← Chapters

နတ်ဆိုးကပ်ဘေး ၁

Vol. 59 Ch. 581

နတ်ဆိုးကပ်ဘေး ၁

Vol. 59 Ch. 581

စုချန်းသည် ခါတိုင်းကဲ့သို့ပင် စမ်းသပ်မှုများအား ဆောင်ရွက်နေရင်း သံမဏိကိုလည်း အလျင်းသင့်သလို သင်ကြားပေးနေ၏။ ပျံသန်းခြင်းကွန်ယက်တည်ဆောက်ခြင်းလုပ်ငန်း ပြီးလုပြီးခင် ဖြစ်နေ၍ စုချန်းအတွက် ဘာဖိအားမှ မရှိလှတော့။

သံမဏိသည် စစ်မှန်သော ဝိညာဥ်သွန်းလောင်းခြင်းကို လေ့ကျင့်နေခြင်းပင်။ နတ်ဘုရားစွမ်းရည်အား ဖော်ထုတ်နိုင်ခဲ့ပြီးနောက် စုချန်းသည် စိတ်ဝိညာဥ်စွမ်းအား၏ အရေးပါပုံအား များစွာ နားလည်လာခဲ့၏။ ထို့ကြောင့် သူသည် အချိန်ရလျင် ရသလို စိတ်ဝိညာဥ်စွမ်းအား တိုးပွားလာစေရန် လေ့ကျင့်နေခဲ့ပြီး သူနှင့်အတူ သံမဏိကိုပါ လေ့ကျင့်စေခဲ့၏။

သို့သော် တောင်ရိုးကမ်းပါးမျိုးစိတ်များအတွက် စိတ်ဝိညာဥ်စွမ်းအားတိုးပွားလာစေရန် လေ့ကျင့်ရသည်မှာ အလွန် ခက်လှပါဘိတောင်း။

စတင်လေ့ကျင့်သည်ပင် မကြာသေး။ သံမဏိ၏ မျက်ခွံသည် တဖြည်းဖြည်း လေးလံလာ၏။ သူ့ပါးစပ်အတွင်းမှလည်း ဟောက်သံများ ထွက်ပေါ်လာ၏။

ထိုအချိန်မှာပင် မီးတောက်မီးလျံတချို့ သံမဏိကိုယ်ပေါ်သို့ ကျရောက်လာပြီး အရေပြားအား တရှဲရှဲနှင့် မီးစွဲလောင်တော့သည်။ ပူလောင်သော ဝေဒနာကြောင့် သံမဏိ လန့်နိုးလာ၏။ ထိုအခါ သူက ကပျာကယာ ပြန်လည်လေ့ကျင့်ပြန်သည်။ မီးတောက်များအား အစအနပင် ရှာမရအောင် ပြန်လည်ပျောက်ကွယ်သွားလေသည်။

တဖြည်းဖြည်း ပြန်လည်ပျောက်ကင်းသွားသော သံမဏိ၏ မီးလောင်ဒဏ်ရာကိုကြည့်ရင်း စုချန်း သက်ပြင်းချကာ မှတ်ချက်ပြုလိုက်သည်။

"စစ်မှန်သောဝိညာဥ်သွန်းလောင်းခြင်းကို လေ့ကျင့်လို့ မင်းရဲ့ စိတ်ဝိညာဥ်စွမ်းအား တိုးမလာရင်တောင် အနည်းဆုံး မီးလောင်တာကိုတော့ ခံနိုင်ရည်ရှိလာမှာပဲကွ"

သံမဏိ ခေါင်းကုတ်လိုက်သည်။

"သခင် တောင်ရိုးကမ်းပါးမျိုးစိတ်တွေဟာ စိတ်ဝိညာဥ်စွမ်းအားကို ဘယ်တုန်းကမှ အားကိုးလေ့မရှိဘူးလေ ကျွန်တော့အနေနဲ့ ဒါကို လေ့ကျင့်ထားရင်တောင် သုံးဖြစ်မယ် မထင်ဘူး"

"ဒါကြောင့်မို့လို့ မင်းကို ကြိုးစားလေ့ကျင့်ဖို့ ကျုပ်က တွန်းအားပေးနေရတာပေါ့ကွာ"

စုချန်းက ပြန်ဖြေလိုက်သည်။

"ဘယ်တောင်ရိုးကမ်းပါးမျိုးစိတ်မှ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ဖြစ်မလာခဲ့ဖူးဘူး ကျုပ် မင်းရဲ့ ခန္ဓာကိုယ်ကို လေ့လာပြီးပြီ မင်းတို့မျိုးစိတ်နဲ့ လူတွေအကြားမှာ ကွဲပြားခြားနားချက်သိပ်များများစားစား မရှိလှဘူး အပြင်ပန်းအားဖြင့် မင်းတို့က ပိုပြီးသန်မာနေပေမဲ့ အတွင်းသားအနှစ်သာရကတော့ အတူတူပဲ ဒါပေမဲ့ မင်းတို့ရဲ့ စိတ်ဝိညာဥ်စွမ်းအားကျတော့ လူတွေထက် အလွန်နိမ့်နေတယ် မင်းတို့အနေနဲ့ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ဖြစ်ချင်ရင် ကြာပန်းအုတ်မြစ်တည်ဆောက်ချင်တယ်ဆိုရင် စိတ်ဝိညာဥ်စွမ်းအားကို မဖြစ်မနေ အားကိုးဖို့လိုတယ် ဒါကြောင့်မ်ို့ တောင်ရိုးကမ်းပါးမျိုးစိတ်တွေအတွက် အလင်းတုန်ခါခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်ဖို့ အဓိက အခက်အခဲဟာ စိတ်ဝိညာဥ်စွမ်းအားပဲလို့ ကျုပ် ယူဆထားတယ်"

"ဒါဆိုလဲ ကျင့်ရတာပေါ့သခင်"

သံမဏိက ကတိပြုလိုက်သည်။

"ကောင်းပြီ အချိန်ယူပြီးသာ လေ့ကျင့်ကွာ ခုဆိုရင် ကျုပ်တို့ အများကြီး အားလပ်သွားပြီပဲ"

စုချန်းက ရယ်မောရင်း ပြောလိုက်၏။

"ကောင်းပါပြီသခင်"

အတန်ကြာသော် သံမဏိက မေးလိုက်ပြန်သည်။

"ဒါနဲ့ သခင် ကုမျိုးနွယ်စုနဲ့ စေ့စပ်ကြောင်းလမ်းမဲ့ကိစ္စကို ဘယ်အချိန်လောက် စအကောင်အထည်ဖော်ဖို့ စဥ်းစားထားသလဲ"

"အခွင့်ကောင်းကြုံဖို့ ကျုပ် စောင့်နေတာကွ ကဲ မင်း စကားသိပ်မပြောပဲ အာရုံစိုက်ပြီးသာ လေ့ကျင့်စမ်းပါကွာ မင်းရဲ့ စိတ်ဝိညာဥ်စွမ်းအားကိုဖြန့်ကျက်ပြီး ပြင်ပလောကကို အာရုံခံကြည့် ပြီးရင် ကျုပ်ကို ပြောပြစမ်း မင်း ဘာတွေ ခံစားနေရသလဲဆိုတာ"

"လေက ကျွန်တော့မျက်နှာကို တိုက်နေတယ် ရေခိုးတွေက အငွေ့ပြန်နေတယ် ပြီးတော့...မူလစွမ်းအင်တွေ စီးဆင်းနေတယ်"

သံမဏိက ဂရုတစိုက်နှင့် အာရုံခံရင်း ပြန်ဖြေလိုက်သည်။ သူ ခံစားနေရသည်မှာကား စိတ်ဝိညဥ်စွမ်းအားကို စတင်ကျင့်ကြံသူတိုင်း ခံစားရသည်များပင်။

စုချန်း နှစ်ထောင်းအားရဟန်ဖြင့် ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။ သံမဏိကား နုံအပုံရသော်လည်း တခြား တောင်ရိုးကမ်းပါးမျိုးစိတ်များထက် သာလွန်ပုံရနေသည် မဟုတ်ပါလား။

"ကျွန်တော်....သွေးညှီနံ့လဲ ရနေတယ်သခင်"

သံမဏိက လေးငါးကြိမ်ခန့် အနံ့ခံရင်း ပြောလိုက်ပြန်သည်။

ဘာ....

စုချန်း တွေခနဲ ဖြစ်သွား၏။ ချက်ချင်းဆိုသလိုပင် သူ့မျက်နှာမှာလည်း မဲခနဲ ဖြစ်သွားလေသည်။

သံမဏိက မျက်စေ့မှိတ်ရင်း ဆက်လက်အာရုံခံနေ၏။

"ကြီးမားတဲ့ ဖိအားတခု တိုးလာတာကို ကျွန်တော် ခံစားမိနေတယ် သခင် ဒါဟာ ရှေးကျတယ် အရိုင်းဆန်တယ် အသက်ကို ပြင်းပြင်းထန်ထန် ရှုနေတယ်"

သံမဏိ၏ ကိုယ်ခန္ဓာသည် တဖြည်းဖြည်း တုန်ယင်လာ၏။

"ဘာကြီးတုန်း သခင် ကျွန်တော် ဘာကြောင့် အမှောင်ထုကို ခံစားနေတာတုန်း"

"ဒါကြောင့်ပေါ့ကွာ"

စုချန်း၏ လေသံမှာ အေးစက်တင်းမာနေ၏။

သံမဏိ မျက်လုံးအစုံကို ကပျာကသီ ဖွင့်ကြည့်လိုက်သည်။ ထိုအချိန်မှာပင် ကောင်းကင်တခွင်လုံး မဲမဲမှောင်နေကြောင်း သူ တွေ့လိုက်ရလေသည်။

အမှောင်ထုသည် မြူခိုးထုကြီးသဖွယ် လူးကာလိမ့်ကာနှင့် မြေပြင်သို့ တဖြည်းဖြည်း နိမ့်ဆင်းလာ၏။ ဝါးမြိုခြင်းမြစ်မြို့တော်သည်ကား အမှောင်ထုအောက်ဝယ် ပြားပြားဝပ်နေခဲ့လေပြီ။

နေ့သည်ပင် ညသဖွယ် ပြောင်းလဲသွား၏။ ပတ်ဝန်းကျင်တခုလုံးတွင်လည်း မမြင်ရသော အားလှိုင်းများဖြင့် ယှက်သန်းနေလေသည်။

"ဘာ...ဘာတွေဖြစ်နေတာလဲသခင်"

သံမဏိ အံ့သြသွား၏။

"မင်း အာရုံခံစားမိနေတာ ဒါကြီးပဲလေကွာ"

စုချန်းက ပြန်ဖြေလိုက်သည်။

ကြည့်နေရင်းနှင့်ပင် အမှောင်ထုမှာ ပို၍ သိပ်သည်းလာ၏။ ပို၍ ရိုင်းစိုင်းကြမ်းတမ်းလာ၏။

"ဒါ နတ်ဆိုးသားရဲကြီးပါလား ဧရာမအကောင်ကြီးပဲဗျ"

သံမဏိ ထအော်လိုက်သည်။

နောက်ဆုံးတွင် ဘာတွေဖြစ်နေမှန်း သူ သဘောပေါက်သွားလေပြီ။

နတ်ဆိုးသားရဲကြီး ကျူးကျော်ဝင်ရောက်လာခြင်းပေတကား။

လူသားများအနေနှင့် သားရဲသတ္တဝါများ ကျက်စနေထိုင်သည့် နယ်မြေနှင့် လူသားနယ်မြေအကြားဝယ် စစ်တပ်များ ချထားသည်ကတော့ အမှန်ပင်။ သို့သော် သားရဲများ တကယ်ထိုးဖောက်ဝင်ရောက်လာသည့်အခါ ထိုစစ်တပ်များအနေနှင့် တားဆီးနိုင်စွမ်း မရှိချေ။

မည်သို့ဆိုစေ လူသားခံစစ်ကြောင်းအား ထိုးဖောက်လာနိုင်သည့် သားရဲများသည် သာမာန်မဟုတ်သည်ကတော့ သေချာနေ၏။

ကောင်းကင်တခွင်လုံးသည်ကား အနက်ရောင်တိမ်ထုများနှင့်သာ ဖုံးလွှမ်းနေ၏။ အလွန်အင်အားကြီးမားသော နတ်ဆိုးသားရဲတကောင် ထိုးဖောက်ဝင်ရောက်လာသည်ကတော့ သေချာနေခဲ့ပေပြီ။

"သခင်အဆင့် အနည်းဆုံး ဒီကောင်ကြီး သခင်အဆင့်သားရဲ ဖြစ်လိမ့်မယ်"

သံမဏိ အူသည်းလှိုက်သည်းနှင့် အော်ဟစ်လိုက်သည်။

သံမဏိ၏ အော်သံအား တုံ့ပြန်လိုက်သည်လားတော့ မသိ။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့်ဟိန်းသံကြီး ထွက်ပေါ်လာသည်။

အာဝူး!!!!

အော်သံနှင့်အတူ တိမ်တိုက်များအကြားမှ ကြီးမားသော ဦးခေါင်းကြီးတလုံး တိုးထွက်လာ၏။

ထိုဦးခေါင်းမှာ အိမ်တလုံးစာခန့်ပင် ရှိသည်။ ၎င်း၏ မြွေနှင့်တူသော ကိုယ်ခန္ဓာမှာ တောင်ကုန်းများ အထပ်ထပ် ဖြစ်နေသည့်သဖွယ် တွန့်ခွေနေ၏။ ၎င်း၏ မျက်လုံးအစုံမှာ အရောင်များ တဖြတ်ဖြတ် ဝင်းလက်နေလေသည်။

ထိုအခိုက်မှာပင် မြွေကြီးသည် အောက်က်ိုငုံ့ကာ ပါးစပ်ဖြဲလိုက်၏။ သူ့ပါးစပ်အတွင်းမှ ထွက်ပေါ်လာသည့် ထူထည်းသိပ်သည်းလှသော အလင်းတန်းမှာ ဝါးမြိုခြင်းမြစ်မြို့တော်၏ အနောက်ဘက်ခြမ်းအား ထိမှန်သွားလေသည်။ ၎င်းမှာ ကောင်းကင်ဘုံမှ ကျလာသော ဓားတစင်းက မဟာပထဝီမြေကြီးအား ထက်ခြမ်းခွဲချလိုက်သည့်ပမာပင်။ အုန်းခနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အနီးအနားရှိ လူများမှာ အသက်ဘယ်ကထွက်သွားမှန်းပင် မသိလိုက်ကြရှာ။

အင်အားပြင်းထန်သလောက် ကြောက်မက်ဖွယ်ရာပေါက်ကွဲမှုကြီးပေတည်း။

ထိပ်တန်းအဆင့် နတ်ဆိုးသားရဲတကောင်၏ စစ်မှန်သော အင်အားကို ထိုတကွက်နှင့်ပင် မြင်သာလောက်၏။

"နတ်ဆိုးကြီး ဒီလောက် ရက်ရက်စက်စက် လုပ်ထားမှတော့ အလွယ်တကူ ထွက်ပြေးလို့ လွတ်လိမ့်မယ်မထင်နဲ့"

လေထဲကို ဖြတ်သန်း၍ ထွက်ပေါ်လာသော အလင်းတန်းများနှင့်အတူ အသံတသံ ပျံ့လွင့်လာ၏။

အသံရှင်မှာ ကုချွန်းမြန်ပင်။

သူ့လက်အစုံမှ ထွက်ပေါ်လာသည့် တောက်ပသော အလင်းတန်းများသည် လေထုကို ထိုးဖောက်ပျံသန်းသွား၏။ ၎င်းမှာ မှောင်မိုက်သော ကောင်းကင်တွင် ထွက်ပေါ်နေသည့် ကြယ်များနှင့်ပင် တူနေသေးသည်။ ထိုအလင်းတန်းများသည် မြွေကြီး၏ ကိုယ်ခန္ဓာကို ထိမှန်သွားပြီး တဝုန်းဝုန်းတဒိုင်းဒိုင်းနှင့် ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။

ကုမျိုးနွယ်မူပိုင် ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများနည်းစနစ်ကို ကုချွန်းမြန် ထုတ်သုံးလိုက်ခြင်းပင်။ သူ့ထိန်းချုပ်နိုင်စွမ်းနှင့် အင်အားကြောင့် ထိုနည်းစနစ်၏ စွမ်းရည်မှာ ထူးထူးကဲကဲ အစွမ်းထက်လာ၏။

သို့သော် မြွေကြီးမှာ ဂရုပင်မစိုက်။ ကုချွန်းမြန်၏ အလင်းတန်းများအား ဝါးလုံးထိုးပင် ရင်ဆိုင်လိုက်လေသည်။

တဖန် ၎င်း​မြွေကြီးက ပါးစပ်ကို ဟလိုက်ပြန်ရန် အလင်းတန်းများ နောက်တကြိမ် ထွက်ပေါ်လာပြန်၏။ ဤတကြိမ် အလင်းတန်းများက ကုချွန်းမြန်ထံသို့ တည့်တည့်ပင် ဦးတည်နေလေသည်။

မြွေကြီး၏ တုံ့ပြန်မှုအား ကုချွန်းမြန် ဂရုမထားပဲ မနေရဲ။ လျင်မြန်စွာ ရှောင်တိမ်းလိုက်ရ၏။ အလင်းတန်းများသည် ကုချွန်းမြန်အား ဖြတ်သန်းသွားပြီး မြေကြီးကိုသာ ထိမှန်သွားတော့သည်။

ပေါက်ကွဲမှုကြောင့် နောက်ထပ် လူတရာခန့် အသက်ပျောက်သွားရပြန်သည်။ ထိုအချိန်မှာပင် ဘယ်ကပေါ်လာမှန်းမသိသော အဖြူရောင်အလင်းတန်းတခုက မြွေကြီး၏ အလင်းတန်းကြီးအား ကြားဝင်ဟန့်တားလိုက်၏။

"ဦးတည်ချက်ခြောက်မျိုးစစ်သုံးဆင်ကွ"

အော်သံနှင့်အတူ အဖြူရောင်အလင်းတန်းသည် ဆင်ကြီးတကောင်၏ ပုံရိပ်အဖြစ် ပြောင်းလဲသွားပြီး မြွေကြီး၏ အလင်းတန်းအား ဝင်ဆောင့်လိုက်လေသည်။

"ဒါ ဖန်းမျိုးနွယ်အကြီးအကဲ ဖန်းကျောက်ယန်ပဲ"

လူအုပ်ထဲမှ မှတ်ချက်ပြုသံတချို့ ထွက်ပေါ်လာလေသည်။

တဆက်တည်းမှာပင် ကောင်းကင်ပေါ်သို့ လူရိပ်နှစ်ရိပ် ပျံသန်းလာ၏။ ပထမလူရိပ်မှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျန်လူရိပ်မှာ ရွှေရောင်ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ ထိုလူနှစ်ဦးမှာ တခြားတော်ဝင်မျိုးနွယ်စုနှစ်စုမှ အကြီးအကဲများ ဖြစ်ကြသည့် လျူဝုချန်းနှင့် ကျုန်းယွမ်ချီတို့ပင် ဖြစ်သည်။

ကောင်းကင်ပေါ်သို့ ရောက်သည်နှင့် ကျုန်းယွမ်ချီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အားလုံး ကျုပ်တို့နဲ့ပူးပေါင်းပြီး ဒီကောင်ကြီးကို ရင်ဆိုင်ကြမယ်"

ကျုန်းယွမ်ချီ၏ အော်သံ ထွက်ပေါ်လာသည်နှင့် လူနှစ်ဆယ်ခန့် ကောင်းကင်ပေါ်သို့ ခုန်တက်လာလေသည်။

ဝါးမြိုခြင်းမြစ်မြို့တော်ဟူသည်ကား တကယ့် မြို့ကြီး ဖြစ်သည်။ ထို့ကြောင့် ကြည်လင်မြစ်မြို့တော်ထက်ပင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ပို၍ ပေါများသေး၏။

ဤတကြိမ်တွင်တော့ တော်ဝင်မျိုးနွယ်စုများသည် လူသားမျိုးနွယ်စု၏ ကျောရိုးသဖွယ်၊ ခံတပ်သဖွယ် သက်ရောက်နေသည်ကိုတော့ စုချန်း ကြိတ်၍ ဝန်ခံလိုက်ရ၏။ တော်ဝင်မျိုးနွယ်စုများအနေနှင့် ကျန်အချိန်များတွင် အညွန့်ခူးသူ ရေပေါ်ဆီများ ဖြစ်နေကြသော်လည်း အရေးကြုံလာလျင်တော့ ရှေ့ဆုံးမှ တိုက်ပွဲဝင်နေကြဆဲပင်တကား။

မြွေကြိီးကား အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များအား မနှစ်မြို့ဟန်ဖြင့် ရှေ့သို့သာ တိုးလာ၏။

ထို့နောက် ၎င်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

နဂါးကြီးတကောင်၏ ဟိန်းသံပမာပင်။

၎င်း၏ ပါးစပ်မှလည်း ထူထည်းသိပ်သည်းသော အလင်းကန့်လန့်ကာကြီး ပေါ်ပေါက်လာ၏။ အဆိုပါ အလင်းကန့်လန့်ကာကြီးသည် ချက်ချင်းပင် များပြားလှသည့် အလင်းပိုက်ကွန်များသဖွယ် ပြောင်းလဲသွားပြီး တမြို့လုံးအား ပြားပြားဝပ်သွားစေလေသည်။

"နတ်ဆိုးဘုရင်ဟေ့ ဒါကြီးက နတ်ဆိုးဘုရင်ဟ"

ငယ်သံပါအောင် အော်ဟစ်ငြီးငြူသံများ၊ ငိုကြွေးသံများ ဟိုမှသည်မှ ပေါ်ထွက်လာလေသည်။

***

All Chapters