← Chapters

အဆက်အသွယ် ၂

Vol. 58 Ch. 572

အဆက်အသွယ် ၂

Vol. 58 Ch. 572

ကုချွန်ချောက်သည် စုချန်းကို အတော်လေး သဘောကျသွား၏။ သို့သော် ၎င်းမှာ ပထမဆုံး ထင်မြင်ယူဆချက်မျှသာ ရှိပေသေးသည်။

သို့သော်ငြားလည်း အနှီ ပထမဆုံး ထင်မြင်ယူဆချက်မှသည် ရင်းနှီးမှုကို ဖြစ်တည်လာစေသည်ကတော့ အမှန်ပင်။

ထို့နောက်တွင်တော့ သူ ဘယ်သွားသွား စုချန်း၏ လွှမ်းမိုးမှုနှင့် မလွတ်နိုင်ပဲ ဖြစ်နေကြောင်း ကုချွန်ချောက် တွေ့လာရ၏။

သူ မနက်စာစားသည်ဖြစ်စေ၊ နေ့လည်စာ စားသည်ဖြစ်စေ ၊ ညစာစားသည်ဖြစ်စေ၊ ပြဇာတ်ကြည့်သည်ဖြစ်စေ၊ ရေချိုးခန်းသွားသည်ဖြစ်စေ၊ ရံဖန်ရံခါ ဆောင်ကြာမြိုင်များသို့ သွားရောက်သည်ဖြစ်စေ စုချန်းနှင့် လွတ်ကိုမလွတ်ပဲ ဖြစ်နေ၏။ သူသွားသည့် နေရာတိုင်းကို စုချန်း ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။

ထိုအခိုက်အတန့်ဝယ် မင်းသားလေးစုအကြောင်းကို သူ မသ်ိချင်၍ပင် မရတော့။ စုချန်း ဘယ်နေရာတွင် ဘယ်အချိန် ပေါ်လာမည်ကို မည်သူမှ မသိနိုင်ချေ။

အကျိုးဆက်အနေနှင့် ကုချွန်ချောက်နှင့်စုချန်းမှာ မကြာခနဆိုသလို ဆုံဖြစ်နေကြခြင်းပင်။

တနေ့တွင်တော့ ကုချွန်ချောက်သည် ညစာစားပြီးသည်နှင့် ခါတိုင်းကဲ့သို့ပင် ကျောက်စိမ်းသားမွေးနန်းဆောင်ဆီသို့ ထွက်လာခဲ့၏။

ကျောက်စိမ်းသားမွေးနန်းဆောင်ဟူသည်ကား ဝါးမြိုခြင်းမြစ်မြို့တော်၏ နာမည်အကြီးဆုံး ရေပေါ်အိမ်ပင် ဖြစ်သည်။ ကုချွန်ချောက်သည် သူ့ဇနီး သူ့အား ရှာရခက်နိုင်သည့် အနှီရေပေါ်အိမ်တွင် အချိန်ဖြုန်းရသည်ကို များစွာ သဘောကျ၏။ ရေပေါ်အိမ်မှာ လှေပေါင်း ကြီးငယ်ပေါ်တွင် အိမ်တလုံးကျစီ တည်ဆောက်ထားသဖြင့် သူ့ကို ရှာရန် အတော်ပင် အချိန်ယူရမည်မှာ သေချာနေ၏။

လှေပေါ်အိမ်သို့ ခြေချမိသည်နှင့် လှေပေါ်အိမ်ပိုင်ရှင် အစ်မချာက ကုချွန်ချောက်အား ယဥ်ကျေးပျူငှာစွာ နှုတ်ဆက်လာ၏။ ဒါကလည်း စုချန်း၏ စီးပွားရေးပရိယာယ်တမျိုးပင်။ ယခင်အလုပ်သမားများ၊ ပိုင်ရှင်ဟောင်းများအား စုချန်းအနေနှင့် အစားထိုးခြင်းမရှိပေ။ ဤနည်းအားဖြင့် မိတ်ဟောင်းများအား ယခင်အတိုင်း ဆွဲဆောင်ထားနိုင်မည် မဟုတ်ပါလား။

"အိုး စတုတ္ထအကြီးအကဲကုပါလား တွေ့ရတာဝမ်းသာပါတယ်ရှင်"

"အင်း"

ကုချွန်ချောက်ကလည်း ဝတ္တရားအရ ပြန်လည်နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက ​မေးလိုက်၏။

"ဒါနဲ့ ညီမလေးရှန်းကော မတွေ့ပါလား သူ့ကို ကျုပ်နဲ့ လာတွေ့ခိုင်းလိုက်ပါအုံး"

ကုချွန်ချောက်၏ စကားကြောင့် အစ်မချာ မျက်နှာကွက်ခနဲ ပျက်သွား၏။

"ဒါ...ဒါကလေ...ညီမလေးရှန်းမှာ ဧည့်သည်ရှိနေတယ်ရှင့်"

ကုချွန်ချောက် ဒေါပွသွားလေသည်။

"မင်း ဘာစကားပြောလိုက်တာလဲ မင်းကို ကျုပ်မမှာထားဘူးလား ဒီနေ့ ကျုပ်လာမယ် ညီမလေးရှန်းကို တခြားဧည့်သည်တွေနဲ့ မထည့်ပါနဲ့လို့"

အစ်မချာက မြန်မြန်ဆန်ဆန်ပင် တုံ့ပြန်လိုက်သည်။

"မှန်ပါတယ်ရှင် မှန်ပါတယ် အဲဒီအတိုင်း စီစဥ်ထားတာပါပဲ ဒါပေမဲ့ တတိယအကြီးအကဲ ရောက်ချလာတော့"

"တတိယအကြီးအကဲ ဟုတ်လား"

ကုချွန်ချောက် ပါးစပ်ပြဲသွား၏။

"ဘယ်က တတိယအကြီးအကဲတုန်း တတိယအစ်ကိုကြီး ကုချွန်ယုလား"

အစ်မချာခေါင်းညိတ်ပြလိုက်သည်။

ကုချွန်ချောက် ဘာမှပြောမနေတော့ပဲ အခန်းထဲသို့ စွပ်ခနဲ ဝင်ချသွား၏။ သူ့မျက်နှာမှာလည်း ကျောက်သားကဲ့သို့ မာကျောနေလေသည်။

အခန်းထဲသို့ ရောက်သည်နှင့် မိပ်ကပ်အဖွေးသားနှင့် မိန်းကလေးတယောက်အား ရင်ခွင်ထဲတွင် ပွေ့ဖက်ကာ ပရောပရီလုပ်လျက်ရှိသော ကုချွန်ယုအား ကုချွန်ချောက် မြင်တွေ့လိုက်ရသည်။

၎င်းကိုမြင်သည်နှင့် ကုချွန်ချောက်၏ မျက်နှာ မဲခနဲ ဖြစ်သွား၏။

"အစ်ကိုကြီးသုံး ခင်ဗျား အပျင်းကြီးလှချီလား ညီမလေးရှန်းကို ကျုပ်အရင်ဦးထားတာလေဗျာ ဒါကို ခင်ဗျားက နောက်မှရောက်လာပြီး ကျုပ်လက်ထဲက လုသွားသေးတယ်"

ကုချွန်ယု ရယ်မောလိုက်သည်။

"ညီလေးလေး ကျုပ်က စည်းကမ်းတွေကို လိုက်နာပါတယ်ကွ ဘယ်လိုလုပ်ပြီး တခြားလူ ဦးထားပြီးသားကို လုပါ့မလဲ အထူးသဖြင့် မင်းဆီကပေါ့ ကဲ ကဲ အရင်ထိုင်စမ်းပါအုံးကွာ"

ကုချွန်ချောက် မျက်နှာမဲ့လိုက်သည်။ သို့သော် ကုချွန်ယု၏ စကားအတိုင်း ထိုင်တော့ထိုင်လိုက်၏။

သူနှင့်ကုချွန်ယုအကြားတွင် ဘာပြသနာမှ မရှိချေ။ ကုချွန်ယုကား ပေါင်းသင်းဆက်ဆံရေးကောင်းသူဖြစ်ရာ မိတ်ဆွေပေါ၏။ သို့သော် မျိုးနွယ်စု၏ အဆင့်အတန်းသတ်မှတ်ချက်ကြောင့်ပေလားတော့ မသိ။ သူ့စိတ်ထဲတွင် ကုချွန်ယုအား မကျေနပ်စိတ်ကလေး ရှိနေသည်ကတော့ အမှန်ပင်။ သို့သော် ၎င်းမှာလည်း အတိုင်းအတာတခုထိသာ ဖြစ်သည်။

"ဘယ်နေရာမှာမဆို စည်းကမ်းလေးတော့ ထားမှပေါ့ ကျုပ်က ညီမလေးရှန်းကို အရင်ဆုံး ပြောထားတာဗျ ခု ခင်ဗျားက ညီမလေးရှန်းကို မလုဘူးသာပြောတယ် ဒီမှာ ဘာတွေဖြစ်နေကြတာတုန်း ခင်ဗျားကြောင့်သာ မဟုတ်ရင် ညီမလေးရှန်းက ကျုပ်အပေါ် ဒီလိုမလုပ်ဘူးဆိုတာ ကျုပ် သိတယ်"

ကုချွန်ယုက ရှင်းပြလိုက်ပြန်သည်။

"စတုတ္ထညီလေး မင်း နားလည်မှုလွဲနေပြီ ကျုပ် မင်းဆီကနေ ညီမလေးရှန်းကို လုသွားတာမဟုတ်ဘူး ကျုပ် ကျောက်စိမ်းသားမွေးနန်းဆောင်ရဲ့ စည်းမျဥ်းစည်းကမ်းကြောင့် ညီမလေးရှန်းကို ရသွားတာကွ"

ပြောပြောဆိုဆို ကုချွန်ယုက ကျောက်စိမ်းပြားငယ်တချပ်က်ို ဆွဲထုတ်ရင်း ပြောလိုက်သည်။

"တွေ့လား"

"အဲဒါ ဘာကြီးလဲ"

ကုချွန်ချောက် ကြောင်အမ်းအမ်းဖြစ်သွား၏။ သူသည် ကျောက်စိမ်းသားမွေးနန်းဆောင်၏ ဖောက်သည်ဖြစ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပေပြီ။ သို့သော် အနှီ ကျောက်စိမ်းပြားမျိုးကို တခါမှ မမြင်ဖူး။

"ဒါ ကျောက်စိမ်းသားမွေးနန်းဆောင်ရဲ့အထူးဧည့်သည်ကတ်ပဲကွ"

ကုချွန်ယုက ရှင်းပြလိုက်၏။

"ဒါလေး လက်ထဲမှာရှိရင် သာမာန်ဧည့်သည်တွေထက် သာတာပေါ့ကွာ အထူးဧည့်သည်ဆိုတာက အမြဲတမ်း ဦးစားပေးတစ်ပဲကွ ဒီတော့ ညီမလေးရှန်းက မင်းကို မျက်နှာသာမပေးတာလဲ မဟုတ်ဘူး မင်းလက်ထဲကနေ ညီမလေးရှန်းကို ကျုပ်ဝင်လုတာလဲ မဟုတ်ဘူး ယုတ်စွအဆုံး ညီမလေးရှန်းကို မင်း ကြိုမှာထားမှန်းတောင် ကျုပ် မသိပေါင်ကွာ ဒီရောက်တာနဲ့ ညီမလေးရှန်းကို ကျုပ် လိုချင်တယ်လို့ ပြောလိုက်တယ် သူတို့ကလဲ ကျုပ်လိုချင်တာ အကုန်စီစဥ်ပေးတော့တာပဲ"

လက်စသတ်တော့ အဲဒီလိုလား"

ကုချွန်ချောက် မျက်လုံးပြူးသွားသည်။

"ဒီလို အထူးဧည့်သည်ကတ်မျိုးရှိတာကို အရင်က ကျုပ် ဘာကြောင့် မသိရတာပါလိမ့်"

ကုချွန်ယုက ပြောလိုက်သည်။

"ဘယ်သိမှာလဲ ဒီစည်းကမ်းက ပိုင်ရှင်သစ်လက်ထက်မှ ပေါ်လာတာလေကွာ"

"စုချန်း"

"ဟုတ်တာပေါ့ကွာ"

ကုချွန်ချောက်၏ မျက်နှာသည် မဲခနဲ ဖြစ်သွား၏။ သူ့စိတ်ထဲတွင် သူနှင့် စုချန်းအကြား ဆက်ဆံရေးမှာ ခိုင်မြဲလှပြီဟု ထင်နေ၏။ သို့သော် ထင်သလောက် မဟုတ်သေးချေတကား။

တဖက်တွင်လည်း သူ့က်ိုယ်သူ ကုချွန်ချောက် ပြန်လည်သုံးသပ်မိပြန်သည်။ သူသည် လူတိုင်းကို သာမာန်သာ ဆက်ဆံတတ်၏။ တခါတရံတွင် မောက်မာသည့်သဘောမျိုးပင် ရှိသေးသည်။ ကုချွန်ယုကတော့ သူနှင့်မတူ။ ပေါင်းသင်းဆက်ဆံရေးကောင်း၏။ ဖော်ရွေ၏။ လူတိုင်းကို ခင်မင်စွာ ဆက်ဆံတတ်၏။ ထို့ကြောင့် သူ့ထက်စာလျင် စုချန်းသည် ကုချွန်ယုအား ပို၍ ခင်မင်သွားခြင်းပင်။

သို့သော် ထိုအတွေးသည် ကုချွန်ချောက်၏ စိတ်နှလုံးအား မပျော်မရွှင်ဖြစ်စေ၏။ မအီမသာ ဖြစ်စေ၏။

ကုချွန်ချောက်၏ မျက်နှာပေးကိုကြည့်ရင်း ကုချွန်ယု ရယ်မောလိုက်သည်။

"ဒီလောက်လဲ စိတ်မပျက်ပါနဲ့ကွာ ခနနေရင် စုချန်း လာလိမ့်မယ် သူလာရင် မင်းအတွက် ကျုပ် ကတ်တခု ပိုတောင်းပေးမယ် မင်းလဲ ညီမလေးရှန်းနဲ့ ပျော်ပွဲဝင်နိုင်ပြီပေါ့"

"ထွီ ကျုပ် အဲဒါကို ဂရုမစိုက်ဘူးဗျ"

ကုချွန်ချောက် ဒေါသတကြီးနှင့် ထအော်လိုက်သည်။ သူသည် စုချန်းနှင့် ကုချွန်ယုထက် ခင်မင်ရင်းနှီးလိုခြင်းသာဖြစ်ပြီး ကျောက်စိမ်းပြားကိုသော်လည်းကောင်း၊ ညီမလေးရှန်းကိုသော်လည်းကောင်း ဂရုမစ်ိုက်​ဟု ပြောရခက်နေသည် မဟုတ်ပါလား။

ထိုအခိုက်မှာပင် စုချန်း ရောက်လာ၏။

ကုချွန်ယု ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေသည်။

"ဟာ ညီလေးစု ထိုင်ပါအုံး"

စုချန်းက ပြုံးပြုံးရယ်ရယ်နှင့်ပင် လျှောက်လာရင်း ပြောလိုက်သည်။

"တတိယအကြီးအကဲ စတုတ္ထအကြီးအကဲ တွေ့ရတာဝမ်းသာပါတယ်ဗျာ ဘယ့်နှယ်လဲ ပျော်ကြရဲ့လားဗျ"

ကုချွန်ယု ရယ်မောလိုက်သည်။

"ဒီမှာ နည်းနည်းပါးပါး အငြင်းအခုန်လေး ဖြစ်နေတယ် စတုတ္ထအကြီးအကဲကတော့ အတော်ကို စိတ်မပျော်ပဲ ဖြစ်နေသကွ"

"အိုး တတိယအကြီးအကဲ ဘာကိုဆိုလိုတာပါလိမ့်"

"မင်းက ကျုပ်ကိုတော့ အထူးဧည့်သည်ကတ်ပေးတယ် စတုတ္ထအကြီးအကဲကိုတော့ မပေးဘူး ဒီအတွက် မင်းမှာ အဖြေများ ရှိသလား"

ထိုစကားကိုကြားသည်နှင့် စုချန်း ရယ်မောလိုက်သည်။

"အဲတာကြောင့်လား ဒါက စတုတ္ထအကြီးအကဲ နားလည်မှုလွဲတာပါဗျာ ကျုပ်က ဒီလူနဲ့ဒီလူကြား ခွဲခြားခွဲခြားလုပ်ပါ့မလား အထူးဧည့်သည်ကတ်အတွက် အခြေအနေတချို့ လိုတယ်ဗျ ဒါကြောင့် ကျုပ်က စတုတ္ထအကြီးအကဲကို အထူးဧည့်သည်ကတ် မပေးရသေးတာ"

"ဘာအခြေအနေပါလိမ့် ကျုပ်က်ို ရှင်းပြစမ်းပါ ဒီအတွက် ကျုပ် ငွေဘယ်လောက်ပေးရမလဲ"

ကုချွန်ချောက်က မေးလိုက်သည်။

"ဒီလိုလဲ မဟုတ်ပါဘူးဗျာ ကျုပ်က အထူးဧည့်သည်ကတ်ကို ကျုပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားတဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေကိုသာ ပေးတဲ့အတွက်ကြောင့်ပါ"

"အိုး"

ကုချွန်ချောက် အံ့သြသွား၏။ ထို့နောက် သူက ကုချွန်ယုအား လှမ်းမေးလိုက်သည်။

"ခင်ဗျားက သူနဲ့ ဘယ်လိုများ ပူးပေါင်းထားလို့လဲ"

"ရင်းနှီးမြုပ်နှံတာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ ကျုပ် ရင်းနှီးမြုပ်နှံထားတယ် ဒီလောက်ပဲလေ"

ကုချွန်ယုက အလေးအနက်မထားသောဟန်ဖြင့် ပြောလိုက်၏။

"ရင်းနှီးမြုပ်နှံထားတယ် ဟုတ်လား ဒီလို စီးပွားရေးလုပ်ငန်းထဲမှာ ခင်ဗျား ရင်းနှီးမြုပ်နှံထားတယ်ပေါ့"

ကုချွန်ချောက် တအံ့တသြနှင့် မေးလိုက်၏။

ထိုစဥ် စုချန်းက ကပျာကယာ ဝင်ပြောလိုက်သည်။

"ဒီလိုတော့လဲ အတိအကျ မဟုတ်ဘူးဗျ ဒီမြို့က စီးပွားရေးလုပ်ငန်းတွေကို လိုက်ဝယ်တာ ကျုပ် နည်းနည်းလောသွားတယ် ဒီလုပ်ငန်းတွေက ထင်သလောက် မမြတ်ဘူး ကျုပ်နဲ့ တတိယအကြီးအကဲ ပြောထားတာကတော့ တမျိုးပေါ့လေ မမြတ်မဲ့လုပ်ငန်းမျိုးကို တတိယအကြီးအကဲ ဝင်လုပ်ဖို့ ကျုပ် ဘယ်ဖိတ်ခေါ်ရဲပါ့မလဲ"

"ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးပါလိမ့် ကျုပ်ကို ပြောစမ်းပါအုံး ကျုပ်လဲ စိတ်ဝင်စားတယ်"

"ကျုပ် ပျံသန်းရေးကွန်ယက်တခု တည်ဆောက်ချင်နေတယ်"

စုချန်းက ပြန်ဖြေလိုက်သည်။

ပျံသန်းရေးကွန်ယက်ဟူသည်ကား လေကြောင်းပို့ဆောင်ရေးတမျိုးပင်။

ထိုစကားကြောင့် ကုချွန်ချောက် လုံးဝ မှင်သက်သွား၏။

လူသားများသည် လေကြောင်းပို့ဆောင်ရေးအတွက် အလွန်ကြီးမားသော လွန်းပျံယာဥ်များကို သုံးကြ၏။ ထိုယာဥ်များကို မူလကျောက်တုံးများနှင့် စွမ်းအင် ပေးကြရပေသည်။ သို့သော် ငွေကုန်ကြေးကျများသလောက် ခရီးမတွင်သည့်အပြင် အန္တရာယ်ကြီးမားခြင်းကြောင့် လေကြောင်းပို့ဆောင်ရေးလုပ်ငန်းများသည် လူသားကမ္ဘာတွင် သိပ်မတွင်ကျယ်လှ။ ထို့ကြောင့် ပျံသန်းရေးကွန်ယက်တည်ဆောက်ခြင်းသည် ငွေရှိရုံနှင့် အလွယ်တကူ ထလုပ်နိုင်သော လုပ်ငန်းမျိုးမဟုတ်ပေ။

ထိုလုပ်ငန်းမျိုးကို စုချန်းက စိတ်ဝင်စားနေသောကြောင့် ကုချွန်ချောက် မအံ့သြပဲ မနေနိုင်တော့။ ပိုဆိုးသည်မှာ ထိုလုပ်ငန်းထဲတွင် ကုချွန်ယုက ရင်းနှီးမြုပ်နှံထားခြင်းပင်။

ကုချွန်ယု၏ အကြောင်းကို ကုချွန်ချောက် ကောင်းကောင်းသိထား၏။ ကုချွန်ချောက်သည် ပေါ့ပေါ့ပါးပါး နေထိုင်တတ်သော်လည်း မစဥ်းစားမဆင်ခြင်ပဲ လုပ်တတ်သူတော့မဟုတ်။

ကုချွန်ယု ထိုလုပ်ငန်းတွင် ရင်းနှီးမြုပ်နှံထားသည်ဟူသော သဘောမှာ စုချန်းတွင် ပျံသန်းခြင်းကွန်ယက်တည်ဆောက်ရန် နည်းလမ်းတခု ရှိထားသည်ဟူသော သဘောနှင့် အတူတူသာ။

***

All Chapters