ရင်းနှီးမြုပ်နှံသူများ
Vol. 58 Ch. 573
ထိုအခါ ကုချွန်ချောက်က တွေးဆရင်း ပြောလိုက်သည်။
"အကြီးစား တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်တစင်းဟာ မူလကျောက်တုံး ဆယ်မီလျံထိ ကျသင့်ပြီး တခါကို လူသုံးထောင်ထိ တင်နိုင်တယ် တခါခရီးသွားတိုင်း မူလကျောက်တုံး သောင်းနဲ့ချီ သုံးနေရမယ် ဒါကြောင့် ကုန်ကျစရိတ်များလွန်းတယ် ဆုံးရှုံးသွားနိုင်ချေမြင့်တယ် အမြတ်အစွန်းကလဲ အကန့်အသတ်ရှိနိုင်တယ် ဒီပြသနာတွေကို ညီလေးစုအနေနဲ့ ဘယ်လိုများ ဖြေရှင်းဖို့ စဥ်းစားထားသလဲ"
စုချန်းက ပြန်ဖြေလိုက်၏။
"အကြီးစား တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်တွေကို ဦးစားပေးသုံးဖို့ ကျုပ် မစီစဥ်ထားဘူး"
"အကြီးစားယာဥ်တွေ မသုံးဘူးပေါ့ ဟုတ်လား"
ကုချွန်ချောက် အံ့သြသွား၏။
"ဒါဆို ဘာကိုအစားထိုးသုံးဖို့ ညီလေးစု စဥ်းစားထားသလဲ"
"တိမ်တိုက်နဂါးလှေတွေကို အစားထိုးသုံးမယ်"
စုချန်းက ပြန်ဖြေလိုက်သည်။
ကုချွန်ချောက် နောက်လန်သွားလေပြီ။
"နဂါးလှေတွေဟာ ကုန်ကျစရိတ်နည်းပေမဲ့ သူ့ကိုမောင်းနှင်ဖို့ လူနှစ်ရာလောက်ထိ လိုတယ် ဒါဆိုရင် ကုန်ကျစရိတ်က မြင့်လာအုံးမှာပဲ ပြီးတော့ အသွားနှုန်းကလဲ နှေးလွန်းတယ် ခရီးမတွင်ဘူး"
"ကျုပ် လူသားတွေကို မသုံးဘူး သူတို့နေရာမှာ နတ်ဆိုးသတ္တဝါတွေကို သုံးမယ်"
"နတ်ဆိုးသတ္တဝါတွေ ဟုတ်လား"
ကုချွန်ချောက် မျက်မှောင်ကုတ်သွား၏။
"ဒီတော့ ညီလေးစုမှာ နတ်ဆိုးသတ္တဝါတွေကို ထိန်းချုပ်ဖို့ နည်းလမ်းရှိတယ်ပေါ့"
"သားရဲထိန်းချုပ်ဆေးကို သုံးတာပေါ့ဗျာ"
စုချန်းက ပြန်ဖြေလိုက်လေသည်။
စုချန်းကား နဂါးလှေများအား မောင်းနှင်မည့်သားရဲများအား ထိန်းချုပ်ရန် သဲမျိုးစိတ်များက မြွေပျံများအား ထိန်းချုပ်ခဲ့သည့်နည်းလမ်းကို အသုံးပြုရန် စဥ်းစားထားခြင်းပင်။ ထိုနည်းလမ်းသာ အမှန်တကယ် အသုံးတည့်ပါက သူတို့သည် လူနှစ်ရာအစား သားရဲအနည်းငယ်နှင့် နဂါးလှေများအား မောင်းနှင်နိုင်လာမည်ဖြစ်သည်။ ပျံသန်းခြင်းကွန်ယက်ကိုလည်း အကောင်အထည်ဖော်နိုင်လာပေလိမ့်မည်။ သူတို့အနေနှင့် သားရဲများကို အသုံးပြုခြင်းကြောင့် ကုန်ကျစရိတ် ရှိနိုင်သော်လည်း ၎င်းပမာဏသည် မူလကျောက်တုံးသောင်းဂဏန်းထိတော့ ကျသင့်မည်မဟုတ်။ ထို့ပြင် နတ်ဆိုးသားရဲများသည် တိုက်ခိုက်နိုင်စွမ်းလည်းရှိပေရာ ပင်လယ်ဓားပြများ၏ ရန်မှ ကာကွယ်ပြီးသား ဖြစ်သွားပေလိမ့်မည်။
တကယ်တော့ လှေများအား မောင်းနှင်ရန် သားရဲများအား ထိန်းချုပ်ခိုင်းစေခြင်းမှာ စုချန်း တီထွင်လိုက်သည့် နည်းလမ်းမဟုတ်။ ရှေးဦးမဆွကတည်းက ရှိပြီးသော နည်းလမ်းပင် ဖြစ်သည်။ လိုအပ်ချက်များလွန်း၍သာ လူသားများအနေနှင့် တွင်တွင်ကျယ်ကျယ် မသုံးနိုင်ခဲ့ကြခြင်းပင်။
သို့သော် အဂ္ဂိရပ်ပညာရှင်တဦးဖြစ်၍ ကုန်ကျစရိတ်များကို သိသိသာသာ လျော့ချနိုင်လိမ့်မည်ဟု စုချန်းကတော့ ယုံကြည်ထား၏။
စုချန်းနှင့် အတန်ကြာအောင် ဆွေးနွေးပြီးသည့်နောက်တွင် စုချန်းသည် အပြောသက်သက်မဟုတ်ကြောင်း ကုချွန်ချောက် သဘောပေါက်လာလေသည်။ ဤလုပ်ငန်းတွင်သာ ရင်းနှီးမြုပ်နှံထားပါက သူ့အတွက် ရေရှည်အကျိုးအမြတ်များနိုင်ကြောင်း တချိန်တည်းမှာပင် သူ သိလာ၏။ ဤလုပ်ငန်းသည် ဝါးမြိုခြင်းမြစ်မြို့တော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပင် ကြီးကြီးမားမား သက်ရောက်လာနိုင်ဖွယ်ရာ ရှိပေသည်။
စုချန်းနှင့် သိကျွမ်းရသည်မှာ အချိန်တိုမျှသာရှိသေးသော်လည်း ဤလူငယ်သည် စကားကို ပေါ့ပေါ့ဆဆ ပြောတတ်သူမဟုတ်၊ လျှို့ဝှက်ချက်များနှင့် ပတ်သက်လျင် အလွန်နှုတ်လုံသူဖြစ်ကြောင်း ကုချွန်ချောက် သိရှိထားပြီး ဖြစ်သည်။
စုချန်း၏ အရည်အချင်းတရပ်မှာ အလုပ်ကို မှန်မှန်ကန်ကန် လုပ်ကိုင်မည့်သူမှန်း လူတိုင်းအား ယုံကြည်လာစေရန် စွမ်းဆောင်နိုင်ခြင်းပင်။
ဤသည်မှာလည်း လူတိုင်းသည် စုချန်းအား စီးပွားရေးအရ သိကျွမ်းလာကြခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးကျေးဇူးပင်ဖြစ်သည်။
အကယ်၍ သူသာ ကုချိန်းလွှာအား လက်ထပ်ရန် ဝါးမြိုခြင်းမြစ်မြို့တော်သို့ လာရောက်ခြင်းဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့မ်ိပါက လူတိုင်းက သူ့အား အမြင်စောင်းနေတော့မည် ဖြစ်သည်။ ထိုအခါ စုချန်း ဘာပြောပြော သူတို့ တလွဲသာ တွေးကြပေတော့မည်။
ထို့ကြောင့် စုချန်းအနေနှင့် ထိုလမ်းကြောင်းနောက်သို့ လုံးဝမလိုက်။ စီးပွားရေးသမားတယောက်အဖြစ်သာ အပြည့်အဝ ဟန်ဆောင်ထား၏။ ပထမဆုံးအနေနှင့် သူသည် မြို့တော်ရှိ စီးပွားရေးလုပ်ငန်းများကို သိမ်းကျုံးဝယ်ယူခဲ့ပြီး သူ့နာမည်ဂုဏ်သတင်းတက်လာအောင် လုပ်ဆောင်ခဲ့၏။ သူ့အိပ်ကပ်အတွင်းတွင် ငွေဘယ်လောက်ရှိကြောင်း လှစ်ဟပြခဲ့၏။ ထို့နောက် သူက ကုမျိုးနွယ်အကြီးအကဲများနှင့် ရိုးရိုးသားသား သိကျွမ်းခင်မင်လာသယောင် ဖန်တီးခဲ့၏။ ကုမျိုးနွယ်အကြီးအကဲများနှင့် သိကျွမ်းပြီးသည့်နောက်တွင်တော့ အောင်မြင်မှုက အလိုအလျောက် လိုက်ပါလာတော့မည်သာ။
၎င်းမှာ တမြို့လုံး အုတ်အော်သောင်းနင်းဖြစ်အောင် လုပ်ဆောင်ခဲ့ခြင်း၏ အကျိုးကျေးဇူးပင်။ ထို့ကြောင့် ကုမျိုးနွယ်၏ အရေးကြီးပုဂ္ဂိုလ်များသည် ယခင်ကတည်းက သူ့ကို သိနှင့်နေကြ၏။ ထို့နောက် သူ့ကို သဘောကျလာကြ၏။
စုချန်း၏ နောက်ခြေလှမ်းမှာကား သူတို့အကြား ဆက်ဆံရေးကို ပို၍ နက်ရှိုင်းလာစေရန်ပင်။
တော်ဝင်မျိိုးနွယ်စုများသည် ချမ်းသာကြွယ်ဝကြသည်မှန်သော်လည်း လူတိုင်းတွင် ကိုယ်ပိုင်ငွေကြေးဥစ္စာအနည်းငယ်စီတော့ ပိုင်ဆိုင်လိုကြ၏။ ၎င်းမှာ လူ့အတ္တပင်။
ထို့ကြောင့် စုချန်းက ပျံသန်းခြင်းကွန်ယက်ဟူသော စီးပွားရေးလုပ်ငန်းကြီး တည်ထောင်ရန် အစပျိုးလိုက်ခြင်းပင် ဖြစ်သည်။
ပျံသန်းခြင်းကွန်ယက်ဟူသည် အလွန်ကြီးမားသော စီးပွားရေးလုပ်ငန်း ဖြစ်သည်။ လူတဦးတည်းနှင့် လုပ်ဆောင်ရန် ခဲယဥ်း၏။ ငွေကို တန်နှင့်ချီ၍ ရှိနေလျင်ပင် မလုံလောက်နိုင်ချေ။ များပြားသော သားရဲများအား မည်သို့ ထိန်းချုပ်မည်နည်း၊ ပင်လယ်ဓားပြများအား မည်သို့ကာကွယ်မည်နည်း စသဖြင့် မေးခွန်းများစွာ၊ စိန်ခေါ်မှုများစွာ ရှိနေ၏။ တနေရာတွင် ပြသနာတခုပေါ်လာပါက ငွေကြေးမြောက်များစွာ ဆုံးရှုံးသွားနိုင်ပေသည်။
ထို့ကြောင့် သြဇာအာဏာရှိပြီး အပေါ်မှအောက်တိုင် ထိန်းချုပ်နိုင်သော လူတစုကို စုချန်း လိုအပ်နေခြင်း ဖြစ်သည်။ ဤနည်းဖြင့်သာ ဤစီးပွားရေးကို စုချန်း အောင်မြင်စွာ စတင်နိုင်ပေလိမ့်မည်။
ကြီးမားသော စီးပွားရေးလုပ်ငန်းတခုကို တခြားလူများနှင့် ပူးပေါင်းလုပ်ကိုင်ခြင်းမှာ ပုံမှန်သာ။ ၎င်းကိုအခြေခံ၍ စုချန်းသည် ကုမျိုးနွယ်စုအား သူနှင့်အတူ လက်တွဲလုပ်က်််ိုင်စေမည် ဖြစ်သည်။ တကယ်တော့ ကုမျိုးနွယ်စုသာမက အခြားမျိုးနွယ်စုများကိုပါ သူနှင့် လက်တွဲလာစေရန် စုချန်းက ဖိတ်ခေါ်လာနိုင်မည် ဖြစ်သည်။ ဤနည်းအားဖြင့် စုချန်း၏ ဂုဏ်သတင်း၊ အရှိန်အဝါသည် များစွာ မြင့်မားလာပေလိမ့်မည်။
၎င်းမှာ စုချန်း၏ တွေးခေါ်ပုံပေတည်း။
ကုချိန်းလွှာအား သူ လက်ထပ်လို၏။ သို့သော် ကုမျိုးနွယ်စုတစုလုံးအတွက်တော့ သူ ငွေမပေးလို။ ထိုအစား ကုမျိုးနွယ်စုများဘက်မှသာ သူ့အား ငွေပေးလာစေလို၏။
လောကကြီးဝယ် တစုံတယောက်အား ပိုက်ဆံပေးလိုက်ရုံနှင့် သင့်ဘက်တော်သားဖြစ်လာစေမည်ဟု သင်ထင်နေပါက အမှားကြီး မှားသွားပေလိမ့်မည်။
လူဆိုသည်မှာ အလွန်မိုက်မဲသော သတ္တဝါတမျိုးပင်။ ၎င်းတို့သည် သင့်အပေါ် ကျေးဇူးကန်းတတ်၏။ သစ္စာဖောက်တတ်၏။ ဘက်ပြောင်းသွားသည်နှင့် ၎င်းတို့သည် သင့်အပေါ် အောက်ဖဲလှန်ကြမည်မှာ မုချပင်။ ထို့ကြောင့် နေရာတိုင်းတွင် ငွေပေးခြင်းမှာ အလုပ်မဖြစ်တတ်ပေ။ တခါတရံတွင်ကား မိမ်ိဖက်မှ ဘယ်လောက်ပင် လူတယောက်အပေါ် ကျေးဇူးပြုထားသော်လည်း ၎င်းဘက်မှ ပြန်ရသည်မှာ ကျေးဇူးတင်စကားတခွန်းမျှသာ ဖြစ်နေတတ်၏။ ပေးရသည်နှင့် ပြန်ရသည်မှာ တွက်ချေမကိုက်သည်မျိုး ဖြစ်နေတတ်ပေသည်။
သို့သော်...
သင်သာ တဖက်သား၏ ပိုက်ဆံကို ယူထားလိုက်ပါက အရာတိုင်းမှာ များစွာ ခြားနားသွားခဲ့လေပြီ။
သင့်အနေနှင့် တဖက်သား၏ငွေကြေးကို သင့်စီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုနိင်ရုံသာမက သင့်အတွက် ၎င်းတို့ကိုယ်တိုင် အလုပ်လုပ်ပေးရန်ပင် ခိုင်းစေနိင်သေးသည် မဟုတ်ပါလား။
သင် မလုပ်ဘူးမလား...
မလုပ်လျင် မည်သည့်နည်းနှင့် ငွေပြန်ရတော့မည်နည်း။
ထို့ကြောင့် စုချန်း၏ အစီအစဥ်မှာ တဖက်လူများအား ငွေပေးရန် မဟုတ်။ ငွေယူရန်ပင် ဖြစ်သည်။
သူနှင့် ကုမျိုးနွယ်စုတို့သည် အကျိုးအမြတ်ဟူသော ကြိုးနှင့် အတူတကွ ချည်နှောင်မိကြပြီ ဖြစ်သည်။ သူတို့အား ခွဲခြမ်းပစ်၍ မရတော့။
ဤအနေအထားတွင် စုချန်းအနေနှင့် ကုချိန်းလွှာအတွက် ထပ်၍ စိတ်ပူနေရန် မလိုတော့။
သူကစ၍ ကုချိန်းလွှာကို လက်ထပ်လိုကြောင်းပင် ပြောနေစရာမလိုတော့။ သူ လက်မထပ်လိုစေကာမူ သူနှင့် ကုချိန်းလွှာအား ပေးစားလိုသော ကုမျိုးနွယ်စုဝင်များ အလိုလို ပေါ်လာတော့မည် ဖြစ်သည်။
ထိုအနေအထားထိ ရောက်ရန်တော့ စုချန်းအနေနှင့် အဆင့်ပေါင်းအတော်များများကို ဖြတ်သန်းနိုင်ရန် လိုအပ်နေသေး၏။
ကုချွန်ချောက်သည် ပျံသန်းရေးကွန်ယက်နှင့် ပတ်သက်၍ သူ သိလိုသမျှကို တခုပြီးတခု စုချန်းအား မေးမြန်းနေ၏။ စုချန်းကလည်း ကျေကျေလည်လည်ပင် ပြန်လည်ဖြေကြားပေးနေလေသည်။
စုချန်း၏ အစီအစဥ်တွင် ကုချိန်းလွှာနှင့် လက်ထပ်ရန်တည်းဟူသော အသေးစားလှည့်ဖျားမှုမျှသာ ပါဝင်သောကြောင့် သူ့အဖြေများသည် အသေးစိတ်ကျ၏။ မျှော်လင့်ချက်အမှားများအား ပေးထားခြင်းမရှိ။ တကယ်တော့ သူ့လက်အောက်ငယ်သားများသည် စီမံကိန်းတွင် ပွဲဦးထွက် အသုံးပြုမည့် နဂါးလှေများအား စတင်တည်ဆောက်နေခဲ့ပြီ ဖြစ်သည်။ သားရဲများအား စတင်လေ့ကျင့်နေခဲ့ပြီ ဖြစ်သည်။
သူ့မေးခွန်းများအားလုံးအား စုချန်းက ဖြေကြားပြီးသည်နှင့် ကုချွန်ချောက်တယောက် သိသိသာသာပင် စိတ်လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။
စုချန်း၏ အစီအစဥ်သာ အောင်မြင်ပါက နဂါးလှေများ အစားထိုးအသုံးပြုခြင်းသည် များစွာ တွက်ချေကိုက်နိုင်ဖွယ်ရှိသည်။ အမြတ်အစွန်းကလည်း မယုံနိုင်လောက်အောင် တိုးပွားလာပေလိမ့်မည်။
ထိုအခါ ကုချွန်ချောက်၏ မျက်လုံးများသည် တဖြည်းဖြည်း အရောင်တောက်လာ၏။
"ဒါဆိုရင် ညီလေးစု..ဒီစီးပွားရေးမှာ ကျုပ်ကော ဝင်ပါလို့ရမလား"
"ဒါ..."
စုချန်းက ပြောရခက်နေသယောင် ဟန်ဆောင်လိုက်၏။
"အမှန်အတိုင်းပြောရရင် ကျုပ်မှာ ရင်းနှီးမြုပ်နှံသူတချို့ ရထားပြီးပြီ လိုအပ်မဲ့ ငွေကြေးကိုလဲ လုံလုံလောက်လောက် စုဆောင်းထားမိပြီးပြီ ကျုပ် ငွေမလိုတော့ဘူး..."
"အာ ငွေလုံလောက်ပြီလို့ တထစ်ချပြောလိုက်လို့ဘယ်ရပါ့မလဲ ညီလေးစုရဲ့ အခုမှ အစပဲရှိသေးတာလေ နောက်ပိုင်းကျရင် မင်း ဘယ်နည်းနဲ့မဆို ငွေလိုလာအုံးမှာ သေချာတယ်"
ကုချွန်ချောက်၏ ပုံစံမှာ အလောတကြီး ဖြစ်လာ၏။
"ဒါ့အပြင် ပျံသန်းခြင်းကွန်ယက်ဟာ မြို့တမြို့ ဒေသတခုတင် မဟုတ်ပဲ နယ်ပယ်အများကြီးမှာ ဖြန့်ကျက်ထားသင့်တယ်မလား ဒါဆိုရင် မင်းအတွက် ဒီလိုလုပ်ပေးဖို့ လူတချို့ လိုလာလိမ့်နမယ်"
"ဒါ မှန်ပါတယ်"
စုချန်းက ခေါင်းညိတ်ပြလိုက်သည်။
"ဒါနဲ့ စတုတ္ထအကြီးအကဲမှာ ဘယ်လို အဆက်အသွယ်တွေများ ရှိ..."
"ကျုပ်ဟာ ကြည်လင်ပြန့်ပြူးခြင်းမြို့တော်က လူတချို့နဲ့ သိတယ် မြို့က သြဇာရှိပုဂ္ဂိုလ်တွေအားလုံးကို ကျုပ် သိတယ် သူတို့နဲ့ စကားလေးနည်းနည်းပါးပါး ပြောပြီးရင် မြို့နှစ်မြို့အကြား ပို့ဆောင်ရေးလုပ်ငန်းကို ကျုပ်တို့ လုပ်ကိုင်နိုင်လာလိမ့်မယ်"
"ဒါဆိုရင် ဟုတ်ပြီ"
စုချန်းက ခုံကို လက်ဝါးနှင့် ရိုက်ကာ ပြောလိုက်၏။
"အကုန်လုံး နေသားတကျဖြစ်ပြီ ဝါးမြိုခြင်းမြစ်မြို့တော်နဲ့ ကြည်လင်ပြန့်ပြူးခြင်းမြို့တော်အကြား လမ်းကြောင်းရှာဖို့ကိုတော့ စတုတ္ထအကြီးအကဲတာဝန်ယူမယ် ကျုပ်မှာ ရှယ်ယာ မူလကျောက်တုံး တသန်းဖိုးလောက် ဖယ်ထားတာရှိတယ် ဒီထဲက ဘယ်လောက်ဖိုးလောက် ဝယ်ထားဖို့ စတုတ္ထအကြီးအကဲ စဥ်းစားထားသလဲ"
ကုချွန်ချောက်သည် ကနဦးက မူလကျောက်တုံး သုံးသိန်းဖိုးမျှသာ ဝယ်ယူရန် တွေးထား၏။ ယခုတော့သူ လောဘတက်လာပြီ ဖြစ်သည်။
"ကဲ တသန်းလုံး ဝယ်မယ်ကွာ"
"ဒါဆို လုပ်လိုက်ကြစို့"
စုချန်းနှင့် ကုချွန်ချောက်တို့ ပြိုင်တူ ရယ်မောလိုက်ကြလေသည်။
တကယ်တော့ မူလကျောက်တုံးတသန်းမှာ မနည်းလှ။ ကုချွန်ချောက်တယောက် အတော်လေး ခြစ်ကုပ်စုဆောင်းထားရသော ပမာဏဖြစ်သည်။ ၎င်းကို လွှဲပြောင်းလိုက်ရချိန်တွင် ကုချွန်ချောက်၏ ရင်ထဲ၌ ဟာခနဲ ဖြစ်သွားသလို ခံစားလိုက်ရ၏။ သို့သော် အမြတ်အစွန်းအတွက်လမ်းမပေါ်သို့ တက်ရန် သူ ဆုံးဖြတ်ထားပြီးလေပြီ။
ဤမတိုင်မီက စုချန်းသာ ငွေဘယ်လောက်ထိ သူသုံးနိုင်ကြောင်း မပြခဲ့လျင် ကုချွန်ချောက်အနေနှင့် ရှယ်ယာဝယ်ယူရန် လက်တွန့်နေအုံးမည်သာ။
ယခုတော့ အရာအားလုံး အဆင်ချောသွားလေပြီ။
***