သားတုံးပမာ မွစာကြဲကုန်ကြ၏။ အင်အားနည်းသည့် တချို့မှာ လေပေါ်မှာပင် အသက်ပျောက်ကုန်ကြလေသည်။
ဝါးမြိုခြင်းမြို့တော်တခွင်တွင်ကား နေရာအနှံ့လိုလို ပေါက်ကွဲမှုများ ဖြစ်ပေါ်နေ၏။ မီလျံနှင့်ချီသော အလင်းလက်တံများသည် သူတို့၏ လမ်းကြောင်းပေါ်ရှိ မရေမတွက်နိုင်သော အိမ်များ၊ အပြစ်မဲ့အသက်ပေါင်းမြောက်များစွာအား တိုက်စားပစ်လိုက်လေသည်။
မျက်စေ့တမှိတ်အတွင်းမှာပင် ဝါးမြိုခြင်းမြစ်မြို့တော်သည် မြို့ပျက်ကြီးသဖွယ် ဖြစ်ကုန်၏။ မြို့တော်အတွင်းရှိ လမ်းများတွင် သွေးချောင်းစီးနေခဲ့လေပြီ။
ထိုအချိန်မှာပင် လေထဲတွင် ကြောက်စရာ ဟိန်းသံကြီး ပဲ့တင်ထပ်လာပြီး မြွေကြီးတကောင်သည် ပါးစပ်ကြီးဖြဲကာ ကောင်းကင်ပေါ်သို့ ပျံတက်လာ၏။ ၎င်း၏ အာခံတွင်းမှ တိုးထွက်လာသော မရေမတွက်နိုင်သည့် အလင်းတန်းများကြောင့် ကောင်းကင်တခွင်လုံး ဝင်းဝင်းထိန်ကုန်၏။ နောက်ထပ် ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများ နည်းစနစ်ပင်။ သို့သော် ကုချွန်းမြန်အသုံးပြုလိုက်သည့် နည်းစနစ်ထက် များစွာ ထက်မြက်လှသည်။
တဆက်တည်းမှာပင် မြို့တော်၏ အနောက်ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်ဖျားတို့တွင် ပြောင်းလဲမှုတချို့ စတင်တွေ့ရှိလာရသည်။
သံချပ်ကာဝတ်စုံ ဝတဆင်ထားပြီး တောင်ကြီးတလုံးစာလောက် ကြီးမားသည့် ဆင်ကြီးတကောင်သည် ၎င်း၏ ကိုယ်ထည်ကို လှုပ်ရမ်းက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်၏။
ကျောက်စိမ်းဓားမျောက်ဝံသည်လည်း တောင်နှင့်တူသော ဓားကြီးကိုကိုင်ကာ ပေါ်လာသည်။ ၎င်း အသက်ရှုလိုက်တိုင်း ဒီရေလှိုင်းလုံးကြီးများပမာ လေထဲတွင် ဂယက်ထလာ၏။
ဝါးမြိုခြင်းချောက်ကမ်းပါးမျက်နှာပြင်မှ ပေါ်ထွက်လာသည်မှာကား အတောင်ခြောက်ခုပါ ကင်းမြီးကောက်ပျံပင် ဖြစ်သည်။ ၎င်း၏ ကြီးမားသော ဆူးချွန်မှ ထွက်ပေါ်လာသည့် ခရမ်းရောင်မြူခိုးများသည် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်သွား၏။
"ဘိုးဘေးတည်ထောင်သူတွေ"
ချီစွမ်းအားပညာရှင်များ၏ ပါးစပ်ဖျားမှ ပြိုင်တူရေရွတ်သံများ ထွက်ပေါ်လာလေသည်။
မျိုးနွယ်စုလေးစုမှ တည်ထောင်သူများကား စတင်ထွက်ပေါ်လာခဲ့ပေပြီ။ သူတို့အားလုံးလိုလိုသည် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ရှိ ထိပ်သီးပညာရှင်များပင်။
ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်အဆင့်ရှိ မျိုးနွယ်စုတည်ထောင်သူကြီးလေးယောက်သည် ပြိုင်တူပင် တိုက်ခိုက်လိုက်ကြ၏။ ၎င်းတို့၏ ကြောက်စရာစွမ်းအားအောက်ဝယ် မြို့တော်သည် နတ်ဆိုးဘုရင်သားရဲကြီး၏ တိုက်ခိုက်မှုမှ အခိုက်အတန့် ကင်းလွတ်ခွင့်ရသွားလေသည်။
"မြို့တော်ကို ကာကွယ် မူလပုံစံကို အသက်သွင်းကြ"
တစုံတယောက်က အက်ကွဲသောအသံဖြင့် အော်ဟစ်သတိပေးလိုက်သည်။
အသံရှင်မှာ မြို့တော်အရှင်သခင် ဟွာထင်းယွဲ့ပင်တည်း။
ထိုအချိန်မှာပင် မြေကြီးပေါ်ရှိ အက်ကွဲကြောင်းများမှ ဆန်းကြယ်သော အလင်းရောင်များ ထွက်ပေါ်လာပြီး မြို့ကို ဖုံးအုပ်ထားသည့် အလင်းနံရံကြီးသည် ကောင်းကင်သို့တိုင် တဖြည်းဖြည်း မြင့်တက်သွားတော့၏။
၎င်းမှာ ကောင်းကင်ပေါ်တွင် ဖြစ်ပွားနေသော တိုက်ပွဲမှ စွမ်းအင်လှိုင်းများ မြို့တော်သို့ ကျရောက်မလာစေရန် ကြိုတင်ကာကွယ်ထားသည့် သဘောပင်။
သို့သော် တိုက်ပွဲက ရုတ်ချည်းပင် ဖြစ်ပေါ်လာရာ မူလပုံစံကြီးမှာ အကြီးအကျယ် ပျက်စီးသွား၏။ မြို့တော်၏ ကြီးမားသော အစိတ်အပိုင်းမှာလည်း မည်သည့်ကာကွယ်မှုမှ မရှိတော့ပဲ ဟာလာဟင်းလင်း ဖြစ်သွားလေသည်။
အခြေအနေကို ပိုဆိုးသွားစေသည်မှာကား ဝါးမြိုခြင်းမြစ်မြို့တော်သည် နယ်စပ်မြို့မဟုတ်၍ ဗျူဟာမြောက်ကာကွယ်ထားခြင်း မရှိခြင်းပင်။ ထို့ကြောင့် နတ်ဆိုးဘုရင်အဆင့် သားရဲကြီးနှင့် ဘိုးဘေးတည်ထောင်သူများအကြား ဖြစ်ပေါ်နေသည့် တိုက်ပွဲမှ ဂယက်များကို မူလပုံစံကွက်တခုတည်းနှင့် မည်သို့မှ ကာကွယ်နိုင်ခြင်းမရှိပေ။
အချိန်ကြာလာသော် အကာအကွယ်မှ ပို၍ပို၍ ပျက်စီးလာ၏။ အကာအကွယ်၏ အက်ကြောင်းများဆီမှ ပျံ့လွင့်လာသော စွမ်အားလှိုင်းများကြောင့် လူပေါင်းမြောက်များစွာ အသက်ပျောက်သွားကြရပြန်သည်။
"ဒီအပေါက်တွေကို ပိတ်ကြစမ်းပါဟ"
ဟွာထင်းယွဲ့၏ အော်ဟစ်သံ ထပ်မံထွက်ပေါ်လာပြန်သည်။ ထိုအခါ အသီးသီးသော ချီစွမ်းအားပညာရှင်တို့သည် အကာအကွယ်၏ ယိုပေါက်များအား မိမိတို့ တတ်ကျွမ်းသည့် မူလစွမ်းရည်များနှင့် ပိတ်ဆို့နိုင်ရန် ကြိုးစားကြလေသည်။
ထိုလူများမှာအလင်းတုန်ခါခြင်းနယ်ပယ်အောက် ပညာရှင်များသာ ဖြစ်ကြလေရာ လေပေါ်တွင် တိုက်ခိုက်ရန် အဆင့်မရှိ။ ထို့ကြောင့် ၎င်းတို့အနေနှင့် မြေပေါ်တွင် နေပြီး မြို့သားများအား ကာကွယ်နိုင်ရန် ကြိုးပမ်းနေကြခြင်းပင်။
ထိုအခိုက်အတန့်တွင် မည်သူသည် သူရဲကောင်းဆန်ပြီး မည်သူသည် သူရဲဘောကြောင်သူမှန်း လယ်ပြင်တွင် ဆင်သွားသည့်နှယ် ထင်းထင်းလင်းလင်း မြင်သာလာ၏။ ချီစွမ်းအားပညာရှင်များသည် တယောက်ပြီးတယောက် ရှေ့သို့ခုန်ထွက်ကာ ကောင်းကင်မှ ရိုက်ခတ်လာသည့် စွမ်းအင်လှိုင်းများအား ကာကွယ်ရန် ကြိုးစားနေကြသည်။ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များကား ဘိုးဘေးတည်ထောင်သူများနှင့် ပူးပေါင်းကာ မြွေကြီးအား ခုခံနေကြလေသည်။
တချီတွင်တော့ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးသည် မိုးကြိုးလေးချက်ဆင့်ထိမှန်ကာ ကြာပန်းအုတ်မြစ်များ ပျက်စီးပြီး အသက်ပျောက်သွား၏။
မြွေကြီး၏ အင်အားမှာ ကြောက်စရာကောင်းလှသည်။ အလင်းတန်းများသည် ၎င်း၏ အကြေးခွံများကြားတွင် တဖြတ်ဖြတ် ကခုန်နေ၏။ ၎င်းနှင့် ထိတွေ့သမျှ အရာတိုင်းမှာ ပြာကျကုန်လေသည်။
ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်လေးဦးသည်ပင် မြွေကြီးအား ထိန်းချုပ်နိုင်ရန် အခက်ကြုံနေရ၏။
သူတို့အကြား အင်အားမှာ အလွန်ပင် ကွာခြားနေသည် မဟုတ်ပါလား။
"သခင် ကျွန်တော်တို့ ခုချိန်ထိ မသွားသေးပဲ ဘာလုပ်နေတာတုန်း"
သံမဏိက စုချန်းအား စိုက်ကြည့်ရင်း မေးလိုက်သည်။ သူ့မျက်နှာတွင်လည်း စိုးရိမ်ပူပန်နေဟန်များ အတိုင်းသား ပေါ်လွင်နေ၏။
သို့သော် စုချန်းကား မြွေကြီးကိုသာ စိုက်ကြည့်နေ၏။ တုပ်တုပ်မျှပင် မလှုပ်။
စုချန်းသည် မြွေကြီး၏ ပြိုင်ဘက်မဟုတ်မှန်း သံမဏိ သိထားပြီးသားပင်။ သို့သော် စုချန်း တခုခုတော့ စွမ်းဆောင်နိုင်မည်ဟု သံမဏိစိတ်ထဲတွင် မျှော်လင့်နေမိသည်ကတော့ အမှန်ပင်။
စုချန်းကား ဘာကိုမှစိတ်ပူဟန်မတူ။ သက်တောင့်သက်သာပင် ရှိနေ၏။
"မင်း သိပ်လဲစိတ်မပူပါနဲ့ကွ ကျုပ် ကြည့်နေတယ်"
"ဘာများ ကြည့်စရာရှိလို့လဲ သခင်"
သံမဏိ နားမလည်နိုင်တော့။
စုချန်းက ပြန်ဖြေလိုက်ပြန်သည်။
"သံမဏိ မင်း စိတ်ပူနေမှန်း ကျုပ် သိတယ် ဒါပေမဲ့ ဘာမှပူမနေနဲ့ ကျုပ် တွေးစရာရှိနေလို့"
"ခုက တခုခုကို အမြန်ဆုံး ထလုပ်ရမဲ့အချိန်မဟုတ်ဘူးလား သခင်"
"ခုချိန်မှာ အရေးတကြီးလုပ်ရမှာက မင်းအနေနဲ့ စိတ်ကိုငြိမ်ငြိမ်ထားဖို့ပဲကွ ဒါမှ အမှားမလုပ်မိမှာ"
စုချန်းသည် ပြောရင်းနှင့် ကောင်းကင်က်ို မော့ကြည့်လိုက်၏။ သူ့မျက်နှာတွင်လည်း သံသယဖြစ်ဟန်များ အတိုင်းသား ပေါ်လွင်နေသည်။
"နတ်ဆိုးဘုရင်သားရဲတွေ အင်အားကြီးတာ အမှန်ပဲ ဒါပေမဲ့ ဒီကောင် ဝါးမြိုခြင်းမြစ်မြို့တော်ကိုမှ တိုက်ခိုက်ဖို့ ရွေးချယ်တာ ထူးဆန်းတယ်လို့ မင်း မထင်ဘူးလား ဒီမြို့က မြို့ကြီးပဲ ထိပ်သီးမျိုးနွယ်စုလေးစု ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်လေးယောက်နဲ့ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် လက်တဆုပ်စာမက ရှိနေတယ် နတ်ဆိုးဘုရင်သားရဲတောင် ဒီမြို့ကို ဖျက်ဆီးဖို့ အင်အားအများကြီး စိုက်ထုတ်ရမယ် တန်ရာတန်ကြေးပေးရမယ် ကျုပ် ပြောချင်တာကွာ နတ်ဆိုးဘုရင်အဆင့် သားရဲတွေဟာ သိပ်ပြီး ညဏ်ကောင်းတယ် ဟုတ်တယ်မလား သူတို့ လူသားမျိုးနွယ်တွေကို အသာလေးအနိုင်ယူနိုင်တာ သူ့တို့အင်အားကြောင့်ချည်းပဲ မဟုတ်ဘူး အင်အားနည်းသူတွေကို ဦးစားပေးအနိုင်ယူရမယ်ဆိုတဲ့ နိယာမကို ဒီကောင်တွေ နားလည်ထားလို့ပဲ ဒီလိုအနေအထားမှာ ဒီမြို့ကို တိုက်ခိုက်ဖို့ ဒီကောင့်ကို ဘယ်လိုအရာမျိုးက တွန်းအားပေးနေသလဲဆိုတာကို ကျုပ် တွေးနေတာ"
"ဘာကြောင့်များ ဖြစ်မလဲ သခင်"
စုချန်းက စကားဆက်ပြန်သည်။
"ဒါမှမဟုတ် ဒီကောင်ကြီးမှာ နောက်ထပ် စစ်ကူပါလာတာကြောင့်များလား"
စကားဆုံးသည်နှင့် စုချန်းသည် မျက်လုံးပိတ်ပြီး စိတ်ဝိညာဥ်စွမ်းအားကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို လေ့လာလိုက်၏။
လက်ရှိတွင် စုချန်း၏ စိတ်ဝိညာဥ်စွမ်းအားမှာ ယူနစ်၄၂၀တွင် ရှိ၏။ မြွေစလွယ်ကလည်း သူ့အား နောက်ထပ် ယူနစ်၄၀၀ တိုးလာစေရန် ကူညီပေးထား၏။
ထို့ကြောင့် စုချန်းသည် မြို့တော်တခွင်ရှိ မရေမတွက်နိုင်သော သက်ရှိများအား အာရုံခံနိုင်စွမ်းရှိနေ၏။
တချီတွင်တော့ စုချန်းသည် အဝေးဆီမှ အင်အားကြီးမားလှသော သက်ရှိပုံစံတခုကို အာရုံခံမိတော့သည်။ ထိုသက်ရှိ၏ ပုံစံမှာ မဲမှောင်နေ၏။
စုချန်းသည် စိတ်ဝိညာဥ်စွမ်းအားများအား ထိုသက်ရှိထံသို့ ဦးတည်လိုက်လေသည်။ ၎င်းသည်လည်း စုချန်း၏ စွမ်းအား အား ပြန်လည်အာရုံခံမိဟန်ဖြင့် တကိုယ်လုံး တုန်ခါသွား၏။ ထို့နောက် ၎င်းက ပါးစပ်ဟပြီး စုချန်း၏ စိတ်ဝိညာဥ်လက်တံများအား ဝါးမြိုပစ်လေသည်။
စုချန်း ငယ်သံပါအောင် အော်ဟစ်လိုက်ပြီး သွေးများ ပွက်ခနဲ အန်ထုတ်လိုက်သည်။ စိတ်ဝိညာဥ်တန်ပြန်ရိုက်ခတ်ခြင်းဒဏ်ကို သူ ခံစားလိုက်ရခြင်းပင်။
ထို့နောက် သူက ခေါင်းမော့ပြီး ကျယ်လောင်စွာအော်ဟစ်သတိပေးလိုက်လေသည်။
"အားလုံး သတိထားကြ ဒီအနီးအနားမှာ နောက်ထပ် သားရဲကြီးတကောင် ရှိနေသေးတယ်"
***