← Chapters

လောဘနောက်သို့

Vol. 58 Ch. 576

လောဘနောက်သို့

Vol. 58 Ch. 576

ကုကျင်းတန်သည် သူ့လုပ်အားခကို ရသည်နှင့် စုချန်း၊ ကုချိန်းလွှာတို့ကို ကျောခိုင်းကာ ထိုနေရာမှ ထွက်ခွာသွား၏။

စုချန်းသည် စားပွဲခုံကို လက်ချောင်းများဖြင့် တဒေါက်ဒေါက်ခေါက်ရင်း စဥ်းစားနေ၏။ အတန်ကြာမှ သူက ပြောလိုက်သည်။

"ကုကျင်းတန်ကတော့ ငါးစာကို လာဟပ်သွားပြီ ကဲ ရှောက်ယူ ကျုပ်တို့ အစီအစဥ်ရဲ့ ဒုတိယပိုင်းကို လက်စသတ်လိုက်ကြစို့"

စုချန်း၏ နောက်တွင် ရပ်နေသည့် အစေခံနှင့်တူသူ လူငယ်က အမိန့်နာခံလိုက်သည်။

"ကောင်းပါပြီဗျာ"

အစေခံနှင့်တူသူ လူငယ်မှာ တခြားသူမဟုတ်။ လောင်းရှောက်ယူပင်တည်း။

ကြည်လင်မြစ်မြို့တော်ရှိ တောင်ဝင်မျိုးနွယ်စုများ ပြိုကွဲသွားပြီးနောက်ပိုင်းတွင် စုချန်းသည် ၎င်းတို့အား ဆက်လက်ထိန်းချုပ်ထားခဲ့၏။ ဤတကြိမ်တွင် စစ်ကူအနေနှင့် သူက လောင်းရှောက်ယူကိုပါ သူနှင့်အတူ တပါတည်း ခေါ်လာခဲ့ခြင်းပင်။

လောင်းရှောက်ယူ၏ တာဝန်မှာကား ရိုးရိုးလေးပင်။ သူ့တာဝန်မှာ ကုချိန်းလွှာအား တောင်းရမ်းရန် ဖြစ်သည်။

မှန်ပေသည်။ ကုချွန်းမြန်ထံတွင် ကုချိန်းလွှာအား မူလကျောက်တုံး ခြောက်မီလျံနှင့် လာတောင်းသူမှာ တခြားသူမဟုတ်။ လောင်းရှောက်ယူပေတည်း။

စုချန်းအနေနှင့် ကုချိန်းလွှာအား သူ လက်ထပ်လိုသည်ဟု ကုမျိုးနွယ်စုရှေ့မှောက်တွင် ပေါ်တင်မပြောရဲသေး။ ထိုသို့ပြောလိုက်ပါက တဖက်လူများအနေနှင့် သူ့ရည်ရွယ်ချက်အမှန်ကို သိသွားပေလိမ့်မည်။ ထိုအခါ သူ့လုပ်ရပ်မှန်သမျှကို ၎င်းတို့က မယုံသင်္ကာ ဖြစ်လာပေလိမ့်မည်။

ကျုံးချိန်းကောင်း၏ စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်ဆီးရန်မှာ စုချန်းကိုယ်တိုင် ဝင်လုပ်မှမဟုတ်။ ​တခြားတယောက်ကြောင့်လည်း ပျက်စီးသွားနိုင်သည် မဟုတ်ပါလား။

ကျုံးချိန်းကောင်း၏ စေ့စပ်ကြောင်းလမ်းခြင်းကို လောင်းရှောက်ယူအား သုံးကာဖျက်ဆီးလိုက်ခြင်းသည်လည်း စုချန်း၏ လ်ိုလားချက်ကို ပြည့်မြောက်သွားစေနိုင်သည်သာ။ ဤနည်းအားဖြင့် စုချန်းသည် အရာအားလုံးကို နောက်ကွယ်မှ ဆက်လက်ထိန်းချုပ်ထားနိုင်ပေလိမ့်မည်။ ကုချွန်းမြန်၏ ကိုယ်ရည်ကိုယ်သွေးအရ ကုချိန်းလွှာနှင့် လောင်းရှောက်ယူကို သဘောတူလိမ့်မည်မဟုတ်မှန်း စုချန်းက ယုံကြည်ထား၏။ သဘောတူခဲ့လျင်လည်း ပြသနာမရှိချေ။ လောင်းရှောက်ယူ ပျောက်ကွယ်သွားရန် အကြောင်းပြချက်များစွာ ရှိနေသည် မဟုတ်ပါလား။ သို့တည်းမဟုတ် စုချန်းက လောင်းရှောက်ယူထက် သာသောစျေးနှုန်းနှင့် ကုချိန်းလွှာအား တောင်းရမ်းလိုက်၍ ရပေသေးသည်။

လောင်းရှောက်ယူသည် တော်ဝင်မျိုးနွယ်စုမှ ဖြစ်သည်။ သူ့အသွင်အပြင်ကလည်း အတော်ပင် ခန့်ညားလှ၏။ ထို့ကြောင့် သူ သရုပ်ဆောင်နေရသည့် ဇာတ်ရုပ်မှာ သူနှင့် အတော်ပင် လိုက်ဖက်လှပေသည်။

စုချန်း၏ အမိန့်ရသည်နှင့် လောင်းရှောက်ယူသည် ခြံဝင်းအတွင်းမှ ထွက်ခွာသွား၏။

နောက်တရက်အကြာတွင် လောင်းရှောက်ယူသည် လူတစုကိုခေါ်ပြီး ကုခြံဝင်းသို့ သွားပြန်သည်။

သူ့ရည်ရွယ်ချက်မှာကား ကုချိန်းလွှာကို ထပ်မံတောင်းရမ်းရန်ပင်။

ဤတကြိမ်တွင်တော့ ကုချိန်းလွှာအတွက် သူ့တင်တောင်းငွေမှာ မူလကျောက်တုံး ဆယ်မီလျံထိ တိုးမြင့်လာ၏။

ကုချွန်းမြန်သည် အတော်ပင် စိတ်လှုပ်ရှားသွား၏။ သို့သော် ဤတကြိမ်တွင်လည်း သူက ငြင်းပယ်လိုက်ပြန်သည်။ ကျုံးချိန်းကောင်းရှိနေချိန်ဝယ် သူ ဤမျှ မျက်နှာပြောင်မတိုက်နိုင်။ ဂုဏ်သိက္ခာက ရှိသေးသည် မဟုတ်ပါလား။ ကျုံးမျိုးနွယ်စု၏ မျက်နှာကိုလည်း ထောက်ရအုံးမည် မဟုတ်ပါလား။

ကုချိန်းလွှာအား တောင်းရမ်းရာတွင် လောင်းရှောက်ယူအတွက် အဓိကပြသနာမှာ ငွေကြောင့်မဟုတ်။ တခြားပြသနာတရပ် ရှိနေသေး၏။

ထိုပြသနာမှာ ကုမျိုးနွယ်နှင့် ကျုံးမျိုးနွယ်အကြားတွင် ငွေထက် မျက်နှာထောက်ထားစရာအကြောင်းများ ရှိနေခြင်းပင်။

လောင်းရှောက်ယူသည် ထုံစံအတိုင်း တပ်ဆုပ်ကာ ပြန်လာခဲ့ပြန်၏။

သိပ်မကြာမီ ထိုသတင်းသည် ကျုံးချိန်းကောင်းထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်သွားပြန်သည်။

အဖြူရောင်အပြာရောင်များဖြင့် ခြယ်သထားသော လဖက်ရည်ခွက်သည် ခွမ်းခနဲ ကွဲကြေသွား၏။ ကျုံးချိန်းကောင်း၏ မျက်နှာမှာ အထူးပင် အေးစက်တင်းမာနေလေသည်။

"လောင်းရှောက်ယူဆိုတာ ဘယ်လိုကောင်စားမျိုးလဲ"

မြောင်ရှန်းချိန်းက ပြန်ဖြေလိုက်သည်။

"ကျွန်တော် စုံစမ်းထားသလောက်ကတော့ လောင်းရှောက်ယူဆိုတာ ကျီးကန်းနယ်မြေ တော်ဝင်မျိုးနွယ်စု တစုကပဲ သခင်လေး သူ့မှာ ငွေကြေးအမြောက်အများပါလာတယ် ဒီမှာအခြေချချင်နေတယ်လို့လဲ သိရတယ် ဒါကြောင့် သခင်မလေးကုကို လာတောင်းရမ်းနေတာနဲ့တူတယ်"

"ဒီအတွက် မူလကျောက်တုံး ဆယ်မီလျံတောင် သူ သုံးသတဲ့လား"

မြောင်ရှန်းချိန်းက ပြန်ဖြေလိုက်သည်။

"သူ့မှာ ငွေပဲရှိပြီး ဦးနှောက် မရှိပုံပဲသခင်လေး"

"ငွေပဲရှိပြီး ဦးနှောက်မရှိဘူး ဟုတ်လား"

"မှန်ပါတယ်သခင်လေး သူနဲ့အတူ အစောင့်ဆယ်ယောက်လောက်ပဲပါတယ် အဲဒီထဲမှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ဆိုလို့ တယောက်ပဲပါတယ်"

ကျုံးချိန်းကောင်း ခေါင်းမော့ကာ ရယ်မောလိုက်၏။

"ဒီကောင် အရူးပဲ ငွေတွေအများကြီးပါလာပြီး ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အင်အားမလုံလောက်ဘူး ရှန်းချိန်း ကျုပ်တွေးနေတာ ခင်ဗျား သိတယ်မလား"

မြောင်ရှန်းချိန်းက ပြန်ဖြေလိုက်၏။

"ကလေးလက်ထဲ သကြားလုံးထည့်ပေးထားသလိုပဲ သခင်လေး"

ကျုံးချိန်းကောင်းက ဝုန်းခနဲ ခြေစုံရပ်ကာ ပြောလိုက်၏။

"ခင်ဗျားပြောတာမှန်တယ် ဒီကောင်ဟာ ငွေပဲရှိပြီး အင်အားမရှိဘူး ဒါကိုတောင် ဒီကောင်က ကျုပ်တို့နဲ့လာပြီး အတိုက်အခံ လုပ်ချင်သေးတယ် ဒီကောင်ဟာ သားသတ်သမားလက်ထဲက သိုးလေးတကောင်လိုပဲ ဒီလိုအခွင့်အရေးမျိုးကို ကျုပ်တို့်မယူရင် သိပ်ရှက်စရာကောင်းသွားမယ်"

"သခင်လေးပြောတာ မှန်ပါတယ် ဒါပေမဲ့ ဒီမြို့က ကျုပ်တို့နယ်မြေမဟုတ်ဘူး ဖြစ်နေတယ်"

"ဒီတော့ ဘာဖြစ်သလဲ"

ကျုံးချိန်းကောင်းကလည်း ခပ်မာမာပင်။

"ကျုပ်ဟာ သိပ်မကြာခင် ကုမျိုးနွယ်စုရဲ့ သားမက်ဖြစ်လာတော့မှာပဲ ကျုပ် ဝါးမြိုခြင်းမြစ်မြို့တော်အကြောင်းလဲ တော်တော်လေး သိနေပြီ ပြီးတော့ မူလကျောက်တုံး ဆယ်မီလျံ...ဒါကိုသာ ကျုပ်တို့ရလိုက်ရင် ဘယ်လိုမိန်းကလေးမျိုးက ကျုပ်လက်ထဲက ပြေးလွတ်အုံးမှာလဲ ဒီအတွက် ကုချိန်းလွှာကို ဆုံးရှုံးရမယ်ဆိုရင်တောင် ပြသနာမရှိဘူး ကြီးကျယ်တဲ့ကိစ္စတွေကို ဆောင်ရွက်ချင်ရင် ခံစားချက်အသေးအမွှားတွေကို မေ့ပျောက်ထားမှရမယ်"

လောင်းရှောက်ယူသည် မြို့ပြင်တွင် နေထိုင်၏။ အိမ်နီးနားချင်းများကလည်း အဝေးကြီးဖြစ်သည်။ တစုံတဦးကို သတ်ပစ်ရန် အကောင်းဆုံးသော အနေအထားပင်။

ကျုံးချိန်းကောင်းနှင့် သူ့လက်အောက်ငယ်သားများသည် ထိုနေ့ညမှာပင် လောင်းရှောက်ယူအား သွားရောက်တိုက်ခိုက်ကြတော့သည်။ သူတို့ရောက်ရှိသွားချိန်တွင် ပတ်ဝန်းကျင်တခုလုံး မှောင်မဲနေ၏။

လောင်းအိမ်ရှေ့ရောက်သည်နှင့် ကျုံးချိန်းကောင်းက ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။

"တိုက်ကြစမ်း"

ကျုံးမျိုးနွယ်လက်အောက်ငယ်သားများသည် ရှေ့သို့တဟုန်ထိုး ပြေးဝင်သွားကြ၏။

ကျုံးမျိုးနွယ်ကား နတ်ဆိုးဧကရာဇ်သွေးဗီဇပိုင်ရှင်မျိုးနွယ်စု ဖြစ်သည်။ ထို့ကြောင့် သူ့လက်အောက်ငယ်သားများမှာလည်း မညံ့လှ။

ထိုအချိန်မှာပင် တံခါးများအားလုံး ကျွီခနဲ ဆောင့်ပိတ်သွားသည်။ ထို့နောက် တိုက်ခိုက်သံ၊ မာန်သွင်းသံများနှင့်အတူ ငယ်သံပါအောင် အော်ဟစ်သံများ ထွက်ပေါ်လာ၏။

ကျုံးချိန်းကောင်းကား တံခါးရှေ့တွင် ခပ်တည်တည် မတ်တပ်ရပ်ရင်း သတင်းကောင်းကို နားစွင့်နေလေသည်။

သိပ်မကြာမီ ဆူညံသံများ လုံးဝ တိတ်ဆိတ်သွား၏။ ကျုံးချိန်းကောင်း လက်နှစ်ဖက်ကို နောက်ပစ်ပြီး အိမ်ထဲသို့ လှမ်းဝင်လိုက်သည်။ သူ့နောက်မှ မြောင်ရှန်းချိန်း လိုက်ပါလာ၏။

အိမ်ထဲသို့ ရောက်သည်နှင့် ကျုံးချိန်းကောင်း မျက်လုံးပြူးသွားလေသည်။ အကြောင်းမှာ သူ့လက်အောက်ငယ်သားများအားလုံး ကြမ်းပြင်ပေါ်တွင် အတုံးအရုံး လဲကျနေသောကြောင့်ပင်။

သူတို့အားလုံး သေကုန်ကြလေပြီ။ အလောင်းများ၏ မျက်နှာမှာ အထူးပင် ကြောက်လန့်နေသော အသွင်က်ို ဆောင်နေ၏။ စကားမပြောနိုင်ခင် အသက်ပျောက်သွားကြဟန်ပင်။ ဘယ်လိုကံကြမ္မာမျိုးများ သူတို့ ကြုံလိုက်ရလေသနည်း။

ကျုံးချိန်းကောင်း လုံးဝ မှင်သက်သွားလေပြီ။

ထိုအချိန်မှာပင် တံခါးဝမှ လူတယောက် ပေါ်လာ၏။ လောင်ရှောက်ယူပင် ဖြစ်သည်။ သူ့ဘေးနားတွင်လည်း လူတချို့ မတ်တပ်ရပ်နေ၏။ ၎င်းတို့ကိုယ်ပေါ်မှ သွေးညှီနံ့များ သင်းပျံ့နေလေသည်။ ကျုံးမျိုးနွယ်လက်အောက်ငယ်သားများအား ၎င်းတို့ သတ်ပစ်လိုက်သည်မှာ ယုံမှားသံသယရှိနေစရာ မလိုတော့။

လောင်းရှောက်ယူက ကျုံးချိန်းကောင်းအား ကြည့်ပြီး ရယ်မောလိုက်သည်။

"အိုး ကြည့်ရတာ ကျုံးမျိုးနွယ်သခင်လေးနဲ့တူတယ် ဟုတ်ရဲ့လား"

ကျုံးချိန်းကောင်း၏ မျက်နှာမှာ မဲခနဲ ဖြစ်သွား၏။

"မင်း ကျုပ်က်ို သိနေတယ်ပေါ့ ဟုတ်လား"

"ကြိုးကြာမြို့တော် ကျုံးမျိုးနွယ်သခင်လေး ကျုံးချိန်းကောင်း မင်းနာမည်ကို ကျုပ် အရင်တည်းက ကြားဖူးပါတယ်ကွာ"

"ဒီတော့ ကုချိန်းလွှာနဲ့ လက်ထပ်မဲ့သူဟာ ကျုပ်ဆိုတာ မင်း သိထားပြီးသားပေါ့"

လောင်းရှောက်ယူ မျက်မှောင်ကုတ်လိုက်သည်။

"နည်းနည်းပါးပါးပေါ့ကွာ ဒါပေမဲ့ မင်းတို့က တရားဝင်စေ့စပ်ကြောင်းလမ်းရသေးတာမှ မဟုတ်ပဲ"

"သိပ်မကြာခင် ဖြစ်လာလိမ့်မယ် ဒီတခေါက်လာတာ စေ့စပ်ပွဲကို ဖြစ်အောင်လုပ်ဖို့ပဲ"

"မင်းသေသွားရင် ဘာလက်ထပ်ပွဲမှ ရှိလာစရာအကြောင်းမရှိတော့ဘူးလေကွာ"

လောင်းရှောက်ယူက မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်။ ထို့နောက် သူက ဓားကိုဆွဲထုတ်ပြီး ကျုံးချိန်းကောင်းရှိရာသို့ ညွှန်လိုက်၏။

ကျုံးချိန်းကောင်း ဒေါသထွက်သွားလေသည်။

"တယ်လဲ မောက်မာလှပါကလားကွ"

လောင်းရှောက်ယူကား ခပ်တည်တည်ပင်။

"နတ်ဆိုးဧကရာဇ်သွေးဗီဇဆိုတာနဲ့ပဲ လုပ်ချင်ရာလုပ်လို့ရပြီလို့ မင်း ထင်နေတာလား မင်းဟာ သူတပါး အိမ်ထဲကိုဝင်တယ် သူတပါး ပိုင်ဆိုင်မှုကို လုဖို့ကြိုးစားတယ် သူတပါးကို သတ်ဖို့ကြံစည်တယ် ဒီလောကကြီးမှာ တရားမျှတမှုဆိုတာ ရှိကောရှိသေးရဲ့လားကွာ"

စကားဆုံးသည်နှင့် လောင်းရှောက်ယူက အော်ဟစ်အမိန့်ပေးလိုက်လေသည်။

"သူတို့ကို သတ်ပစ်စမ်း လောင်းမျိုးနွယ်ဟာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်"

ကျုံးချိန်းကောင်းကလည်း အားကျမခံ မြောင်ရှန်းချိန်းအား အမိန့်ပေးလိုက်သည်။

"ရှန်းချိန်း ဒီကောင်တွေကို ရှင်းပစ်စမ်း"

မြောင်ရှန်းချိန်းကား ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အထွတ်အထိပ်အလွှာတွင် ရှိသည်။ လောင်ရှောက်ယူဘက်မှလူများမှာ သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်များမျှသာ ဖြစ်သည်။ ထို့ကြောင့် ထိုလူများအား မြောင်ရှန်းချိန်း ရှင်းပစ်နိုင်မည်ဟု ကျုံးချိန်းကောင်း ယုံကြည်ထား၏။

သို့သော် သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်ခြောက်ဦးခန့်နှင့် ချီစုဆောင်းခြင်းနယ်ပယ်ပညာရှင် ခုနှစ်ဦးခန့် ပူးပေါင်းတိုက်ခိုက်ခြင်းခံနေရသောအခါ မြောင်ရှန်းချိန်း၏ အခြေအနေမှာ တဖြည်းဖြည်း ဆိုးဝါးလာ၏။

ထိုခနမှာပင် အစောပိုင်းက သူ စေလွှတ်လိုက်သော လက်အောက်ငယ်သားများ ဟင်းသီးဟင်းရွက်ပမာ အဘယ်ကြောင့် ခုတ်ထစ်ခြင်းခံလိုက်ရသည်ကို ကျုံးချိန်းကောင်း နားလည်လာ၏။

***

All Chapters