← Chapters

ရင်းနှီးမြှုပ်နှံသူများ

Vol. 58 Ch. 580

ရင်းနှီးမြှုပ်နှံသူများ

Vol. 58 Ch. 580

လူသားသမိုင်း၏ ပထမဆုံးသော နတ်ဘုရားစွမ်းရည်သည်ကား မည်သည့်ဂယက်ထခြင်းမှ မရှိလိုက်ပဲ ပေါ်ထွန်းလာခဲ့ပေပြီ။ သို့သော် ရေကန်ထဲသို့ ခဲလုံးပစ်ချလိုက်လျက် ဂယက်ထလာသကဲ့သို့ နတ်ဘုရားစွမ်းရည်၏ သက်ရောက်မှုသည်လည် တဖြည်းဖြည်း ပေါ်ပေါက်လာဖွယ်ရာ ရှိနေ၏။

ထိုကြားကာလတွင် စုချန်းကတော့ သူ့လက်ထပ်ပွဲကို အထမြောက်အောင် ကြံဆောင်ရပေအုံးမည်။

သို့သော် ထိုအခိုက်အတန့်တွင် စုချန်း တကယ် အလုပ်ရှုပ်နေသည်မှာကား ပျံသန်းခြင်းကွန်ယက်ကြောင့်ပင် ဖြစ်သည်။

ပျံသန်းခြင်းကွန်ယက်အတွက် လိုအပ်သည့် အခြေခံအဆောက်အဦးများမှာကား ပြီးစီးသလောက်ရှိနေခဲ့လေပြီ။ လီရှုကား စီမံခန့်ခွဲရာတွင် တကယ်တော်သူ ဖြစ်သည်။ တော်ဝင်မျိုးနွယ်စုများကလည်း တည်ဆောက်ရေးလုပ်ငန်းများတွင် အားတက်သရော ဝင်ရောက်အားဖြည့်ပေးကြ၏။ ထို့အတွက်ကြောင့် တည်ဆောက်ရေးလုပ်ငန်းများ မြန်မြန်ဆန်ဆန် ပြီးစီးသွားခြင်းပင်။

သို့သော် ပျံသန်းရေးကွန်ယက်ဟူသည် နယ်မြေအများအပြားကို ဖြတ်သန်း၍ လုပ်ကိုင်ရသော လုပ်ငန်းမျိုး ဖြစ်သည်။ ထို့ကြောင့် ကွန်ယက်၏ အခြေစိုက်စခန်းတိုင်းကို ခိုင်မာစွာ တည်ဆောက်ထားရန် လိုအပ်၏။ အဆက်အသွယ်များလည်း အထူးကောင်းမွန်ရန် လိုအပ်၏။ ထိုမျှသာမကသေး အစိုးရကလည်း ထောက်ပံ့ပေးပါမှ အောင်မြင်နိုင်သည့် လုပ်ငန်းမျိုး ဖြစ်နေသေးသည်။

သို့သော် အခြေစိုက်စခန်းများ တည်ဆောက်ပြီးသည်နှင့် ဝါးမြိုခြင်းမြစ်မြို့တော်ရှိ တော်ဝင်မျိုးနွယ်စုများသာမက အ​ခြားမြို့တော်များမှ မျိုးနွယ်စုများပါ စုချန်းနှင့်အတူ ပူးပေါင်းလုပ်ကိုင်ရန် တောင်းဆိုလာကြလေသည်။ ၎င်းမှာကား စုချန်း မျှော်လင့်မထားသည့် အရာပင်။

စုချန်း၏ ကနဦးစိတ်ကူးမှာ ပျံသန်းခြင်းကွန်ယက်သည် သူနှင့် ကုမျိုးနွယ်စုအကြား တင်းကျပ်စွာချည်နှောင်ထားသည့် ကြိုးတချောင်း ဖြစ်လာရန်ပင်။ ယခုတော့ ဤလုပ်ငန်းသည် လူအများအား ပို၍ ပို၍ ဆွဲဆောင်နေသကဲ့သို့ ဖြစ်နေခဲ့လေပြီ။

ယခုအခြေအနေတွင် စုချန်းအနေနှင့် ပျံသန်းခြင်းကွန်ယက်အား ရပ်ချင်၍ပင် ရပ်ပစ်၍ မရတော့။ ဤလုပ်ငန်းအတွင်းဝယ် လူပေါင်းမြောက်များစွာ၏ အကျိုးစီးပွားများ ရောထွေးယှက်လိမ်နေခဲ့လေပြီ။

ကျေးဇူးတင်စရာကောင်းသည်မှာကား စုချန်းအနေနှင့် ဤလုပ်ငန်းကို ရပ်ပစ်ရန် စဥ်းစားမထားခြင်းပင်။ သို့သော် ကုချိန်းလွှာနှင့် လက်ထပ်ရန် ကြိုးစားရာမှ စီးပွားရေးလုပ်ငန်းရှင်ကြီးတဦး ဖြစ်လာလိမ့်မည်ဟုတော့ စုချန်း မျှော်လင့်မထားသည်က အမှန်ပင်။

အခြေအနေကြီးတခုလုံးသည် စုချန်းအား လုံးဝဥသုံ ဆွံ့အသွားစေ၏။

"အနောက်ဘဏ်မြို့တော်က သတင်းတခု ရောက်လာပါတယ်ခင်ဗျာ ရွာသားတွေအနေနဲ့ အဲဒီဖက်မှာ စားကျက်မြေလုပ်တာကို သိပ်သဘောမတွေ့ဘူးလို့ သိရတယ် သူတို့အဆိုအရတော့ ဒဏ်ကြေမြက်တွေကို သိုးတွေစားရာကနေ ပြာနီတွေ ဖြစ်ပေါ်လာပြီး သီးနှံတွေကို ထိခိုက်စေပါသတဲ့"

"တခြားနေရာတွေမှာ ဒီလိုကန့်ကွက်တာမျိုးကို မကြားမိပါလား"

"တခြားနေရာတွေမှာ ဒီလိုကန့်ကွက်မှုတွေ မပေါ်လာဘူးဆိုတာက အနောက်ဘဏ်မြို့က လူတွေလောက် အနက်ရောင်ကျွေဥကို သူတို့ မစိုက်ကြလို့ပါ ကြားမိသလောက်ကတော့ ဒဏ်ကြေမြက်တွေဟာ အနက်ရောင်ကျွေဥကို များစွာ ထိခိုက်စေပါသတဲ့ တခြားမြို့တွေမှာတော့ အနက်ရောင်ကျွေဥကို သိပ်ပြီး စိုက်ပျိုးလေ့မရှိကြဘူး ဒါပေမဲ့ အနောက်ဘဏ်မြို့ကတော့ သဘာဝအရင်းအမြစ် ရှားပါးတဲ့အတွက် တခြားသီးနှံတွေအစား ပေါပေါလောလော ဖြစ်ထွန်းတဲ့ အနက်ရောင်ကျွေဥကိုပဲ အဓိကထား စိုက်ပျိုးလေ့ရှိကြတယ် မြို့တော်အရှင်သခင်လီကတော့ သူ့နယ်ထဲက ကျေးရွာတွေအတွက် ရန်ပုံငွေတချို့ လိုချင်နေတယ် ဒါပေမဲ့ ကျွန်တော်ကတော့ ငြင်းပယ်လိုက်တယ် သခင်လေး သိတဲ့အတိုင်းပဲလေ အစရှိ နောင်နောင်ဆိုသလို တယောက်တောင်းရင် အကုန်လုံး လိုက်တောင်းကုန်ကြမှာပေါ့"

"တခြားသီးနှံတွေကို အစားထိုးစိုက်ပျိုးဖို့ မင်းက သူတို့ကို မမေးကြည့်ဘူးလား"

"ပြသနာက သူတို့ကိုယ်နှိုက်ကိုက စိုက်ပျိုးချင်စိတ် မရှိတာပဲ သခင်လေး"

လီရှုက စိတ်ပျက်ဟန်ဖြင့် ပြောလိုက်သည်။

"သခင်လေးလဲ သိတဲ့အတိုင်းပဲ လယ်သမားတွေဟာ ရေရှည်မကြည့်ကြဘူး ကျွန်တော်ဟာ မကြာခနလူတွေလွှတ်ပြီး သူတို့ကို အကြံကောင်းညဏ်ကောင်းတွေ ပေးတယ် စီမံကိန်းတွေ ချပြတယ် သူတို့ နားမထောင်ကြဘူးလေ ဒီလူတွေအတွက် သူတို့ အလေ့အထကို ပြောင်းဖို့ဆိုတာ သေတာထက်တောင် ကြောက်ကြတယ် ဒါကြောင့်မို့ ကျွန်တော်တို့ အခက်တွေ့နေတာပေါ့ စတုတ္တအကြီးအကဲကုကတော့ စိတ်တိုနေတယ် ဒီတခေါက် သူပြောတာ ရွာသားတွေ နားမထောင်ဘူးဆိုရင် လူလွှတ်ပြီး အကုန်သတ်ပစ်မယ်လို့ ကျိန်းနေလေရဲ့ ကျွန်တော် သူ့ကို မနည်း ဖြောင်းဖြထားရတယ်"

စုချန်း မျက်မှောင်ကုတ်သွား၏။

"အနောက်ဘဏ်မြို့ဟာ တောင်ကုန်းတောင်တန်းတွေ ပေါပေမဲ့လို့ နှံစားပြောင်းလို အသီးအနှံမျိုးတွေ စိုက်ပျိုးလို့ သင့်တော်တာပဲ ဒီတော့ နက်ဖြန် အဲဒီမြို့ကို လူတချို့ပို့ပြီး ပွဲရုံ ထောင်ခိုင်းလိုက် ပြီးတာနဲ့ နှံစားပြောင်းကို စျေးကောင်းပေးပြီး ဝယ်ယူမယ်လို့ ကြော်ငြာလိုက်"

လီရှု၏ မျက်လုံးများ အရောင်တောက်လာ၏။

"သိပ်ကောင်းတဲ့အကြံပဲ သခင်လေး လယ်သမားတွေဟာ အမြတ်ကို အလေးထားကြတာပဲ အမြတ်သာများရင် သူတို့ တခြားသီးနှံတွေကို ပြောင်းစိုက်ကြလိမ့်မယ် ဒါပေမဲ့ ကျွန်တော်တို့ကို မယုံတဲ့လူတွေ ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိနဲ့ ကျွန်တော်တို့ကို လှည့်စားဖို့ လူတချို့ စဥ်းစားလာမှာကိုတော့ ကျွန်တော် စိတ်ပူတယ်"

"မယုံတဲ့လူတွေကိုတော့ တနှစ်စာ ရွှေနဲ့ ကြိုဝယ်ထားလိုက်ကွာ လှည့်စားဖို့ကြံတဲ့လူတွေအတွက်တော့"

ထိုစကားကို ပြောလိုက်ချိန်တွင် စုချန်း၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ယှက်သန်းလာ၏။

"ကျုပ်ဟာ စည်းမျဥ်းစည်းကမ်းနဲ့ပဲ အလုပ်လုပ်တယ် ထောက်ပံ့ဖို့ လိုတဲ့လူတွေကို ကျုပ်တို့ ထောက်ပံ့ပေးမယ် သတ်ပစ်ဖို့လိုတဲ့ လူတွေကိုတော့...သတ်ပစ်မယ်"

"ကျွန်တော် နားလည်ပါပြီ သခင်လေး"

"တခြားဘာရှိသေးလဲ"

လီရှုက ပြန်ဖြေလိုက်ပြန်သည်။

"အရှေ့ချောင်းဖျားမြို့က လျန်ပိုင်ကျီးက ပျံသန်းခြင်းကွန်ယက်က ယာဥ်တွေ သူ့နယ်မြေကို လာဆိုက်ရန် အမြတ် ၃၀ရာခိုင်နှုန်း ခွဲပေးရမယ်လို့ တောင်းဆိုထားပါတယ် သခင်လေး"

"၃၀ရာခိုင်နှုန်း ဟုတ်လား"

စုချန်း ဟားတိုက်ရယ်မောလိုက်၏။

"ဒီကောင် ကျုပ်ကို ဓားပြလာတိုက်နေတာလားကွ ဒါ မဖြစ်နိုင်တဲ့ ပမာဏပဲ"

"ဟုတ်ကဲ့ ဒါကြောင့် သူနဲ့ညှိုနှိုင်းဖို့ လူတချို့ကို ကျွန်တော် စေလွှတ်ခဲ့တယ် သူ့ကိုကြည့်ရတာ ရှယ်ယာတချို့ လိုချင်နေဟန်တူတယ် သခင်လေး"

"ရှယ်ယာလိုချင်တယ် ငွေတော့ပေးမဝယ်ချင်ဘူး ဟုတ်လား"

စုချန်းက မေးလိုက်၏။

"ဟုတ်တယ်သခင်လေး"

"ဒီကောင် အိပ်မက်မက်နေတာပဲကွ"

"ဒါပေမဲ့ သူက အရှေ့ချောင်းဖျားမြို့တော် အရှင်သခင် ဖြစ်နေတယ် သူသာ သဘောမတူရင် ကျုပ်တို့နဂါးလှေတွေ အဲဒီနယ်မြေမှာ ဆိုက်ကပ်လို့ ရမှာမဟုတ်ဘူး သခင်လေး"

"အဲဒီနယ်မြေကို စည်းရုံးဖို့ တာဝန်ယူထားတာ ဘယ်သူတုန်း သူ ကောင်းကောင်းမလုပ်နိုင်ခဲ့တဲ့ပုံပဲ"

"အဲဒီနယ်မြေကို တာဝန်ယူတာ ကုဟွိုင်စုန်းပါ သခင်လေး"

ထိုနာမည်က်ို ကြားလိုက်သည်နှင့် စုချန်း၏ အမူအရာမှာ တွေခနဲ ဖြစ်သွား၏။

ကုဟွိုင်စုန်းဟူသည်မှာ ကုချွန်းမြန်၏ ဝမ်းကွဲညီဖြစ်ပြီး မျိုးနွယ်စုအဖွဲ့၏ အဖွဲ့ဝင်တဦးလည်း ဖြစ်လေသည်။ ၎င်းမှာ ကုချွန်ချောက်၊ ကုချွန်ယုတို့နှင့် မတူမှန်း သိသာနေ၏။ ၎င်းမှာ တာဝန်ယူလိုစိတ်နည်းပါးသူ ဖြစ်သည်။

ကုဟွိုင်စုန်း ဘယ်လိုလူစားမှန်း စုချန်း ကနဦးကမသိချေ။ သူ့ပထမအစီအစဥ်မှာလည်း မျိုးနွယ်စုအဖွဲ့ဝင်တိုင်းအား ပျံသန်းခြင်းကွန်ယက်ကို အကြောင်းပြု၍ မလူးသာမလွန့်သာ အခြေအနေမျိုး ဖန်တီးထားရန်သာ ဖြစ်သည်။ သို့သော် အစီအစဥ်က ထင်မှတ်ထားသည်ထက် ပိုအောင်မြင်နေ၍ စုချန်း၏ အတွေးအမြင်၊ စိတ်ကူးစိတ်သန်းတို့ကလည်း ပြောင်းလဲစပြုလာခဲ့လေပြီ။

တနည်းအားဖြင့် သူသည် ဂျီးများစပြုလာခြင်းပင်။

ကုဟွိုင်စုန်းကဲ့သို့ သုံးစားမရသော လူစားမျိုးအား မျိုးနွယ်စုအဖွဲ့ဝင်ပင် ဖြစ်နေပါစေ ရှယ်ယာရှင်အဖြစ် သူ မလိုချင်တော့။

သို့သော် လက်ရှိတွင် များစွာ နောက်ကျသွားခဲ့လေပြီ။

အတန်ကြာအောင် စဥ်းစားပြီးနောက် စုချန်းက ပြောလိုက်သည်။

"လောလောဆယ် အဲဒီကိစ္စကို သိပ်ပြီး အာရုံမစိုက်နဲ့အုံးကွာ ကျုပ်တို့အနေနဲ့ အမြတ်ခွဲဝေပုံကို နည်းနည်းပါးပါး ပြောင်းလဲမှရမယ် မင်းက လမ်းကြောင်းတွေဟာ နယ်ခံကြီးကြပ်ရေးမှုတွေအောက်မှာ ရှိနေရမယ်လ်ို့ ကြော်ငြာလိုက် ဒါဆိုရင် အရာအားလုံးကို ထိန်းချုပ်ဖို့ ပိုပြီး လွယ်ကူသွားလိမ့်မယ် ဒီအတွက် သူတို့လဲ အပိုဆုကြေးတွေ ရမှာပေါ့"

"ဒါဆိုရင် အမြတ်နည်းသွားလိမ့်မယ် သခင်လေး"

"ပျံသန်းခြင်းကွန်ယက်ကို ကျုပ် တည်ဆောက်တာ ငွေအတွက် မဟုတ်ဘူးကွ"

စုချန်းက ပြန်ဖြေလိုက်၏။

စုချန်းအနေနှင့် ပျံသန်းခြင်းကွန်ယက် တည်ဆောက်ရခြင်း၏ မူလရည်ရွယ်ချက်ကို ဘယ်သောအခါမှ မေ့ပျောက်ထားခြင်းမရှိချေ။ ထို့ကြောင့် အရှုပ်အရှင်းတချို့ကို ရှင်းထုတ်ရန် အကျိုးအမြတ်တချို့အား စွန့်လွှတ်ရမည်ကို စုချန်း ဝန်မလေး။

စုချန်းဘက်မှ အမြတ်တချို့အား စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ပြီးနောက်တွင်တော့ အလွန်ရှုပ်ထွေးသော ပြသနာများပင် အလွယ်တကူ ပြေလည်သွားတော့သည်။

သုံးရက်အကြာတွင်တော့ လျန်ပိုင်ကျီးသည် သူ့တောင်းဆိုမှုကို ပြန်လည်ရုတ်သိမ်းကာ စုချန်းနှင့်အတူ ပူးပေါင်းဆောင်ရွက်လာ၏။ ပျင်းရိကာ တာဝန်ခံမှုနည်းလှသော ကုဟွိုင်စုန်းသည်လည်း မနေသာတော့ပဲ ပျံသန်းခြင်းလမ်းကြောင်း ဖောက်လုပ်ခြင်းအား ဝင်ကူရတော့သည်။ ဤနည်းအားဖြင့် အရှေ့ချောင်းဖျားမြို့နှင့် ဝါးမြိုခြင်းမြစ်မြို့တော်အကြား ပျံသန်းခြင်းလမ်းကြောင်းမှာ မြန်မြန်ဆန်ဆန်ပင် အကောင်အထည် ပေါ်လာတော့သည်။

မည်သို့ဆိုစေ ဤမျှ ကြီးကျယ်သော လုပ်ငန်းကြီးကို ဦးစီးလုပ်ကိုင်လိုက်ရခြင်းကြောင့် စုချန်း၏ အတွေးအခေါ်သည် များစွာ ပြောင်းလဲသွားတော့၏။ သူသည် ယခင်ကထက် များစွာ အတွေ့အကြုံ ရင့်ကျက်လာခဲ့ပြီး လူ့သဘောသဘာဝအား ပို၍ စောကြောမိလာခဲ့ပြီ ဖြစ်သည်။

အချိန်မှာ တဖြည်းဖြည်း ကုန်လွန်သွား၏။ ပျံသန်းခြင်းကွန်ယက် တည်ဆောက်ခြင်းလုပ်ငန်းသည်လည်း နောက်ဆုံးအဆင့်သို့တိုင် ရောက်ရှိလာခဲ့ပေပြီ။

စုချန်းနှင့် ကုချိန်းလွှာတို့၏ အခြေအနေမှာလည်း တဖြည်းဖြည်း ပိုမို နီးစပ်လာ၏။ စုချန်းကိုယ်တိုင်သည်လည်း သာမာန်ဧည့်သည်တဦးအဖြစ် ကုအိမ်တော်အတွင်း တံခါးမရှိ ဓားမရှိ ဝင်ထွက်သွားလာနိုင်ခဲ့ပြီ မဟုတ်ပါလား။

အရာအားလုံးမှာ စုချန်း စီစဥ်ထားသည့်အတိုင်း နေသားတကျပင်။

သိပ်မကြာခင် စုချန်းအနေနှင့် ကုချိန်းလွှာအား လက်ထပ်ရန် တောင်းဆိုရပေတော့မည်။

သို့သော် သေရေးရှင်ရေးအခြေအနေမှာပင် မမျှော်လင့်သော အဖြစ်အပျက်တို့ ပေါ်ပေါက်လာတတ်ကြလေသည်။

***

All Chapters