← Chapters

ပိတ်ဆို့ခြင်း

Vol. 58 Ch. 574

ပိတ်ဆို့ခြင်း

Vol. 58 Ch. 574

"ဒီတော့ ခင်ဗျားပြောသလိုသာဆိုရင် ကျုပ်မိခင်ဟာ သည်းသည်းပြင်းပြင်း နာမကျန်းဖြစ်နေတာ မဟုတ်ဘူးပေါ့ အနာတခြားဆေးတခြား ဖြစ်နေတာပေါ့"

ကျုံးချိန်းကောင်းက မေးလိုက်သည်။

"ဟင်္သပြဒါးအင်ပြင်နဲ့ သမန်းဝံပုလွေအနီကွက်တွေဟာ ရောဂါလက္ခဏာချင်း တူတတ်ပါတယ် သမားတော်တွေ မှားတာလဲ အပြစ်တော့မဆိုသာဘူး"

မြောင်ရှန်းချိန်းက ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ သူတို့မှားတာက ကျုပ်အတွက် အချိန်အများကြီး ကုန်သွားစေတယ်"

ကျုံးချိန်းကောင်း ဒေါသတကြီးနှင့် ပြောလိုက်၏။

"ပြောလိုက်ပါ ကျုပ်မိခင်ကို ရောဂါအမှားပြောမိတဲ့ သမားတော်တိုင်းကို ဖမ်းဆီးပြီး ကြိမ်ဒဏ်ပေးရမယ် ရောဂါနာမည်ကိုတောင် မှန်မှန်ကန်ကန် မတပ်နိုင်မှတော့ သမားတုသမားယောင်တွေပဲပေါ့"

မြောင်ရှန်းချိန်း ထိတ်လန့်သွား၏။

"သခင်လေး သူတို့ဟာ ကြိုးကြာမြို့တော်က အတော်ဆုံးသမားတော်တွေလေဗျာ"

"ဒီတော့ ဘာဖြစ်သလဲ"

ကျုံးချိန်းကောင်း၏ အမူအရာမှာ မောက်မာလှ၏။

"အသုံးမကျရင်တော့ အပြစ်ပေးရမှာပဲ ဟုတ်တယ်မလား"

"အင်း...."

မြောင်ရှန်းချိန်း ဘာမှမတတ်နိုင်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ပြီးတော့ လူတိုင်းကို ပြောလိုက်ပါ ကျုပ်တို့ နက်ဖြန် ဝါးမြိုခြင်းမြစ်မြို့တော်ကို သွားမယ် ကိစ္စက ၂လတောင် နောက်ကျနေပြီ ကျုပ် ထပ်ပြီး မစောင့်နိုင်တော့ဘူး"

ကျုံးချိန်းကောင်းက အထက်ပါအတိုင်း အမိန့်ပေးလိုက်၏။

နောက်တနေ့မနက်တွင်တော့ ကျုံးချိန်းကောင်းတို့လူစုသည် ခရီးစတင်ရန် အသင့်ဖြစ်နေခဲ့လေပြီ။ ထိုအချိန်မှာပင် တစုံတဦး၏ အော်သံ ထွက်ပေါ်လာ၏။

"မီးဗျို့ မီး အနောက်ဘက်ခြမ်းမှာ မီးလောင်နေတယ်"

ဟင်...ဘာဖြစ်ပြန်ပြီလဲ...

ကျုံးချိန်းကောင်း အံ့သြသွား၏။ တဆက်တည်းမှာပင် သူ အကြီးအကျယ် ဒေါပွလာလေသည်။ သူ ထိုနေရာသို့ ရောက်သွားချိန်တွင် မျိုးနွယ်စုဝင်များ စုံလင်စွာ စုဝေးနေကြလေပြီ။

ကံကောင်းသည်မှာကား မီးလောင်မှုမှာ သိပ်မကြီးမားလှ။ ချီစွမ်းအားပညာရှင်များသည် သယ်ယူပို့ဆောင်ရေးနည်းစနစ်တရပ်ကိုသုံးကာ ရေများသယ်ယူပြီး ဖျန်းပက်ကြရာ သိပ်မကြာမီ မီးညွန့်ကျိုးသွား၏။

သို့သော် အနောက်ဘက်ခြမ်းရှိ အိမ်များသည် မီးလောင်မှုကြောင့် ပျက်စီးကုန်၏။ ထိုအထဲတွင် ကျုံးချိန်းကောင်း၏ အိမ်လည်း ပါဝင်လေသည်။

"ဘာတွေဖြစ်နေတာလဲ ဘယ်ကနေ ဘယ်လိုလုပ်ပြီး မီးလောင်ရတာလဲ"

ကျုံးချိန်းကောင်း ဒေါသတကြီးနှင့် မေးခွန်းထုတ်လိုက်သည်။

"ဒီလိုပါ သခင်လေး ဘယ်ကမှန်းမသိတဲ့ လောင်မီးကြွက်တကောင် ထွက်လာပြီး မီးလောင်တော့တာပဲခင်ဗျ"

"လောင်မီးကြွက်ကို တွေ့လိုက်တာ သေချာလို့လား"

"ဒီ...ဒီလိုတော့လဲ...မသေချာပါဘူးသခင်လေး"

"ခွေးမသား အသုံးမကျတဲ့ကောင်"

ကျုံးချိန်းကောင်း အော်ဟစ်ဆဲဆိုလိုက်လေသည်။

မည်သို့ဆိုစေ သူ နောက်တကြိမ် ခရီးဖင့်ရပြန်လေပြီ။ အိမ်များ ပျက်စီးကုန်၍ ပြန်လည်ပြုပြင်ရတော့မည် မဟုတ်ပါလား။

သုံးရက်အကြာတွင် လောင်မီးကြွက်တကောင်အား သူတို့ဖမ်းမိပြီး သတ်ပစ်လိုက်ကြလေသည်။

ထို့နောက် ကျုံးချိန်းကောင်းသည် နောက်တကြိမ် ခရီးထွက်ရန် ပြင်ဆင်ပြန်၏။ ထိုအချိန်မှာပင် ထူးဆန်းသော သတင်းတရပ်ကို သူ ကြားလိုက်ရလေသည်။ ထိုသတင်းမှာကား...

သူတို့မြို့နှင့် အနီးရှိ တောအုပ်အတွင်းဝယ် အလင်းရောင်များ ထွန်းလင်းတောက်ပနေပြီး ထူးခြားသော ရတနာတမျိုးမျိုး ရှိနေပုံပေါ်သည်ဟူသော သတင်းပင်။

ထိုတောအုပ်များအတွင်းဝယ် ရှေးဟောင်းအာကင်နာရတနာများအား မကြာခန တွေ့ရလေရှိပေသည်။ တချို့ဆိုလျင် ရတနာတခုတလေရသည်နှင့် ချမ်းသာကြွယ်ဝကုန်ကြ၏။ ရှေးဟောင်းရတနာသိုက်မှာ ကြာမြင့်လှပြီဖြစ်၍ ရတနာများ နေရာအနှံ့တွင် ပြန့်ကျဲနေ၏။ ယခုတိုင် ထိုနေရာတွင် ရတနာအများအပြား ကျန်နေသေးကြောင်း ကောလဟာလများလည်း ယခင်ကပင် ရှိဖူးလေသည်။

ရှေးးဟောင်းအာကင်နာမျိုးစိတ်နှင့် ပတ်သက်သည့် မည်သို့သော ပစ္စည်းမဆို တန်ဖိုးကြီးပေသည်။ တခုတလေရလျင်ပင် ငွေအများအပြား ရှာနိုင်၏။

ဤအခွင့်အရေးကို ကျုံးချိန်းကောင်း လက်လွှတ်မခံနိုင်။ ထိုအခါ သူက ခရီးစဥ်ကို ဆိုင်းငံ့ပြီး ရတနာလိုက်ရှာပြန်၏။

ဤနည်းအားဖြင့် အချိန်မှာ လဝက်ခန့်ထိ ကြာမြင့်သွားပြန်သည်။

လဝက်အကြာတွင် အလင်းရောင် ဘယ်ကထွက်နေမှန်း ကျုံးချိန်းကောင်း ရှာတွေ့သွားတော့သည်။ ၎င်းမှာ ရွှေသလင်းတခုပင်တည်း။

ရွှေသလင်းဟူသည် ရတနာတမျိုး ဖြစ်သော်လည်း မူလ​ကျောက်တုံး ထောင်ဂဏန်းသာ တန်ကြေးရှိ၏။ ၎င်းကို ရှာဖွေရန် ကျုံးချိန်းကောင်းအနေနှင့် မူလကျောက်တုံး ငါးထောင်အထိ သုံးခဲ့ရလေရာ မှန်းချက်နှင့်နှမ်းထွက် မကိုက်လှဟုသာ ဆိုရပေတော့မည်။

ဝါးမြိုခြင်းမြစ်မြို့တော်သို့သွားရန် အချိန်အတော်လင့်နေပြီမှန်း ကျုံးချိန်းကောင်း သဘောပေါက်လိုက်သည်။ သို့သော် ခရီးမှ မစရသေး၊ သူ နာမကျန်းဖြစ်လာပြန်၏။

ဤတကြိမ် သူ ဖိတ်ခေါ်လိုက်သော သမားတော်များက သူ့ရောဂါကို မှန်မှန်ကန်ကန်ပင် အကဲဖြတ်နိုင်ခဲ့ကြ၏။

"မင်း အဆိပ်မိနေတာပဲ"

အဆိပ်။ ဘယ်ကလာသည့် အဆိပ်များပေနည်း။ တခြားမဟုတ်။ ရွှေသလင်းပေါ်တွင် သုတ်လိမ်းထားသည့် အလောင်းကောင်ဝိညာဥ်ပန်းအဆိပ်များပင်။ အဆိပ်ပမာဏမှာ သိပ်မများ၍ ကျုံးချိန်းကောင်း ခံသာသွားခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ကျုံးချိန်းကောင်းတယောက် နေရာမှာပင် အသက်ပျောက်သွားဖွယ်ရာ ရှိလေသည်။

ကျုံးချိန်းကောင်းအဖို့ကား ငယ်ထိပ်ကို ဆင်နင်းခံလိုက်ရသည့်သဖွယ် ခံစားလိုက်ရ၏။ ဒါကြီးကို ငါ ဘာလို့လိုက်ရှာမိတာပါလိမ့်ဟု သူ့ကိုယ်သူ ပြန်လည်မေးခွန်းထုတ်မိလေသည်။

အဆိပ်ပမာဏသည် သိပ်မများလှသည့်တိုင် ကျုံးချိန်းကောင်းအဖို့ ဝေဒနာသက်သာရန် အချိန် တလခွဲခန့် ယူလိုက်ရ၏။

ဝါးမြိုခြင်းမြစ်မြို့တော်သို့ သွားရန် အချိန်သုံးလခန့် ကျုံးချိန်းကောင်း နောက်ကျနေခဲ့လေပြီ။ ထိုအခါ သူက ခရီးထွက်ရန် ပြင်ဆင်ပြန်၏။ သိပ်မကြာမီ နောက်ထပ် သတင်းတခုကို သူ ကြားလိုက်ရပြန်သည်။ ထိုသတင်းမှာ ဝါးမြိုခြင်းမြစ်မြို့တော်တွင် ကုချိန်းလွှာ မရှိတော့ဟူသော သတင်းပင်။

တကယ်တော့ ကုချိန်းလွှာသာမက ကုချွန်းမင်၊ ကုချွန်ချောက်နှင့် အတော်များများမှာ ခရီးလွန်နေကြ၏။

ကျုံးချိန်းကောင်းတယောက် ဝါးမြိုခြင်းမြစ်မြို့တော်ကိုသွား၍ ဘာအကြောင်းထူးတော့မည်နည်း။

ကျုံးချိန်းကောင်း ဘာမှမတတ်နိုင်တော့။ ဒေါသကိုထိန်းချုပ်ရင်း အိမ်တွင် ငုပ်တုပ်ထိုင်နေရရှာသည်။ ကုမျိုးနွယ်စုမှလူများ အဘယ်ကြောင့် ခရီးလွန်နေကြမှန်းလည်း သူ စဥ်းစားမရ ဖြစ်နေ၏။

တကယ်တော့ ၎င်းမှာ ပျံသန်းခြင်းကွန်ယက်ကြောင့်ပင် ဖြစ်လေသည်။

သုံးလဟူသော အချိန်အတွင်းဝယ် စုချန်းသည် ကုမျိုးနွယ်စုအပါအဝင် မြို့တော်၏ ထိပ်တန်းမျိုးနွယ်စုများမှ ရှယ်ယာရှင် ဆယ်ဦးကျော်အထိ စုဆောင်းနိုင်ခဲ့လေသည်။ ခဲတလုံးတည်းနှင့် ငှက်ပေါင်းများစွာ မိထားခြင်းပင်။

ထို့ပြင် စုချန်းသည် သူတ်ို့၏ စီမံကိန်းကြီး အောင်မြင်စေရန် ရှယ်ယာရှင်များအနေနှင့် ပျံသန်းရေးလမ်းကြောင်းများ ကိုယ်တိုင်ရှာဖွေရေးကိုပါ တောင်းဆိုခဲ့၏။ တချိန်တည်းမှာပင် ငွေကြေးအမြောက်အများသုံးပြီး ဝါးမြိုခြင်းမြစ်မြို့တော်တွင် ပျံသန်းရေးပင်မစခန်းကြီးအား စုချန်းက စတင်တည်ဆောက်နေခဲ့၏။

ထိုအချိန်တွင် ပထမဆုံးအကြိမ် ပျံသန်းရေးနဂါးလှေများပင် စတင်ပြေးဆွဲနေကြပြီ ဖြစ်သည်။ နဂါးလှေများအား မောင်းနှင်ရန် သားရဲသိုးများကို စုချန်းက ရွေးချယ်ထား၏။ အနှီသိုးများသည် မြက်စားရုံနှင့် ရှင်သန်နိုင်ကြသည်ဖြစ်လေရာ နဂါးလှေဆွဲပြေးရန် အထူးပင် သင့်တော်၏။ သို့သော် သားရဲသိုးများသည် ခေါင်းမာလှ၏။ လောကတွင်မျိုးနွယ်စုနှစ်စုလောက်သာလျင် ၎င်းတို့အမိန့်နာခံလာစေရန် လေ့ကျင့်နိင်လေသည်။

စုချန်းကတော့ သားရဲများအား ခိုင်းစေနိုင်သည့် တတိယလူပင်။

နှစ်ပေါင်းနှစ်ဆယ်ခန့် တစိုက်မတ်မတ် သုတေသနလုပ်ခဲ့ပြီးနောက် စုချန်းသည် အသိပညာဘဏ္ဍာတိုက်ကြီးသဖွယ်ဖြစ်နေခဲ့လေပြီ။ သို့သော် အဆိုပါ အသိပညာများအား အချိန်တိုင်းလိုလို ငွေကြေးအဖြစ် ပြောင်းလဲရန်တော့ စုချန်း ကြိုးစားနေသည်မဟုတ်။

မည်သို့ဆိုစေ အသိပညာရှင်များသည် အရေးတကြီး ငွေလိုအပ်ပါက ရှာရလွယ်သည်ကတော့ အမှန်ပင်။ ယန်သုံးပါးဆေးကိုကြည့်လျင် ထိုအချက်ကို မြင်သာ၏။

ယခု သားရဲထိန်းချုပ်ဆေးသည်လည်း ထိုအတိုင်းပင်။

အရာအားလုံးသည် ပုံစံတကျပင် ဆက်လက်လည်ပတ်နေ၏။

ဝါးမြိုခြင်းမြစ်မြို့တော်သို့ရောက်ပြီး ငါးလခန့်အကြာတွင်တော့ သံမဏိအား ပြန်ခေါ်ရန် စုချန်း ဆုံးဖြတ်လိုက်သည်။

"ဘာကြောင့် ပြန်လာရမှာတုန်း သူ့ကိုနှောင့်နှေးအောင်လုပ်ဖို့ နည်းလမ်းတွေအများကြီးကျန်သေးတယ်သခင်ရဲ့"

သံမဏိ၏ စကားသံဖြစ်သည်။

"မလိုတော့ဘူးကွ သူနဲ့ကျုပ်နဲ့က အနှေးနဲ့အမြန် ထိပ်တိုက်တိုးရမှာပဲ ခုက အကောင်းဆုံးအချိန်ပဲ"

"ဒါပေမဲ့ တိုက်ပွဲမစခင် ကောင်းကောင်းပြင်ဆင်လို့ရအောင် အချိန်ဆွဲထားရမှာမဟုတ်ဘူးလားသခင်"

သံမဏိက ပြန်မေးလိုက်သည်။

စုချန်း ရယ်မောလိုက်သည်။

"မဟုတ်ပါဘူးကွာ ဒီလိုကွ ပျံသန်းရေးကွန်ယက်နဲ့ ရပ်နားရေးစခန်းတွေက လတ်တလောမှာ တည်ဆောက်ဆဲအနေအထားပဲ ရှိသေးတယ် ရှယ်ယာရှင်တွေအနေနဲ့ကတော့ သူတို့ငွေတွေကို ရင်းနှီးမြုပ်နှံပြီးသွားပြီ ခနနေရင် အမြတ်ငွေတွေ ခွဲဝေပေးရတော့မယ် ခုချိန်ဟာ ကုမျိုးနွယ်တွေကို ဖိအားပေးဖို့ အကောင်းဆုံးအချိန်ပဲ ပျံသန်းရေးကွန်ယက်ကြီးတခုလုံး တည်ဆောက်ပြီးသွားမှ သူတို့ကို ဖိအားသွားပေးရင် သူတို့ ကျုပ်ကို ကန်ထုတ်ကောင်းကန်ထုတ်နိုင်တယ် ဒါပေမဲ့ ခုနေခါ ကျုပ်ကို ကန်ထုတ်ရင် သူတို့ ရင်းနှီးမြုပ်နှံငွေတွေ အကုန်ဆုံးရှုံးကုန်မှာပဲ သူတို့အနေနဲ့ မြို့ပေါ်က ကျုပ်ဆိုင်တွေက်ို သိမ်းဖို့လုပ်ရင်တောင် ကျုပ်တို့လုပ်ထားတဲ့ စာချုပ်ကြောင့် ထင်သလောက် မလွယ်ဘူးကွ ဘာပဲဖြစ်ဖြစ် ကျုပ်က်ို ကန်ထုတ်ဖို့ အလွန်ခက်တာကို သူတို့ တွေ့လာလိမ့်မယ် ဒီလိုတွေးလို့ ကျုပ်ကို သူတို ကန်ထုတ်လိမ့်မယ်လို့တော့ မဟုတ်ဘူးပေါ့ ဒါပေမဲ့ တဖက်လူကို ဘာအခွင့်အရေးမှ မပေးတာ အကောင်းဆုံးပဲမဟုတ်လား သံမဏိရဲ့"

သံမဏိ ဝမ်းသာအားရ ပြောလိုက်သည်။

"သခင်ကတော့ တကယ့်ပညာရှိပါပဲဗျာ"

သုံးရက်ခန့်အကြာတွင် ကျုံးချိန်းကောင်းတယောက် ဝါးမြိုခြင်းမြစ်မြို့တော်သို့ စတင်ခရီးနှင်လာ၏။

ဤတကြိမ်တွင် ဘာအနှောင့်အယှက်မှ ပေါ်ပေါက်လာခြင်းမရှိချေ။

သို့သော် ခရီးဆုံးတွင် မည်သည့်အရာများ စောင့်ကြိုနေမည်ကိုတော့ သူ ကြိုမသိနိုင်ခဲ့ချေတကား။

***

All Chapters