← Chapters

အမျက်ထွက်လာအောင်ဆွပေးခြင်း

Vol. 58 Ch. 575

အမျက်ထွက်လာအောင်ဆွပေးခြင်း

Vol. 58 Ch. 575

"ဝါးမြိုခြင်းမြစ်မြို့တော်"

မြို့တော်အဝင်ဂိတ်ပေါ်ရှိ စာလုံးသုံးလုံးကို ကြည့်ရင်း ကျုံးချိန်းကောင်း တီးတိုးရေရွတ်လိုက်သည်။

နောက်ဆုံးတော့ သူ ရောက်လာခဲ့လေပြီ။

ဝါးမြိုခြင်းမြစ်မြို့တော်ကို သွားမည်ဟု ကျုံးချိန်းကောင်း ဆုံးဖြတ်လိုက်ချိန်မှ ယခုထိ ကြားတွင် အချိန်နှစ်ဝက်ခန့်ထိ ကြာမြင့်သွား၏။ အနှောင့်အယှက်အမျိုးမျိုးကိုလည်း သူ ကြုံတွေ့ခဲ့ရသည်။ ထိုအနှောင့်အယှက်များကြောင့် ကျုံးချိန်းကောင်းတယောက် စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့ရ၏။ သူနှင့်ကုချိန်းလွှာအား မဆုံနိုင်အောင် ကံကြမ္မာတရားက နှောင့်ယှက်နေသလားဟုပင် သူ တွေးမိသေးသည်။

ကျေးဇူးတင်စရာကောင်းသည်မှာ နောက်ဆုံးတော့ သူ ရောက်လာခဲ့လေပြီ။ လိုရာပန်းတိုင်သို့ ရောက်လာပြီဖြစ်၍ သူ့စိတ်ထဲရှိ မနှစ်မြို့စရာ အတွေးများသည် မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ်သွား၏။

နာရီဝက်ခန့်အကြာတွင် ကျုံးချိန်းကောင်းတယောက် ကုမျိုးနွယ်ဧည့်ခန်းတွင် ထိုင်လျက်ရှိလေပြီ။ သူ့ရှေ့တွင် လက်ရှိ ကုမျိုးနွယ်အကြီးအကဲ ကုချွန်းမြန် ရှိနေ၏။

ကုချွန်းမြန်က လဖက်ရည်ခွက်ကို လက်ကကိုင်ရင်း ပြောလိုက်သည်။

"ခရီးစဥ်က မမျှော်လင့်ပဲ ကြန့်ကြာသွားတယ် ခရီးလမ်းတလျှောက် အေးအေးချမ်းချမ်းကော ရှိရဲ့လားကွ"

"ဟုတ်ကဲ့ ရှိပါတယ် ဦးရီးတော် အားလုံးအေးအေးချမ်းချမ်းပါပဲ ဦးရီးတော်တို့အတွက် အဖေ့ဆီက လက်ဆောင်လဲ ပါလာပါတယ်ခင်ဗျာ"

စကားဆုံးသည်နှင့် သူက လက်အောက်ငယ်သားများ အသင့်ပြင်ဆင်ပေးထားသည့် လက်ဆောင်ကို ဆွဲထုတ်လိုက်သည်။

ကျုံးမျိုးနွယ်သည် လက်ဆောင်ကို ဂရုတစိုက်ရွေးချယ်ထားဟန်တူ၏။ အကြောင်းမှာ ကျုံးချိန်းကောင်း၏ လက်ဆောင်မှာ အတော်လေး တန်ဖိုးရှိနေသောကြောင့်ပင်။ သာမာန်အချိန်ဆိုလျင် ထိုလက်ဆောင်ကို မြင်သည်နှင့် ကုချွန်းမြန် ချီးကျူးမဆုံး ဖြစ်နေပေလိမ့်မည်။

သို့သော် ကုချွန်းမြန်သည် ကျုံးချိန်းကောင်း၏ လက်ဆောင်အား တချက်မျှသာကြည့်ပြီး သိမ်းဆည်းထားခိုင်းလိုက်၏။ မိမိဂရုတစိုက်ပြင်ဆင်လာသော လက်ဆောင်အား ဂရုမစိုက်ခြင်းကြောင့် ကျုံးချိန်းကောင်း အတော်ပင် ကသိကအောင့် ဖြစ်သွားလေသည်။

သူတို့နှစ်ယောက် စကားပြောဆိုနေကြစဥ်မှာပင် ကျုံးချိန်းကောင်းအတွက် အခန်း အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အစေခံတယောက်က အကြောင်းကြားလာ၏။

ခရီးဆောင်အိတ်ကိုဖွင့်ပြီး ပစ္စည်းများ နေရာချထားပြီးနောက် ကျုံးချိန်းကောင်းတယောက် အတွေးနယ်ချဲ့လျက်ရှိသည်။

"ရှန်းချိန်း ဒီကနေ့ ကုချွန်းမြန်ရဲ့အမူအရာဟာ နည်းနည်းထူးဆန်းနေတယ် မထင်ဘူးလား"

"သခင်လေး ဆိုလိုတာ"

"အင်း သူ့ဆက်ဆံပုံဟာ အရင်ကလောက် နွေးနွေးထွေးထွေး မရှိဘူးလို့ ကျုပ် ခံစားရတယ် သူ့အမူအရာကလဲ တမျိုးပဲဗျ ဒီတော့ စေ့စပ်ကြောင်းလမ်းတာကို ဖျက်သိမ်းဖို့ သူ တွေးနေတယ်များ ခင်ဗျား မထင်ဘူးလား"

မြောင်ရှန်းချိန်းက စဥ်းစားဟန်ပြုပြီး ဖြေလိုက်သည်။

"သူတို့သာ သခင်လေးကို သဘောမကျရင် သူတို့သမီးနဲ့ ဘယ်လက်ထပ်ပေးပါ့မလဲ ပြီးတော့ ကုမျိုးနွယ်အကြီးအကဲဟာ ဂုဏ်သိက္ခာကြီးမားတယ် စေ့စပ်ကြောင်းလမ်းတာကို သူ အလွယ်တကူ ဖျက်သိမ်းပစ်မှာတော့ မဟုတ်လောက်ပါဘူးသခင်လေး"

"ပြသနာက ကျုပ်တို့ တရားဝင် သဘောတူညီမှု မရသေးဘူးကွ ဒီတော့ ဆုံးဖြတ်ချက်ကို သူ့ဘက်က နောင်တရလာတာမျိုးက ဖြစ်နိုင်နေတုန်းပဲ စေ့စပ်ကြောင်းလမ်းတာကို ဖျက်သိမ်းတာမျိုးလဲ လုပ်လာနိုင်တာပဲကွ"

"ဒါပေမဲ့ နှစ်ဖက်လုံးက အခြေခံအားဖြင့် သဘောတူထားပြီးသားလေ သခင်လေး ပြီးတော့ သခင်လေးလက်ဆောင်ကိုလဲ သူ လက်ခံထားလိုက်တယ်မလား ဒါ အပြုသဘောဆောင်နေတာပဲလေ သူ့မှာ တွေးစရာ တခုခု ရှိနေလို့ ဖြစ်ပါလိမ့်မယ်"

"ဒီလိုပဲ မျှော်လင့်ရတာပေါ့ကွာ"

ထိုအချိန်မှာပင် အစေခံတယောက် သူတို့အား သတင်းပို့လာ၏။

"မင်းသားလေးကုကျင်းတန် တွေ့ခွင့်တောင်းနေပါတယ်ခင်ဗျာ"

"ဝင်လာခိုင်းလိုက်ကွာ"

ကျုံးချိန်းကောင်းနှင့် ကုကျင်းတန်ကား ယခင်ကတည်းက တွေ့ဖူးပြီးသားပင်။

ကျုံးချိန်းကောင်းကို မြင်သည်နှင့် ကုကျင်းတန်က လက်နှစ်ဖက်ဆုပ်အရိုအသေပြုရင်း ပြောလိုက်သည်။

"အစ်ကိုကျုံး ခင်ဗျား ပြန်ရောက်လာတာ သိပ်ကောင်းတာပဲဗျ"

ထိုစကားကို ကြားသည်နှင့် ကျုံးချိန်းကောင်း မျက်မှောင်ကုတ်သွား၏။

"ညီလေးကုကိုကြည့်ရတာ ပြောစရာတခု ရှိနေပုံပေါ်တယ်"

"အင်း ကျုပ် ခင်ဗျားကို ဖုံးကွယ်မထားတော့ဘူး ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ် ခင်ဗျားသာ ဒီထက်နည်းနည်းထပ်ပြီး နောက်ကျသွားရင် ခင်ဗျားရဲ့ သတို့သမီးလောင်းဟာ တခြားလူတယောက်လက်ထဲ ပါသွားဖွယ်ရာ ရှိတယ်ဗျ"

ကုကျင်းတန်က ယပ်တောင်ကို တဖြတ်ဖြတ်ခတ်ရင်း ပြောလိုက်၏။

ကျုံးချိန်းကောင်းနှင့် မြောင်ရှန်းချိန်းတို့သည် တယောက်မျက်နှာကို တယောက် စိုက်ကြည့်မိကြသည်။ ထို့နောက် ကျုံးချိန်းကောင်းက ပြောလိုက်၏။

"ကဲ ထိုင်ပါအုံး ညီလေးကု ဘာတွေဖြစ်နေတာလဲ ကျုပ်ကို တိတိကျကျ ပြောစမ်းပါ"

"ဒီလိုဗျာ တလောက သြဇာအာဏာကြီးတဲ့ လူတစု ဝါးမြိုခြင်းမြစ်မြို့တော်ကို ရောက်လာတယ် အဲဒီမျိုးနွယ်စုသခင်လေးက ချိန်းလွှာကို သဘောကျတယ် ကျုပ်တို့မျိုးနွယ်စုထဲက တချို့ကလဲ ချိန်းလွှာကို သူနဲ့လက်ထပ်ပေးဖို့ အကြီးအကဲဆီ နားပူနားဆာ လုပ်နေကြတယ်လေ"

ကျုံးချိန်းကောင်းက မေးလိုက်ပြန်သည်။

"ဒီတော့ ကုချိန်းလွှာကို တခြားတယောက်နဲ့ သဘောတူထားပြီးသားလို့ ဦးရီးတော်က မပြောလိုက်ဘူးလား"

"ပြောတာပေါ့"

ကုကျင်းတန်က ​ပြန်ဖြေလိုက်၏။

"ဒါပေမဲ့ အဲဒီသခင်လေးက ငွေပေါသဗျ မူလကျောက်တုံး သုံးမီလျံနဲ့ကို တင်တောင်းလာတာ ချိန်းလွှာကို သူနဲ့လက်ဆက်ပေးရင် နောက်ထပ် မူလကျောက်တုံးသုံးမီလျံ ထပ်ပေးအုံးမတဲ့"

ကျုံးချိန်းကောင်း ကျောစိမ့်သွား၏။

မူလကျောက်တုံး ခြောက်မီလျံဆိုပါကလား။ မည်သူမို့ ဤမျှ သုံးစွဲနိုင်ရသနည်း။

"ဒီတော့ ဦးရီးတော် သူက ...."

ကုကျင်းတန်က လက်ကာပြလိုက်သည်။

"ဦးလေးက ချက်ချင်းသဘောမတူပါဘူးဗျာ ဒါပေမဲ့ ငွေပမာဏကများတော့ လေးလေးနက်နက် စဥ်းစားရပြီပေါ့"

"ဒါ သိပ်မဆန်းပါဘူးလေ"

ကျုံးချိန်းကောင်း အသံတိုးတိုးနှင့် မှတ်ချက်ပြုလိုက်သည်။

ယခုတော့ ကုချွန်းမြန် ဘာကြောင့်အေးစက်စက်ဖြစ်နေမှန်း သူ နားလည်သွားလေပြီ။

ကုကျင်းတန်က ထပ်ပြောလိုက်ပြန်၏။

"အစ်ကိုကျုံး ကျုပ်ဟာ ခင်ဗျားရောက်လာပြီကြားတာနဲ့ ဒီအကြောင်းပြောချင်လို့ ချက်ချင်းလာခဲ့တာပဲ ဟိုလူက ခုထိ လက်မလျှော့သေးဘူးနော် ဒီတော့ ခင်ဗျား ဒီထက်ပိုပြီး သတိထားမှရမယ်"

"ကျေးဇူးအများကြီးတင်ပါတယ်ကွာ"

"ဟင် ဒီထိ လာပြောရတာကို ကျုပ်ရတာ ကျေးဇူးတင်စကားလောက်ပဲလားဗျ"

ကုကျင်းတန်၏ မျက်နှာ သုန်သုန်မှုန်မှုန် ဖြစ်သွားလေသည်။

ကျုံးချိန်းကောင်း ချက်ချင်းပင် သဘောပေါက်သွားပြီး မြောင်ရှန်းချိန်းအား မျက်စပစ်လိုက်၏။ မြောင်ရှန်းချိန်းကလည်း မူလကျောက်တုံးရာကျော်ပါဝင်သော အိတ်ငယ်တအိတ်ကို ဆွဲထုတ်ပြီး ကုကျင်းတန်လက်ထဲသို့ ထည့်ပေးလိုက်သည်။

ကုကျင်းတန် ရယ်မောလိုက်၏။

"နည်းလိုက်တာဗျာ အေးလေ ဘာပဲဖြစ်ဖြစ် တပြားမှ မပေးတာထက်စာရင်တော့ တော်သေးတာပေါ့"

ထိုစကားကိုကြားသည်နှင့် ကျုံးချိန်းကောင်း ဒေါသထွက်လာ၏။ သို့သော် သူ ဘာမှမတတ်နိုင်။ မြောင်ရှန်းချိန်းအား ထပ်မံအချက်ပြလိုက်ရပြန်သည်။

ကုကျင်းတန်သည် ​ကျုံးချိန်းကောင်းထံမှ ရလာသော မူလကျောက်တုံးများကို သိမ်းဆည်းပြီး ကုချွန်းမြန်အား သွားတွေ့ပြန်သည်။

ထို့နောက် သူက ကုချွန်းမြန်အား နှုတ်ဆက်လိုက်၏။

"ဦးလေး"

"ဟော မင်းပါလား ဘာလာလုပ်တာတုန်းကွ"

ကုချွန်းမြန်ကား စီးပွားရေးလုပ်ငန်းဆိုင်ရာ စာရင်းဇယားများအား ရေးမှတ်ရင်း အလုပ်ရှုပ်နေ၏။

"အစ်ကိုကျုံးရောက်နေတယ်ဆိုလို့ သူ့ဆီ သွားလည်တာပါဦးလေး"

"အင်း ချိန်းကောင်းက ဧည့်သည်ပဲ သူ့ကို ဂရုစိုက်တာ ကောင်းတာပေါ့ကွာ"

"ဟုတ်ကဲ့ တူလေး သူနဲ့စကားကောင်းကောင်းပြောခဲ့တယ် ဒါပေမဲ့ သူ့ကိုကြည့်ရတာ တခုခုကြောင့် စိတ်ညစ်နေဟန်တူတယ်"

"ဟေ ဘာကြောင့်တုန်းကွ"

"ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ချိန်းလွှာနဲ့ လက်ဆက်ဖို့ တယောက်က ခွင့်တောင်းလာတာရှိတယ်မလား ဦးလေး ဒါကို အစ်ကိုကျုံး ကြားသွားဟန်တူတယ် ဒါကြောင့် စိတ်ညစ်နေတာပေါ့"

ကုချွန်းမြန် မျက်မှောင်ကုတ်သွားသည်။

"ဒီတော့ ဘာဖြစ်သလဲကွ သမီးရှင်တိုင်းက ဒါမျိုးကြုံရတာပဲကွာ ချိန်းလွှာဟာစိတ်ထားကောင်းတယ် လှတယ် ဒီလို မိန်းကလေးမျိုးကို လက်ထပ်ချင်သူပေါတာ ဆန်းသလား သမီးရှင်ဖြစ်တဲ့ ကျုပ်ကလဲ သူနဲ့သင့်တော်သူကို စီစစ်ရွေးချယ်ရမှာပေါ့ ဒါကို သူ စိတ်ညစ်နေစရာ ဘာအကြောင်းရှိသလဲ"

"ဒါပေမဲ့ ဦးလေးက သူ့ကို အကုန်မပြောပြလိုက်ဘူးမလား"

"ဘာလို့ပြောရမှာတုန်းကွ ကျုပ်က သူ့ကို အကုန်လုံး အစီရင်ခံနေရမှာလား"

"ဘာပဲဖြစ်ဖြစ် ဒီကိစ္စကြောင့် သူ စိတ်မသက်မသာ ဖြစ်နေတာတော့ အမှန်ပဲဦးလေး တဖက်လူက မူလကျောက်တုံး၆မီလျံထိ တင်တောင်းတာ သူ သိသွားတယ်လေ ဒီတော့ သူ့စိတ်ထဲမှာ သူ့လက်ဆောင်က တဖက်လူကို မယှဥ်နိုင်ဘူးလို့ ခံစားရမှာပေါ့ ဦးလေးကလဲ သူ့ကို နွေးနွေးထွေးထွေးမှ မဆက်ဆံလိုက်တာကိုး"

ကုကျင်းတန်၏ လေသံမှာ ရယ်ချင်ဟန်စွက်နေ၏။

"ဒါ သက်သက်မိုက်မဲတာပဲကွ"

ကုချွန်းမြန် ခုံကို လက်ဝါးနှင့် ဖြန်းခနဲရိုက်ရင်း ပြောလိုက်သည်။

"တဖက်လူ မူလကျောက်တုံး ၆မီလျံပေးတော့ကော ဘာဖြစ်သလဲ လောကမှာ ချမ်းသာတဲ့လူ ဒီလောက်ပဲ ရှားသွားပြီလား ကျုပ်က ကျုပ်သမီးကို ရောင်းစားဖို့ ကြိုးစားနေတာ မဟုတ်ဘူးကွ ပြီးတော့ ကျုပ်က အကြီး သူက အငယ် ကျုပ်ဆီက ဘယ်လိုတုံ့ပြန်မှုမျိုးကို သူ လိုချင်နေတာလဲ ခုဆိုရင် ကိစ္စတွေအများကြီး ဖြစ်ပျက်နေတယ် ကျုပ်ဟာ မနေ့ကပဲ စုချန်းနဲ့ မူလကျောက်တုံးငါးမီလျံတန်ကြေးရှိတဲ့ စာချုပ်ကို လက်မှတ်ထိုးလိုက်တယ် ကျုပ်တို့အကုန်လုံးဟာ ပျံသန်းရေးကွန်ယက် အောင်မြင်ဖို့အတွက် အင်တိုက်အားတိုက် အလုပ်ရှုပ်နေကြတယ် ဒီလိုအချိန်မှာ ကျုပ်က သူ့ဆီ တကူးတကွသွားတွေ့ပြီး ချော့မော့နေရအုံးမှာလား ကျုပ်ဆီက သူ ဘာတွေလိုချင်နေတာလဲ"

ကုကျင်းတန် ရယ်မောလိုက်၏။

"ကျွန်တော့ကို ဒါတွေ အကုန်ပြောနေလို့ အသုံးမဝင်ဘူးလေဦးလေး ဦးလေးသမီးအတွက် ဦးလေးကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပဲလေ"

ထိုအခါ ကုချွန်းမြန်က ပြောလိုက်၏။

"ကျုပ်ကြားထားတာက ဒီအတောအတွင်းမှာ ကျုံးမျိုးနွယ်တွေဟာလဲ အခက်အခဲတွေ အများကြီး ကြုံခဲ့ရသတဲ့ ချိန်းကောင်း ဒီကိုလာဖို့ဟာကို မလာနိုင်ပဲ အတော်လေး ကြန့်ကြာနေခဲ့သတဲ့ ဒါကြောင့် လူငယ်ပီပီ သူ စိတ်မရှည်နိုင်ပဲ ဖြစ်နေတာနဲ့တူတယ် ဒီကိစ္စကို မေ့လိုက်တော့ ချိန်းလွှာ ပြန်ရောက်တော့မှ သူနဲ့ အေးအေးဆေးဆေး အချိန်ဖြုန်းခိုင်းလိုက်မယ်"

"ဒါနဲ့ ဦးလေး သတ္တမမြောက်ညီမလေးက ကျုံးချိန်းကောင်းကို သဘောမကျဘူးဆိုတာ ဦးလေး မသိသေးဘူးနဲ့တူတယ်"

"ဒါကတော့ ကျုပ်သားသမီးအတွက် ဘာလုပ်လုပ် မင်းနဲ့မဆိုင်ပါဘူးကွာ"

"မှန်ပါတယ် ဒါပေမဲ့ ဦးလေးအနေနဲ့ ကာယကံရှင်ရဲ့ ဆန္ဒကိုလဲ မေးသင့်တာပေါ့"

ကုကျင်းတန်၏ စကားကြောင့် ကုချွန်းမြန် တွေခနဲ ဖြစ်သွား၏။

ကုကျင်းတန် ပုခုံးတွန့်ပြလိုက်သည်။

"ဒီစကား ကျွန်တော် မပြောဘူးလို့ပဲ မှတ်လိုက်နော် ဦးလေး"

ထို့နောက် ကုကျင်းတန်သည် ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။

ကုအိမ်တော်မှ ထွက်ခွာခဲ့ပြီး အတန်ကြာသော် ကုကျင်းတန်သည် ခြံဝင်းတခုသို့ ရောက်လာ၏။ ခြံဝင်းအတွင်း၌ကား စုချန်းနှင့်ကုချိန်းလွှာတို့သည် လဖက်ရည်သောက်ရင်း ရယ်မောပျော်ရွှင်စွာ စကားပြောနေကြသည်။ သူတို့၏ဘေးနားတွင် အစေခံတယောက် အသင့်အနေအထားဖြင့် မတ်တပ်ရပ်လျက်ရှိ၏။

"ဟုတ်တော့ဟုတ်နေပြီ ကျုပ်ကတော့ မင်းတို့အတွက် ပြေးလွှားနေရတယ် မင်းတို့ကတော့ ဒီမှာ အချိုပွဲလေးစား လဖက်ရည်လေးသောက်ရင်း ပျော်နေကြတယ်"

ကုကျင်းတန်က ခေါင်းတချက်ခါရင်း သက်ပြင်းချကာ ပြောလိုက်သည်။

"အခြေအနေ ဘယ်လိုရှိသလဲ"

စုချန်းက မေးလိုက်၏။

"လုပ်စရာရှိတာတော့ လုပ်ပြီးပြီ ပေးစရာရှိတာ ပေးတော့"

ကုကျင်းတန်က လက်ဝါးဖြန့်ရင်း ပြောလိုက်လေသည်။

စုချန်းက မူလကျောက်တုံးအပြည့်ပါသော အိတ်တအိတ်အား ကမ်းပေးလိုက်၏။ အိတ်ကို ဖွင့်ကြည့်ရင်း ကုကျင်းတန် အားရပါးရ ပြုံးလိုက်သည်။

***

All Chapters