← Chapters

နတ်ဘုရားစွမ်းရည်

Vol. 58 Ch. 579

နတ်ဘုရားစွမ်းရည်

Vol. 58 Ch. 579

သုတေသနခန်းထဲတွင် ဖြစ်သည်။

စုချန်းသည် စမ်းသပ်ဖန်ပြွန်အား ဂရုတစုနှင့်စောင်းပြီး သွေးတစက်ကို ဖန်ပြားငယ်ပေါ်သို့ ချလိုက်၏။ ထို့နောက် သူက ထိုသွေးစက်အား ပရမတ်မျက်လုံးများကို သုံးကာ ဂရုတစိုက်နှင့် စစ်ဆေးကြည့်လိုက်သည်။

တဖန် သူသည် ဖန်ပြားငယ်အား အသင့်ပြင်ဆင်ထားသည့် လည်ပင်းရှည်ဖန်ပြွန်ထဲသို့ ထည့်လိုက်ပြီး မူလစွမ်းအင်များ ဖြည့်သွင်းလိုက်ပြန်သည်။

မူလစွမ်းအင်များ ရောက်သွားသည်နှင့် ဖန်ပြွန်အတွင်းရှိ အရည်များသည် ပွက်ပွက်ဆူလာ၏။

ဤနည်းလမ်းမှာ စုချန်း တဦးတည်းသာ လုပ်ဆောင်တတ်သည့်နည်းလမ်းဖြစ်သည်။ ဤနည်းအားဖြင့် မူလပစ္စည်းများကို နှိုးဆွပေးပြီး စုချန်းအဖို့ လေ့လာရသည်မှာ ပိုမိုလွယ်ကူလာစေ၏။

သူ၏ ထူးခြားသော အမြင်အာရုံအောက်ဝယ် အနီရောင်မျက်လုံးနတ်ဆိုးဘုရင်သွေးဗီဇ၏ လျို့ဝှက်ချက်များသည် လယ်ပြင်တွင်ဆင်သွားသကဲ့သို့ ဘွားဘွားကြီးပေါ်နေခဲ့လေပြီ။

သုံးနာရီခန့်အကြာတွင် စုချန်းတယောက် အခန်းထဲမှ ပြန်ထွက်လာ၏။ ယခုအချိန်တွင် သူ့လောက် အနှီသွေးဗီဇ၏ အကြောင်းကို သိသူမရှိနိုင်တော့။

စုချန်း၏ နောက်ခြေလှမ်းမှာကား အနီရောင်မျက်လုံးနတ်ဆိုးဘုရင်သွေးဗီဇ၏ ပင်မစွမ်းရည်ဖြစ်သော အတုမရှိအမြန်နှုန်းကို ပုံတူကူးချနိုင်မည့် နည်းလမ်းတရပ်အား ဆပွားကြံဆရန်ပင်ဖြစ်သည်။

"အင်း ပထမဆုံး ငါလုပ်ရမှာက ဒီသွေးဗီဇမှာ ပါနေတဲ့ မူလပစ္စည်းတွေကို စုပ်ယူနိုင်မဲ့ နည်းလမ်းတခု ဖန်တီးဖို့ပဲ ပြီးရင်တော့ ဒီမူလပစ္စည်းကို အသုံးပြုနိုင်မဲ့ နည်းလမ်းကို ထပ်ရှာရမယ် ကြိုးကြာမြို့တော် ကျုံးမျိုးနွယ်ဟာ မျိုးဆက်တဆက်ပြီး တဆက် ဒီသွေးဗီဇကို ဆက်ခံလာခဲ့ကြတာကြောင့် သွေးဗီဇရဲ့စွမ်းရည်ကို အပြည့်အဝ ဖော်ထုတ်နိုင်စွမ်းမရှိဘူး စွမ်းရည်ကိုသာ အပြည့်အဝ ဖော်ထုတ်နိုင်ရင် သူတို့ ဒီထက်မက မြန်နေမှာပဲ ဘာပဲပြောပြော ဒီတခါ စမ်းသပ်မှုက အတော်လေး ရိုးရှင်းတယ် ငါ့အနေနဲ့ သိပ်မကြာခင် ဒါကို အောင်မြင်အောင် လုပ်နိုင်လောက်မယ်ထင်တာပဲ"

စုချန်းသည် အထက်ပါအတိုင်း တီးတိုးရေရွတ်လိုက်၏။

"သွေးဗီဇနဲ့ပတ်သက်ပြီး သခင်လေး သိထားတာ အရင်ထက် အများကြီး ပိုလာပြီပဲ"

သံမဏိက ချီးကျူးလိုက်လေသည်။

"ကံဆိုးတာက အလင်းတုန်ခါခြင်းနယ်ပယ်ကို ဝင်နိုင်မဲ့နည်းလမ်းကို ခုထိ ရှာမတွေ့သေးတာပဲကွ"

စုချန်းက သက်ပြင်းချရင်း ပြောလိုက်၏။

"ဒါမျိုးက အလျင်လိုလို့မှ မရတာပဲ သခင်ရယ်"

သံမဏိက နှစ်သိမ့်လိုက်လေသည်။

မှန်၏။ ဤကိစ္စမျိုးဟူသည် အလျင်လို၍ မရပေ။

၎င်းကိုလည်း စုချန်း ကောင်းကောင်းသိထား၏။ စဥ်ဆက်မပြတ် သုတသနလုပ်နေခြင်းဖြင့်သာ ပန်းတိုင်ကို ရောက်ရှိနိုင်မည် ဖြစ်သည်။ စုချန်းသည် ငယ်ရွယ်သေး၏။ ဆယ်စုနှစ်တချို့ကြာမှ အလင်းတုန်ခါခြင်းနယ်ပယ်သို့ သူ ဝင်ရောက်လျင်ပင် နောက်မကျသေး။ မဆုတ်မနစ် အားထုတ်နေရန်သာ လို၏။

ပို၍ ပို၍ လေ့လာနိုင်သည်နှင့်အမျှ ကျင့်ကြံခြင်းလောကကို စုချန်း ပိုမိုနားလည်လာမည်သာ။ အတိတ်တွင် ပြသနာဟု စုချန်း ထင်မှတ်ခဲ့ရသည်များသည် ပစ္စုပ္ပာန်တွင် ပြသနာမဟုတ်နိုင်တော့။

ဥပမာအနေနှင့် ပြရလျင် စုချန်းသည် မြူခိုးကြားမှ မြွေခြေလှမ်းကို တိုးတက်လာအောင် ယခင်က များစွာ အားထုတ်ခဲ့ရ၏။ ကြံဆခဲ့ရ၏။ သို့သော် တိုးတက်မှုက အကန့်အသတ်နှင့်သာ ဖြစ်ခဲ့သည်။ ယခုတွင်တော့ သူသည် နတ်ဆိုးဧကရာဇ်သွေးဗီဇ၏ လျို့ဝှက်ချက်ကို ဘာမှပင်ပင်ပန်းပန်း အားမထုတ်လိုက်ရပဲ သိမြင်နိုင်ခဲ့လေပြီ။ နှစ်လခန့် အားထုတ်လိုက်ရုံနှင့် သွေးဗီဇမလိုပဲ အနီရောင်မျက်လုံးနတ်ဆိုးသွေးဗီဇ၏ အမြန်နှုန်းကို အသုံးချနိုင်လိမ့်မည်ဟု စုချန်း ယုံကြည်ထား၏။

ခြားနားချက်မှာကား စုချန်း တည်ဆောက်လာခဲ့သည့် အသိပညာအုတ်မြစ်ကြောင့်ပင်။

လွန်ခဲ့သော နှစ်နှစ်ဆယ်က စုချန်း သိထားသမျှသည် ယခု သိထားသည်နှင့် မတူနိုင်တော့။

တနည်းအားဖြင့် မိမိကိုယ်မိမိ တိုးတက်လာအောင် ကြံဆောင်ခြင်းသည် အုတ်မြစ်အခြေခိုင်လာအောင် ဆောင်ရွက်နေခြင်းနှင့် အတူတူပင်။

လက်ရှိတွင် စုချန်းသည် အရာအားလုံးကို ရိုးရိုးလေးသာ စဥ်းစားတော့၏။ သူသည် အရာရာတိုင်းကို ရိုးရိုးရှင်းရှင်းပင် ထား၏။ လမ်းကြောင်းတိုလေးများနှင့် သိပ်မဝေးလှသည့် ပန်းတိုင်များ သတ်မှတ်ကာ အုတ်မြစ်ကို ဖြေးဖြေးနှင့်မှန်မှန် ခိုင်မာစေ၏။

သူ့တွင် အားနည်းချက်များစွာ ရှိနေသေးမှန်းကိုလည်း စုချန်းက လက်ခံထားလေသည်။ သူ၏ တိုက်ခိုက်ပုံတွင်လည်း လိုအပ်ချက်များ ရှိနေသေးပေသည်။

သူသည် ရှေးဟောင်းအာကင်နာနည်းစနစ်အတော်များများကို တတ်ကျွမ်းထား၏။ လက်ရှိခေတ်သုံးနည်းစနစ်များတွင်လည်း မညံ့လှ။ ထို့ပြင် သူ့တွင် ကမ္ဘာဦးသွေးဗီဇပုံရိပ်နှင့် သွေးနီဥပြိုကွဲဆေးမင်တို့လည်း ရှိနေသေး၏။ ထို့ကြောင့် ယေဘုယျအားဖြင့် စုချန်း၏ အနေအထားမှာ မဆိုးလှဟု ဆိုနိုင်သည်။ သို့သော် တဖက်တွင်လည်း သူသည် ထ်ိုနည်းစနစ်များအား ပြိုင်တူ အသုံးချနိုင်စွမ်းမရှိပေ။ ထိုနည်းစနစ်များကို အလှဲအလှယ်နှင့်သာ သူ သုံးနိုင်၏။ ၎င်းမှာ သူ့အားနည်းချက်ပင်။

အကယ်၍ သူသာ အဆိုပါနည်းစနစ်များအားလုံးကို လိုက်ဖက်ညီအောင် ပေါင်းစပ်နိုင်ခဲ့ပါက တခြားဘယ်နည်းစနစ်သစ်မှ မဖန်တီးနိုင်တော့စေကာမူ သူ့အင်အားမှာ ကြောက်စရာကောင်းလောက်အောင် တိုးပွားသွားပေလိမ့်မည်။

ယခင်က ထိုအကြောင်းကို စဥ်းစားရန် စုချန်းတွင် အားလပ်ချိန်မရှိခဲ့။ ယခုတော့ သူ့တွင် အားလပ်ချိန်ရှိခဲ့လေပြီ။

နည်းစနစ်များအားလုံးကို သဟဇာတပေါင်းစပ်နိုင်ရေးဟူသော လုပ်ငန်းကြီး အောင်မြင်ရန် ပထဆုံးအနေနှင့် ဦးတည်ချက်တခုကို သတ်သတ်မှတ်မှတ် ထားရပေလိမ့်မည်။

ဥပမာ ရှေးဟောင်းအာကင်နာနည်းစနစ်များနှင့် လက်ရှိခေတ်သုံး နည်းစနစ်များတွင် တခုခုကို စုချန်းအနေနှင့် အာရုံစိုက်လုပ်ဆောင်ရန်ပင်။

စုချန်းကတော့ လက်ရှိခေတ်သုံး မူလစွမ်းရည်များအား အာရုံစိုက်လေ့လာရန် အကြမ်းဖျင်း စဥ်းစားထားလိုက်သည်။

အကြောင်းမှာ လက်ရှိခေတ်သုံးမူလစွမ်းရည်များသည် အာကင်နာနည်းစနစ်များထက် လူသားများနှင့် ပို၍ ကိုက်ညီ၏။ မြန်နှုန်းမြင့် ဖော်ထုတ်တိုက်ခိုက်နိုင်၏။ ကြမ်းတမ်းသော တိုက်ပွဲများအတွက် ပို၍ သင့်တော်၏။ သို့သော် ရှေးဟောင်းအာကင်နာနည်းစနစ်များတွင်လည်း ကိုယ်ပိုင်အားသာချက်များ ရှိကြလေရာ ၎င်းတို့ကိုလည်း ပစ်ပယ်လိုက်၍တော့ မရသေးချေ။

ထို့ပြင် သူ၏ စိတ်ဝိညာဥ်စွမ်းအင်များကလည်း တဖြည်းဖြည်း တိုးပွားလာလေရာ ၎င်းကိုပါ ထည့်သွင်းပေါင်းစပ်နိုင်ရန် စုချန်းအနေနှင့် စဥ်းစားရပေလိမ့်မည်။

အနာဂတ်စီမံကိန်းများနှင့် ပတ်သက်၍ အချိန်အတော်ကြာအောင် စဥ်းစားပြီးနောက် သူ နောက်ထပ် ဘာလုပ်သင့်မှန်း စုချန်း သိလာခဲ့လေသည်။

ထိုအခါ စုချန်း၏ ခေါင်းထဲတွင် တွက်ချက်မှုအများအပြား ပေါ်ပေါက်လာ၏။ သူ့လက်အစုံမှာလည်း ထူးဆန်းသော ပုံစံမျိုးစုံနှင့် လှုပ်ရှားနေလေသည်။ တချီတွင် စုချန်းက လေထဲသို့ လက်သီးနှင့် ထိုးချလိုက်သည်။ ထိုအခါ သူ့လက်ဖျားတွင် သေးငယ်သော မီးတောက်ပန်းလေးတပွင့် ပေါ်ပေါက်လာလေသည်။

ထိုအချိန်မှာပင် အခန်းထဲသို့ ကုချိန်းလွှာ လှမ်းဝင်လာလေသည်။

"စုချန်း"

စုချန်း မျက်မှောင်ကုတ်လိုက်သည်။ ထို့နောက် သူက ချက်ချင်းဆိုသလိုပင် မီးတောက်ပန်းလေးကို ကုချိန်းလွှာထံသို့ ပစ်လွှတ်လိုက်၏။

၎င်းကိုကြည့်ရင်း ကုချိန်းလွှာ တခစ်ခစ် ရယ်မောလိုက်သည်။

"ပျော့သေးတယ်ရှင့်"

ထို့နောက် သူမက ပန်းပွင့်ကို လက်ချောင်းများနှင့် လှမ်းထိလိုက်သည်။ ပန်းပွင့်သည် ချက်ချင်းပင် ပျောက်ကွယ်သွား၏။

"ဒါ ဘာလဲရှင့်"

ကုချိန်းလွှာက မေးလိုက်သည်။

"မီးလျံသိမ်းငှက်ကို ကျုပ် အဆင့်မြင့်ထားတာလေ"

"အဆင့်မြင့်ထားတာ ဟုတ်လား"

ကုချိန်းလွှာ အံ့သြသွားသည်။

"ဒါဆို ဘာဖြစ်လို့ ဒီလောက်ထိ အားပျော့နေရတာလဲ"

"ဘာကြောင့်လဲဆိုတော့ သူ့အင်အားကို ကျုပ် မမြှင့်ရသေးလို့ပေါ့ကွာ ဒါကို ကြည့်ထား"

စကားဆုံးသည်နှင့် စုချန်း၏ လက်ဖဝါးပေါ်တွင် မီးလျံပန်းတပွင့် ပေါ်လာပြီး ကုချိန်းလွှာထံသို့ ပျံ့လွင့်လာလေသည်။

ကုချိန်းလွှာသည် ထိုပန်းပွင့်အား ခပ်ပေါ့ပေါ့ပင် ကာကွယ်လိုက်၏။ သို့သော် ချက်ချင်းဆိုသလိုပင် သူမ မျက်မှောင်ကုတ်သွား၏။ အကြောင်းမှာ စုချန်းဆီမှ ပျံသန်းလာသော မီးလျံပန်းပွင့်များသည် တပွင့်ထက် တပွင့် များပြားလာပြီး တပွင့်ထက်တပွင့် မြန်ဆန်လာသောကြောင့်ပင်။ ပန်းပွင့်များသည် ကောင်းကင်တခွင်လုံး ပြည့်နှက်နေလေရာ ကောင်းကင်ဘုံမှ မီးလျံမိုးရွာချနေသည်နှင့်ပင် တူနေတော့၏။ ကုချိန်းလွှာ အသည်းအသန်ပင် ခုခံကာကွယ်လိုက်ရသည်။

"ဟေ့ ဟေ့ ရှင် ဒါတော့ မဟုတ်တော့ဘူးနော် ဒါ မီးလျံသိမ်းငှက်နဲ့ တခြားစီပဲ ဒါ ရှေးဟောင်းအာကင်နာနည်းစနစ်မှ မဟုတ်တာပဲ"

တချိန်တည်းမှာပင် ဤနည်းစနစ်၏ ပြောင်းလဲမှုကို ကုချိန်းလွှာ သတိထားမိလာ၏။

မှန်ပေသည်။ စုချန်း အသုံးပြုလိုက်သော နည်းစနစ်မှာ ရှေးဟောင်းအာကင်နာနည်းစနစ် မဟုတ်တော့။

၎င်းသည် လက်ရှိခေတ်သုံး မူလစွမ်းရည်တမျိုးအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။ စုချန်းသည် မီးလျံသိမ်းငှက်၏ အားသာချက်များကို ထုတ်နှုတ်ပြီး ထိုနည်းစနစ်ကို လက်ရှိခေတ်သုံးနည်းစနစ်တရပ်အဖြစ် ပြောင်းလဲလိုက်ခြင်းပင်။

ထိုအတွက် အကြီးမားဆုံးသော အားသာချက်မှာ မူလစွမ်းအင်သုံးစွဲမှု များစွာ လျော့နည်းသွားပြီး ပန်းပွင့်များအား အလွန်လျင်မြန်စွာ ဖော်ထုတ်နိုင်လာခြင်းပင်။ ထို့ကြောင့် ဤနည်းစနစ်ကို သုံးလျင် စုချန်းသည် စက္ကန့်ပိုင်းအတွင်း ထောင်နှင့်ချီသော တိုက်ခိုက်မှုများကို ဆောင်ရွက်နိုင်လာ၏။

ခနကြာသော် စုချန်းက ထအော်လိုက်သည်။

"ပြောင်းစမ်း"

မီးလျံပန်းပွင့်များသည် စုချန်း အော်သံ ထွက်ပေါ်လာသည်နှင့် ချက်ချင်းပင် စုစည်းသွားပြီး မီးလျံငှက်ကြီးတကောင်အဖြစ် ပြောင်းလဲသွားလေသည်။

"ဒါ..."

ကုချွန်းလွှာ မျက်လုံးပြူးသွားလေသည်။

ဤကဲ့သို့ တဝက်တပျက်တွင် ပုံစံပြောင်းလဲနိုင်သည့် နည်းစနစ်မျိုးကို သူမ တခါမှ မမြင်ဖူး။ ပြောင်းလဲလိုက်သည့် ပုံစံတွင်လည်း ကြောက်စရာ အငွေ့အသက်များ ထွက်ပေါ်နေသည် မဟုတ်ပါလား။

"ဘယ်လိုဖြစ်တာလဲ ရှင် ဘယ်လိုလုပ်ပြီး ပုံပြောင်းလိုက်တာလဲ"

ကုချိန်းလွှာ တအံ့တသြနှင့် မေးလိုက်သည်။

"ကျုပ်လဲ သေချာတော့ မသိဘူးကွ"

စုချန်းက မရေမရာနိုင်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

"ကျုပ်လုပ်ချင်တာက မီးလျံသိမ်းငှက်ရဲ့ အားသာချက်တွေကို ထုတ်ပြီး လက်ရှိခေတ်သုံးတိုက်ခိုက်နည်းပုံစံအဖြစ် ပြောင်းပစ်ချင်တာ ဒါမှာ ကျုပ်ရဲ့သာလွန်တဲ့ စိတ်ဝိညာဥ်စွမ်းအားကို ထုတ်သုံးနိုင်မှာလေ ဒါပေမဲ့ ဒီလို ပြောင်းသွားလိမ့်မယ်လို့တော့ ကျုပ် မထင်မ်ိဘူး"

"စိတ်ဝိညာဥ်စွမ်းအား ဟုတ်လား ဒီအတွက် စိတ်ဝိညာဥ်စွမ်းအားလဲ လိုတာလား"

"ဟုတ်တယ်"

စုချန်းက ​ခေါင်းညိတ်ပြလိုက်၏။

"နောက်ဆုံးပြောင်းလဲသွားတဲ့ပုံစံကို စိတ်ဝိညာဥ်စွမ်းအားနဲ့ ထောက်ပံ့ပေးထားတာပဲ"

လူသားများဟူသည် စိတ်ဝိညာဥ်စွမ်းအားအရာတွင် ဝိညာဥ်များထက် များစွာ နိမ့်ပါးလှ၏။ ထို့ကြောင့် ၎င်းတို့အသုံးပြုသော မူလစွမ်းရည်များတွင် စိတ်ဝိညာဥ်စွမ်းအားကို အဓိကထားသုံးသည်မျိုး သိပ်မရှိလှပေ။

သို့သော် စုချန်းကတော့ တမျိုးတဘာသာပင်။

သူသည် သူ၏ စိတ်ဝိညာဥ်စွမ်းအားများအား မူလစွမ်းရည်တွင် ပေါင်းစပ်အသုံးပြုနိုင်ခဲ့လေပြီ။

၎င်းမှာ ထူးခြားသော ပြောင်းလဲမှုဖြစ်သည်။ ဤပြောင်းလဲမှုမှာ မည်မှ အင်အားကြီးမားမှန်း စုချန်း မသိ။ သို့သော် မီးလျံငှက်အတွင်းရှိ ကြောက်စရာစွမ်းအင်များကိုတော့ စုချန်း ခံစားမိနေ၏။ ထို့ကြောင့် သူက မီးလျံငှက်က်ို မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ်သွားစေလိုက်လေသည်။

"ဒါ လက်ရှိခေတ်သုံးမူလစွမ်းရည်မှ မဟုတ်တာပဲရှင့်"

ကုချိန်းလွှာ ကြောင်အန်းအန်းနှင့် ပြောလိုက်သည်။

စုချန်း သက်ပြင်းချလိုက်၏။

"အင်း မင်းမှန်တယ် ဒါကို ကျုပ်တို့ နတ်ဘုရားစွမ်းရည်လို့ ခေါ်တာကမှ ပိုသင့်တော်မယ်"

***

All Chapters