← Chapters

စေ့စပ်ပွဲဆိုင်းငံ့ခြင်း

Vol. 58 Ch. 578

စေ့စပ်ပွဲဆိုင်းငံ့ခြင်း

Vol. 58 Ch. 578

"သူ့ကို ချမ်းသာပေးလိုက်ပါကွာ"

ထိုအသံကို ကြားလိုက်သည်နှင့် အရိပ်အစေခံငါးယောက်သည် ပြိုင်တူလှုပ်ရှားလိုက်ကြ၏။ သုံးယောက်မှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး နှစ်ယောက်မှာ ဓါးကိုယ်စီနှင့် ကျုံးချိန်းကောင်း၏ ရင်ဝနှင့် ဝမ်းဗိုက်အား အသီးသီး ချိန်ရွယ်ထားကြလေသည်။

ထိုအချိန်တွင် ကောင်းကင်ပေါ်မှ လူတယောက် တဖြည်းဖြည်း အောက်သို့ နိမ့်ကျလာ၏။ ထိုလူမှာ ကုချွန်းမြန်ပေတည်း။

"ဦးရီးတော် ကျုပ်ကို ကယ်ပါအုံး"

ကုချွန်းမြန်ကို မြင်သည်နှင့် ကျုံးချိန်းကောင်းက ချက်ချင်းပင် အော်ဟစ်အကူအညီတောင်းလိုက်သည်။

ကုချွန်းမြန်သည် ကျုံးချိန်းကောင်းကို ဖြတ်ခနဲ လှမ်းကြည့်ကာ မျက်မှောင်ကုတ်လိုက်၏။ ထို့နောက် သူက လောင်းရှောက်ယူဘက်သို့ မျက်နှာမူကာ ပြောလိုက်လေသည်။

"သခင်လေးလောင်း ကျုပ်ကို မျက်နှာသာပေးတဲ့အနေနဲ့ သူ့ကို အသက်ချမ်းသာပေးလိုက်လို့ရမလား"

လောင်းရှောက်ယူ တဟဲဟဲနှင့် ရယ်မောလိုက်သည်။

"အကြီးအကဲကု အရင်ဆုံး ဘာဖြစ်တယ်ဆိုတာ မမေးပဲ သူ့ကို ချမ်းသာပေးဖို့ ပြောနေတာလားဗျ"

ကုချိန်းမြန်က ပြန်ဖြေလိုက်၏။

"ဘာဖြစ်မှန်း မေးနေစရာမလိုတော့ပါဘူးလေ ကျုပ် အကြောင်းစုံ သိပြီးပြီ ဒီကိစ္စမှာ ကျုံးချိန်းကောင်း မှားတယ် သူ့အတွက် ကျုပ် တောင်းပန်ပါတယ်"

ထိုအခါ လောင်းရှောက်ယူက ပြန်ပြောလိုက်ပြန်သည်။

"ဒီကိစ္စဟာ တောင်းပန်ရုံနဲ့တော့ မပြီးဘူးထင်တာပဲဗျာ"

"ကျုပ် နားလည်ပါတယ်လေ"

ကုချွန်းမြန်က ပြန်ဖြေလိုက်သည်။

"ဒါကြောင့် မင်းအနေနဲ့ နှစ်သက်ရာကို တောင်းဆိုနိုင်တယ် မင်းရဲ့တောင်းဆိုချက် သိပ်မလွန်ကဲဘူးဆိုရင် ကုမျိုးနွယ်စုအနေနဲ့ လိုက်လျောဖို့ စဥ်းစားပေးမယ်"

လောင်းရှောက်ယူသည် ရင်ဘတ်ကို ပွတ်သပ်ရင်း မတ်တပ်ရပ်လိုက်သည်။ ထို့နောက် သူက ခေါင်းမော့ပြီး အတန်ကြာအောင် စဥ်းစားနေ၏။ ပြီးမှ သူက ပြောလိုက်သည်။

"ကျုပ်မှာ တောင်းဆိုစရာ သုံးချက်ရှိတယ် ပထမဆုံးတချက်ကတော့ ဒီလူကို ကျုပ် လိုချင်တယ်"

ထိုစကားကို လောင်းရှောက်ယူက မြောင်ရှန်းချိန်းအား လက်ညိုးထိုးပြီး ပြောလိုက်ခြင်းပင်။

"သူ့ကို ဟုတ်လား"

ကုချွန်းမြန် အံ့သြသွား၏။

"ဟုတ်တယ် သူ ဒီနေ့ကစပြီး ကျုပ်လူ ဖြစ်ရမယ် သူ့ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာကတော့ ကျုပ် ပြသနာပါ"

လောင်းရှောက်ယူက တောင်းဆိုလိုက်၏။

"ကောင်းပြီ သဘောတူတယ်"

ကုချွန်းမြန်က ခပ်မြန်မြန်ပင် သဘောတူလိုက်သည်။ မည်သို့ဆိုစေ မြောင်ရှန်းချိန်းသည် ဘာမှ အရေးမပါသော နောက်လ်ိုက်တဦးသာ မဟုတ်ပါလား။

"ကျုပ် ဒုတိယတောင်းဆိုချင်တာကတော့ သူ ကျုပ်ကို ဒူးထောက်တောင်းပန်ဖို့ပဲ"

လောင်းရှောက်ယူ၏ နောက်ထပ်တောင်းဆိုချက်ကြောင့် ကုချွန်းမြန် မျက်မှောင်ကုတ်သွားလေသည်။

"တောင်းပန်ဖို့ကတော့ ပြောနေစရာကိုမလိုဘူး သေချာပေါက်လုပ်ပေးရမှာပဲ ဒါပေမဲ့ ဒူးထောက်ဖို့ကလိုလို့လား"

"အကြီးအကဲကု ကျုပ်ဟာ အေးအေးဆေးဆေး အိမ်မှာထိုင်နေတာပါခင်ဗျာ ပြသနာက ကျုပ်ဆီရောက်လာတာပါ ဒါကို တောင်းပန်လိုက်ရုံနဲ့ လုံလောက်ပြီလို့အကြီးအကဲကု တကယ်ပဲ ထင်နေတာလား ဒါဆိုရင် လူတွေဟာ လုပ်ချင်ရာလုပ်ပြီး တောင်းပန်နေကြမှာပေါ့ ဒါမှမဟုတ်...အကြီးအကဲကုက ကျုပ်ကို အတင်းအကျပ် ဖိအားပေး..."

ကုချွန်းမြန်က လက်ကာပြရင်း ဟန့်တားလ်ိုက်၏။

"ဒီလိုတွေ ပြောနေစရာမလိုပါဘူးကွာ ကျုပ် သဘောတူတယ် မင်းရဲ့ တတိယတောင်းဆိုချက်ကကော ဘာတဲ့လဲ"

"တတိယတောင်းဆိုချက်က"

​လောင်းရှောက်ယူသည် စကားကို ဆုံးအောင်မပြောပဲ ကျုံးချိန်းကောင်းရှိရာသို့ လျှောက်သွားပြီး မြေကြီးပေါ်ပြုတ်ကျနေသော အပြာရောင်သစ်ရွက်ကို ယူလိုက်၏။ ထို့နောက် ကျုံးချိန်းကောင်းကိုယ်ပေါ်မှ စီးကျနေသော သွေးတချို့အား ပုလင်းငယ်နှင့် ခံလိုက်သည်။ ထို့နောက် သူက စကားဆက်လိုက်၏။

"ဒီလောက်ဆိုရင် ရပါပြီ"

ကုချွန်းမြန် သက်ပြင်းချလိုက်သည်။

"ကောင်းပြီ ဒါဆို ကျုပ်တို့ သဘောတူညီမှုရပြီပေါ့"

ထိုစဥ် ကျုံးချိန်းကောင်းက ကမန်းကတန်းနှင့် ထအော်လိုက်လေသည်။

"ဦးရီးတော် ကျုပ်ကို ဒူးမထောက်ခိုင်းပါနဲ့ ကျုပ်မျိုးနွယ်စုရဲ့ ရတနာကို သူ့လက်ထဲ ထည့်မပေးလိုက်ပါနဲ့"

ကုချွန်းမြန် သက်ပြင်းချလိုက်၏။

"ချိန်းကောင်း အမှားစလုပ်မ််ိတဲ့သူက မင်းပဲ ဒါကြောင့် ဖြစ်လာသမျှ အကျိုးဆက်ကို မင်းတာဝန်ယူရမယ် မင်း မဖြစ်မနေ လုပ်ရလိမ့်မယ်"

ထို့နောက် သူက လက်တဖက်ကို လှုပ်ရှားလိုက်ရာ မမြင်ရသော စွမ်းအင်လှိုင်းတခုက ကျုံးချိန်းကောင်းအား ရစ်ပတ်သွားသည်။ သူ့ဘေးနားရှိလူများကိုလည်း နောက်သို့ဆုတ်သွားစေလေသည်။

ကုချွန်းမြန်၏ ထိန်းချုပ်မှုအောက်မှာပင် ကျုံးချိန်းကောင်းသည် အလိုအလျောက် မြေကြီးပေါ်သို့ ဒူးထောက်ထိုင်ကျသွား၏။ သူ့ဆန္ဒပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကုချွန်းမြန်၏ ထိန်းချုပ်မှုအား ကျုံးချိန်းကောင်း တွန်းလှန်နိုင်ခြင်းမရှိ။

"မင်း ခုထိ မတောင်းပန်သေးဘူးလား"

ကုချွန်းမြန်၏ အော်ငေါက်သံ ထွက်ပေါ်လာသည်။

တစုံတယောက်က နောက်မှနေ၍ သူ့ဇက်ပိုးကို အုပ်လိုက်သည့်ပမာ ကျုံးချိန်းကောင်း အထိတ်တလန့် ဖြစ်သွား၏။ ထို့နောက် သူက အယောင်ယောင်အမှားမှားနှင့် တောင်းပန်လိုက်သည်။

"ကျုပ် မှားသွားပါတယ်"

လောင်းရှောက်ယူ အားရပါးရ ပြုံးလိုက်သည်။

"သိပ်ကောင်းတယ် အကြီးအကဲကုဟာ တရားမျှတပါပေတယ် ရှောက်ယူ ကျေးဇူးတင်ပါတယ်"

ကုချွန်းမြန် မဲ့ပြုံးပြုံးလိုက်၏။ ထို့နောက် သူ လေထဲသို့ ခုန်တက်သွားလေသည်။ သူနှင့်အတူ ကျုံးချိန်းကောင်းပါ တပါတည်း ပါသွား၏။

ကုချွန်းမြန်၏ အသံသည် အဝေးဆီမှနေ၍ လောင်းရှောက်ယူထံသို့ ပျံ့လွင့်လာ၏။

"ဒီကိစ္စဟာ ဒီမှာတင် ပြတ်ပြီ နောက်မှာ မင်းသားလေးလောင်းနဲ့ မင်းသားလေးလောင်းဘေးနားက သူငယ်ချင်းကို ကျုပ်ပြောလိုက်မယ်... ကျုပ်သမီးကို မင်းတို့ လာမတောင်းရတော့ဘူး ကုမျိုးနွယ်ရဲ့နယ်မြေဟာ ကျဥ်းပါတယ် လောင်းမျိုးနွယ်လို ကြီးမားတဲ့မျိုးနွယ်စုနဲ့ နှိုင်းယှဥ်လို့မရပါဘူး"

ထိုစကားကြောင့် လောင်းရှောက်ယူ အတော်လေး အံ့သြသွားသည်။

"သူ ကျုပ်ကို သိနေတာပဲ"

အမှောင်ရိပ်ထဲမှ စုချန်း ပေါ်လာ၏။

"မင်းကို ဘေးနားက တယောက်ယောက် ညွှန်ကြားနေတယ်ဆိုတာ သူ ကောင်းကောင်းသိတယ် သူမသိတာက အဲဒီလူဟာ ကျုပ်ဆိုတာပဲ"

ထိုစဥ် ရယ်မောသံတသံ ထွက်ပေါ်လာ၏။ ရယ်သံနှင့်အတူ ကုချိန်းလွှာ လမ်းလျှောက်လာလေသည်။ သူမ၏ လက်ထဲတွင်လည်း မူလပုံစံငွေပြားတခုကို ကိုင်ထား၏။ ထိုငွေပြားအတွင်းဝယ် ကနဦး ဖြစ်ရပ်များကို မှတ်တမ်းတင်ထားကြောင်း မေးခွန်းထုတ်နေစရာမလိုတော့။

"ဒီလူ သူတပါးပိုင်ဆိုင်မှုကို လာလုတယ် နောက်ဆုံးတော့ လက်အောက်ငယ်သားတွေအကုန်ဆုံးရှုံးလိုက်ရတဲ့အပြင် ဒူးထောက်တောင်းပန်ပြီး အမြီးကုပ်ထွက်ပြေးသွားရတယ် သူ ဒီစေ့စပ်ပွဲကို အထမြောက်အောင် ဘယ်လိုဆက်လုပ်မလဲ ကြည့်ရသေးတာပေါ့"

ကုချိန်းလွှာက ဝမ်းသာအားရနှင့် ပြောလိုက်သည်။

စုချန်းက လောင်းရှောက်ယူအား တောင်းဆိုချက်သုံးချက် တောင်းခိုင်းရသည့်အကြောင်းမှာ ကျုံးချိန်းကောင်းအား အရှက်ခွဲလို၍သက်သက်သာ ဖြစ်ပေသည်။

မူလပုံစံငွေပြားအတွင်း မှတ်တမ်းတင်ထားသော အကြောင်းအရာများသာ ပေါက်ကြားသွားပါက ကုချွန်းမြန်အနေနှင့် ကျုံးချိန်းကောင်းအား သားမက်အဖြစ် မည်သည်နည်းနှင့်မှ လက်ခံတော့မည်မဟုတ်သည်က သေချာနေ၏။

သို့သော် ထ်ိုလုပ်ရပ်သည် ကုချွန်းမြန်အား အရှက်ခွဲရာတော့ ရောက်နေ၏။ သို့သော် ဖြစ်ရပ်တခုလုံး၏ ဗီလိန်မှာ လောင်းရှောက်ယူသာ ဖြစ်လေရာ စုချန်းအဖို့ကား အနေသာကြီးပင်။

ဤသည်မှာ နောက်ကွယ်မှ ထိန်းချုပ်ရခြင်း၏ အကျိုးပေတည်း။

"အကြီးအကဲကုက ဒီလောက် မတုံးဘူး ကျုပ်စိတ်ထင် ဒီငွေပြားကိုတောင် ထုတ်သုံးစရာ မလိုလောက်တော့ဘူး"

စုချန်းက ပြောလိုက်သည်။

"ဒါဆို ရှင်နဲ့ကျွန်မ စေ့စပ်နိုင်ပြီပေါ့ ဟုတ်လား"

ကုချွန်းလွှာ စိတ်လှုပ်ရှားဟန်ဖြင့် မေးလိုက်၏။

"အဝေးကြီးလိုသေးတယ်ကွ ခုက ကျုပ်တို့ ကျုံးချိန်းကောင်းရဲ့စေ့စပ်ပွဲကို ဖျက်ဆီးနိုင်တဲ့အဆင့်ပဲ ရှိသေးတယ် တခုခုကို ဖျက်ဆီးတယ်ဆိုတာ ဖန်တီးရတာထက် အများကြီး ပိုလွယ်တယ်လေကွာ"

"ဒါတွေ ကျွန်မ မသိဘူး"

ကုချိန်းလွှာက လက်ပ်ိုက်ရင်း ပြောလိုက်သည်။

"ရှင် ကျွန်မ စေ့စပ်ပွဲကို ဖျက်ဆီးလိုက်ပြီ ကျွန်မအတွက် သတို့သားတယောက် အစားပြန်ပေးရမယ် ဒါပဲ"

"ဒါဆို မင်းအတွက် ရှောက်ယူကို ကျုပ် အစားပြန်ပေးလိုက်မယ်လေ"

စုချန်းက ရယ်မောရင်း ပြောလိုက်သည်။

"ရှင်နော်"

________×××_________×××_________

ဖုန်း!!!

ကျုံးချိန်းကောင်းတယောက် ​ကြမ်းပြင်ပေါ်သို့ ခြေပစ်လက်ပစ်နှင့် ပြုတ်ကျသွား၏။

ယခုတော့ သူ ကုခြံဝင်းအတွင်းသို့ ပြန်ရောက်နေပြီ ဖြစ်သည်။

ကုချွန်းမြန်၏ မျက်နှာသည် မဲမှောင်နေ၏။ သူက ကျုံးချိန်းကောင်းအား တင်းမာသောလေသံနှင့် ပြောလိုက်လေသည်။

"မင်းကိုတော့ ကျုပ် အကြီးကြီး စိတ်ပျက်သွားပြီ"

ကျုံးချိန်းကောင်း ရင်တုန်သွား၏။ ထို့နောက် သူက ကပျာကယာဒူးထောက်တောင်းပန်လိုက်သည်။

"ဦးရီးတော် ကျွန်တော် မှားသွားပါတယ် ဒီလိုမှားရတာကလဲ ချိန်းလွှာကို သိပ်ချစ်လွန်းလို့ပါ ဒီကောင်ဟာ ချိန်းလွှာကို နှစ်ကြိမ်တောင်လာတောင်းပြီး စေ့စပ်ပွဲပျက်အောင်လုပ်တယ် ဒါကြောင့် သူ့ကို ပညာပေးရအောင် ကျုပ် လုပ်မိတာပါ ဒါပေမဲ့ ဒီလိုဖြစ်မယ်မှန်း ကျွန်တော်မသိ..."

"မင်းပါးစပ်က်ို ပိတ်ထားစမ်း"

ကုချွန်းမြန် ဖြတ်အော်လ်ိုက်၏။

"မင်း ကျုပ်က်ို အရူးလို့ထင်နေတာလား ဟိုကောင့်နောက် မင်းဘာကြောင့်လိုက်သွားမှန်း ကျုပ်မသ်ိဘူးလို့ မင်းတကယ်ပဲ ထင်နေတာလား မူလကျောက်တုံးဆယ်မီလျံကို မင်း ဖြတ်ခုတ်ဖို့ကြံတာပဲ ဒါတွေကို လိုချင်လို့သာ မင်း ဟိုကောင့်နောက် လိုက်သွားတာပဲ ဒီလောက်များတဲ့ မူလ​ကျောက်တုံးတွေက်ို ဘာအကွယ်မှမရှိပဲ သူများ သယ်လာမယ်ထင်ရင် မင်း ရူးနေလို့ပဲ မင်းမပြောနဲ့ ကျုပ်တောင်မှ သူ့လက်ထဲက မူလကျောက်တုံးတွေကို သွားလုဖို့ သိပ်မလွယ်လှဘူး"

ထိုစကားကြောင့် ကျုံးချိန်းကောင်း ကြက်သေသေသွား၏။

"ဒါပေမဲ့ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဦးရီးတော်ဟာ ကြာပန်းခုနှစ်ပွင့်အဆင့်လေ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ကိုရောက်ဖို့ ခြေတလှမ်းစာပဲလိုတော့တာပဲဟာ"

"ဒါကြောင့် ကျုပ်ပြောတာပေါ့ မင်းဟာ ဘာမှမသိသေးပါဘူးလို့ ကျုပ်အနေနဲ့ကလဲ မင်းအကြောင်းကို အလုံးစုံသိလာအောင်လုပ်ဖို့ အချိန်မရှိခဲ့ဘူး ဒါပေမဲ့ မင်းဟာ ဒီလောက်ထိ လောဘကြီးပြီး ဆင်ခြင်ညဏ်မဲ့လိမ့်မယ်လ််ို့တော့ ကျုပ် မထင်ထားမိဘူး"

ကုချွန်းမြန်၏ ဆိုလိုရင်းကို ကျုံးချိန်းကောင်း ချက်ချင်းနားလည်လိုက်၏။ ထို့ကြောင့် သူက ကမန်းကတန်း တောင်းပန်လိုက်သည်။

"ကျွန်တော် မှားပါတယ်ဦးရီးတော် နောင် ဒီလို မဖြစ်စေရပါဘူးခင်ဗျာ"

ကုချွန်းမြန် ခေါင်းခါလိုက်သည်။

"ချိန်းလွှာဟာ မင်းကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး ကျုပ်ကသာ တချိန်လုံးတွန်းအားပေးနေခဲ့မိတာ ကြည့်ရသလောက် ချိန်းလွှာ မှန်တယ်နဲ့တူတယ် မင်းဟာသူနဲ့သင့်တော်တဲ့ သတို့သားလောင်း မဖြစ်နိုင်ဘူး"

"ဦးရီးတော်"

ကျုံးချိန်းကောင်း ဆောက်တည်ရာမရဟန်ဖြင့် ထအော်လိုက်သည်။

"ကျွန်တော် မှားပါတယ် ကျွန်တော့ကို နောက်တခါလောက် အခွင့်အရေးပေးပါဗျာ"

"ဒီနေ့ကစပြီး မင်းနဲ့ချိန်းလွှာရဲ့ စေ့စပ်ပွဲကို ဆိုင်းငံ့လိုက်ပြီ"

ထိုသို့ပြောပြီးသည်နှင့် ကုချွန်းမြန် ထွက်ခွာသွား၏။

ကျုံးချိန်းကောင်းကား ​ကျောရိုးအထုတ်ခံလိုက်ရသည့်ပမာ ပုံခနဲ လဲကျသွားလေသည်။

***

All Chapters