← Chapters

သူ့ကိုချမ်းသာပေးလိုက်ပါ

Vol. 58 Ch. 577

သူ့ကိုချမ်းသာပေးလိုက်ပါ

Vol. 58 Ch. 577

ရွှီ!!! ရွှီ!!!

ဓားရောင်များ နေရာအနှံ့တွင် ဝင်းလက်တောက်ပနေ၏။

ဓားချက်တိုင်းသည် အရာအားလုံးကို ဖြတ်တောက်သွားတော့မယောင် အားနှင့်မာန်နှင့် ဖြစ်သည်။

မြောင်ရှန်းချိန်းသည် မထင်မှတ်ပဲ ဓားတချက် အထိခံလိုက်ရ၏။ ဓားချက်တွင် ပါဝင်လာသော အင်အား ၃၀ရာခိုင်နှုန်းက အကာအကွယ်ကို ဖောက်ဝင်လာပြီး သူ့အား ထိမှန်သွားလေသည်။ ထိုဓားချက်သည် သူ့သံချပ်ကာဝတ်စုံအား ဖောက်ဝင်နိုင်စွမ်းမရှိသော်လည်း မြောင်ရှန်းချိန်း အတော်လေး အံ့သြသွားသည်ကတော့ အမှန်ပင်။

ရန်သူများကား ထင်သလောက် မရိုးရှင်းပေတကား။

၎င်းတို့၏ တိုက်ခိုက်ပုံမှာ ရုတ်တရက်ကြည့်လျင် သာမာန်ဟု ထင်ရသော်လည်း ၎င်းတို့ကိုယ်ပေါ်မှ ထွက်ပေါ်နေသည့် အင်အားကတော့ ထူးခြားလှသည်။ ၎င်းတို့၏ တိုက်ခိုက်မှုတိုင်းတွင် အပိုဆောင်းအင်အားများ ပါဝင်နေဟန်ရှိ၏။ ထူးခြားလှပေတကား။ ဘာကြောင့်မှန်းမသိ မြောင်ရှန်းချိန်း ကျောစိမ့်သွားလေသည်။

ဤအခြေအနေမျိုးတွင် ခံစစ်နှင့် ရင်ဆိုင်ပါက အခြေမလှနိုင်မှန်း သူ ချက်ချင်း သဘောပေါက်လိုက်သည်။ ထို့နောက် သူက ဓားကို ဆွဲထုတ်လိုက်၏။

ခေါင်းဖြတ်ညဓားပေတည်း။

ခေါင်းဖြတ်ညဓားမှာ ညအချိန်တိုက်ခိုက်ရာတွင် အထူးအသုံးဝင်လှပြီး ဓား၏ ရွေ့လျားမှုအား ဖုံးကွယ်ထားနိုင်၏။

မြောင်ရှန်းချိန်း စတိုက်သည်နှင့် သူ့ဓားချက်အား မည်သူမှ မမြင်ရတော့ပေ။ လက်ဝေ့ယမ်းနေသည်ကိုသာ မြင်ရတော့၏။ အမှောင်ထုမှာလည်း ပို၍ ထူထပ်သိပ်သည်းလာလေသည်။ ထိုအမှောင်ထုကား ရန်သူ့ပစ်မှတ်တိုင်းအား ဝါးမြိုသွားတော့မယောင်ထင်ရ၏။

သို့သော် ဤယနေ့အဖို့ကား မြောင်ရှန်းချိန်းတယောက် မကြုံစဖူး ထူးကဲသော အဖြစ်မျိုးနှင့်သာ ရင်ဆိုင်နေရ၏။

အကြောင်းမှာ ဓားနှင့်အခုတ်ခံရသည့်တိုင် ရန်သူသည် လဲကျမသွားခြင်းပင်။

ရန်သူ၏ ကိုယ်ပေါ်တွင်လည်း ရွှေဝါရောင်အလင်းတန်းများ ထွက်ပေါ်နေ၏။

"ကျောက်သံချပ်ကာ ပါလား"

မြောင်ရှန်းချိန်း မျက်မှောင်ကုတ်လိုက်သည်။

ပျောက်ကွယ်သွားသော ရှေးဟောင်းအာကင်နာနည်းစနစ်တရပ်သည် မည်သို့မည်ပုံနှင့် သာမာန်အစောင့်များလက်ထဲတွင် ပြန်ပေါ်လာသနည်း။

သို့သော် မြောင်ရှန်းချိန်းက ဆက်လက်တိုက်ခိုက်လိုက်ပြန်သည်။ ဤတကြိမ်တွင်တော့ သူက ပစ်မှတ်ကို ပြောင်းလဲတိုက်ခိုက်လိုက်၏။

ဒုတိယရန်သူထံမှလည်း ရှေးနည်းအတိုင်း ရွှေဝါရောင်အလင်းတန်းများ ထွက်ပေါ်လာပြန်၏။

ဟာ...နောက်ထပ် ကျောက်သံချပ်ကာပါလား...

ဒီကောင်တွေ ဘာကောင်တွေလဲ...ဘာကြောင့် ဒီကောင်တွေရဲ့ ကျင့်ကြံခြင်းလမ်းကြောင်းက တူနေတာလဲ...

မြုပ်ကွက်တခုခုကတော့ ရှိနှင့်နေခဲ့လေပြီ။

မြောင်ရှန်းချိန်းသည် တုံ့ဆိုင်းမနေတော့ပဲ ဓားရှစ်ချက်တိတိကို ဖော်ထုတ်လိုက်သည်။ ရန်သူရှစ်ယောက်လုံးကို ကွက်တိပင် ထိမှန်သွား၏။ ရန်သူတိုင်း၏ ကိုယ်ပေါ်မှ ရွှေဝါရောင်အလင်းတန်းများ ထွက်ပေါ်လာကြလေသည်။

အကုန်လုံး ကျောက်သံချပ်ကာတွေနဲ့လားဟ...

မြောင်ရှန်းချိန်း အကြီးအကျယ် သံသယဝင်သွားခဲ့လေပြီ။

ဓားချက်သည် ရန်သူများ၏ အဝတ်အစားများကိုတော့ စုတ်ပြဲသွားစေ၏။ ၎င်းတို့၏ ကိုယ်ပေါ်တွင် ဆေးမင်ကြောင်များ ထူထဲစွာ ရေးထိုးထားမှန်း မြောင်ရှန်းချိန်း အတိုင်းသား တွေ့မြင်နေရလေသည်။

"ဒါ..."

မြောင်ရှန်းချိန်း ကြက်သေသေသွား၏။

ဆေးမင်ကြောင်များသည် ၎င်းတို့အား ရေးဆွဲထားသည့် ဆေးမင်လိုင်းများတလျှောက်တွင် ထူးဆန်းသော အလင်းရောင်များ ထွက်ပေါ်နေသည်။ ထိုဆေးမင်လိုင်းများမှသည် ထူးခြားသော အင်အားများကို ဖော်ထုတ်ပေးနေဟန်တူ၏။

ထိုအချိန်မှာပင် နောက်ထပ် ချီစွမ်းအားပညာရှငိဆယ်ယောက်ခန့်ကလည်း ၎င်းတို့ဓားများကို ပြိုင်တူဝေ့ယမ်းလိုက်ကြ၏။ ဓားချက်များမှ ထွက်ပေါ်လာသည့်အင်အားသည် ကမ္ဘာကြီးကိုပင် ထက်ခြမ်းကွဲသွားစေမတတ် ထင်ရသည်။

ထိုအခိုက်အတန့်ဝယ် သူသည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှင့် ရင်ဆိုင်နေရပြီဟုပင် မြောင်ရှန်းချိန်းရင်ထဲတွင် ခံစားလိုက်ရ၏။

"မဟုတ်ဘူး"

မြောင်ရှန်းချိန်း ထိတ်လန့်တကြားနှင့် အော်ဟစ်ပြီး အားကုန်ထုတ်ခုခံလိုက်သည်။

ပြင်းထန်သော ပေါက်ကွဲမှုကြီး ပေါ်ပေါက်လာပြီး နှစ်ဖက်လုံး နောက်သို့လွင့်စင်သွားကြ၏။

မြောင်ရှန်းချိန်း သွေးများကို ဝေါ့ခနဲ အန်ထုတ်လိုက်သည်။ သူ ခြေစုံပင် ရပ်နိုင်စွမ်းမရှိတော့။

ကျေးဇူးတင်စရာကောင်းသည်မှာကား သူ့ရန်သူများသည်လည်း အပြင်းအထန် ထိခိုက်ကုန်ကြဟန်ပင်။

ဤတကြိမ်တွင်တော့ နှစ်ဖက်လုံး အထိအခိုက်ကိုယ်စီ ခံစားလိုက်ရ၏။

"သခင်လေး"

မြောင်ရှန်းချိန်း အသက်က်ို အားတင်းရှုသွင်းရင်း တောင်းပန်လိုက်၏။

"ကျွန်တော်အသုံးမကျလို့ ခွင့်လွှတ်ပါ"

ကျုံးချိန်းကောင်းက ပြန်ပြောလိုက်သည်။ သူ့လေသံမှာ အေးစက်နေ၏။

"ခင်ဗျား တကယ်လဲ အသုံးမကျဘူး ဒီလိုဘာမဟုတ်တဲ့ကောင်တွေကြောင့် ဒီလောက်ထိ ဒဏ်ရာရသွားရတယ်လို့ ဒါပေမဲ့ တခုတော့ကောင်းပါတယ်လေ အခုဆိုရင်..."

ထို့နောက် သူက လောင်းရှောက်ယူအား စိုက်ကြည့်ရင်း ပြောလိုက်သည်။

"မင်းနဲ့ငါပဲ ကျန်တော့တယ်"

ထို့နောက် သူက လောင်းရှောက်ယူထံသို့ လျှောက်သွားပြီး ပြောလိုက်လေသည်။

"မင်းမဆိုးဘူး ငါ့ကို အံ့သြသွားအောင် လုပ်နိုင်တယ် ဒါပေမဲ့ ဒါနဲ့ပဲ ထွက်ပြေးလို့ရပြီလို့ ထင်မနေနဲ့ကွ"

"အိုး"

လောင်းရှောက်ယူ ရယ်မောလိုက်သည်။

"မင်းရဲ့ အသန်မာဆုံးတပည့်တောင် မြေကြီးမှာ လဲနေပြီ ဒါတောင် ခုထက်ထိ မောက်မာနေတုန်းပါလားကွ"

"ဒါပေါ့ ဘာကြောင့်လဲဆိုတော့ ငါဟာ သူ့ထက် သန်မာတာကြောင့်ပဲ"

စကားဆုံးသည်နှင့် ကျုံးချိန်းကောင်း၏ ကိုယ်ပေါ်မှ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာလေသည်။ သူ့နောက်ကျောတွင်လည်း အနီရောင်မျက်လုံးကြိုးကြာ၏ ပုံရိပ် ထင်ဟပ်လာ၏။ အနီရောင်မျက်လုံးကြိုးကြာသည် တောင်ပံများ ဖြန့်ကာ နတ်ဆိုးဧကရာဇ်တပါး၏ အရှိန်အဝါ အပြည့်နှင့် အော်ဟစ်လိုက်လေသည်။

ရွှီ!!!

ကျုံးချိန်းကောင်း စတိုက်လေပြီ။ သူ့လှုပ်ရှားမှုမှာ မြန်ဆန်လှ၏။ မြန်လွန်း၍ လေထဲတွင် ပျောက်ကွယ်သွားပြီဟုပင် ထင်ရသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ကျုံးချိန်းကောင်း မူလနေရာတွင် ပြန်ပေါ်လာ၏။ မည်သည့်လှုပ်ရှားမှုမှ သူ မလုပ်လိုက်သယောင်ပင်။

သို့သော် လောင်းရှောက်ယူမှာကား ကြမ်းပြင်ပေါ်တွင် လူးလိမ့်သွား၏။ သူ့ပါးစပ်အတွင်းမှလည်း သွေးများ ပွက်ခနဲ အန်ထုတ်လိုက်သည်။

"မြန်လှချည်လား"

လောင်းရှောက်ယူ ရေရွတ်လိုက်၏။

"ငါတို့ကြားက ကွာဟမှုကို မင်း အခုတော့ နားလည်သွားပြီမလား"

ကျုံးချိန်းကောင်းက လက်နှစ်ဖက်ကို နောက်ပစ်ပြီး လမ်းလျှောက်ကာ ပြောလိုက်သည်။

လောင်းရှောက်ယူက ရင်ဘတ်ကိုဖိကာ နောက်သို့ဆုတ်ရင်း ပြောလိုက်ပြန်၏။

"မင်း သိပ်မြန်တယ် ဒါပေမဲ့ အားနည်းတယ် ဒီလိုမြန်တာက ထွက်ပြေးတာကလွဲလို့ ဘယ်နေရာမှာ ကောင်းသလဲ နတ်ဆိုးဧကရာဇ်သွေးဗီဇဟာ နာမည်နဲ့လိုက်သားပဲ"

လောင်းရှောက်ယူ၏ စကားကြောင့် ကျုံးချိန်းကောင်း၏ မျက်နှာတွင် သွေးဆာဟန်များ ယှက်သန်းလာလေသည်။

"မင်း သေချင်နေတာပဲကွ"

ထိုအမူအရာကိုကြည့်ရင်း လောင်းရှောက်ယူ ရယ်မောလိုက်လေသည်။

"ငါဟာ မင်းပြိုင်ဘက်မဟုတ်ဘူးဆိုတာတော့ မှန်ပါတယ် ဒါပေမဲ့ မင်းကိုမင်း သိပ်ပြီးထူးခြားနေပြီလို့တော့ မထင်နဲ့ကွ မင်းလို အမြန်နှုန်းအားကိုးပြီး ရုပ်ပိုင်းဆိုင်ရာအားနည်းတဲ့ကောင်ဟာ ခံနိုင်ရည်မရှိဘူး တချက်လောက် အထိုးခံရတာနဲ့ မင်း လဲသွားမှာပဲ"

ကျုံးချိန်းကောင်း အားရပါးရ ရယ်မောလိုက်၏။

"ဒီတော့ ဘာဖြစ်သလဲ ငါ လေလိုသွားနိုင်လာနိုင်တယ် ငါ့ကိုဘယ်သူထိအောင် ထိုးနိုင်မှာလဲ မင်းလား"

လောင်းရှောက်ယူ သက်ပြင်းချလိုက်၏။

"ငါကတော့ မလုပ်နိုင်ဘူးပေါ့ကွာ ဒါပေမဲ့ မင်းနောက်ကလူကတော့ လုပ်နိုင်လိမ့်မယ်"

ကျုံးချိန်းကောင်း အထိတ်တလန့်နှင့် နောက်ကိုလှည့်ကြည့်လိုက်သည်။ လူမပြောနှင့် ခွေးတကောင်ကြောင်တမြီးပင် မရှိ။

"မင်း ငါ့ကို လှည့်စားနေတယ်ပေါ့ ဟုတ်လား"

ထိုအချိန်မှာပင် သူ့နောက်မှ စကားသံ ထွက်ပေါ်လာ၏။

"သူ မင်းကို လှည့်စားနေတာ မဟုတ်ဘူးကွ"

ထိုအသံကို ကြားသည်နှင့် ရှေ့သို့ခုန်ထွက်ရန် ကျုံးချိန်းကောင်း ကြိုးစားလိုက်သည်။ သို့သော် များစွာ နောက်ကျသွားခဲ့လေပြီ။

"သံချပ်ကာဖောက်ထွင်းရေးဆူးချွန်ကွ"

အားကောင်းသော ဖိအားတခု သူ့နောက်ကျောဆီသို့ တိုးဝင်လာ၏။ ထိုဖိအားသည် သူ့အရိုးများအားလုံးအား အက်ကွဲသွားစေမည်ဟု ထင်မှတ်ရသည်။

အား!!!

စူးရှနာကျင်စွာ အော်ဟစ်ပြီး ကျုံးချိန်းကောင်း လေထဲသို့လွင့်စင်သွားသည်။ သူ့နောက်ကျောတွင်လည်း အပေါက်ကြီးတပေါက် ဖြစ်ပေါ်နေပြီး သွေးများ ပန်းထွက်နေ၏။

ဒဏ်ရာရနေသည့်တိုင် ကျုံးချိန်းကောင်း၏လှုပ်ရှားမှုမှာ အလင်းတမျှ မြန်ဆန်နေသေး၏။ ထို့ကြောင့် ရန်သူ၏ နောက်တကြိမ် တိုက်ခိုက်မှုဖြစ်သော မီးလျံဒေါသလက်သီးကို သူ ရှောင်တိမ်းနိုင်ခဲ့လေသည်။

သို့သော် သူ ရှောင်တိမ်းမည့်သည့်ဘက်မှာ ဘက်မှားနေပုံရ၏။

"အရိပ်မီးတောက်လက်သည်းကွ"

အော်သံနှင့်အတူ အနက်ရောင်အခိုးအငွေ့များက ကျုံးချိန်းကောင်း၏ ရင်ဝဆီသို့ တိုးဝင်လာ၏။

အား!!!

ကျုံးချိန်းကောင်း နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ့လည်ပင်းတွင် ဆွဲထားသော ကျောက်စိမ်းဆွဲသီးမှာလည်း အက်ကွဲသွား၏။ အရိပ်မီးတောက်လက်သည်းသည် ကျောက်စိမ်းဆွဲသီးကိုသာ ထိမှန်သွားသောကြောင့် ကျုံးချိန်းကောင်း ကံကောင်းသွားခြင်းပင်။

၎င်းကို အခွင့်အရေးယူပြီး သူ့နောက်မှ လူ သူ့အား ထပ်မံတိုက်ခိုက်ခြင်းမပြုနိင်ခင် ကျုံးချိန်းကောင်း လေထဲသို့ ခုန်ထွက်လိုက်၏။

သို့သော် တခြားလူများ သူ့အား စောင့်ဆိုင်းနေသည်ကိုတော့ သူ မသ်ိခဲ့ချေ။

စုချန်း၏ အရိပ်အစေခံများကား လက်စွမ်းပြနေကြလေပြီ။

"မီးလျံသိမ်းငှက်တဲ့ဟေ့"

အော်သံနှင့်အတူ ကြီးမားသော မီးလျံသိမ်းငှက်တကောင် ရှေ့တူရူမှ ပျံသန်းလာပြီး ကျုံးချိန်းကောင်း၏ ခါးလည်ကို ဖြတ်တိုက်လိုက်၏။ ပေါက်ကွဲမှုကြောင့် ကျုံးချိန်းကောင်း နောက်သို့ လွင့်စင်သွားပြန်သည်။

သူ မသေသေးသော်လည်း ဒဏ်ရာအပြင်းအထန် ရနေခဲ့လေပြီ။

ထိုအခါ သူက ခေါင်းကိုငုံ့ပြီး ပြာနှမ်းနှမ်းအရောင်ရှိသည့် သစ်ရွက်တရွက်ကား ထုတ်ဝါးလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ့ကိုယ်ပေါ်မှ အစိမ်းရောင်အလင်းတန်းတချို့ ထွက်ပေါ်လာသည်။ ဒဏ်ရာများမှာလည်း လျင်မြန်စွာ သက်သာလာတော့သည်။

ထိုအချိန်မှာပင် နောက်ထပ် ဓားချက်နှစ်ချက်က ကျုံးချိန်းကောင်း၏ ခြေထောက်ပေါ်သို့ ကျရောက်လာလေသည်။

"မဟုတ်ဘူး"

ကျုံးချိန်းကောင်း စိတ်ပျက်လက်ပျက်နှင့် အော်ဟစ်လိုက်၏။

​ခြေထောက်များ ဒဏ်ရာရသွားခြင်းကြောင့် သူ ထွက်မပြေးနိုင်တော့။

ထို့နောက် အမှောင်ထုအတွင်းမှ လူငါးယောက် ထွက်လာပြီး ကျုံးချိန်းကောင်းအား တင်းကျပ်စွာ တုပ်နှောင်လိုက်လေသည်။

ထိုလူငါးယောက်ထဲမှ တယောက်က ကျုံးချိန်းကောင်း၏ ဇက်ပိုးအား ဓားပြားနှင့် ရိုက်ချလိုက်လေသည်။ ရိုက်ချက်ကြောင့် ကျုံးချိန်းကောင်း၏ ပါးစပ်ထဲမှ ပြာနှမ်းနှမ်းသစ်ရွက် ထွက်ကျလာ၏။

ထိုအချိန်တွင် ကျန်လေးယောက်က ဓားကို ဝင့်လိုက်ကြသည်။

ကျုံးချိန်းကောင်း၏ မျက်လုံးထဲတွင် စိတ်ပျက်အားငယ်ဟန်များ ပေါ်ထွက်လာ၏။

ထိုအခိုက်မှာပင် အသံတသံ ထွက်ပေါ်လာလေသည်။

"သူ့ကို ချမ်းသာပေးလိုက်ပါကွာ"

***

All Chapters